သာလွန်သူ သတင်းအချက်အလက်များ
Vol. 7 Ch. 65
ဒန်းစမစ် လက်မှတ်ထိုးထားတဲ့ စာရွက်တစ်ရွက်နဲ့ ကလိုင်းဟာ မြေအောက်ခန်းထဲ ဆင်းပြီး လက်နက်တိုက်ဆီ သွားပါတယ်။
“ဒန်းစမစ် ပြောတာ မှန်တယ်... မင်း သာလွန်သူအမျိုးမျိုးနဲ့ လျှို့ဝှက်အဖွဲ့အစည်း အသီးသီးကို နားလည်ထားဖို့ အချိန်ကျပြီ”
ဂန္တဝင် ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ လူအိုကြီးနီးလ်ဟာ စာရွက်ကို ဖတ်ကြည့်ပြီး တအံ့တဩ မဖြစ်ပါဘူး။ သူဟာ ဒန်းစမစ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။
“ပြီးတော့ ငါတို့တွေ မနက်ဖြန်ညကျရင် မြေအောက်ဈေးဆီ သွားကြမှာပဲ”
“မနက်ဖြန်ညလား...” ကလိုင်းဟာ ကျေနပ်အံ့အားသင့်သွားပြီး အတည်ပြုတဲ့ သဘောနဲ့ မေးပါတယ်။
လူအိုကြီးနီးလ်ဟာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ပါတယ် “အင်း... ဟုတ်တယ်... ငါက အကြွေးရှိရင် အိပ်မရတဲ့ လူစားမျိုးပဲ... အကြွေးဆိုရင် အမြဲတမ်း မြန်မြန် ပြန်ဆပ်ချင်တာ”
‘အရင်တုန်းကတော့ ခင်ဗျား အဲဒီလိုပုံ မပေါ်ပါဘူး... နောက်ဆုံး မဖြစ်နိုင်တော့မှ အစီအရင်သုံးပြီး ပြဿနာကို ဖြေရှင်းတာမလား... ဒီတော့ အချိန်ဆွဲတာက ငါ တစ်ယောက်တည်း မဟုတ်ဘူးဘဲ... ဒါနဲ့ အကြွေးရှိလို့ ပိုက်ဆံမသုံးရဲတာကို အမွှမ်းတင်ဖို့ လိုလို့လား’
ကလိုင်းဟာ လူအိုကြီးနီးလ်ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောဘဲ တခြားအကြောင်း ပြောပါတယ်... “မစ္စတာနီးလ်... ချန်စီဂိတ်က သက်ဆိုင်ရာ သတင်းအချက်အလက်တွေ သွားယူပေးပါဦး”
လက်နက်တိုက်ထဲမှာ ရှိတာက များသောအားဖြင့် ရှေးဟောင်း သုတေသနနဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းတွေချည်းပါပဲ။ သာလွန်သူတွေ လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေက နည်းနည်းလေးပဲ ရှိပါတယ်။ အဲဒီနည်းနည်းလေးကလည်း အခြေခံ ဗဟုသုတတွေ များပါတယ်။
လူအိုကြီးနီးလ်ဟာ လက်ကြိတ်ကောက်ဖီနဲ့ ဖျော်ထားတဲ့ ကော်ဖီခွက်ကို နှုတ်ခမ်းနားတေ့ပြီး တစ်ငုံသောက်ပါတယ်။ ပြီးတော့မှ ဒန်းစမစ် လက်မှတ်ထိုးပြီး တံဆိပ်ခတ်ထားတဲ့ စာရွက်ကိုင်ကာ အပြင်ထွက်သွားပါတယ်။ ကလိုင်းကတော့ သူ့ကိုယ်စား လက်နက်တိုက်ကို စောင့်ကြည့်ဖို့ ကျန်နေခဲ့ပါတယ်။
ဆယ်မိနစ်လောက် ကြာတဲ့အခါမှာတော့ လူအိုကြီးနီးလ်ဟာ စာရွက်စာတမ်းတွေ တစ်ပွေ့ကြီးပိုက်ပြီး ပြန်ရောက်လာပါတယ်။
“ဒါတွေကို ဒီမှာပဲ ဖတ်လို့ရတယ်... အပြင်ယူသွားလို့ မရဘူး” လူအိုကြီးနီးလ်ဟာ စာရွက်စာတမ်းတွေကို စားပွဲပေါ် တင်ပြီး သတိပေးပါတယ်။
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ စာမျက်နှာတွေကို ခပ်မြန်မြန် လှန်လှောကြည့်ပြီး အကြမ်းဖျင်း လိုက်ဖတ်ပါတယ်။
‘တော်တော် အသေးစိတ် ရေးထားတာပဲ... ညသိမ်းငှက်ရဲ့ အဖွဲ့တွင်း စာရွက်စာတမ်းတွေလို့ မပြောရဘူး... နှစ်လေးထောင်ကျော် သမိုင်းရှိတဲ့ ဘုရားကျောင်းဆိုတော့ ဒီလောက်တော့ ရှိရမှာပေါ့...’ ကလိုင်းဟာ စာရွက်စာတမ်းတွေကို တစ်ချက်ကြည့်ရင်း စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပါတယ်။
ဒီစာရွက်စာတမ်းတွေက လျှို့ဝှက်အဖွဲ့အစည်း အသီးသီးကို မိတ်ဆက်ထားသလို ဆုံမှတ် လမ်းကြောင်းတွေကိုလည်း စာရင်းပြုစုထားပါတယ်။ တော်တော်လေးကို ပြည့်ပြည့်စုံစုံ ရှိပါတယ်။
သူတို့ထဲက တချို့တွေဟာ သက်ဆိုင်ရာဆုံမှတ်ရဲ့ ဆေးရည်နာမည်ပဲ ရေးထားပြီး တချို့တွေကျတော့ သက်ဆိုင်ရာဆုံမှတ်ရဲ့ သာလွန်သူစွမ်းအား အကြောင်းပဲ ရေးထားပါတယ်။ တချို့ဟာတွေကျတော့ ဘာမှကို မရေးထားဘဲ ဗလာနတ္ထိ ဖြစ်နေပါတယ်။
စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရင်း ကလိုင်းဟာ အမြင်ဆရာကနေစတဲ့ ဆုံမှတ်လမ်းကြောင်းကို ရှာတွေ့သွားပါတယ်။ သူဟာ စာရွက်တွေကို လှန်လှောကြည်တဲ့အခါ မကြာခင်မှာပဲ ရင်းနှီးတဲ့ စာလုံးတစ်လုံးကို တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ ဝမ်းသာတဲ့ သူ့မျက်နှာဟာ ချက်ချင်းပဲ အေးခဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြင်ဆရာနောက်က ဆုံမှတ် ၇ နဲ့ ဆုံမှတ် ၈ ဆေးရည်မှာ နာမည် မပါလို့ပါပဲ။
‘တော်သေးတယ်... နောက်ပိုင်း ဆုံမှတ် ၂ ခုရဲ့ အစွမ်းအစတွေ ရှိနေလို့...’ ကလိုင်းဟာ တိတ်တဆိတ် အသက်ရှူထုတ်ပြီး စိတ်ငြိမ်အောင်လုပ်ကာ ဆုံမှတ် ၇ နဲ့ ဆုံမှတ် ၈ ရဲ့ အစွမ်းအစတွေကို သေချာ ဖတ်ပါတယ်။
“ဆုံမှတ် ၈ - ဆေးရည်အမည် မသိ... ဒီဆေးရည် သောက်ထားတဲ့ သာလွန်သူက ပရိယာယ်ဝေဝုစ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ ထက်မြက်ပြီး တော်တော်လေး ကောက်ကျစ်တယ်”
‘ပရိယာယ်ဝေဝုစ်နဲ့ တိုက်ခိုက်တဲ့ နေရာမှာ ထက်မြက်တယ်... ဒါက အမြင်ဆရာရဲ့ နောက်တစ်ဆင့်လား... ငါ ဘာလို့ တစ်ခုခု မှားနေတယ်လို့ ခံစားနေရတာလဲ... ငါက အနီးကပ်တိုက်ခိုက်တဲ့ မှော်သမားလား... ကောက်ကျစ်တာက ဘာကိုပြောတာလဲ... ငါ့အသိဉာဏ် တိုးမြှင့်သွားလို့ ရန်သူကို အရူးလုပ်တဲ့နေရာမှာ တော်တယ်လို့ ပြောတာလား...’
ကလိုင်းဟာ မှင်တက်သွားပြီး ညသိမ်းငှက်တွေရဲ့ သတင်းအချက်အလက်က မှားနေတယ်လို့တောင် သံသယ ဝင်သွားပါတယ်။
ဒါနဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်မှန် လေ့လာမှုတွေကိုပါ ထည့်ရေးထားပေမဲ့ သူ ထပ်ခါထပ်ခါ ဖတ်တာတောင် ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်ကို ရှာမတွေ့ပါဘူး။
အဲဒီနောက် သူဟာ အောက်က ဆုံမှတ် ၇ အကြောင်းကို ဆက်ဖတ်ကြည့်ပါတယ်။
“ဆေးရည်အမည် မသိ... ဒီဆေးရည် သောက်ထားတဲ့ သာလွန်သူက ခပ်မြန်မြန်သုံးနိုင်တဲ့ မန္တန်တွေကို ကျွမ်းကျင်ပြီး ခန္ဓာကိုယ်ရဲ့ ကျွမ်းကျင်မှုနဲ့ သဘာဝလွန်စွမ်းအားကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်နိုင်တယ်”
‘ဒါကမှ ဟုတ်သေးတယ်... ဒါကမှ အမြင်ဆရာရဲ့ နောက်တစ်ဆင့် ဖြစ်သင့်တာ...’ ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
ဆုံမှတ် ၇ ရဲ့ ဖြစ်ရပ်မှန် လေ့လာတွေမှုကို ဖတ်ရှုပြီးနောက် သူ့မျက်လုံးဟာ ဒီဆုံမှတ်လမ်းကြောင်း အကြောင်း အကြမ်းဖျင်း ရေးထားတဲ့စာပိုဒ်ဆီ ရောက်သွားပါတယ်။
“ဒီဆုံမှတ်လမ်းကြောင်းကို ဆော်လမန် အင်ပါယာရဲ့ ဇာရဒိုမိသားစုက ပထမဆုံး တည်ထောင်ခဲ့တယ်... စတုတ္ထယုဂ်ရဲ့ အရှုပ်အရှင်းတွေကြားမှာ ဒီမိသားစုက လုံးဝဥဿုံ မပျက်စီးသွားခဲ့ဘူး... ဒီမိသားစုနာမည်ကို ပဥ္စမယုဂ်ရဲ့ သမိုင်းထဲမှာ မကြာမကြာ တွေ့ရလေ့ရှိတယ်... ရှေးဟောင်း အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ လျှို့ဝှက်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိထားတယ်”
‘ဇာရဒို...’ ဒီနာမည်ကို မြင်လိုက်ရတဲ့အခါ ကလိုင်းဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဒီနာမည်ကို သူ့မနေကပဲ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ အပိုင်းအစတွေထဲမှာ တွေ့ခဲ့တယ် မဟုတ်ပါလား။
ရစ်ဆဲလ်ရဲ့ သရုပ်ဆောင်ပြီး ဆေးရည်ချေဖျက်တဲ့ နည်းလမ်းက ဇာရဒိုလို့ အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက်ရဲ့ သတိပေးမှုဆီကနေ လာတာပါ။
‘အဲဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ် ဇာရဒိုကြောင့် ဧကရာဇ်ရစ်ဆဲလ်က အမြင်ဆရာ မရွေးမိတာကို နောင်တရတာလား... အဲဒီအကြောင်းကြောင့် ငါက သွယ်ဝိုက်လွှမ်းမိုးခံရပြီး အမြင်ဆရာ ဖြစ်သွားတယ်... ဒီလိုနဲ့ သရုပ်ဆောင်တဲ့နည်းလမ်းက အမြင်ဆရာဆီ ပြန်ရောက်လာတယ်... အကုန်လုံးကို ကံကြမ္မာက သတ်မှတ်ထားသလိုပဲ’
ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး အဖြစ်အပျက်တွေက နည်းနည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။
ကျိုးကြောင်းကျကျ တွေးကြည့်ရင် ဒီကိစ္စမှာ မူမမှန်တာ ဘာတစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ ဂမ္ဘီရနယ်ပယ်မှာ ဒီလိုမျိုး ကံကြမ္မာက သတ်မှတ်ထားတာတို့ ရေစက်ပါတာတို့က ပြဿနာရှိပါတယ်။
‘နောက်ပြီး ဘဝကူးပြောင်းလာတာက တော်တော်လေး ဦးနှောက်ခြောက်ဖို့ကောင်းတဲ့ ကိစ္စပဲ... ဘာတွေမှန်းကို မသိဘူး... ငါ ဘဝကူးပြောင်းလာတဲ့ ခန္ဓာကိုယ်ကလည်း လျှို့ဝှက်ဂိုဏ်းက ပျောက်သွားတဲ့ မှတ်စုစာအုပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတယ်...’
ကလိုင်းဟာ စိတ်ထဲမှာ တွေးတောရင်း ခန့်မှန်းချက်တွေ အများကြီး ပေါ်လာပေမဲ့ အဲဒါတွေကို သက်သေပြဖို့ အထောက်အထား လိုနေပါတယ်။
“ဟူး...”
သတင်းအချက်အလက်တွေကို ထပ်ခါထပ်ခါ ဖတ်ပြီးနောက် ကလိုင်းဟာ သူ့အတွေးတွေကို နှိပ်ကွပ်ပြီး တခြားမှတ်တမ်းတွေ ဆက်ဖတ်ကြည့်ပါတယ်။
သူဟာ ပထမဆုံး သင်္ဘောသား ဆုံမှတ်ကို ရှာကြည့်တဲ့အခါ ဒီဆုံမှတ်ကို ပိုင်ဆိုင်တာက တကယ်ပဲ မုန်တိုင်းအရှင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
နှစ် ၂,၀၀၀ ကျော် မရင်ဆိုင်ရတဲ့ ပြိုင်ဘက်ဟောင်းကြီးဆိုပေမဲ့ ညသိမ်းငှက်ရဲ့ အဖွဲ့တွင်း မှတ်တမ်းတွေက အသေးစိတ်ကျပါတယ်။
“ဆုံမှတ် ၈ - လူထုဒေါသ၊ ရှေးနာမည် - လေမုန်တိုင်း အစောင့်အရှောက်... ဒီဆေးရည် သောက်သုံးထားတဲ့ သာလွန်သူက ဒေါသထွက်ရင် သာမန်အဆင့်ထက်ပိုတဲ့ တိုက်ခိုက်မှုတွေကို ထုတ်လွှတ်နိုင်တယ်... သူတို့ရဲ့ ခွန်အားနဲ့ အလျင်က အများကြီး တိုးမြှင့်သွားတယ်... သူတို့ကို ရင်ဆိုင်ရတာက မုန်တိုင်းကို ရင်ဆိုင်နေရသလိုပဲ”
“ဆုံမှတ် ၇ - သင်္ဘောသား၊ ရှေးနာမည် - လေမုန်တိုင်း ဘုန်းတော်ကြီး... ဒီဆေးရည် သောက်သုံးထားတဲ့ သာလွန်သူက နက္ခတာရာနဲ့ ပထဝီ ပညာရှင်လည်း ဖြစ်တယ်... သူတို့တွေက သံလိုက်စက်ကွင်း၊ သမုဒ္ဒရာ ရေစီးကြောင်း၊ လေနဲ့တိမ်တိုက်တွေရဲ့ လားရာကို အလိုလို သိနိုင်ကြတယ်... သင်္ဘောသားပါတဲ့ လှေတစ်စင်းက ပင်လယ်ပြင်မှာ ဘယ်တော့မှ လမ်းမပျောက်ဘူး... သူတို့တွေက သမုဒ္ဒရာတွေရဲ့ ချစ်မြတ်နိုးခြင်းကို ခံရပြီး ပင်လယ်ပြင်မှာ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ စွမ်းအားတွေ တိုးပွားကြတယ်...”
“သူတို့တွေက ရေထုရဲ့ သူငယ်ချင်းပဲ... သူတို့တွေဟာ ရေအောက်မှာ နာရီဝက်ကျော်ကြာအောင် လွတ်လွတ်လပ်လပ် ကူးခပ်သွားလာနိုင်ကြတယ်... ရေနဲ့ပတ်သက်တဲ့ မန္တန်တချို့ကိုလည်း ပိုင်နိုင်ကြတယ်... တချို့က သူတို့ကြိုးစားသင်ယူလို့ ဖြစ်ပြီး တချို့က မုန်တိုင်းအရှင်ရဲ့ ပေးသနားမှုကြောင့် ဖြစ်တယ်... ဥပမာပေးရရင်...”
‘ဆုံမှတ် ၇ သင်္ဘောသားက တော်တော် စွမ်းအားကြီးတာပဲ...’ ကလိုင်းဟာ ခေါင်းညိတ်ရင်း အတွေးနက်သွားပါတယ်။
သူဟာ လူဇောက်ထိုးက သင်္ဘောသား မဟုတ်ရင် လေမုန်တိုင်း အစောင့်အရှောက်လို့ သံသယဝင်ထားပါတယ်။ မကြာသေးခင်ကမှ သူ အဆင့်တက်သွားတာကို ထည့်စဉ်းစားမယ်ဆိုရင် လူဇောက်ထိုးက သင်္ဘောသားဖြစ်ဖို့ များပါတယ်။
ဒီအချက်ကို ထောက်ရှုခြင်းအားဖြင့် လူဇောက်ထိုးဟာ ဒဏ်ခတ်သမားမဟုတ်ရင် မုန်တိုင်းအရှင် ဘုရားကျောင်းက မကြာသေးခင်ကမှ တိတ်တဆိတ် စည်းရုံးသိမ်းသွင်းထားတဲ့ ပင်လယ်ဓားပြတစ်ယောက် ဖြစ်နိုင်ပါတယ်။
‘အထင်ကြီးဖို့ကောင်းသားပဲ...’ ကလိုင်းဟာ စာရွက် လေးငါးရွက် လှန်လှော ကြည့်လိုက်တဲ့အခါ ပွဲကြည့်သမား ဆေးရည်ရဲ့ နောက်ပိုင်း ဆေးရည်တွေကို သွားတွေ့ပါတယ်။ ပွဲကြည့်သမား ဆေးရည်ရဲ့ ဖော်ပြချက်က လူဇောက်ထိုး ပြောတာနဲ့ အတူတူပါပဲ။
ဆုံမှတ် ၉ ပွဲကြည့်သမားက အမြင်ဆရာလိုပါပဲ။ တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ပစ်မှတ်ကို လေ့လာအကဲခတ်ပြီး ပစ်မှတ် ဘာတွေးနေလဲဆိုတာကို ကောက်သင်းကောက်ပြီး သတင်းအချက်အလက် ရယူပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တွေဟာ အခြေအနေကို သူတို့လိုချင်တဲ့အတိုင်း ဖြစ်လာအောင် ညင်ညင်သာသာ လွှမ်းမိုးပြီး လမ်းညွှန်မှု ပေးနိုင်ပါတယ်။
ဆုံမှတ် ၈ မနောဆက်သမားက ပွဲကြည့်သမားရဲ့ အဆင့်တက် ဆေးရည်ပါ။ သူတို့ရဲ့ အကဲခတ်နိုင်စွမ်းက ရုပ်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တင်မကဘဲ လူတစ်ယောက်ရဲ့ ရောင်ဝါတွေ အီသာခန္ဓာကိုယ်နဲ့ တခြား ထူးခြားဆန်းကြယ် နယ်ပယ်တွေကိုပါ လေ့လာနိုင်ပါတယ်။ အဲဒါကြောင့် မနောဆက်သမားဟာ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်သလိုမျိုး အဲဒီလူရဲ့ အတွေးတွေကို တိတိကျကျ နားလည်နိုင်ပါတယ်။ သူတို့ရှေ့မှာ လျှို့ဝှက်ချက် ရှိဖို့ဆိုတာက တော်တော် ခက်ပါတယ်။
ရှေးက စိတ်ဝိညာဉ် စိစစ်သမားလို့ ခေါ်ကြတဲ့ ဆုံမှတ် ၇ စိတ်ရောဂါကု ဆရာဝန်ကတော့ ဆုံမှတ် ၈ ရဲ့ အရည်အချင်းတွေကို ထပ်ပြီးတော့ တိုးမြှင့်ပေးပါတယ်။ သူတို့တွေဟာ ပစ်မှတ်ကို တိုက်ရိုက် လွှမ်းမိုးနိုင်လာပါတယ်။ သူတို့တွေဟာ ပစ်မှတ်ရဲ့ စိတ်ရောဂါကို ချက်ချင်း ကုသပေးနိုင်သလို ပစ်မှတ်ကို ရူးသွားအောင်လည်း လွှမ်းမိုးနိုင်ပါတယ်။
‘သတိထားမိဖို့ တော်တော်ခက်တဲ့ သာလွန်သူပဲ...’ ကလိုင်းဟာ ဖော်ပြချက်ကိုဖတ်ပြီး ကောက်ချက် ချလိုက်ပါတယ်။
တဲရော့အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နားလည်ပြီးနောက် သူဟာ ရေနွေးငွေ့နဲ့ စက်ယန္တရား ဘုရားကျောင်းဆီ ရောက်အောင် လှန်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ရစ်ဆဲလ်က အဲဒီဘုရားကျောင်းရဲ့ ပညာရှိဆုံမှတ်ကို ရွေးချယ်ခဲ့လို့ပါပဲ။
“ဆုံမှတ် ၉ - ပညာရှိ... ဒီဆေးရည် သောက်သုံးထားတဲ့ သာလွန်သူက အသိပညာကို စွမ်းအားလို့ ယုံကြည်တယ်... သူတို့တွေက သဘာဝလွန်ဖြစ်ရပ်တွေကို အကြမ်းဖျင်း နားလည်ပြီး နိုက်ထရိုဂျင် မူလီနဲ့ ရှုပ်ထွေးတဲ့ ဂီယာတွေကို တော်တော်လေး ကျွမ်းကျင်ကြတယ်... သူတို့တွေက အကုန်လုံးကို သိနေတဲ့အတိုင်းပဲ”
‘ဧကရာဇ်ရစ်ဆဲလ်က သူနဲ့ ဒီဆေးရည် လုံးဝ ကွက်တိပဲ... သူ့အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်တယ်လို့ ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး...’ ကလိုင်းဟာ လုံးဝ နားလည်သွားပြီး အောက်ကို ဆက်ဖတ်ပါတယ်။
ဖြစ်ရပ်မှန် လေ့လာမှု တချို့ ပြီးတဲ့အခါမှာတော့ ဒီလမ်းကြောင်းရဲ့ ဆုံမှတ် ၈ ဆေးရည်က သူ့မြင်ကွင်းထဲ ဝင်လာပါတယ်။
“ရှေးဟောင်းသုတေသန ပညာရှင်... သူတို့တွေက သမိုင်းနဲ့ ပြင်ပရှင်သန်မှုအကြောင်းကို ကောင်းကောင်းကြီး နားလည်ပြီး အပျက်အစီးတွေရဲ့ တားမြစ်အသိပညာတွေကို ပိုင်နိုင်ကြတယ်... သူတို့မှာ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ရှိပြီး အရာအားလုံးကို ရင်ဆိုင်နိုင်တဲ့ အစွမ်းအစ ရှိကြတယ်...”
“ဆုံမှတ် ၇ - အဖိုးဖြတ်သမား... သူတို့တွေက သာလွန်ပစ္စည်း အများစုရဲ့ စွမ်းအားနဲ့ ပြဿနာတွေကို အလိုလို သိရှိနားလည်ပြီး အဲဒီသာလွန်ပစ္စည်းတွေကို အန္တရာယ် အနည်းဆုံးဖြစ်အောင် အသုံးပြုနိုင်ကြတယ်”
ကလိုင်းရဲ့ အခွင့်အာဏာက မလုံလောက်တဲ့အတွက် ဆုံမှတ်လမ်းကြောင်းတွေကို ဆုံမှတ် ၇ ထိပဲ သိခွင့်ရှိပါတယ်။ ဒါက သူ့ကို နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမဲ့ သူ့မှာ တခြားနည်းလမ်း မရှိပါဘူး။ သူဟာ ဘက်ကလင်က ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို မြန်မြန်ပို့လာပြီး ရေးဘီဘာက အန်တီဂိုနပ်မိသားစုရဲ့ မျိုးဆက်ဆိုတာကို အတည်ပြုနိုင်ဖို့ မျှော်လင့်မိလိုက်ပါတယ်။
အဲဒါမှ သူ ပုံမှန်အဖွဲ့ဝင် ဖြစ်လာပြီး အခွင့်အာဏာ ပိုရှိလာမှာပါ။
အဲဒီနောက် ကလိုင်းဟာ မှတ်တမ်းတွေကို တစ်အုပ်ပြီး တစ်အုပ် တစ်ရွက်မကျန် လိုက်ဖတ်ပါတယ်။ သူဟာ အလောင်းစုသမားရဲ့ နောက်ပိုင်းဆုံမှတ်တွေက ဒွန်းစဏ္ဍားနဲ့ နတ်ဝင်သည်မှန်း သိပါတယ်။ သူဟာ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ ဆုံမှတ် ၈ နဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိတာကိုလည်း သိပါတယ်။
ဒီဆုံမှတ် ၈ က ဆေးရည် နာမည်တင် မကဘဲ ဖော်ပြချက်ပါ ဗလာဖြစ်နေပါတယ်။ သူ့နောက်ပိုင်း ဆုံမှတ် ၇ ရဲ့ နာမည်ကတော့ ဝိဇ္ဇာပါ။
‘နာမည်ကတော့ အထင်ကြီးဖို့ ကောင်းသားပဲ...’
ကလိုင်းဟာ စာရွက်ကို ဖြည်းဖြည်းချင်း လှန်လိုက်တဲ့အခါ ဧကရာဇ်ရစ်ဆဲလ် ထည့်စဉ်းစားဖူးတဲ့ ပညာသင်နဲ့ ဓားပြ ဆုံမှတ်လမ်းကြောင်းတွေကို တွေ့လိုက်ရပါတယ်။ ဒီလမ်းကြောင်းနှစ်ခုရဲ့ မှတ်တမ်းကတော့ ဆုံမှတ် ၈ ထိပဲ ရှိပါတယ်။
“ဆုံမှတ် ၉ - ပညာသင်... သူတို့ရဲ့ အစွမ်းအစက နည်းနည်း ထူးဆန်းတယ်... ဒီဆုံမှတ်က မှော်ဆရာလမ်းကြောင်းရဲ့ ရင်းမြစ်ဆိုတာပဲ အတည်ပြုနိုင်တယ်... သူတို့တွေက ပိတ်မိခဲပြီး တားဆီးဖို့ တော်တော် ခက်တယ်... သူတို့တွေက မကြာခဏ ထွက်ပြေး လွတ်မြောက်နိုင်ပြီး အတားအဆီးတွေကို အကြိမ်တိုင်းမှာ ကျော်ဖြတ်နိုင်ကြတယ်...”
“ဆုံမှတ် ၈ - ပရိယာယ်ဆရာ... သူတို့တွေက ထူးဆန်းတဲ့ မန္တန်မျိုးစုံကို ပိုင်နိုင်ကြတယ်... အဲဒီမန္တန်တွေက အစွမ်းတော့ သိပ်မရှိဘူး...”
“ဆုံမှတ် ၉ - ဓားပြ ... ဒီသာလွန်သူတွေကို သာမန်ဓားပြတွေ သူခိုးတွေနဲ့ ခွဲခြားဖို့ ခက်တယ်... သူတို့တွေ ပိုင်ဆိုင်တဲ့ အစွမ်းအစက ပိုပြီးတော့ အထင်ကြီးဖို့ ကောင်းလောက်တယ်... ဒါပေမဲ့ သူတို့တွေ ခိုးဆိုးလုယက်တာက စည်းစိမ်ခံဖို့ရော ရှင်သန်ဖို့ရော မဟုတ်ဘူး... တစ်ခုခုအတွက် လုပ်နေတာနဲ့ တူတယ်”
“ဆုံမှတ် ၈ - လူလိမ်... ငါတို့တွေ လိမ်ညာခံရတဲ့ အမှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါ သာလွန်သူတွေရဲ့ အရိပ်အယောင်ကို တွေ့ရတယ်... သူတို့တွေက လိမ်ရတာကို ပျော်တယ်...”
‘လိမ်ရတာကို ပျော်နေတာလား... ဒါက သရုပ်ဆောင်တဲ့ နည်းလမ်းရဲ့ နောက်ပုံစံတစ်မျိုးပဲ... ငါသာ ရွေးချယ်လို့ ရမယ်ဆိုရင် ပညာသင်ကို ရွေးမိမှာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။
အဲဒီနောက် သူဟာ ရုတ်တရက်ဆိုသလို အယ်ဖာဖာကြမ္မာဆိုးရဲ့ လက်သည်တရားခံ လှုံ့ဆော်သူ ထရစ်နဲ့ သက်ဆိုင်တဲ့ ဆုံမှတ်တွေကိုလည်း ရှာတွေ့သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။