← Chapters

နတ်ဆိုးမဂိုဏ်း

Vol. 7 Ch. 66

နတ်ဆိုးမဂိုဏ်း

Vol. 7 Ch. 66

“ဆုံမှတ် ၈ - လှုံ့ဆော်သူ... ဒီဆေးရည် သောက်သုံးထားတဲ့ သာလွန်သူတွေဟာ လူတွေရဲ့ စိတ်ထဲက ဟိုးနက်ရှိုင်းတဲ့နေရာမှာ ပုန်းကွယ်နေတဲ့ ဆန္ဒယုတ်တွေကို ပေါက်ကွဲထွက်လာအောင် သွေးထိုး လှုံ့ဆော်ပြီး ပဋိပက္ခနဲ့ ရန်ပွဲတွေ ဖြစ်ပေါ်လာအောင် ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင် ပိုင်နိုင်ကြတယ်... အဲဒီလို ဖန်တီးမှုကြောင့် သွေးသံရဲရဲ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာရတယ်...”

‘ဒီဖော်ပြချက်က အသေးစိတ် မကျဘူး... ကြည့်ရတာ ညသိမ်းငှက်က ဒီဆေးရည်အကြောင်းကို ကောင်းကောင်း နားမလည်ထားတဲ့ပုံပဲ... ဒါပေမဲ့ အယ်ဖာဖာသင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကြမ္မာဆိုးနဲ့ လက္ခဏာတွေ သွားတူနေတယ်...’

ကလိုင်းဟာ ဒီဆုံမှတ်လမ်းကြောင်းရဲ့ ဆုံမှတ် ၉ ကို တစ်ချက် ကြည့်မိလိုက်ပါတယ်။

“ဆုံမှတ် ၉ - လုပ်ကြံသတ်ဖြတ်သူ... သူတို့ရဲ့ ခန္ဓာကိုယ်ကို အချိန်တိုတစ်ခုအတွင်း ငှက်မွေးလို ပေါ့ပါးအောင် အသွင်ပြောင်းလဲနိုင်ကြတယ်... သူတို့ရဲ့ မျက်စိကလည်း သိမ်းငှက်လိုပဲ စူးရှကြတယ်... လုပ်ကြံသတ်ဖြတ်သူတိုင်းက အရိပ်ထဲမှာ ပုန်းအောင်းတာကို ကျွမ်းကျင်ကြတယ်... သူတို့ရဲ့ ခြေလှမ်းတွေက ဖျတ်လတ်ပြီး အင်အားအကုန်လုံးကို တစ်ချက်တည်းမှာ ထုတ်လွှတ်နိုင်တယ်...”

ဒီဖော်ပြချက်ကို ဖတ်ပြီးနောက် ကလိုင်းဟာ လုံးဝကို ခေါင်းရှုပ်သွားပါတယ်။

‘လုပ်ကြံသတ်ဖြတ်သူ... ဒီဟာရဲ့ အဆင့်တက်ဆေးရည်က လှုံ့ဆော်သူ...’

‘ဒီဟာကလည်း ငါ့ရဲ့ အမြင်ဆရာ ဆေးရည်လိုမျိုးပဲ ဆေးရည်တွေက တစ်ခုနဲ့တစ်ခု ဘာမှလည်း မပတ်သက်ဘူး...’

‘တချို့ ဆုံမှတ်လမ်းကြောင်းတွေက ပုံမှန်ပါပဲ... ဥပမာ ပွဲကြည့်သမားဆိုရင် အရင်ဆေးရည်နဲ့ နောက်ဆေးရည်က အဆက်အစပ် ရှိတယ်... ဒါပေမဲ့ ငါ့ဆုံမှတ်လမ်းကြောင်းနဲ့ ဒီဆုံမှတ်လမ်းကြောင်းက ယုတ္တိမတန်သလိုပဲ’

‘အင်း... ဒီအချက်က လုံးဝ မမှန်လောက်ဘူး... ငါ တူညီတဲ့ တချို့ လျှို့ဝှက်ချက်တွေကို ရှာမတွေ့သေးတာလည်း ဖြစ်နိုင်တာပဲ...’

‘ဥပမာပြောရရင် လုပ်ကြံသတ်ဖြတ်သူနဲ့ လှုံ့ဆော်သူက သူများတွေကို ဒုက္ခပေးတာချင်း အတူတူပဲ...’

‘ဒါပေမဲ့ အမြင်ဆရာနဲ့ နောက်အဆင့်တက် ဆေးရည်ကို ငါ ဘယ်လိုမှ ဆက်စပ်လို့ မရသေးဘူး... ဂန်ဒေါ့ဖ်လိုမျိုး အရည်အချင်း အမှတ်တွေကို အကူမှော်မှာ တချို့ထည့်ပြီး ကျန်တာတွေကို ခွန်းအားနဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေထဲ ပုံအော ထည့်လိုက်တာလား...’

ကလိုင်းဟာ လျှောက်တွေးရင် ခေါင်းခါမိလိုက်ပါတယ်။ အဲဒီနောက် သူဟာ လှုံ့ဆော်သူတွေနဲ့ ပတ်သက်တဲ့ သီအိုဆိုဖီ ဂိုဏ်းအကြောင်း ရေးထားတဲ့ အပိုင်းကို လှန်လိုက်ပါတယ်။

“သီအိုဆိုဖီဂိုဏ်း... ပဥ္စမယုဂ်ဖြစ်တဲ့ လက်ရှိယုဂ်ဦးပိုင်းမှာ ပေါ်လာတဲ့ လျှို့ဝှက်အဖွဲ့အစည်းပဲ... သူတို့တွေက စိတ်ဟာ လူတစ်ယောက်ရဲ့ အခြေခံဖြစ်ပြီး ရုပ်ခန္ဓာက စိတ်ကို နှောင်ဖွဲ့ထားတဲ့ လှောင်အိမ်လို့ ယုံကြည်ကြတယ်... လူသားတွေ မကောင်းတာ လုပ်တာကလည်း ရုပ်ခန္ဓာရဲ့ လွှမ်းမိုးမှုကြောင့်လို့ လက်ခံထားကြတယ်... အသိဉာဏ်ပညာ ရရှိဖို့ သူတို့ရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး စိတ်ကို ခန္ဓာကိုယ်ထဲကနေ တဖြည်းဖြည်းချင်း လွတ်မြောက်စေတယ်... ပြီးရင် ကြယ်စမ်းသပ်မှုကို ကျော်ဖြတ်ပြီး ရုပ်လောကနဲ့ ခွဲခွာသွားတယ်... အဲဒီကနေ အသန့်စင်ဆုံး အမှန်ကန်ဆုံး အတ္တကို ပြန်သွားပြီး ထာဝရ သန့်ရှင်းစင်ကြယ်မှုကို ရရှိတယ်လို့ ယုံကြည်ကြတယ်”

“အဲဒါကြောင့် သီအိုဆိုဖီဂိုဏ်းရဲ့ အစွန်းရောက် အဖွဲ့ဝင်တွေက တခြားလူတွေရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ထားကြတယ်... အဲဒီကနေ သွေးသံရဲရဲ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတာပဲ... သူတို့တွေက ဆုံမှတ်လမ်းကြောင်း နှစ်ကြောင်း ပိုင်ထားတာ သိသာတယ်... ပထမလမ်းကြောင်းက တွေ့နေကျ ပညာသင်နဲ့ ပရိယာယ်ဆရာပဲ... တခြားလမ်းကြောင်းဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ လှုံ့ဆော်သူကတော့ ပေါ်လာခဲတယ်... လောလောဆယ်မှာတော့ သီအိုဆီဖီဂိုဏ်းက ဆုံမှတ် ၇ နဲ့ ဒီထက်အဆင့်မြင့် ဆေးရည်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သက်သေ မရှိသေးဘူး”

“သီအိုဆိုဖီဂိုဏ်းကို ဘယ်လို တည်ထောင်ခဲ့တာလဲ ဆိုတာလည်း မသိရဘူး... ဆုံမှတ်လမ်းကြောင်း နှစ်ကြောင်းကနေ သူတို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ မူလဇာစ်မြစ်ကို နည်းနည်းတော့ ကောက်ချက်ချနိုင်တယ်... ပထမလမ်းကြောင်းဖြစ်တဲ့ ပညာသင်နဲ့ ပရိယာယ်ဆရာက စတုတ္တယုဂ်မှာ တန်ခိုးထွားခဲ့တဲ့ အေဗရာဟမ် မိသားစုက ပရိယာယ်ဆရာတွေကို တွေးမိစေတယ်... အေဗရာဟမ် မိသားစုနဲ့ ဆွေစဉ်မျိုးဆက် အပြန်အလှန် လက်ထပ်ထားတဲ့ ထမားရား မိသားစုကိုလည်း ဖယ်ထားလို့ မရဘူး... ဒုတိယလမ်းကြောင်းဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်သူနဲ့ လှုံ့ဆော်သူကတော့ နတ်ဆိုးမဂိုဏ်းကို ညွှန်ပြနေတယ်”

‘အေဗရာဟမ်၊ ထမားရား၊ အန်တီဂိုနပ်နဲ့ ဇာရဒို မိသားစုတွေ... ဆော်လမန် အင်ပါယာရဲ့ အမှောင်ဧကရာဇ်... ထူဒါမင်းဆက်ရဲ့ သွေးဧကရာဇ်... ထရန်ဆို့စ်ထ် အင်ပါယာ... လူဇောက်ထိုးပြောတဲ့ ဂျေကပ်နဲ့ အေမင် မိသားစု... စတုတ္ထယုဂ်ရဲ့ သမိုင်းထဲမှာ တိမ်မြုပ်နေတဲ့ လျှို့ဝှက်ချက်တွေက တကယ်ကို များတာပဲ...’

ကလိုင်းဟာ အံ့ဩမှင်တက်သွားပါတယ်။ စတုတ္ထယုဂ်ရဲ့ သမိုင်းက မြူခိုးတွေ ဖုံးအုပ်နေတယ်လို့လည်း ခံစားလိုက်ရပါတယ်။ သူ အခု မြင်နေရတာတွေကလည်း မြူခိုး သူ့ကို မြင်စေချင်တဲ့ အပိုင်းတွေလို့ ကောက်ချက်ချလိုက်ပါတယ်။

သူဟာ စတုတ္ထယုဂ်က သာလွန်သူတွေနဲ့ စည်ကားပြီး သွေးသံရဲရဲ ထူးဆန်းမှုတွေနဲ့ ကြောက်လန့် ချောက်ချားစရာတွေ ရောထွေးနေတဲ့ အချိန်တစ်ခုလို့ စိတ်ထဲမှာ တွေးကြည့်မိလိုက်ပါတယ်။

ကလိုင်းဟာ တိတ်တဆိတ် သက်ပြင်းချပြီး စာအုပ်ကို ဆက်လှန်ကြည့်ပေမဲ့ နတ်ဆိုးမဂိုဏ်းနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မတွေ့ရပါဘူး။

အဲဒီနောက် သူ မော့ကြည့်လိုက်တဲ့အခါ လူအိုကြီးနီးလ်က သူ့ရဲ့ လက်ကြိတ်ကော်ဖီရယ် စစ်ထုတ်စက္ကူရယ်နဲ့ အလုပ်ရှုပ်နေတာ တွေ့လိုက်ရပါတယ်။ ကလိုင်းဟာ ရိုးရိုးသားသားပဲ မေးလိုက်ပါတယ်။

“မစ္စတာနီးလ် နတ်ဆိုးမဂိုဏ်းက ဘယ်လို အဖွဲ့အစည်းမျိုးလဲ... ဒီထဲမှာ သူတို့အကြောင်းကို ရှာလို့မတွေ့ဘူး”

လူအိုကြီးနီးလ်ဟာ ကလိုင်းရဲ့ မေးခွန်းကို ချက်ချင်း ပြန်မဖြေပါဘူး။ သူ့ကော်ဖီနဲ့ အလုပ်ရှုပ်လို့ပြီးမှ တစ်ချက်ရယ်ကာ ဖြေပါတယ်။

“မင်းရဲ့ အခွင့်အာဏာက မလုံလောက်သေးဘူး... ဒန်းစမစ်က ခွင့်ပြုချက်ပေးရင်တောင် ဒါနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို မင်း ဖတ်ရမှာ မဟုတ်ဘူး... ပြောရရင် သတင်းအချက်အလက် အများစုက သန့်ရှင်းစင်ကြယ် ဘုရားရှိခိုးကျောင်းမှာပဲ ရနိုင်တာ... ထင်းဂန်မြို့ရဲ့ ချန်စီဂိတ်နောက်မှာ သိမ်းထားတာ မဟုတ်ဘူး... တစ်နေ့ကျလို့ မင်း ညသိမ်းငှက်အဖွဲ့ရဲ့ ကပ္ပတိန် ဖြစ်လာပြီး သန့်ရှင်းစင်ကြယ် ဘုရားကျောင်းတော်မှာ လေ့ကျင့်ဖို့ စေလွှတ်ခံရတဲ့ အချိန်ကျရင် အဲဒါတွေကို မင်း ဖတ်နိုင်လိမ့်မယ်”

“နတ်ဆိုးမဂိုဏ်းအကြောင်းကို ငါလည်း သိပ်မသိဘူး... ငါ သိတာဆိုလို့ သူတို့တွေက လောကဦး နတ်ဆိုးမကို ကိုးကွယ်တာပဲ... သူတို့တွေက ဒီလျှို့ဝှက်တည်ရှိမှုကို ဖန်တီးရှင်ရဲ့ စစ်မှန်တဲ့ အမွေခံလို့ ယုံကြည်ကြတယ်... လောကဦးနတ်ဆိုးမက ပဋိပက္ခကနေ မွေးဖွားလာပြီး ဖန်တီးရှင်ခန္ဓာကိုယ်ကနေ အစောဆုံး မွေးဖွားလာတဲ့ တည်ရှိမှုတဲ့... သူက အရာအားလုံးကို အဆုံးသတ်မဲ့ အန္တိမ အဆုံးသတ်သမားလို့လည်း ပြောကြတယ်...”

“သူတို့ရဲ့ ဆုံမှတ်လမ်းကြောင်းတွေကလည်း လောကဦးနတ်ဆိုးမနဲ့ ပတ်သက်နေတယ်... လောကဦးနတ်ဆိုးမရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့ လောကဦးနတ်ဆိုးမကို ချဉ်းကပ်ဖို့ ဒီအဖွဲ့အစည်းရဲ့ အထက်ပိုင်း လူကြီးတွေ အကုန်လုံးက မိန်းမတွေချည်းပဲ... အဲဒါကြောင့်လည်း သူတို့ကို နတ်ဆိုးမဂိုဏ်းလို့ ခေါ်ကြတာ”

“တခြား သတင်းအချက်အလက်တွေကတော့ ငါလို ပုံမှန်အဖွဲ့ဝင်တစ်ယောက် သိနိုင်တဲ့ အရာတွေ မဟုတ်ဘူး... နတ်ဆိုးမတွေက ကပ်ဘေးတွေ ဖြန့်ကြက်တာကို သူတို့ရဲ့ တာဝန်လို့ ခံယူထားတယ်လို့တော့ ပြောကြတာပဲ”

‘ကပ်ဘေးတွေ ဖြန့်ကြက်တယ်... ဒါက လုပ်ကြံသတ်ဖြတ်သူနဲ့ လှုံ့ဆော်သူမှာ ပုန်းကွယ်နေတဲ့ ဘုံတူညီချက်ပဲ... ဒါပေမဲ့ ဒီမစ္စတာထရစ်ရဲ့ အနာဂတ်က ဖြောင့်ဖြူးမှာ မဟုတ်ဘူး... နောက်ပိုင်း အဆင့်တက် ဆေးရည်တွေက မိန်းမတွေနဲ့ ပိုသင့်တော်တာ ဆိုတော့လေ...’

ကလိုင်းဟာ မသိမသာ ခေါင်းညိတ်ပြီး သတင်းအချက်အလက်တွေကို ဆက်ဖတ်ပါတယ်။

သတင်းအချက်အလက်တွေ ဖတ်ပြီးသွားတဲ့အခါမှာတော့ လျှို့ဝှက် အဖွဲ့အစည်းတွေက သူ ထင်ထားတာထက် များနေတယ်ဆိုတာကို ကလိုင်း သိသွားပါတယ်။ ဒါပေမဲ့ တွေးကြည့်ရင် ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒီကမ္ဘာရဲ့ သမိုင်းက အရှည်ကြီးပါ။ သာလွန်သူစွမ်းအား အရမ်း ပေါကြွယ်ဝတဲ့ ခေတ်တောင် ရှိခဲ့ဖူးတယ် မဟုတ်ပါလား။

ကလိုင်းဟာ သူသိထားတဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး လျှို့ဝှက်အဖွဲ့အစည်းတွေကို ယုဂ်အခြေခံကာ အုပ်စုသုံးစု ခွဲလိုက်ပါတယ်။

ပထမအုပ်စုကတော့ စတုတ္ထယုဂ်မှ မွေးဖွားခဲ့တဲ့ ရှေးဟောင်း အဖွဲ့အစည်းတွေပါ။ ဒီအုပ်စုထဲမှာ မိုးဇက်ဂိုဏ်း၊ လျှို့ဝှက်ဂိုဏ်းနဲ့ နတ်ဆိုးနောက်လိုက်တွေ စုဖွဲ့ထားတဲ့ သွေးသိဒ္ဓိဂိုဏ်းသာမက တခြားဂိုဏ်းတွေလည်း ပါဝင်ပါတယ်။ သို့ပေမဲ့ သူဖတ်တဲ့ မှတ်တမ်းတွေထဲမှာ နတ်ဆိုးမဂိုဏ်းအကြောင်းပဲ အကြမ်းဖျင်း ဖော်ပြထားပါတယ်။

ဒုတိယအုပ်စုကတော့ ပဥ္စမယုဂ်ဦးမှာ တည်ထောင်ခဲ့တဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေပါ။ ဥပမာပေးရရင် သီအိုဆိုဖီဂိုဏ်းနဲ့ သေမင်းကို ကိုးကွယ်တဲ့ဂိုဏ်းတွေပါ။ ဆရာတပည့် လက်ဆင့်ကမ်းပြီး အမွေထိန်းသိမ်းတဲ့ ဘဝအတွေးကျောင်းနဲ့ သာလွန်သူတွေကြားထဲမှာ သွေးစွန်းယဇ်တွေကြောင့် နာမည်ကြီးတဲ့ နှင်းဆီအတွေးကျောင်းတွေလည်း ဒီထဲမှာ ပါပါတယ်။

တတိယအုပ်စုကတော့ ဒီနှစ်တစ်ရာ နှစ်ရာအတွင်းမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းသစ်တွေပါ။ ဒီအုပ်စုထဲမှာ အော်ရိုရာဂိုဏ်း၊ သံသွေးကြက်ခြေခတ်ဂိုဏ်း၊ အရုဏ်ဦးဒြပ်စင်ဂိုဏ်းနဲ့ သူသိထားတဲ့ စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့အစည်းတို့ ပါဝင်ပါတယ်။

ဒီအဖွဲ့အစည်းတွေကလွဲရင် တခြားအဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့အစည်းတွေက ကြီးကြီးမားမား ဘာမှ မလှုပ်ရှားကြပါဘူး။

‘ဘန်ဆင်နဲ့ မလီဆာက လောကကြီး ဒီလောက် အန္တရာယ်များလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး... တကယ်တမ်းကျတော့ စစ်ပွဲတွေပဲ အသက်အန္တရာယ်ရှိတာ မဟုတ်ဘူး...’ ကလိုင်းဟာ ခေါင်းခါပြီး ပြုံးမိလိုက်ပါတယ်။ သူ့အပြုံးက ဘာကို ရည်ညွှန်းလဲဆိုတာ သူပဲ သိပါလိမ့်မယ်။

အဲဒီနောက် သူဟာ မှတ်တမ်းတွေကို တညီတညာတည်း ဖြစ်အောင် ပြန်စီပြီး လူအိုကြီးနီးလ်ရှေ့ တွန်းပို့လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ထဲမှာ တိတ်တဆိတ် ပြောလိုက်ပါတယ်။

‘ငါ့ရဲ့ တဲ့ရောကလပ်က ဒီစာရင်းထဲ ဘယ်တော့မှ မပါပါစေနဲ့...’

လူအိုကြီးနီးလ်ဟာ သူနဲ့မျက်နှာချင်းဆိုင်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် ထိုင်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်တောင်ကူးခဲ့ဖူးမှာ မဟုတ်ပါဘူး။ သူဟာ တစ်ချက်ရယ်ပြီး မှတ်တမ်းတွေကို ကောက်ယူကာ ချန်စီဂိတ်ဆီ ပြန်သွားပေးပါတယ်။

ကလိုင်းကတော့ နေရာမှာထိုင်ပြီး လှုံ့ဆော်သူထရစ်ရဲ့ တည်နေရာကို တွက်ချက်ကြည့်ရင် ကောင်းမလား စဉ်းစားပါတယ်။ ဒါပေမဲ့ စက္ကန့်နှစ်ဆယ် မပြည့်ခင်မှာပဲ သူ့အကြံကို လက်လျှော့လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ သိထားတဲ့ ထရစ်ရဲ့ ပုံရိပ်က တိတိကျကျမရှိဘဲ ဒီထရစ်ဆိုတဲ့ နာမည်ကလည်း နာမည် အမှန်လားဆိုတာ မသေချာလို့ပါပဲ။

ဒီအချက်အလက်လောက်နဲ့ သူ ထရစ်ရဲ့ တည်နေရာကို ရှာနိုင်ရင် သူက အမြင်ဆရာ မဟုတ်တော့ပါဘူး။ ပုရောဟိတ်ပါ။

လူအိုကြီးနီးလ် ပြန်ရောက်လာတဲ့ အချိန်မှာတော့ ကလိုင်းဟာ ခေါင်းရှင်းပြီးလို့ ဂမ္ဘီရအသိပညာတွေ ပြန်လေ့လာနေပါပြီ။ တစ်နေ့လုံး ဂမ္ဘီရအသိပညာတွေ လေ့လာလိုက် ပြန်လေ့ကျင့်လိုက်နဲ့ အချိန်ကုန်သွားပါတယ်။ လှုံ့ဆော်သူထရစ်ကို ဖမ်းဆီးမဲ့ ပူးပေါင်းစစ်ဆင်ရေးမှာလည်း ဝင်မပါပါဘူး။

ကလိုင်းဟာ ဘက်ကလင်က ပို့လာမဲ့ ချိပ်ပိတ်လက်နက် ၂-၀၄၉ က အကြောင်းတချို့ကြောင့် နောက်ကျမယ်လို့ ကြားလိုက်ရပါတယ်။ ဘယ်တော့မှ ရောက်လာမလဲဆိုတာတော့ သူလည်း မခန့်မှန်းတတ်ပါဘူး။

မနေ့က ဗေဒင်ဟောတာကနေ နှစ်ဆိုလီလောက် ရထားတော့ ကလိုင်းဟာ အိမ်အပြန်လမ်းမှာ ဆယ်ပဲနိသုံးပြီး ဘန်ဆင်အတွက် အင်းမတ်ဘီယာ နှစ်လီတာ ဝယ်ပါတယ်။ မလီဆာအတွက် လီမွန်ကိတ်မုန့်တချို့လည်း ဝယ်ပါတယ်။

“ကလိုင်း... မင်း အစ်ကိုတို့ကို ဂရုစိုက်တယ်ဆိုတာ အစ်ကိုသိတယ်... ဒီလိုကိစ္စမျိုးတွေအတွက် ပိုက်ဆံသုံးဖို့ မလိုပါဘူးကွာ” ဘန်ဆင်ဟာ နှစ်လီတာဝင် ဘီယာစည်ပိုင်းလေးကို ကြည့်ပြီး ပြောပါတယ်။

ဘေးမှာရပ်နေတဲ့ မလီဆာကလည်း ခေါင်းညိတ်ပြီး သူ့အစ်ကိုရဲ့စကားကို ထောက်ခံပါတယ်။

‘ဒါက ငါတို့တွေ စရိုက်မတူလို့ပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပါတယ်။

“ဘန်ဆင်... မလီဆာ... ဒီအတွက် စိုးရိမ်စရာ မလိုဘူး... ဒါက ကုန်ကျစရိတ်ပြန်ပေးငွေနဲ့ ဝယ်လာတာ... ဟုတ်တယ်... ကုမ္ပဏီက တစ်ပတ်ကို နှစ်ဆိုလီကနေ လေးဆိုလီလောက် ထပ်ပေးတယ်”

‘ငါ ဒီငွေကို ဗေဒင်ဟောတာကနေ ရလာတာလို့ ပြောလို့မဖြစ်ဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။

“မင်း အလုပ်က ငါ ထင်ထားတာထက် ပိုကောင်းတာပဲ” ဘန်ဆင်ဟာ အံ့အားသင့်သွားပြီး ‌ကောက်ချက်ချလိုက်ပါတယ်။

‘ဟုတ်တယ်... ငါ ဗေဒင်တောင် ဟောတတ်သွားပြီ’ ကလိုင်းဟာ စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်ရင်း မီးဖိုချောင်ဘက် လှည့်လိုက်ပါတယ်။

မောင်နှမသုံးယောက်ရဲ့ ဝိုင်းကြိုးစားမှုအောက်မှာ စားပွဲဝိုင်းအပြည့် ညစာစားပွဲဟာ အဆင်သင့် ဖြစ်သွားပါတယ်။

ဗိုက်ဝအောင် စပြီးတဲ့နောက် ကလိုင်း၊ ဘန်ဆင်နဲ့ မလီဆာဟာ ဧည့်ခန်းထဲမှာ ငပျင်းလို လှဲပြီး ဇိမ်ခံပါတယ်။ ပန်းကန်ခွက်ယောက်တွေ ဆေးကြာဖို့နဲ့ စာလေ့လာဖို့ သူတို့မောင်နှမ သုံးယောက်ဟာ အချိန်တော်တော် ပြန်ယူရပါတယ်။

‘ဘန်ဆင်နဲ့ မလီဆာ အိပ်ပျော်သွားရင် ငါ မီးခိုးရောင်မြူခိုးထက်ကို သွားပြီး အစီအရင်ရဲ့ အကျိုးသက်ရောက်မှုကို ကြည့်ရမယ်...’ ကလိုင်းဟာ သမိုင်းစာအုပ်ကို ပြန်‌လေ့လာရင်းနဲ့ သူ့အစ်ကိုနဲ့ ညီမကို တစ်ချက်ကြည့်လိုက်ပါတယ်။

.....

အနောက်ပိုင်းမြို့နယ်၊ သံကြက်ခြေခတ်လမ်း - အောက်ပိုင်းလမ်း။

သုံးထပ် အဆောက်အဦးတစ်ခုကို အမှောင်ထုက လွှမ်းမိုးထားပါတယ်။ ဒီအဆောက်အဦးထဲမှာရော အဆောက်အဦးရဲ့ ဘေးပတ်ပတ်လည်လည်မှာရော မီးအလင်ရောင် တစ်ခုမှ မရှိပါဘူး။ လမ်းမီးတိုင်ရော တခြားအလင်းရောင်ပေးတဲ့ အရာတွေရော မရှိပါဘူး။

ရုတ်တရက်ဆိုသလို တတိယထပ်ရဲ့ ပြတင်းပေါက်ကနေ လူတစ်ယောက် ခုန်ထွက်လာပါတယ်။ အဲဒီလူဟာ မြေပြင်ပေါ်ကို ငှက်မွေးလိုမျိုး သာသာယာယာ ကျသွားပါတယ်။

အဲဒီလူဟာ သူ့ခန္ဓာကိုယ်ကို ကုပ်လိုက်တဲ့အခါ အမှောင်ထုနဲ့ ရောနှောသွားသလိုမျိုး ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။ မျက်စိနဲ့ မြင်နိုင်တာဆိုလို့ သူ့ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းပဲ ရှိပါတော့တယ်။

အဲဒီလူဟာ ခပ်မြန်မြန် ခရီးနှင်ပြီး သိပ်မကြာခင်မှာပဲ ဆိပ်ကမ်းဆီ ရောက်သွားပါတယ်။ အဲဒီနောက် သူဟာ ကုန်စည်တွေ ပုံထားတာကလွဲလို့ တခြားဘာမှမရှိတဲ့ ထောင့်တစ်နေရာကို ဦးတည်လိုက်ပါတယ်။

သူဟာ တစ်ခဏကြာအောင် သေသေချာချာ အကဲခတ်ပြီး အဲဒီနေရာကို နှစ်ပတ်လှည့်ကြည့်ပါတယ်။ ပြီးတော့မှ အမှောင်ထုထဲက ထွက်ပြီး အဲဒီ့ထောင့်နေရာထဲ ဝင်လိုက်ပါတယ်။

သူ့မျက်နှာက ဝိုင်းပြီး ဖော်ဖော်ရွေရွေ ရှိပါတယ်။ အယ်ဖာဖာကြမ္မာဆိုးရဲ့ လက်သည်တရားခံ လှုံ့ဆော်သူ ထရစ်ကလွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။

“ဘယ်လို ခံစားရလဲ” ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ လျှို့ဝှက်တဲ့ လူတစ်ယောက်ဟာ အရိပ်ထဲက ထွက်လာပြီး မေးလိုက်ပါတယ်။ သူ့အသံက တစ်ချက် နားထောင်ကြည့်ရုံနဲ့ မိန်းမအသံဆိုတာ သိနိုင်ပါတယ်။

ထရစ်ရဲ့ မျက်နှာမှာ ဖော်ရွေပြီး ကျေနပ်တဲ့ အပြုံး ပေါ်လာပါတယ်။

“ကောင်းတယ်... အဲဒါက ကျွန်တော် လိုလားတောင့်တနေတဲ့ မြင်ကွင်းပဲ... ကျွန်တော်ရဲ့ တာဝန်ကို ပြီးမြောက်ခဲ့သလို အဆင့်တက်ဖို့အတွက် လိုအပ်တာ ပြင်ဆင်ပြီးပြီလို့လည်း ကျွန်တော် ထင်တယ်”

ဝတ်ရုံနက်နဲ့ အမျိုးသမီးဟာ မသိမသာ ခေါင်းညိတ်ပြီး...

“အင်း ဟုတ်တယ်... ငါ ကတိပေးထားတဲ့အတိုင်း ဆုံမှတ် ၇ ဆေးရည် ဖော်မြူလာနဲ့ အဓိကပါဝင်ပစ္စည်း သုံးမျိုးကို ပေးမယ်... ကျန်တာကိုတော့ နင့်ဘာသာ စုဆောင်း...”

“ရတယ်... ကိစ္စမရှိဘူး” ထရစ်ဟာ ဒါကို မျှော်လင့်ထားပြီးသားပါ။

လျှို့ဝှက်တဲ့ အမျိုးသမီးဟာ လက်မြှောက်ပြီး စာအုပ်လိုမျိုး အရာဝတ္ထုတစ်ခုကို ထရစ်ဆီ လှမ်းပေးပါတယ်။

ဒီစာအုပ်ရဲ့ မျက်နှာဖုံးက ရှေးကျပြီး စွန်းထင်းနေတဲ့ ကြေးမျက်နှာဖုံးပါ။ ဘေးမှာလည်း ထူးဆန်းတဲ့ ကြယ်ပုံစံ သော့တစ်ခု ပါပါတယ်။

ထရစ်ဟာ ဒီစာအုပ်ထဲမှာ ပါတာက ဆေးရည် ဖော်မြူလာနဲ့ ပါဝင်ပစ္စည်းတွေကို ဆိုတာကို သိတာကြောင့် ရင်ဖိုသွားပါတယ်။ သူဟာ သိချင်စိတ်ကို မထိန်းနိုင်ဘဲ စာအုပ်မျက်နှာဖုံးက ဆေးရည်နာမည်ကို ဖတ်ကြည့်မိလိုက်ပါတယ်။

“စုန်းမ”

ထရစ်ဟာ တအံ့တဩ ဖြစ်သွားပါတယ်။ သူဟာ ဟာမီးဘာသာစကားနဲ့ ရေးထားတဲ့ စကားလုံးကို ကြည့်ပြီး သူ့မျက်စိကိုယ်သူ မယုံနိုင်လောက်အောင် ဖြစ်သွားပါတယ်။

‘စုန်းမ... ငါ အဆင့်တက်ဆေးရည်က စုန်းမ... လာနောက်နေတာလား...’

လျှို့ဝှက်တဲ့ အမျိုးသမီးဟာ သူမပါးစပ်ကို လက်နဲ့ကာပြီး တခစ်ခစ် ရယ်လိုက်ပါတယ်။ အတန်ကြာအောင် ရယ်ပြီးမှ သူမက အဖြေပေးပါတယ် “မင်းတစ်ခါမှ မစဉ်းစားခဲ့ဖူးဘူးလား... ငါတို့ အထက်လူကြီးတွေက ဘာဖြစ်လို့ အကုန်လုံး မိန်းမတွေချည်း ဖြစ်နေလဲဆိုတာကို...”

“ဒါက အဖြေပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters