← Chapters

မွန်းစတား

Vol. 7 Ch. 68

မွန်းစတား

Vol. 7 Ch. 68

နေမင်းကြီး အနောက်လောကဓာတ်ကို မေးတင်သွားချိန်မှာ မြင်းနဲ့ မြင်းလှည်းတွေရဲ့ အရိပ်က ရှည်ထွက်သွားပါတယ်။

ဘန်ဆင်နဲ့ မလီဆာကို သူ ဒီနေ့ ဆူးနက်လုံခြုံရေး ကုမ္ပဏီမှာ ညစာစားမဲ့အကြောင်း ပြောထားခဲ့တဲ့ ကလိုင်းဟာ လူအိုကြီးနီးလ်နဲ့ မြင်းလှည်း တစ်လှည်းတည်း စီးပြီး ဆိပ်ကမ်းဆီ ဦးတည်သွားနေပါတယ်။

သူဟာ ဒီလိုရှုပ်ထွေးတဲ့ နေရာမျိုးမှာ အချိန်မရွေး ရုန်းရင်းဆန်ခတ် ဖြစ်နိုင်တဲ့အတွက် ဈေးပေါပါ ဝတ်စုံကိုပဲ ဝတ်ဆင်ထားပါတယ်။ ‌ဈေးပေါတော့ ပွန်းပဲ့ဆုတ်ပြဲလည်း ကိစ္စမရှိပါဘူး။

နေရောင်ခြည်က မီးလျှံလို နီရဲသွားချိန်မှာ မြင်းလှည်း ရပ်သွားပါတယ်။ ထုံးစံအတိုင်း ဂန္တဝင် ဝတ်ရုံနက်ကြီးနဲ့ အနားဝိုင်းဝိုင်း ဦးထုပ်နက်တစ်လုံး ဆောင်းထားတဲ့ လူအိုကြီးနီးလ်ဟာ မြင်းလှည်းပေါ်က ဆင်းပြီး တခြားလူတွေရဲ့ အကြည့်တွေကို ဂရုမစိုက်ဘဲ ဓားလွယ်ခုတ်မှာရှိတဲ့ မိစ္ဆာနဂါးဘားဆီ လျှောက်သွားပါတယ်။

မိစ္ဆာနဂါးဘားက နည်းနည်းဝေးပြီး တံခါးကြီးတွေကို လုံနေအောင် ပိတ်ထားတာတောင် တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်ပေါ်လာတဲ့ နှစ်ထောင်းအားရ အော်ဟစ်သံတွေကို ကြားနေရပါတယ်။ သူရဲကောင်း တစ်ယောက်ကို အားပေးနေပုံပါပဲ။

ဘားနားရောက်သွားတဲ့အခါ သူဟာ တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်တာကြောင့် ဘားနဲ့ မျက်နှာချင်းဆိုင်က ကုန်လှောင်ရုံကို လှည့်ကြည့််လိုက်တဲ့အခါ ယူနီဖောင်းဝတ်ထားတဲ့ တုတ်တုတ်ခိုင်ခိုင် အမျိုးသားတစ်ယောက်က အမိုးထောင့်မှာ မတ်တတ်ရပ်နေတာ တွေ့လိုက်ရပါတယ်။

ဒီအမျိုးသားဟာ ဖြူမှိုင်းမှိုင်း စက်ယန္တရားပုံးကြီးကို သယ်ထားပြီး လက်ထဲမှာလည်း သာမန်ထက် နည်းနည်း ပိုကြီးတဲ့ ရိုင်ဖယ်တစ်လက် ကိုင်ထားပါတယ်။ စက်ယန္တရားပုံးကြီးနဲ့ သာမန်မဟုတ်တဲ့ ဒီရိုင်ဖယ်ကို ပိုက်နဲ့ဆက်ထားတယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။

‘ရေနွေးငွေ့ ဖိအားသုံး ရိုင်ဖယ်ပါလား...’ ကလိုင်းဟာ အထိတ်တလန့် ဖြစ်သွားပြီး လူအိုကြီးနီးလ်ကို မေးလိုက်ပါတယ် “ဒီဘားမှာ ဒီလိုလက်နက်မျိုး ရှိတာလား...”

ရေနွေးငွေ့ ဖိအားသုံး ရိုင်ဖယ်က စစ်တပ်ရဲ့ ကန့်သတ်လက်နက်ပါ။ ဖလိုဂျက်စတင်ကို သုံးထားတာဆိုပေမဲ့ ရေနွေးငွေပုံးရဲ့ အရွယ်အစားနဲ့ အလေးချိန်က မသေးဘူးဆိုတော့ အသွေးအသားနဲ့လူတွေ ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ပစ်အားက တော်တော်လေး ပြင်းထန်တော့ ဖျက်ဆီးနိုင်စွမ်းကလည်း တော်တော်ကို မြင့်မားပါတယ်။

သင့်တော်တဲ့ မှန်ပြောင်းနဲ့ဆိုရင် အရည်အသွေးနိမ့် စနိုင်ပါလောက် ပစ်အားရှိပါတယ်။

“ဘာ...”

လူအိုကြီးနီးလ်ဟာ မျက်မှောင်ကြုတ်ပြီး ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပါတယ် “ဒီနေရာမှာ တစ်ခုခု ဖြစ်သွားလို့လား...”

‘တစ်ခုခု ဖြစ်သွားတယ်...’ ကလိုင်းဟာ ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်တဲ့အခါ သေနတ်ကိုင်ထားတဲ့ အမျိုးသား လေးငါးယောက်က တစ်စုံတစ်ခုကို လိုက်ရှာနေတယ်ဆိုတာ သတိထားမိလိုက်ပါတယ်။

“ဘာဖြစ်တာလဲ” လူအိုကြီးနီးလ်ဟာ ဘားနားကပ်ပြီး အပြင်မှာ တံခါးစောင့်နေတဲ့ အားကောင်းမောင်းသန် ယောက်ျားကြီးကို မေးလိုက်ပါတယ်။

အားကောင်းမောင်းသန် ယောက်ျားကြီးဟာ လူအိုကြီးနီးလ်ကို သိတာကြောင့် ထူးထူးဆန်းဆန်း ပြုံးပြီး...

“စောစောတုန်းက ဘား ပျက်လုနီး ဖြစ်သွားတယ်”

“ဝရမ်းပြေးတစ်ယောက်က ပစ္စည်းတွေဝယ်ဖို့ ကြိုးစားတာ လူမိသွားတယ်လေ... အကျိုးဆက်အနေနဲ့ ဒီလိုဖြစ်သွားတာပဲ... အို အရှင်... သူ ဘာတွေများ လုပ်ထားလို့... ဘယ်လောက်တောင် အန္တရာယ်ကြီးလို့ ဒီလို အလေးပေးခံရတာလဲ မသိဘူး... အဲဒီလက်နက်တွေကို ကြည့်ပြီး ကျွန်တော့် ခြေထောက်တွေ ‌ပျော့ခွေသွားတာ ဂျင်းဂျာဆန်နီနဲ့ တစ်ညလုံး အိပ်ရတာထက် ပိုဆိုးတယ်”

တံခါးစောင့်ဟာ ဝရမ်းပြေးက ဘယ်သူလဲဆိုတာ မသိပါဘူး။ ပစ္စည်းတွေ လာဝယ်တဲ့ လူတွေထဲမှာ သာလွန်သူတွေ ပါတယ်ဆိုတာ ပို့လိုတောင် မသိပါသေးတယ်။

“ဝရမ်းပြေး... သူ့နာမည်ကို သိလား” လူအိုကြီးနီးလ်က စိတ်ဝင်တစားနဲ့ မေးပါတယ်။

“ထရစ်ဆိုလား... ဘာလားပဲ...” တံခါးစောင့်က မရေမရာ အဖြေပေးပါတယ်။

‘လှုံ့ဆော်သူ ထရစ်လား...’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ဘာဖြစ်သွားတာလဲ ဆိုတာ နားလည်သွားပါတယ်။

ထရစ်က ဂျွိုင်းမိုင်ယာ သူ့ကို သံသယဝင်မှန်း သိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဈေးထဲကို ရုပ်မဖျက်ပဲ ပစ္စည်းတွေ လာဝယ်တာပါ။ သူ့ကို မက္ကန်းနစ်ဟိုက်မိုင်းနဲ့ ညသိမ်းငှက်အဖွဲ့တွေရဲ့ သတင်းပေး တစ်ယောက်ယောက်က မှတ်မိသွားလို့ ဒီလိုမျိုးတွေ ဖြစ်ကုန်တာပါ။

“မိသွားလား...” ကလိုင်းက မေးလိုက်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရတာတော့ မိသွားပုံ မပေါ်ပါဘူး။

တံခါးစောင့်ဟာ ‌ခေါင်းအသာခေါင်းပြီး မျက်နှာချင်းဆိုင် ကုန်လှောင်ရုံ ခေါင်မိုးပေါ်က အမျိုးသားကို မေးငေါ့ပြပါတယ်။

“အဲဒီကြောက်စရာကောင်းတဲ့ ကောင်တွေ ရောက်မလာခင် အတင်းထွက်ပြေးသွားတာပဲ... ဘယ်လိုများ ပြေးလဲ မသိဘူး... ဒီလောက် အပြေးမြန်တဲ့ကောင်က ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး”

‘မင်း လုပ်ကြံသတ်ဖြတ်သူရဲ့ တကယ့်အစွမ်းအစကို မမြင်လိုက်လို့ပါ... မဟုတ်ရင် မင်း မရောက်ဖူးသေးတဲ့ နေရာ ရောက်ဖူးသွားလိမ့်မယ်’ ကလိုင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

“ဈေးဖွင့်သေးလား” လူအိုကြီးနီးလ်ဟာ စကားလမ်းကြောင်းလွှဲပြီး မေးပါတယ်။

“အင်း... အခုလေးတင်ပဲ ပြန်ဖွင့်တာ” တံခါးစောင့်က အခိုင်အမာ ပြောပါတယ်။

“အဲဒါဆို တော်သေးတယ်” လူအိုကြီးနီးလ်ဟာ ခပ်သွက်သွက်လျှောက်ပြီး ညာလက်နဲ့ တံခါးကြီးကို တွန်းဖွင့်လိုက်ပါတယ်။

ကလိုင်းဟာ လူအိုကြီးနီးလ်နောက်က ထပ်ကြပ်မကွာလိုက်ပြီး အထဲဝင်လိုက်တဲ့အခါ အရက်နံ့နဲ့ မွန်းကျပ်မှုကြောင့် မေ့လဲလုနီး ဖြစ်သွားပါတယ်။

မိစ္ဆာနဂါးဘားရဲ့ အလယ်မှာ ကြိုးဝိုင်းရှိပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေတဲ့ လူနှစ်ယောက်ဟာ ကြိုးဝိုင်းထဲမှာ ကြမ်းကြမ်းတမ်းတမ်း သတ်ပုတ်နေပါတယ်။ ကြိုးဝိုင်းအပြင်မှာတော့ ဖောက်သည် ဒါဇင်ကျော်ဟာ စကားလုံးမျိုးစုံနဲ့ သံကုန်အော်ဟစ်ပြီး အားပေးနေကြပါတယ်။

လူအိုကြီးနီးလ်ဟာ သူတို့ကို ဂရုမစိုက်ဘဲ ကြိုးဝိုင်းကို ပတ်လျှောက်ပြီး အနောက်က ဘိလိယက်ခန်းထဲ ဝင်ပါတယ်။

ဘိလိယက်ခန်းထဲမှာ ကျူတံကိုင်ထားတဲ့ လူနှစ်ယောက်က ထွေရာလေးပါး စကားပြောဆို နေကြပါတယ်။ သူတို့နှစ်ယောက်ဟာ လူအိုကြီးနီးလ် ဝင်လာတာကို တွေ့လိုက်ရတဲ့အခါ ရုတ်ခြည်း လေးငါးစက္ကန့်လောက် တိတ်ဆိတ်သွားပါတယ်။

ဧည့်သည်က ဘယ်သူဘယ်ဝါလဲ ဆိုတာကို အတည်ပြုပြီးနောက် သူတို့နှစ်ယောက်ဟာ လမ်းဖယ်ပေးပြီး လူအိုကြီးနီးလ်နဲ့ ကလိုင်းကို သူတို့နောက်က လျှို့ဝှက်တံခါးထဲ ဝင်ခွင့်ပေးပါတယ်။

လေးငါးခန်း ဖြတ်လျှောက်ပြီးနောက် ကလိုင်းရဲ့ မြင်ကွင်းဟာ ကျယ်သွားပါတယ်။ ဟောပြောပွဲခန်းမလောက် ကျယ်တဲ့ နေရာတစ်ခုက သူ့မြင်ကွင်းထဲ ဝင်လာပါတယ်။

ပျံကျဈေးသည် တချို့က လမ်းဘေးမှာ ပုလင်းတွေ ဘူးတွေ ခင်းကျင်းထားပါတယ်။ ဈေးဝယ်တွေကလည်း ဟိုဟိုဒီဒီ လျှောက်သွားပြီး ဈေးသည်တွေရဲ့ ကုန်စည်တွေကို စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးကာ ဈေးမေး ဈေးဆစ် ဝယ်ယူတာတွေ လုပ်ကြပါတယ်။

“သူတို့တွေ သူတို့အမြတ်ရဲ့ ငါးရာခိုင်နှုန်းကို ဆွင်းမ်ဆီ ပေးရတယ်... ဆွင်းမ်က မိစ္ဆာနဂါးဘားရဲ့ သူဌေးပဲ... ဒဏ်ခတ်သမားအဖွဲ့မှာ ကပ္ပတိန်လုပ်ဖူးတယ်... ငါ့ထက်လည်း အသက်ကြီးတယ်... သူက ဘယ်လောက်တောင် အရက်ကြိုက်လဲဆိုရင် အရက်ဖြတ်မလား သေမလား ရွေးခိုင်းရင် သေတာကို ရွေးမဲ့လူ...” လူအိုကြီးနီးလ်ဟာ အာစရွှင်ရွှင်နဲ့ ရှင်းပြပါတယ်။

ကလိုင်းဟာ စိတ်ထဲမှာ တစ်ချက်တွေးပြီး ကောက်ချက်ချလိုက်ပါတယ်။

‘တော်တော်မြတ်မဲ့ လုပ်ငန်းပဲ’

ဆွင်းမ်က နေရာနဲ့ အကာအကွယ်ပဲ ပေးရတယ် မဟုတ်ပါလား။

“မင်းကြိုက်တဲ့ ပစ္စည်းတွေ့လို့ ပိုက်ဆံမလောက်ရင် ဆွင်းမ်ဆီက ပိုက်ဆံချေးလို့ရတယ်... ဒါပေမဲ့ နည်းနည်းတော့ အတိုးကြီးတယ်...” လူအိုကြီးနီးလ်ဟာ အတိုးကြီးတယ်ဆိုတဲ့ စကားကို အံကြိတ်ပြီး ပြောပါတယ်။

‘လောင်းကစားဝိုင်းတွေလို နေ့ပြန်တိုးနဲ့ ငွေချေးစားတာပဲ...’ ကလိုင်းဟာ လမ်းလျှောက်ရင်း စပ်စုလိုက်ပါတယ် “မစ္စတာဆွင်းမ်က သင်္ဘောသားလား”

ဒဏ်ခတ်သမားအဖွဲ့ရဲ့ ကပ္ပတိန်ဆိုတော့ ဆုံမှတ် ၇ ဖြစ်လောက်တယ် အထင်နဲ့ မေးလိုက်တာပါ။

“မဟုတ်ဘူး... လူထုဒေါသမှာပဲ ရှိတယ်... ထင်းဂန်မြို့က ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်တော့ နတ်ဘုရားမ ဘုရားကျောင်းက မုန်တိုင်းအရှင်ထက် အင်အား ပိုကြီးတယ်...” လူအိုကြီးနီးလ်က သရော်သံနဲ့ ဆက်ပြောပါတယ် “တကယ်တော့ ဆွင်းမ်က သင်္ဘောသား ဖြစ်ဖို့ အခွင့်အရေး ရတယ်... သူ့ကိုယ်သူ မထိန်းချုပ်နိုင်မှာစိုးလို့ ဆက်မတက်တော့တာ”

ကလိုင်းဟာ နောက်ထပ် မေးခွန်းမေးဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ဘယ်ဘက်က ထူးဆန်းတဲ့ကိစ္စတစ်ခုကို ရုတ်တရက် ခံစားမိလိုက်ပါတယ်။ အဲဒီနေရာမှာ တစ်စုံတစ်ခု ပုန်းအောင်းပြီး တစ်စုံတစ်ခုကို ရေရွတ် ပြန်ပြောင်း ပြောပြနေသလိုမျိုးပါပဲ။

သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ မျက်နှာ ဖြူဖတ်ဖြူရော်နဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီလူငယ်ဟာ အလုပ်သမားတွေ ဝတ်နေကျ ရှပ်အင်္ကျီဟောင်းနဲ့ ဘောင်းဘီပြာ ဝတ်ထားပါတယ်။ သူ့မျက်လုံးတွေက စိတ်ပျက်အားလျော့ပြီး ရူးသွပ်တဲ့ အရိပ်အယောင်တွေ လွှမ်းမိုးကာ တစ်စုံတစ်ခုကို ဆက်တိုက် ဗလုံးဗထွေး ပြောနေပါတယ်။

“သူ့စိတ်ဝိညာဉ်အမြင်က တော်တော်မြင့်တာလား... ဒါမှမဟုတ် ပုံပျက်နေတာလား...” ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ်။

ဒီလူငယ်ရဲ့ စိတ်ဝိညာဉ်အမြင်ကြောင့် ကလိုင်းရဲ့ စိတ်ဝိညာဉ်အမြင် နိုးလာတာပါ။

ပုံမှန်အားဖြင့် ပြောရရင် စိတ်ဝိညာဉ်အမြင်နဲ့ တစ်စုံတစ်ခုကို အာရုံခံတာက တုံ့ပြန်မှုတချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် တခြားလူမသိဘဲ အာရုံခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ တခြားလူဆိုတာက နတ်ဝင်သည်လိုမျိုး စိတ်ဝိညာဉ်ကို အထူးပြုတဲ့ သာလွန်သူတွေ အဲဒီလိုမျိုး အစွမ်းအစရှိတဲ့ လူတွေကို ပြောတာပါ။

ကလိုင်းလိုမျိုး သာလွန်သူက ဒီလိုမျိုး စိတ်ဝိညာဉ်အမြင်နဲ့ အာရုံခံတာကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်အမြင်က အဆင့်တစ်ခုကို ရောက်ရင်ရောက် မဟုတ်ရင် သာမန်မဟုတ်အောင် ပုံပျက်နေမှ သိနိုင်တာပါ။

သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသွားပြီး ဆံပင်နက်တွေ ရှုပ်ပွနေတဲ့ ဖြူဖတ်ဖြူရော်နဲ့ လူငယ်ဟာ ကလိုင်းဆီ လျှောက်လာပါတယ်။ သူ့ပုံစံက ယောင်တစ်ဝက် ရူးတစ်ဝက်ပါ။ သူဟာ ကလိုင်း‌ရှေ့မှာရပ်ပြီး ကလိုင်းကို စိုက်ကြည့်ပါတယ်။

အဲဒီနောက် ရုတ်တရက် ဟားတိုက်ရယ်ပါတယ်။

“ဟားဟား... သေခြင်းတရားရဲ့ အနံ့ပဲ... သေခြင်းတရား... အား....”

စကားဆုံးအောင် မပြောနိုင်ခင်မှာပဲ ဖြူဖတ်ဖြူရော်နဲ့ လူငယ်ဟာ ရုတ်တရက် ငယ်သံပါအောင် အော်ဟစ်ပြီး မျက်လုံးကို အတင်းပိတ်လိုက်ပေမဲ့ သွေးလိုမျိုး အရည်တွေ စီးကျလာပါတယ်။

“အား... သေစမ်း...” ဖြူဖတ်ဖြူရော်နဲ့ လူငယ်ဟာ မျက်လုံးကို လက်နဲ့ကာပြီး ခေါင်းကို ဖက်လိုက်ပါတယ်။ သူဟာ မြေကြီးပေါ်မှာ တစ်ခဏကြာအောင် ရုန်းကန်ပြီးမှ ပြန်ငြိမ်သွားပါတယ်။ သို့ပေမဲ့ သူဟာ မြေကြီးပေါ်မှာ မောပန်းနွမ်းလျစွာ လဲလျောင်းနေတုန်းပါ။

အဖြစ်အပျက်တစ်ခုလုံးကို ဈေးဝယ်တွေရော ဈေးသည်တွေရော တစ်ချက်တောင် လှမ်းမကြည့်ပါဘူး။

ကလိုင်းဟာ သက္ကလပ်ဦးထုပ်ကို ဖိဆောင်းရင်း လူအိုကြီးနီးလ်ကို လှမ်းကြည့်ကာ အမူအရာနဲ့ ရှင်းပြဖို့ တောင်းဆိုပါတယ်။

“ထားလိုက်... သူက အဒမ်မစ်ရွှယ်... တစ်ကောင်ကြွက်... လူတွေက သူ့ကို မွန်းစတားလို့ နာမည်ပေးထားတယ်... သူက မြင့်မားတဲ့ စိတ်ဝိညာဉ်အမြင်နဲ့ မွေးဖွားလာတော့ သူ မမြင်သင့် မကြားသင့်တာတွေကို အမြဲတမ်း မြင်ရ ကြားရတယ်... အဲဒါကြောင့် အမြဲတမ်း ကယောင်တမ်းနဲ့ မကြာခဏ ထိခိုက်လေ့ရှိတယ်”

လူအိုကြီးနီးလ်ဟာ ခေါင်းခါပြီး ရှင်းပြပါတယ်။

‘ဒီကောင်လေးက ငါ့ခန္ဓာကိုယ် တစ်ခါသေသွားတာကို ပြောနိုင်တာလား...’ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး အသံနှိမ့်ကာ မေးပါတယ် “ညသိမ်းငှက်တို့ ဒဏ်ခတ်သမားတို့ မက္ကန်းနစ်ဟိုက်မိုင်းတို့က သူ့ကို အဖွဲ့ထဲသွင်းဖို့ မစဉ်းစားကြဘူးလား”

“မစဉ်းစားကြဘူး... ငါတို့ဆီမှာ သူနဲ့သင့်တော်တဲ့ ဆုံမှတ်ဆေးရည် မရှိဘူး” ဒီအရောက်မှာ လူအိုကြီးနီးလ်ဟာ သက်ပြင်းချလိုက်ပါတယ်။

‘ဟုတ်တယ်... သူက ဆုံမှတ်ဝက်နဲ့ မွေးဖွားလာတာပဲ...’ ကလိုင်းဟာ သိချင်စိတ်နဲ့ ထပ်မေးပါတယ် “ဘယ်ဆုံမှတ် လမ်းကြောင်းက သူနဲ့ သင့်တော်တာလဲ”

“သူနဲ့ သင့်တော်တဲ့ ဆုံမှတ် ၉ က မွန်းစတားလို့ခေါ်တယ်... သူ့နာမည်ကလည်း အဲဒီကနေ လာတာ... နှမြောဖို့ကောင်းတာက အဲဒီဆုံမှတ်လမ်းကြောင်းအစကို ဘဝအတွေးကျောင်းက ထိန်းချုပ်ထားတာပဲ”

လူအိုကြီးနီးလ်ဟာ သူနဲ့ ကလိုင်းကြားက စကားကို အပြင်လူတွေ မကြားအောင် တိုးတိုးလေးပဲ ပြောပါတယ်။ ဂမ္ဘီရနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြင်ကို ပေါက်ကြားမှာစိုးလို့ပါ။

‘ဘဝအတွေးကျောင်း...’ ကလိုင်းဟာ သူဖတ်ခဲ့တာတွေကို ပြန်တွေးလိုက်ပါတယ်။

ဘဝအတွေးကြောင်းက လက်ရှိယုဂ်ကနဦးမှာ ပေါ်လာတဲ့ လျှို့ဝှက်အဖွဲ့အစည်းပါ။ သူ့ဇစ်မြစ် တိတိကျကျကို မသိရပေမဲ့ ဆရာတပည့် လက်ဆင့်ကမ်းပြီး အမွေအနှစ်ကို ထိန်းသိမ်းကြပါတယ်။ သူတို့ရဲ့ သီအိုရီတွေ ယုံကြည်မှုတွေကိုလည်း သိပ်မသိရပါဘူး။

ကလိုင်းဟာ သူတို့တွေက လောကကြီးကို အလွှာသုံးလွှာ ခွဲခြားထားတယ် ဆိုတာတော့ သိထားပါတယ်။ အဲဒီအလွှာသုံးခုက အကြွင်းမဲ့ အမှန်တရားလောကလို့ ခေါ်တဲ့ အန္တိမယုတ္တိလောက၊ စိတ်ဝိညာဉ်လောကနဲ့ ရုပ်လောကတို့ပါ။

‘ကောလဟာလတွေ အရဆိုရင် အဲဒီလျှို့ဝှက်အဖွဲ့အစည်းမှာ ဟူးရားပေါ်ဖူးတယ်လို့ ပြောကြတယ်... ဟူးရားက အမြင်ဆရာ ဆုံမှတ် လမ်းကြောင်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူးလား... ခေါင်းရှုပ်ဖို့ကောင်းတယ်... တကယ်ကို ခေါင်းရှုပ်ဖို့ကောင်းတယ်...’

ကလိုင်းဟာ ခေါင်းခါလိုက်ပါတယ်။ သူဟာ အဒမ်မစ်ရွှယ်က ရုန်းကန်ထကာ ထောင့်တစ်နေရာဆီ လျှောက်သွားတာ မြင်လိုက်ရပါတယ်။

သူဟာ အတွေးတွေကို ခေါင်းထဲကထုတ်ပြီး လူအိုကြီးနီးလ်နောက် ဆက်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ဆိုင်ပြီး တစ်ဆိုင် ကျော်သွားပါတယ်။ ဒီဆိုင်တွေမှာ လပန်း၊ နတ်ဘုရားလက်နဲ့ ညအိပ်ပန်းလို အပင်တွေသာမက ငွေ၊ ဥဿဖရားနဲ့ ပတ္တမြားလို တွင်းထွက်တွေလည်း ရောင်းချပါတယ်။

“တကယ်ကို စုံတာပဲ...” ကလိုင်းဟာ အသာရေရွတ်လိုက်ပါတယ်။

သူ့ဘေးပတ်လည်က ဂမ္ဘီရပညာကို ဝါသနာပါတဲ့ ကျားမ မရွေး အသက်အရွယ်မျိုးစုံဟာ လိုချင်တာတွေ့ရင် ဆိုင်ရှေ့မှာရပ်ပြီး ဈေးမေးလိုက် ဈေးဆစ်လိုက်နဲ့ အလုပ်များနေကြပါတယ်။ အဲဒါကြောင့် ဒီနေရာတစ်ခုလုံး ယောင်ယက်ခတ်နေပါတယ်။

“မင်းဘာသာ လျှောက်ကြည့်... ငါ အကြွေး သွားဆပ်လိုက်ဦးမယ်” လူအိုကြီးနီးလ်ဟာ လမ်းဆုံးမှာရှိတဲ့ တံခါးပေါက် နှစ်ပေါက်ထဲက တစ်ပေါက်ကို လက်ညှိုးထိုးပြီး ပြောပါတယ်။

“ဟုတ်ကဲ့ပါ” ကလိုင်းဟာ နှစ်ခါမတွေးဘဲ ခေါင်းညိတ်လိုက်ပါတယ်။

သူဟာ ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီး ကိုယ်တိုင်လုပ် အဆောင်တွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ကာ ပစ္စည်းတွေကို သေချာကြည့်ရှု စစ်ဆေးပါတယ်။

ကလိုင်းဟာ ဆိုင်ရှင်နဲ့ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ သူ့နောက်ကဆိုင်ကို လူတစ်ယောက်က ပစ္စည်းတစ်ခုမေးတာ ရုတ်တရက် ကြားလိုက်ရပါတယ်။

“ဒါက နွားသွား ဖိုင်ရော့နော်ကို ကြိတ်ထားတာလား”

‘နွားသွားဖိုင်ရော့နော်... ဒါက ပွဲကြည့်သမားဆေးရည်ထဲက ဖြည့်ဖက်ပစ္စည်းပဲ’ ကလိုင်းဟာ တွေးရင်း နောက်လှည့်ကြည့်လိုက်ပါတယ်။

တရားမျှတမှုက ဒီဆေးရည် ဖော်မြူလာကို မမေ့အောင် လေးငါးဆယ်ကြိမ် ထပ်ခါထပ်ခါ ရွတ်တာမလို့ ကလိုင်းဟာ အဲဒီထဲက ပါဝင်ပစ္စည်းတွေကို မှတ်မှတ်ရရ ရှိနေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters