← Chapters

တုံ့ပြန်မှု

Vol. 7 Ch. 67

တုံ့ပြန်မှု

Vol. 7 Ch. 67

ညအမှောင် ကောင်းကင်ယံမှာ ကြက်သွေးရောင်လဟာ တိတ်တဆိတ် သာနေပါတယ်။ သူ့အလင်းရောင်ဟာ တက္ကသိုလ်မြို့တော်လို့ အများက ခေါ်ကြတဲ့ ထင်းဂန်မြို့ တစ်မြို့လုံးပေါ် ကျရောက်နေပါတယ်။

ကလိုင်းဟာ စားပွဲရှေ့မှာ မတ်တတ်ရပ်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ဒက်ဖဒိုလမ်းကို တွေ့လိုက်ရပါတယ်။ အပြင်းမောင်းနှင်သွားတဲ့ ခပ်လှမ်းလှမ်းက မြင်းလှည်းသံကိုလည်း ကြားလိုက်ရပါတယ်။

သူဟာ ငွေရောင် အိတ်ဆောင်နာရီကို ကောက်ယူပြီး ကလစ်ခနဲ ဖွင့်ကြည့်ပါတယ်။ အဲဒီနောက် လိုက်ကာတွေ ဆွဲပိတ်လိုက်တဲ့အခါ ဓာတ်ငွေ့မီးအိမ်ရဲ့ ဝါကျင့်ကျင့် အလင်းရောင်က သူ့အိပ်ခန်းထဲမှာ စိုးမိုးသွားပါတယ်။

အဲဒီနောက် ကလိုင်းဟာ သူ့အိပ်ခန်းတံခါးကို လော့ချပြီး ဓာတ်ငွေ့မီးအိမ်ကိုပါ ပိတ်လိုက်ပါတယ်။

ချက်ချင်းဆိုသလို တစ်ခန်းလုံး အမှောင်ထု ဖုံးလွှမ်းသွားပါတယ်။ ကြက်သွေးရောင်လရောင် တစ်မျှင်နှစ်မျှင်ပဲ လိုက်ကာကို ဖြတ်ပြီး အခန်းထဲ ဝင်လာနိုင်ပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးက အိပ်ရာဝင်ပုံပြင်တွေအတွက် ကွက်တိပါပဲ။

ကလိုင်းဟာ သူ ညသိမ်းငှက်အဖွဲ့ကနေ တောင်းခံထားတဲ့ ငွေဓားကို ထုတ်ယူပြီး တွေးခေါ်မှု အခြေအနေထဲ တစ်ဝက်ဝင်ကာ အလင်းစက်လုံးကို စိတ်ထဲမှာ မြင်ယောင်လိုက်ပါတယ်။

ကလိုင်းဟာ သူ့စိတ်ကို အရင်တုန်းက လေ့ကျင့်မှုတွေအတိုင်း အာရုံစိုက်ပြီး စိတ်ဝိညာဉ် စွမ်းအားကို ဓားဦးကနေ ဖြာထွက်သွားစေပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားကို ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်ပြီး တစ်ခန်းလုံးကို ချိပ်ပိတ်လိုက်ပါတယ်။

သူ ဒီလိုချိပ်ပိတ်တာက သာမန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီး ဘန်ဆင်နဲ့ မလီဆာ နိုးသွားမှာကို စိုးရိမ်တာကြောင့်ပါ။

အိပ်ခန်းကို ချိပ်ပိတ်ပြီးတဲ့နောက် ကလိုင်းဟာ ဓားချကာ နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းပါတယ်။ ခြေလှမ်းတိုင်းမှာ သူအရင်ကဆိုခဲ့တဲ့ မန္တန်ကို ရွတ်ဆိုပါတယ်။

ဘယ်တော့မှ မပြောင်းလဲတဲ့ အော်ဟစ်သံတွေ ရေရွတ်သံတွေက သူ့ကို လွှမ်းမိုးသွားပါတယ်။ အရင်လို တဆစ်ဆစ် ခေါင်းကိုက်တဲ့ နာကျင်မှု ပေါ်လာတဲ့အခါ သူဟာ အကောင်းဆုံး ကြိုးစားထိန်းချုပ်ပြီး ခက်ခဲပင်ပန်းလွန်းတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကို သတိတစ်ဝက်နဲ့ တောင့်ခံပါတယ်။

ဖြူမှိုင်းမှိုင်း မြူခိုးတွေဟာ အဆုံးမရှိပါဘူး။ နီမှောင်ရောင်ကြယ်တွေကလည်း သူနဲ့ အကွာအဝေးမျိုးစုံမှာ ရှိနေပါတယ်။ မိုးထိမတတ် မြင့်မားလှတဲ့ နန်းတော်ကြီးကလည်း သေဆုံးနေတဲ့ ဘီလူးကြီးတစ်ကောင်လို မားမားမတ်မတ် တည်ရှိနေပါတယ်။

ဘာမှ ပြောင်းလဲသွားပုံ မရှိပါဘူး။ နှစ်ပေါင်းထောင်ချီ စုဆောင်းမိလာတဲ့ တိတ်ဆိတ်မှုနဲ့ ရှေးကျမှုဟာ သူ့ကို လွှမ်းမိုးသွားပါတယ်။

‘မဟုတ်ဘူး... ပြောင်းလဲတယ်’ ကလိုင်းဟာ တိတ်တဆိတ် ရေရွတ်ရင်း နီမှောင်ရောင် ကြယ်တစ်လုံးကို စိုက်ကြည့်လိုက်ပါတယ်။

ဒီကြယ်က တရားမျှတမှုကို ကိုယ်စားပြုတဲ့ ကြယ်ပါ။ ဒီကြယ်ရဲ့ အနီရောင်ရဲရဲဟာ စခုန်လာပါတယ်။ ပျမ်းမျှလွှဲခွင်နဲ့ ခုန်နေတာဆိုပေမဲ့ ရပ်မသွားပါဘူး။

ကလိုင်းဟာ စိတ်ဝိညာဉ်စွမ်းအားကို ဒီအနီရောင်ရဲရဲဆီ ဂရုတစိုက် ဖြန့်ကြက်လိုက်ပါတယ်။ သူ့စိတ်ဝိညာဉ်စွမ်းအားနဲ့ အနီရောင်ရဲရဲ ထိတွေ့မိတဲ့ တစ်ခဏမှာ သူ့ခေါင်းထဲ မိုက်ခနဲဖြစ်သွားပြီး ဝိုးတိုးဝါးတား မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရပါတယ်။ ထပ်နေတဲ့ ဆုတောင်းသံတွေကိုလည်း ကြားလိုက်ရပါတယ်။

“ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး...”

“သင်ဟာ မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူပါ...”

“သင်ဟာ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ”

“ကျွန်တော်မျိုးမ အရှင်ရဲ့ အကူအညီအတွက် ဆုတောင်းပါတယ်”

“ကျွန်တော်မျိုးမ အရှင်ရဲ့ ကရုဏာတရားအတွက် တောင်းဆိုပါတယ်”

“ကျွန်တော်မျိုးမ အိပ်မက်ကောင်းမက်နိုင်ဖို့ ဆုတောင်းပါတယ်”

...

“ကျွန်တော်မျိုးမ အိပ်မက်ကောင်းမက်နိုင်ဖို့ ဆုတောင်းပါတယ်”

...

“ကျွန်တော်မျိုးမ အိပ်မက်ကောင်းမက်နိုင်ဖို့ ဆုတောင်းပါတယ်”

...

မိန်းမအသံတစ်သံဟာ ဆက်တိုက် ပဲ့တင်ထပ်သွားပါတယ်။ ကလိုင်းရဲ့ စိတ်လည်း နေမထိထိုင်မသာ ဖြစ်လာပြီး ဒေါသထွက်လာပါတယ်။ အောက်ထပ်မှာ အိပ်ပျော်ရုံရှိသေး အပေါ်ထပ်က ကြမ်းပြင်ကို တဒုန်းဒုန်း တဒိုင်းဒိုင်းမြည်အောင် ထုရိုက်လိုက်သလိုပါပဲ။

ကလိုင်းဟာ ယောက်ယက်ခတ်နေတဲ့ ခံစားချက်တွေကို ဖိနှိပ်ပြီး တွေးခေါ်မှုသုံးကာ အမြန် တည်ငြိမ်အောင် လုပ်ပါတယ်။ အဲဒီနောက် သူ့ရှေ့မှာပေါ်လာတဲ့ ဝိုးတိုးဝါးတား မြင်ကွင်းကို သေချာ ဂရုတစိုက် ကြည့်လိုက်ပါတယ်။

မြင်ကွင်းထဲမှာ ရွှေရောင်ဆံပင်နဲ့ မိန်းကလေးတစ်ဦးဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ မိန်ကလေးဟာ တဖျစ်ဖျစ် တောက်လောင်နေတဲ့ ဖယောင်းတိုင်လေးတိုင်ရှေ့မှာ မတ်တတ်ရပ်ပြီး ခေါင်းငုံ့ကာ ဆက်တိုက် မန္တန်ရွတ်နေပါတယ်။

ဝိုတိုးဝါးတား ပုံရိပ်ကနေ ဒီမိန်းကလေးက မစ္စတရားမျှတမှု ဆိုတာကို ကလိုင်း သိလိုက်ပါတယ်။

ဒီအရောက်မှာတော့ ကလိုင်းဟာ သူဖန်တီးထားတဲ့ အစီအရင်မန္တန်က မီးခိုးရောင်မြူခိုးနဲ့ သူ့ဆီကို တိုက်ရိုက် ဦးတည်တယ်ဆိုတာ အတည်ပြုနိုင်သွားပါတယ်။ ဒီအတည်ပြုချက်က ဘာမှမရှိတဲ့ သုညဘဝကနေ သူဌေးဖြစ်သွားသလိုမျိုး သူ့ကို အောင်မြင်မှု ခံစားချက်ကြီး ရစေပါတယ်။

‘ငါ့ကိုယ်ငါ မချီးကျူးတော့ပါဘူး... ငါက နဂိုကတည်းက တော်နေပြီးသားပဲ...’ ကလိုင်းဟာ စိတ်ကောင်းဝင်သွားပြီး ပဲ့တင်ထပ်နေတဲ့ ဆုတောင်းသံကို မမုန်းတော့ပါဘူး။

သူဟာ အတွေးတစ်ချက်နဲ့ စိတ်ထဲမှာ တုံ့ပြန်မှုကို ဖန်တီးပြီး သူနဲ့ နီမှောင်ရောင်ကြယ်ရဲ့ ဆက်သွယ်မှုကနေ ဒီတုံ့ပြန်မှုကို နီမှောင်ရောင်ကြယ်ဆီ ပို့လိုက်ပါတယ်။

“ငါ သိတယ်”

သူ့ရှေ့မှာ မီးခိုးရောင်အလွှာတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီအလွှာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပုံပန်းမကျတဲ့ ဝိုးတိုးဝါးတား လူတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူ့မျက်လုံးနေရာမှာ အနီရောင်ရဲရဲတွေက ဝဲဂယက်လို လည်နေပြီး သူ့အသံက အပြောကျယ်လှတဲ့ ဘာမှမရှိတဲ့လောကမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်သွားပါတယ်။

“ငါ သိတယ်”

“ငါ သိတယ်”

“ငါ သိတယ်”

.....

အော်ဒရီဟောလ်ဟာ ဆတ်ခနဲ လန့်နိုးသွားပါတယ်။ သူမဟာ ထထိုင်လိုက်ပေမဲ့ သူမအိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းက သူမရဲ့ စိတ်တစ်ခုလုံးကို နေရာယူထားပါတယ်။

သူမဟာ မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် တည်ရှိမှု၊ အရူးကို အိပ်မက်မက်မှန်း ကောင်းကောင်းကြီး သိပါတယ်။

‘ဒါက ငါမနက်က ဆုတောင်းတာကို တုံ့ပြန်တာလား...’ အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေထဲ အမြန်ဝင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဆန်းစစ်ပါတယ်။

အရူးက ချက်ချင်း မတုံ့ပြန်ဘဲ ဘာဖြစ်လို့ ညကျမှ တုံ့ပြန်တာလဲ ဆိုတာတော့ သူ မသိပါဘူး။ ဒါပေမဲ့ မန္တန်လေးငါးကြောင်းနဲ့ အစီအရင်က အကျိုးသက်ရောက်မှုရှိလို့ သူမ အံ့ဩတုန်လှုပ်သွားပါတယ်။

အရင်တုန်းက သူမ ထာဝရည နတ်ဘုရားမကို အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါမှ တုံ့ပြန်မှု မရခဲ့ပါဘူး။

‘မစ္စတာအရူးက နတ်ဘုရား မဟုတ်ရင်တောင် အဲဒီလိုဖြစ်ဖို့ သိပ်မလိုလောက်တော့ဘူး...’ အော်ဒရီဟာ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပြီး ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပါတယ်။

အရူးက စွမ်းအားကြီးတဲ့ တည်ရှိမှုဆိုတော့ သူမ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အော်ဒရီဟာ စိတ်ထဲမှာ စိုးရိမ်မှုတွေကို ဘေးလွှင့်ပစ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားပါတယ်။

‘ပထမဆုံး ငါ့ရဲ့ ပွဲကြည့်သမား ဆေးရည်ကို လုံးဝ ချေဖျက်ရမယ်... ငါ့ရဲ့ သရုပ်ဆောင် အရည်အချင်းက မဆိုးပါဘူး...’

‘ဒုတိယအနေနဲ့ ငါ စိတ်ပညာ အဂ္ဂိရတ်သမားတွေကို ရှာရမယ်’

‘တတိယက ငါ မစ္စတာအရူးဆီကနေ မနောဆက်သမား ဖော်မြူလာနဲ့ စိတ်ပညာ အဂ္ဂိရတ်သမားတွေရဲ့ သဲလွန်စကို ရအောင် ကြိုးစားရမယ်’

‘ဒါပေမဲ့ နတ်ဘုရားလိုမျိုး တည်ရှိမှုတိုင်းမှာ သူတို့ကိုယ်ပိုင် ပြီးပြည့်စုံတဲ့ ဆုံမှတ်လမ်းကြောင်း တစ်ခုစီ ရှိကြပေမဲ့ တခြားဆုံမှတ်လမ်းကြောင်းက ဆေးရည်ဖော်မြူလာတွေကို သိချင်မှသိတာ... စိတ်ပညာ အဂ္ဂိရတ်သမားတွေလိုမျိုး သာလွန်သူ အဖွဲ့အစည်းအသစ်ကိုလည်း မစ္စတာအရူးက ဂရုစိုက်ချင်မှ ဂရုစိုက်မှာ...’

.....

ဆက်သွယ်မှု ပြတ်တောက်သွားတဲ့အခါ ကလိုင်းဟာ ကြေးစားပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်လိုက်ပါတယ်။ မီးခိုးရောင်မြူခိုးတွေ လုံးဝ ဖုံးအုပ်ထားတဲ့ ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး ပါးစပ်ကို လက်သီးနဲ့ ကာလိုက်ပါတယ်။

အဲဒီနောက် သူဟာ ဖြစ်စဉ်တစ်ခုလုံးကို ပြန်တွေးပြီး ခွဲခြမ်းစိတ်ဖြာပါတယ်။

အဲဒီအချိန် မီးခိုးရောင်မြူခိုးကမ္ဘာထဲမှာ သက်ရှိဆိုလို့ သူတစ်ယောက်ပဲ ရှိပါတယ်။ ကျန်တာက အကြွင်းမဲ့ တိတ်ဆိတ်မှုပါ။

‘အင်း... ငါ ဒီနေရာမှာ သတင်းအချက်အလက်ပဲ ပေးပို့လို့ရပြီး စွမ်းအားသုံးလို့ မရတဲ့ပုံပဲ... ကြည့်ရတာ ကြိုးကိုင်ခြယ်လှယ်မဲ့ ငါ့အကြံက အလုပ်မဖြစ်ဘူးပဲ’

ကလိုင်းဟာ စိတ်ထဲမှာ ကောက်ချက်ချလိုက်ပါတယ်။

သူဟာ မန္တန်နဲ့ အစီအရင်က အလုပ်ဖြစ်ရင် သူ့ခန္ဓာကိုယ်နဲ့ မီးခိုးရောင်မြူခိုးကို ချိတ်ကြည့်ဖို့ ကြံရွယ်ထားခဲ့ပါတယ်။ အဲဒီလိုဆိုရင် ဒီလျှို့ဝှက်ဆန်းကြယ်နေရာရဲ့ စွမ်းအားတွေကို သူ ငှားသုံးလို့ရပါပြီ။

အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူ ပြန်ဆုတောင်းပြီး မီးခိုးရောင်မြူခိုး ကမ္ဘာရဲ့ စွမ်းအားနဲ့ ဆုတောင်းသူကို ကြိုးကိုင်ခြယ်လှယ်တာကနေ အကန့်အသတ်တွေ လျှို့ဝှက်ဆန်းကြယ်မှုတွေ အန္တရာယ်တွေကို ကျော်လွှားနိုင်မှာပါ။

နားလည်အောင်ပြောရရင် ပထမဆုံး အစီအရင်လုပ်ပြီး သူ့ကိုယ်သူ ဆုတောင်းမယ်။ ပြီးရင် မီးခိုးရောင်မြူခိုးထက်ကို လာပြီး သူ့တောင်းဆိုမှုကို ဖြေကြားမယ်။ မီးခိုးရောင် မြူခိုးကမ္ဘာရဲ့ စွမ်းအားနဲ့ ဆုတောင်းတာကို ပေးသနားမယ်။

‘ကြည့်ရတာ ငါ စိတ်ကူးယဉ်တာ နည်းနည်း များသွားတဲ့ပုံပဲ... ငါ မီးခိုးရောင် မြူခိုးကမ္ဘာကို အများကြီး နားလည်ထားတာလည်း မဟုတ်ဘူး... လိုသလို ထိန်းချုပ်နိုင်တာလည်း မဟုတ်ဘူး... ’ ကလိုင်းဟာ ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးပြီး ထွက်သွားဖို့ စီစဉ်ပါတယ်။

အဲဒီအချိန်မှာပဲ လူဇောက်ထိုးကို ကိုယ်စားပြုတဲ့ နီမှောင်ရောင်ကြယ်က စပြီးတော့ ခုန်လာတာ တွေ့လိုက်ရပါတယ်။ သိမ်မွေ့ညင်သာပြီး ပုံပန်းသဏ္ဍာန်မဲ့တဲ့ အသံတွေကိုလည်း ကြားလိုက်ရပါတယ်။

‘တိုက်တိုက်ဆိုင်ဆိုင်ပဲ လူဇောက်ထိုး အစီအရင်လုပ်တာနဲ့ လာတိုးပါ့လား...’

ကလိုင်းဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်ရင်း လက်ဆန့်ကာ နီမှောင်ရောင်ကြယ်ကို ထိလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်ပြီး ခုန်နေတဲ့ အနီရောင်ရဲရဲနဲ့ ထိတွေ့ပါတယ်။

အဲဒီအခါမှာ သူဟာ လူဇောက်ထိုးရဲ့ ထပ်ခါထပ်ခါပြောတဲ့ ဆုတောင်းသံကို ကြားလိုက်ရပြီး ဝိုးတိုးဝါးတား မြင်ကွင်းတစ်ခုကိုလည်း တွေ့မြင်လိုက်ရပါတယ်။

မြင်ကွင်းထဲမှာ လူဇောက်ထိုးဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး မီးတောက်လေးခုရှေ့မှာ မတ်တတ်ရပ်နေပါတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း စိတ်ဝိညာဉ်စွမ်းအားက နံရံအဖြစ် တည်ရှိပြီး သူ့ကို ပြင်ပလွှမ်းမိုးမှုတွေကနေ သီးခြား ခွဲထုတ်ထားပါတယ်။

ကလိုင်းဟာ ချက်ချင်း မတုံ့ပြန်ဘဲ တိတ်တဆိတ် စောင့်ကြည့်ပြီး နားထောင်ပါတယ်။

“... သင်ဟာ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ...”

“ကျွန်တော်မျိုး အရှင်ရဲ့ ကူညီမှုကို ရရှိဖို့ ဆုတောင်းပါတယ်”

...

လူဇောက်ထိုးဟာ ဆုတောင်းပြီးတဲ့အခါ တစ်ခဏ စောင့်ပါတယ်။ ဘာာတုံ့ပြန်မှုမှ မရှိတဲ့အတွက် သူဟာ စိတ်ဝိညာဉ်စွမ်းအား နံရံကို စဖျက်ပြီး ဖယောင်းတိုင်မီးကို ငြှိမ်းသတ်ကာ ယဇ်ခုံကို ရှင်းလင်းပါတယ်။

နောက်ဆုံး လက်ဝှေ့ယမ်းလိုက်တဲ့အခါ ရေလိုအလင်းရောင် ထွက်ပေါ်လာပြီး ယဇ်ခုံကို အသစ်အတိုင်း ဖြစ်သွားစေပါတယ်။

‘ရေဓာတ်မန္တန်... မုန်တိုင်းအရှင် ပေးသနားထားတာလား... ဒါဆို လူဇောက်ထိုးက အနည်းဆုံး သင်္ဘောသားပဲ...’ ကလိုင်းဟာ မသိမသာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် မြင်ကွင်း မပျောက်ကွယ်ခင်မှာ အရင်အတိုင်း တုံ့ပြန်ပုံကို တွေးပြီး နီမှောင်ရောင်ကြယ်ဆီ ပို့လိုက်ပါတယ်။

.....

အယ်ဂျာဟာ ရို့စတက်ကျွန်းစုက ဂျန်နရောစတီမြို့မှာ ခဏတည်းနေပါတယ်။

သူဟာ သင်္ဘောသားတွေနဲ့ နာမည်ကျော် ကလပ်နီကို လိုက်မသွားဘဲ ဟိုတယ်မှာပဲနေပြီး တံခါးတွေ ပြတင်းပေါက်တွေကို ချိပ်ပိတ်ကာ အရူးပေးလိုက်တဲ့ အစီအရင်ကို စမ်းကြည့်ပါတယ်။

ဆုတောင်းပြီးတဲ့အခါ အယ်ဂျာဟာ စိတ်ရှည်လက်ရှည် တစ်ခဏ စောင့်ပါတယ်။ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရပါဘူး။

‘ကြည့်ရတာ ဒီစမ်းသပ်မှုက မအောင်မြင်ဘူးထင်တယ်... မစ္စတာအရူး နည်းလမ်းပြောင်းဖို့ လိုပြီ...’ သူဟာ တစ်ချိန်တည်းမှာ ဝမ်းသာသွားသလို စိတ်လည်း နည်းနည်း ပျက်သွားပါတယ်။

အကုန်လုံး ပြီးစီးသွားတဲ့အခါ အယ်ဂျာဟာ လုထူဒေါသရဲ့ စွမ်းအားကို ထုတ်လွှတ်တဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ လန်းစကီးဝိုင် တစ်ပုလင်းအတွက် အောက်ထပ်ဆင်းမလို့ ပြင်ပါတယ်။ မုန်တိုင်းအရှင်က ဒဏ်ခတ်သမားတွေဟာ ဒီလိုအရက်မျိုးကို တော်တော် ကြိုက်ကြပါတယ်။

တံခါးဆွဲဖွင့်ပြီး အပြင်ထွက်ဖို့ လုပ်လိုက်တဲ့အခါ အယ်ဂျာရဲ့ မြင်ကွင်းဟာ ရုတ်တရက် ဝေဝါးသွားပါတယ်။ သူဟာ လူသွားစင်္ကြံမှာ မီးခိုးရောင်မြူခိုးတွေ လှိုင်းထလာတာကို တွေ့လိုက်ရပါတယ်။ ဒီမြူခိုးတွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ သဲသဲကွဲကွဲ မမြင်ရတဲ့ လူတစ်ယောက် ထိုင်နေပါတယ်။ အဲဒီလူက ပလ္လင်ပေါ်မှာထိုင်ပြီး အောက်ငုံ့ကြည့်နေသလိုပါပဲ။

“ငါ သိတယ်”

တရင်းတနှီးရှိတဲ့ အသံဟာ အယ်ဂျာရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ဒီအသံကြောင့် အယ်ဂျာဟာ ခဲသွားပြီး ခေါင်းလည်း မသိမသာ ကိုက်သွားပါတယ်။

အဲဒီနောက် သူ့မျက်လုံးတွေ ရုတ်တရက် မှောင်မိုက်ပြီး ပြန်လင်းသွားပါတယ်။ အယ်ဂျာဟာ ဘေးဘီပတ်ဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ ဘာမှ မပြောင်းလဲတာကို တွေ့လိုက်ရပါတယ်။ အကုန်လုံးက အရင်အတိုင်းပါပဲ။

ဒါပေမဲ့ ‘ငါ သိတယ်’ ဆိုတဲ့ စကားသံက သူ့နား‌ထဲမှာ ပဲ့တင်ထပ်နေတုန်းပါ။

အယ်ဂျာဟာ မျက်နှာပျက်သွားပြီး လက်သီးနဲ့ ရင်ဘက်ကို အသာထုလိုက်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းအရှင်ကို ရိုသေလေးစားတဲ့ စကားတစ်လုံးမှ မပြောပါဘူး။

အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ အယ်ဂျာရဲ့ မျက်နှာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ သူ့မျက်လုံးတွေကလည်း ပိုပြီးတော့ နက်ရှိုင်းသွားပါတယ်။

.....

ကလိုင်းဟာ မီးခိုးရောင်မြူခိုးထက်မှာ ကြာကြာမနေပါဘူး။ အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အခါ သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းမိုးပြီး မီးခိုးရောင်မြူခိုးထဲ ထိုးဆင်းလိုက်တဲ့အခါ ရုပ်လောကထဲ ပြန်ကျသွားပါတယ်။

သူ့ရှေ့က အလင်းရောင်တွေဟာ အလျင်အမြန် ပျံသန်းသွားပါတယ်။ ဇာတ်ကားတစ်ကားကို ဆယ်ဆအမြန်နှုန်းနဲ့ နောက်ပြန်ရစ်နေသလိုပါပဲ။

ကလိုင်းဟာ ခေါင်းနည်းနည်း မူးသွားပြီးနောက် ကြက်သွေးရောင်လရောင် ဖြတ်ဝင်နေတဲ့ လိုက်ကာတွေနဲ့ စားပွဲနဲ့ စာအုပ်စင်ရဲ့ ကောက်ကြောင်းရေးရေးကို တွေ့လိုက်ရပါတယ်။

သူဟာ ငွေဓားကို ကောက်ယူပြီး အခန်းထဲက စိတ်ဝိညာဉ်စွမ်းအား နံရံကို ဖယ်ရှားပါတယ်။ အဲဒီနောက် လေပြင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး အိပ်ခန်းတံခါးကို ပွင့်စေကာ စင်္ကြံအတိုင်း တိုက်ခိုက်သွားပါတယ်။

ဘန်ဆင်နဲ့ မလီဆာရဲ့ အခန်းက ဘာမှထူးခြားတာ မတွေ့ရတဲ့အတွက် ကလိုင်းဟာ လုံးဝ စိတ်ချသွားပါတယ်။

‘ဒီကံကောင်းစေတဲ့ အစီအရင်ကို ခရီးသွားတဲ့နေရာမှာ သုံးနိုင်ရင် ကောင်းမယ်... လုံးဝ သိုဝှက်ပြီး ဆန်းကြယ်တယ်...’ ကလိုင်းဟာ တိတ်တဆိတ် ရေရွတ်ပြီး တံခါးပိတ်ကာ အိပ်ရာဆီ လျှောက်သွားပါတယ်။

မနက်ဖြန်အတွက် သူ့တာဝန်က လူအိုကြီးနီးလ်နဲ့အတူ သာလွန်သူပစ္စည်းတွေ ရောင်းတဲ့ မြေအောက်ဈေးဆီ သွားဖို့ပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters