အဆောင်
Vol. 7 Ch. 69
ကလိုင်း လှမ်းကြည့်လိုက်တဲ့အခါ နွားသွားဖိုင်ရော့နော် အကြောင်း စုံစမ်းတဲ့လူကို တွေ့လိုက်ရပါတယ်။
အဲဒီလူက သူနဲ့ သုံးပေလောက်ပဲ ကွာပါတယ်။ အဲဒီလူဟာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် သက္ကလပ် ဦးထုပ် ဆောင်းထားပါတယ်။ လက်ထဲမှာ ငွေရောင်လက်ကိုင်တုတ် တစ်ချောင်း ကိုင်ထားပြီး မျက်နှာမှာလည်း ရွှေမျက်မှန်တစ်လက် တပ်ထားပါတယ်။
“ဟုတ်တယ်... ယူမလို့လား... မများပါဘူး... သုံးဆိုလီတည်းပါ...” ဂမ္ဘီရဆန်အောင် အနက်ရောင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားတဲ့ ဆိုင်ရှင်က ပြန်ဖြေပါတယ်။
ဈေးဝယ်ဟာ တစ်ခဏ စဉ်းစားသွားပြီး ဈေးဆစ်ပါတယ် “မလျှော့တော့ဘူးလား... တခြားဟာတွေလည်း ဝယ်ဦးမှာ... ဒီအဖြူရောင်စွန်း နေကြာပွင့်ဖတ် တစ်ပုလင်းလည်း ယူမှာ...”
ဆိုင်ရှင်ဟာ သုံးလေးစက္ကန့် စဉ်းစားပြီး ဆောင့်ကြီးအောင့်ကြီး ပြန်ပြောပါတယ် “နှစ်ဆိုလီနဲ့ ခြောက်ပဲနိ... ဒီထက်လျှော့လို့တော့ မရတော့ဘူး”
ကလိုင်းဟာ အဲဒီလူက နွားသွားဖိုင်ရော့နော် အပြင် တခြားပစ္စည်းတွေပါ ဝယ်နေတာ တွေ့လိုက်ရတဲ့အတွက် သူ အတွေးလွန်သွားတာလို့ ကောက်ချက် ချလိုက်ပါတယ်။
သို့ပေမဲ့ သတိဆိုတာ ပိုတဲ့မရှိဆိုတဲ့ စကားအတိုင်း ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်ကာ အဲဒီလူကို ကြည့်လိုက်ပါတယ်။
‘အင်း... ပြဿနာမရှိဘူး... ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ... ခံစားချက်တွေကလည်း အဆင်ပြေတယ်... ဒီအတိုင်း ဆက်ထိန်းသိမ်းရင် အသက်ရှည်ရှည် နေရလိမ့်မယ်...’
ကလိုင်းဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး ကိုယ်တိုင်လုပ် အဆောင်တွေ ရောင်းတဲ့ ဆိုင်ရှင်ကို ပြန်ကြည့်ပါတယ်။
ဆိုင်ရှင်ဟာ အဆောင်တွေကို သူ့ရှေ့မှာ စီစီရီရီ ခင်းကျင်းထားပါတယ်။ တချို့အဆောင်တွေကို ငွေနဲ့လုပ်ထားပြီး တချို့အဆောင်တွေကိုတော့ သံမဏိနဲ့ လုပ်ထားပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ အဆောင်တွေလည်း ရှိပါတယ်။
ဒါပေမဲ့ အဆောင်နည်းနည်းလေးပဲ ရောင်ဝါနည်းနည်း ရှိပါတယ်။ အဲဒီရောင်ဝါတွေက ကြက်သွေးရောင် အဖြူရောင်ဖျော့ဖျော့နဲ့ ရွှေရောင်တွေပါ။
နားလည်လွယ်အောင် ပြောရရင် ဒီအဆောင်တွေထဲက လက်တစ်ဆုပ်စာပဲ စိတ်ဝိညာဉ်စွမ်းအား တစ်စွန်းတစ်စရှိပြီး အတိုင်းအတာ တစ်ခုအထိ တကယ် အသုံးဝင်ပါတယ်။ ကျန်တာတွေက ကလေး ကစားစရာပါ။
ကလိုင်းဟာ အဆောင်တွေကို ကြည့်ပြီး ဒီဆိုင်ရှင်က အဆောင်ပြုလုပ်တဲ့နေရာမှာ ဂမ္ဘီရအခြေခံ နည်းနည်း ရှိတယ်ဆိုတာ အတပ် သိလိုက်ပါတယ်။
ဆိုင်ရှင်က မတူညီတဲ့ စွမ်းအားတွေနဲ့ မန္တန်တွေကို တွဲဖက်တဲ့နေရာမှာ ဘာအမှားမှ လုပ်မထားပါဘူး။ ကုန်ကြမ်း ရွေးတာကလည်း အတော်လေးကို တိကျပြီး မတူညီတဲ့ စွမ်းအားတွေနဲ့ လုံးဝ လိုက်ဖက်ပါတယ်။
သို့ပေမဲ့ ဂမ္ဘီရဝါသနာအိုး အဆင့်ပဲ ရှိသေးတော့ အမှားမကင်းပါဘူး။ ကလိုင်းဟာ ဆိုင်ရှင်က မန္တန်တွေကို နက်နက်နဲနဲ နားမလည်ဘူးဆိုတာ သတိထားမိပါတယ်။
ဆုတောင်းစကားကို ဟာမီးဘာသာ ပြောင်းလိုက်ရုံနဲ့ မန္တန်တစ်ပုဒ် ဖြစ်မသွားပါဘူး။ သူ့မှာလည်း သတ်မှတ်ထားတဲ့ ပုံစံနဲ့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။
ဆိုင်ရှင် နောက်ထပ် လုပ်ထားတဲ့ အမှားတစ်ခုကတော့ စွမ်းအားနဲ့ သင့်တော်တဲ့ သင်္ကေတကို ရွေးချယ်တဲ့နေရာမှာပါ။ အဲဒါကြောင့် အဆောင်သုံးလေးခုပဲ ရောင်ဝါနည်းနည်း ထွက်ပြီး ကျန်တာတွေက ကလေး ကစားစရာ ဖြစ်နေတာပါ။
ဒီအဆောင် သုံးလေးခုက ဘယ်လောက် စွမ်းလဲလို့ မေးလာရင်တော့ မရှိတာထက်စာရင် ရှိတာကောင်းတယ်လို့ပဲ ကလိုင်း ဖြေနိုင်မှာပါ။
အစွမ်းထက်တဲ့ အဆောင်တစ်ခု ပြုလုပ်ဖို့ဆိုရင် အဆောင်ပြုလုပ်သူက ဓားကနေ စိတ်ဝိညာဉ်စွမ်းအား ထုတ်လွှတ်ပြီး မန္တန်တွေ သင်္ကေတတွေ ထွင်းဖို့ လိုပါတယ်။ ဒီထက် ပိုစွမ်းချင်ရင်တော့ အစီအရင်နဲ့ အားဖြည့်ပေးရပါတယ်။
ဒီနှစ်ခုက သာမန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံ ပြန်ပိတ်ကာ ဆိုင်ရှင်ခင်းကျင်းထားတဲ့ အဆောင်တွေထဲက ဘယ်ဘက် အပေါ်ထောင့်မှာရှိတဲ့ အဆောင်တွေကို လက်ကိုင်တုတ်နဲ့ ထိုးပြပြီး...
“ဒီနှစ်ခုက ဘယ်လောက်လဲ”
သူဟာ ရောင်ဝါရှိတဲ့ အဆောင်တွေကို မမေးဘဲ တစ်ဝက်ပြီး အဆောင်တွေကို မေးပါတယ်။ ဒီတစ်ဝက်ပြီး အဆောင်တွေက မန္တန်တွေ သင်္ကေတတွေ မထွင်းရသေးပါဘူး။
ကလိုင်းမှာ မည်မည်ရရ အစွမ်းမရှိတဲ့ အဆောင်တွေ ဝယ်ဖို့ အကြောင်းမရှိပါဘူး။ သူလုပ်ချင်တာက တစ်ဝက်ပြီး အဆောင်တွေကို တကယ့် အဆောင်ဖြစ်လာအောင် ပြောင်းလဲချင်တာပါ။
‘အင်း... ငါ လူတစ်ယောက်ကို အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အဆောင်လုပ်မယ်... ဘန်ဆင်အတွက် တစ်ခု... မလီဆာအတွက် တစ်ခု... ငါ့အတွက်ကတော့ ညသိမ်းငှက်ဆီကနေ လိုတာတွေ တောင်းရမှာပဲ... လူအိုကြီးနီးလ်ကြောင့် ထင်တယ်... ညသိမ်းငှက်ဆီကနေ လက်ဖြန့််တောင်းရတာကို မရှက်တော့ဘူး...’
ကလိုင်း အတွေးများနေတုန်းမှာပဲ ဆိုင်ရှင်က တစ်ဝက်ပြီး ငွေအဆောင်နှစ်ခုကို ကောက်ယူလိုက်ပါတယ်။
ပထမ ငွေအဆောင်က ရှည်မျောမျောရှိပြီး အလယ်မှာ ခေါင်းပေါက်ရှိပါတယ်။ ခေါင်းပေါက်ရဲ့ ပတ်လည်မှာတော့ အိန်ဂျယ်ငှက်မွေးလိုမျိုး ပုံစံကွက်တွေ ရှိပါတယ်။ လက်မှုပညာက အနုစိတ်ပြီး တော်တော် လှပါတယ်။
နောက်တစ်ခုကတော့ ရိုးရှင်းပြီး ဘာမှ အလှမဆင်ထားလို ဘာမှလည်း ထွင်းမထားပါဘူး။ ‘ည’ ကို ကိုယ်စားပြုတဲ့ ဒေါင်လိုက်မျဉ်းနဲ့ ကြက်သွေရောင်လ ကို ကိုယ်စားပြုတဲ့ စက်ဝိုင်းတစ်ခုပဲ ရှိပါတယ်။
ပုံပန်းသွင်ပြင်ကို အလေးထားတဲ့ ကလိုင်းဟာ ဒီနှစ်ခုကို သဘောကျသွားပါတယ်။
“ဒါက ခြောက်ဆိုလီ...” သက်လတ်ပိုင်း ဆိုင်ရှင်ဟာ အနုစိတ်တဲ့ အဆောင်ကို ပြပြီး ပြောပါတယ်။ သူက စကားတော်တော် နည်းပါတယ်။ အဲဒီနောက် ခဏရပ်ပြီး ရိုးရှင်းတဲ့အဆောင်ကို ပွတ်သပ်ကာ “ဒါက ငါးဆိုလီနဲ့ သုံးပဲနိ”
“များလွန်းတယ်... ဒီနှစ်ခုက အဆောင်ဖြစ်ဖို့ အများကြီး လိုသေးတယ်” ဘန်ဆင်နဲ့ မလီဆာရဲ့ မသိမသာ လွှမ်းမိုးမှုကြောင့် ကလိုင်းဟာ ဈေးဆစ်တဲ့အကျင့် ရှိလာပါတယ်။
အာပေါက်အောင် ပြောပြီးနောက် ကလိုင်းဟာ ငွေအသုံးအဆောင် နှစ်ခုထဲက တစ်ခုကို ငါးဆိုလီနဲ့ ခြောက်ပဲနိ၊ နောက်တစ်ခုကို လေးဆိုလီ ကိုးပဲနိနဲ့ရအောင် ဈေးဆစ်နိုင်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ လောလောဆယ် ဒီနှစ်ခုက ငွေအသုံးအဆောင်လို့ပဲ ပြောလို့ရပါသေးတယ်။ တကယ့် အဆောင် မဖြစ်သေးပါဘူး။
ကလိုင်းဟာ ဒီအဆောင်နှစ်ခုကို ညသိမ်းငှက်က ထုတ်ပေးတဲ့ ဗေဒင်ကလပ်ဝင်ကြေးနဲ့ ဝယ်လိုက်တာပါ။
သူဟာ ငွေအသုံးအဆောင်နှစ်ခုကို အိတ်ကပ်ထဲ ထည့်သိမ်းပြီး နောက်ဆိုင်တစ်ဆိုင် သွားဖို့ ပြင်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူဟာ နူးညံတဲ့ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပါတယ်။
“လူကြီးမင်း... ဘာဖြစ်လို့ စီရင်ပြီးတဲ့ အဆောင်ကို မဝယ်တာလဲ”
ကလိုင်း လှည့်ကြည့်လိုက်တဲ့အခါ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီမိန်းကလေးဟာ ၁၅ နှစ်လောက်ရှိပြီး အဝါရောင်ဇာအင်္ကျီကို ဝတ်ဆင်ကာ ဖဲကြိုးပါတဲ့ ဇာဦးထုပ်ကို လက်မှာ ကိုင်ထားပါတယ်။
“ကိုယ့်ဘာသာ အဆောင်လုပ်မလို့ စီရင်ပြီးတဲ့ အဆောင်ကို မဝယ်တာ... မင်း သိတဲ့အတိုင်းပဲ... ဂမ္ဘီရပညာကို ဝါသနာပါတဲ့လူတိုင်းက ကိုယ့်ဘာသာ အဆောင်လုပ်ချင်ကြတယ်လေ...”
ကလိုင်းဟာ ဒီအလုပ်နဲ့ ပိုက်ဆံမြန်မြန် ရှာဖို့ တွေးမိပေမဲ့ ဆိုင်ရှင်ကို သူ့စီးပွားရေး လာလုတယ်လို့ မထင်စေချင်ပါဘူး။
ဆယ်ကျော်သက် မိန်းကလေးဟာ သဘာဝအတိုင်း တွန့်လိမ်နေတဲ့ ဆံပင်ညိုတွေရှိပြီး ပါးဖောင်းဖောင်းလေးနဲ့မလို့ ချစ်စရာကောင်းပါတယ်။ သူမဟာ အပြာရောင်ဖျော့ဖျော့ မျက်လုံးတွေနဲ့ ကလိုင်းကို ကြည့်ပြီး တလေးတစား မေးပါတယ်။
“ကျွန်မ အဆောင်နဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းလို့ရမလား... ဒီနေရာကို သူငယ်ချင်း တစ်ယောက်က မိတ်ဆက်ပေးတာ... ကျွန်မက ဂမ္ဘီရပညာနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်စားတယ်... ဒီကို လာတာလည်း လေးငါးခါ ရှိပြီ... ဒါပေမဲ့ ဂမ္ဘီရပညာအကြောင်းကို အများကြီး မသိဘူး...”
“ကျွန်မရဲ့ သူငယ်ချင်းက ၁၆ နှစ် ပြည့်တော့မှာ... အဲဒါ သူ့မွေးနေ့မှာ အဆောင်တစ်ခု လက်ဆောင်ပေးချင်လို့... ကျွန်မ သူ့ကို ခေါ်မလာတာက အံ့ဩသွားအောင် လုပ်ချင်လို့... ကျွန်မ သူ့ဆီက အကြံဉာဏ် တောင်းဖူးတယ်... ဒါပေမဲ့ ကျွန်မ တော်တော်များများကို မေ့သွားတယ်”
ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်ပါတယ်။
“ဘယ်လို ကာကွယ်မှုမျိုးပေးတဲ့ အဆောင်ကို ရှာနေတာလဲ... ကပ်ဘေးတွေကို တားဆီးဖို့လား... နေမကောင်းဖြစ်တာကို ရှောင်ရှားဖို့လား... ကံကောင်းဖို့လား... လိုချင်တာပေါ် မူတည်ပြီး ဆောင်ရတဲ့ အဆောင်ကလည်း ကွဲပြားသွားတယ်... မတူညီတဲ့ စွမ်းအားရင်းမြစ်တွေက မတူညီတဲ့ နတ်ဘုရားတွေကို လမ်းညွှန်တယ်... နတ်ဘုရားတွေမှာ သူတို့နဲ့ သက်ဆိုင်တဲ့ နက္ခတ် အသီးသီး ရှိတယ်... နက္ခတ်တွေ မတူရင် အသုံးပြုတဲ့ ပစ္စည်းတွေလည်း မတူတော့ဘူး”
“ဥပမာ ကပ်ဘေးတွေ တားဆီးတဲ့ မန္တန်ကို ကပ်ဘေးဒုက္ခနဲ့ ချောက်ချားမှုတို့ရဲ့ ဧကရီ၊ ထာဝရညနတ်ဘုရားမက အစိုးရတယ်... ဂမ္ဘီရဝါသနာအိုးတိုင်း ထာဝရညနတ်ဘုရားမရဲ့ သင်္ကေတက ‘လ’ ဆိုတာ သိကြတယ်... သူနဲ့ သက်ဆိုင်တဲ့ သတ္တုက သန့်စင်တဲ့ငွေပဲ”
“အဲဒီတော့ ငါတို့တွေ ကပ်ဘေးကို တားဆီးဖို့ အဆောင် ဆောင်ချင်တယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ငွေနဲ့ လုပ်ထားတဲ့ အဆောင်ကို ရွေးရမယ်... မန္တန်ကလည်း သူနဲ့ သက်ဆိုင်တဲ့ မန္တန်ဖြစ်ရမယ်”
‘မန္တန်က ဘာသာစကားမှန်ပြီး ပုံစံမှန်ဖို့လည်း လိုတယ်... ကပ်ဘေးဒုက္ခနဲ့ ချောက်ချားမှုတို့ရဲ့ ဧကရီနဲ့ သက်ဆိုင်တဲ့ သင်္ကေတက လမ်းကြောင်းနံပါတ်၊ မန္တန်ရဲ့ ဝိသေသလက္ခဏာနဲ့ သင်္ကေရဲ့ တည်နေရာ အနေအထား မှန်ရမယ်လို့ ဆိုလိုတာပဲ... ဒါပေမဲ့ ဒါတွေက ရှုပ်ထွေးလွန်းတယ်... ငါ မင်းကို ဒီအကြောင်းတွေ ရှင်းပြဖို့ မလိုဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
မိန်ကလေးရဲ့ မျက်လုံးတွေဟာ တလက်လက် တောက်ပသွားပြီး သံသယနဲ့ မေးပါတယ် “နတ်ဘုရားမကို ကိုးကွယ်တဲ့လူက တခြားနတ်ဘုရားပိုင်တဲ့ အဆောင်ကို ဆောင်လို့ရလား”
“ရတယ်လေ... နတ်ဘုရားတွေက ဒီလိုကိစ္စလေးတွေကို စိတ်ထဲမထားပါဘူး” ကလိုင်းက အကြံပေးပါတယ်။
အဆောင်ကို ဝတ်ဆင်တဲ့လူက ဒီလောက်ထိ ဂရုစိုက်စရာ မလိုပါဘူး။ တကယ် ဂရုစိုက်ရမှာက အဆောင်ပြုလုပ်တဲ့လူပါ။ မုန်တိုင်းအရှင်ကို ကိုးကွယ်တဲ့လူက အနှိုင်းမဲ့တောက်ပတဲ့ နေမင်းရဲ့ အဆောင်ကို ပြုလုပ်မယ်ဆိုရင် မကောင်းတာ တစ်ခုခု လက်ခံရဖို့ များပါတယ်။
ဒီအချက်က အစီအရင်လိုတဲ့ အဆောင်တွေကို ပြောတာပါ။ လက်မှုပညာသည်က ဒါတွေကို ဂရုစိုက်စရာ မလိုပါဘူး။
ဆယ်ကျော်သက် မိန်ကလေးဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“ကျွန်မ ကျန်းမရေး ကောင်းမဲ့ အဆောင်လိုချင်တယ်... ဘယ်နတ်ဘုရားကို ရွေးသင့်လဲ... အနှိုင်းမဲ့တောက်ပတဲ့နေမင်းလား... မယ်တော်မြေနတ်ဘုရားမလား... ဒါမှမဟုတ် အသိဉာဏ်ပညာ နတ်ဘုရားလား...”
“အနှိုင်းမဲ့တောက်ပတဲ့ နေမင်းနဲ့ မယ်တော်မြေနတ်ဘုရားမကို ရွေး... အနှိုင်းမဲ့တောက်ပတဲ့ နေမင်းက နေမင်းကို ကိုယ်စားပြုပြီး မယ်တော်မြေနတ်ဘုရားမက ကြယ်ညိုကို ကိုယ်စားပြုတယ်”
ကလိုင်းဟာ ပြုံးပြီး ဆက်ပြောပါတယ် “နေမင်းရဲ့ သတ္တုက ရွှေပဲ... ကြယ်ညိုကို ကိုယ်စားပြုတဲ့ သတ္တုက ခဲ... အဲဒီတော့ နေမင်းကို ကိုယ်စားပြုတဲ့ ရွှေပဲဝယ်ဖို့ အကြံပေးချင်တယ်... ဒါပေမဲ့ ဈေးတော့ နည်းနည်းကြီးတယ်”
သူ ဒီလိုအကြံပေးရတာက ရောင်ဝါနည်းနည်းထွက်နေတဲ့ အဆောင်တွေထဲမှာ တစ်ခုက နေမင်းရဲ့ လွှမ်းမိုးမှုအောက်မှာရှိတဲ့ ကျန်းမာရေးကောင်းစေတဲ့ အဆောင် ဖြစ်နေတာကြောင့်ပါ။
“အင်း... ဒါက...” ဆယ်ကျော်သက် မိန်းကလေးဟာ စကားဆုံးအောင် မပြောခင်မှာပဲ ကောက်ရပ်ပြီး တိတ်တဆိတ် စောင့်ဆိုင်းနေတဲ့ ဆိုင်ရှင်ကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်ပါတယ်။
သူမဟာ တစ်ခဏတွေးတောပြီးနောက် ဆက်မေးပါတယ် “ဘာနဲ့လုပ်ထားလဲဆိုတာ ရွေးပြီးရင် မန္တန်နဲ့ သက်ဆိုင်တဲ့ သင်္ကေတကို ဘယ်လို ခွဲခြားရမလဲ”
“မင်း ဟာမီးဘာသာစကား တတ်လား”
“ကျွန်မ စလေ့လာတုန်း ရှိသေးတယ်” ဆယ်ကျော်သက် မိန်းကလေးဟာ နည်းနည်း မဝံ့မရဲ ဖြစ်သွားပါတယ်။
“အဲဒါဆို ငါ မင်းအတွက် ရွေးပေးမယ်” ကလိုင်းဟာ ရွှေနဲ့လုပ်ထားတဲ့ ကျန်းမာရေး ကောင်းစေတဲ့ အဆောင်ကို ထိုးပြပြီး “ဒီတစ်ခုက ပြဿနာမရှိဘူး... မန္တန်ရော ကိုယ်စားပြု သင်္ကေတရော လိုက်ဖက်တယ်...”
ဆယ်ကျော်သက် မိန်းကလေးဟာ အင်္ကျီစကိုမပြီး အဆောင်တွေရှေ့မှာ ဆောင့်ကြောင့် ထိုင်လိုက်ပါတယ်။ အဲဒီနောက် နေရောင်ခြည် ဖြာထွက်ပုံ ဒီဇိုင်းဆွဲထားတဲ့ ကျန်းမာရေးကောင်းစေတဲ့ အဆောင်ကို ကောက်ယူလိုက်တဲ့အခါ နွေးထွေးသွားတယ်လို့ ခံစားရတဲ့အတွက် လုံးဝ စိတ်သက်သာရာ ရသွားပါတယ်။
“ကျေးဇူးပါ..” သူမဟာ မတ်တတ်ရပ်ပြီး ကျေးဇူးတင်စကား ဆိုပါတယ်။
ကလိုင်းဟာ ရယ်လိုက်ပါတယ် “ဟီးဟီး... ကျန်တာကို မင်းနဲ့ ဆိုင်ရှင် ဆက်ပြောကြပေါ့... ငါ့မှာ တခြားလုပ်စရာ ရှိသေးတယ်”
သူဟာ ဆိုင်ရှင်ကို လှမ်းကြည့်လိုက်တဲ့အခါ ဆိုင်ရှင်မျက်လုံးက နည်းနည်း ထူးဆန်းနေတာကို သတိထားမိလိုက်ပါတယ်။ ကြည့်ရတာ သူ့ကို ကော်မရှင်ခ ဘယ်လောက်ပေးရမလဲ ဆိုတာ ဆုံးဖြတ်နေပုံပါပဲ။
ကလိုင်းဟာ ပြုံးပြီး ဘာမှ ထပ်မပြောပါဘူး။ မြေအောက်ဈေးမှာ ဆက်ပြီးတော့ လျှောက်ကြည့်ပါတယ်။ ဒါပေမဲ့ တကယ် ထူးခြားတဲ့ ပစ္စည်းတွေကိုတော့ တစ်ခုမှ ရှာမတွေ့ပါဘူး။
ဒီအချိန်မှာပဲ လူအိုကြီးနီးလ်ဟာ အကြွေးဆပ်ပြီးလို့ ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာ အနက်ရောင် သစ်သား သေတ္တာတစ်လုံးကို ကိုင်လာပါတယ်။
လူအိုကြီးနီးလ်ဟာ ကလိုင်းမျက်လုံးထဲက သံသယကို သတိထားမိတာကြောင့် ဘေးဘက်က တံခါးကို ထိုးပြပြီး...
“မင်း သာလွန်ပစ္စည်းတွေ ဝယ်ချင် ရောင်းချင်ရင် အဲဒီကိုသွား... ပြောရရင် ဘယ်သူမှ သူတို့ ဘယ်သာလွန်ပစ္စည်းတွေ ဝယ်တယ်ဆိုတာ တခြားလူတွေကို သိစေချင်တာ မဟုတ်ဘူး”
“ကျွန်တော် နားလည်ပြီ” ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
လောလောဆယ် သူ အဲဒီကို သွားစရာ မလိုသေးပါဘူး။ အဲဒါကြောင့် သူဟာ လူအိုကြီးနီးလ်နဲ့အတူ မြေအောက်ဈေး ထွက်ပေါက်ကို ဦးတည်ပါတယ်။
“ဒီနတ်သူငယ်ပန်းတွေက ဘယ်လောက်လဲ”
ဈေးမေးသံတစ်သံက ကလိုင်းနားထဲကို ရုတ်တရက် ဝင်လာပါတယ်။
‘နတ်သူငယ်ပန်း... ဒါလည်း ပွဲကြည့်သမား ဆေးရည်ထဲက ပါဝင်ပစ္စည်းပဲ...’ ကလိုင်းဟာ တွေးရင်း တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ ရွှေမျက်မှန်နဲ့ အမျိုးသားကို ထပ်တွေ့လိုက်ရပါတယ်။
“ဘာဖြစ်လို့လဲ” လူအိုကြီးနီးလ်က မေးပါတယ်။
“ဘာမှမဟုတ်ပါဘူး” ကလိုင်းဟာ အကြည့်ကို ပြန်သိမ်းလိုက်ပါတယ်။
သူက ညသိမ်းငှက်အဖွဲ့ရဲ့ ယာယီအဖွဲ့ဝင်ဆိုပေမဲ့ သာလွန်သူတွေ အကုန်လုံးကို ဘုရားကျောင်းထဲ ခေါ်သွင်းရမယ်လို့ မခံယူထားပါဘူး။ အကုန်လုံးက အခြေအနေပေါ် မူတည်ပါတယ်။
ပွဲကြည့်သမားက လူ့အသိုင်းအဝိုင်းနဲ့ လိုအင်နိုင်ငံကို ဘယ်လောက်များ အန္တရာယ်ပေးနိုင်မှာလဲ။ နောက်ပြီး ဆုံမှတ် ၉ တွေ စိတ်လွတ်တဲ့ကိစ္စက တော်တော်လေး နည်းပါးတယ် မဟုတ်ပါလား။
.....
မိစ္ဆာနဂါးဘားကနေ ထွက်ပြီးနောက် ကလိုင်းနဲ့ လူအိုကြီးနီးလ်ဟာ အများသုံး မြင်းလှည်းစီးပြီး ဆိပ်ကမ်းကနေ ထွက်ခွာပါတယ်။ သူတို့နှစ်ယောက်ဟာ မြောက်ပိုင်းမြို့နယ်မှာ လမ်းခွဲပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြပါတယ်။
အများသုံး မြင်းလှည်းဟာ ဒက်ဖဒိုလမ်းထဲ ဝင်ပြီး လမ်းဘေးမှာ ရပ်ပါတယ်။ မြင်းလှည်းပေါ်က ဆင်းတော့မဲ့ ကလိုင်းဟာ ဖြူမှိုင်းမှိုင်း အဝတ်အစားနဲ့ မိန်းမပျိုတစ်ဦး မြင်းလှည်းပေါ် တက်ဖို့ ပြင်နေတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
ဒီမိန်းမပျိုဟာ ပိတုန်းရောင် ဆံကေသာရှိပြီး မျက်နှာက နည်းနည်းဝိုင်းပါတယ်။ မျက်လုံးတွေက သေးသွယ်ပြီး မဝံ့မရဲ ရှိပါတယ်။ ဒါပေမဲ့ ဒီအချက်တွေကို ပေါင်းစပ်လိုက်တဲ့အခါ နူးညံသိမ်မွေ့တဲ့ ခံစားချက်ကို ခံစားရစေပါတယ်။
ကလိုင်း သူမကို သတိထားမိလိုက်တာက သူမရဲ့ အလှအပကြောင့် မဟုတ်ပါဘူး။ သူမရဲ့ ခန္ဓာကိုယ်က မသိမသာ တသိမ့်သိမ့် တုန်သွားတာကို သတိထားမိလိုက်လို့ပါ။ ဒါက သာမန်မဟုတ်တဲ့ တုန်ယင်မှုပါ။
“မိန်းကလေး... အဆင်ပြေရဲ့လား” ကလိုင်းဟာ စိုးရိမ်စိတ်နဲ့ မေးလိုက်ပါတယ်။
မိန်းမပျိုဟာ ရုတ်ခြည်း ခေါင်းခါပါတယ် “ဘာမှမဖြစ်ပါဘူး... ကျွန်မ နည်းနည်း ပင်ပန်းနေလို့ပါ”
သူ့နောက်က ခရီးသည်တွေက မြန်မြန်ဆင်းဖို့ ပြောတဲ့အတွက် ကလိုင်းလည်း မြင်းလှည်းပေါ်က ဆင်းလိုက်ရပါတယ်။
မြင်းလှည်းပေါ်က ဆင်းပြီးတာနဲ့ ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး ခုနက မိန်းမပျို တကယ် အဆင်ပြေရဲ့လားဆိုတာ စစ်ကြည့်ဖို့ ပြင်ပါတယ်။ သူမမှာ ရောဂါထနိုင်တဲ့ အခြေအနေရှိရင် ဆေးရုံကို တန်းပို့မှာပါ။
စိတ်ဝိညာဉ်အာရုံ ပွင့်သွားတဲ့အခါ ရောင်ဝါမျိုးစုံ ပေါ်လာပါတယ်။ ကလိုင်းဟာ နောက်လှည့်ပြီး ပိတုန်းရောင် ဆံကေသာနဲ့ မိန်းမပျိုကို ကြည့်ဖို့ ပြင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။