၂-၀၄၉ ရောက်လာခြင်း
Vol. 7 Ch. 70
“ခွပ်... ကလုပ်... ခွပ်... ကလုပ်...”
မြင်းတွေက စဆွဲတော့ မြင်းလှည်းဘီးလည်း တဖြည်းဖြည်း လည်လာပါတယ်။ စိတ်ဝိညာဉ်အာရုံဖွင့်ပြီး ပိတုန်းရောင် ဆံကေသာနဲ့ မိန်းမပျိုကို လှမ်းကြည့်ဖို့ ကြိုးစားတဲ့ ကလိုင်းဟာ ဆန္ဒမပြည့်ရှာပါဘူး။ သူ့မျက်လုံးထဲမှာ မြင်ရတာအကုန်လုံးက သူ့ကို ဖြတ်ကျော်သွားတဲ့ အညိုရောင် လူတွေချည်းပါပဲ။
အဲဒီအချိန်မှာပဲ မှတ်တိုင်က ခရီးသည်တွေ အကုန်လုံး တက်ပြီးသွားလို့ မြင်းလှည်းတံခါးဟာ အလုံပိတ်သွားပြီး တဖြည်းဖြည်း ထွက်ခွာပါတယ်။
မြင်းလှည်းထဲမှာ လူနှစ်ဆယ်သုံးဆယ်လောက် နီးနီးကပ်ကပ် ထိုင်နေတော့ သူတို့ရဲ့ စွမ်းအင် စက်ကွင်းတွေက အချင်းချင်းထပ်ပြီး တစ်ယောက်ကို တစ်ယောက် ကာနေပါတယ်။ အဲဒီတော့ ကလိုင်းရဲ့ မြင်ကွင်းထဲမှာ အရောင်စုံတောက်နေပြီး ဘယ်သူက ဘာဆိုတာကို ခွဲခြားဖို့ ခက်သွားပါတယ်။
ကလိုင်းဟာ တိတ်တိတ်လေး ခေါင်းခါပြီး နဖူးလယ်ကို နှစ်ချက်တောက်ကာ စိတ်ဝိညာဉ်အာရုံ ပြန်ပိတ်လိုက်ပါတယ်။
သူဟာ ကူညီလို့ရရင် ကူညီမှာပါ။ ကူညီလို့မရရင်လည်း အခြေအနေက သိပ်မသေချာတော့ စိတ်ထဲ မထားတော့ပါဘူး။ သူ့မှာလည်း သူ့ကိစ္စနဲ့သူ ရှိပါတယ်။
လူစည်သေးတဲ့ ဒက်ဖဒိုလမ်းပေါ်မှာ လရောင်ခံရင်း ကလိုင်းဟာ အိမ်ပြန်ပါတယ်။ အိမ်ရောက်တဲ့အခါ စားပွဲဘေးမှာ ထိုင်နေတဲ့ မလီဆာကို တန်းတွေ့လိုက်ရပါတယ်။ သူမဟာ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင် ထိန်ထိန်အောက်မှာ အိမ်စာလုပ်ရင်း အလုပ်များနေပါတယ်။
သူမဟာ ဖော့ပင်ကိုက်ပြီး မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေပါတယ်။
“ဘန်ဆင်ရော...” ကလိုင်းက ဒီအတိုင်း မေးလိုက်ပါတယ်။
“ဟင်...” မလီဆာဟာ ခေါင်းမော့ကြည့်ပြီး လေးငါးစက္ကန့်လောက် ကြောင်နေပါတယ်။ ပြီးတော့မှ သတိဝင်လာပြီး “သူပြောတာတော့ မြို့နယ်တွေ ပတ်လိုက်ရလို့ ချွေးထွက်များသွားတယ်တဲ့... အဲဒါကြောင့် အေးအေးဆေးဆေး ရေချိုးနေတယ်”
“အင်း...” ကလိုင်းဟာ ပြုံးမိလိုက်ပြီး မလီဆာက အဝတ်အစားအသစ် ဝတ်ထားတာကို သတိထားမိလိုက်ပါတယ်။
ဒီအဝတ်အစားက ဝါညိုနုရောင်ရှိပြီး ခေတ်ဆန်ပါတယ်။ ကော်လာနဲ့ အပေါ်အနားမှာလည်း အတွန့်အလိမ်တွေ ပါပါတယ်။ အဲဒါကလွဲရင် ကျန်တာက ရိုးရိုးရှင်းရှင်းပါပဲ။ အိမ်နေရင်းဝတ်တဲ့ အဝတ်အစား ပုံစံမျိုးပါ။
ဒါပေမဲ့ ဒီအင်္ကျီက ၁၆ နှစ် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ ငယ်ရွယ်နုပျိုမှုကို အထင်းသား ပေါ်လွင်စေပါတယ်။
“အဝတ်အစား အသစ်လား” ကလိုင်းက အပြုံးနဲ့ မေးပါတယ်။ ဒါက သူနဲ့ ဘန်ဆင် အတင်းဝယ်ခိုင်းလို့ ဝယ်လာတာ ဖြစ်နိုင်ပါတယ်။
မလီဆာက တိုတိုတောင်းတောင်း ဝန်ခံပါတယ် “ညီမ မစ္စရိုချဲလ်ဆီက ဝယ်လာတာ... နောက်ပြီးကျရင်လည်း လျှော်ရမှာဆိုတော့ အရင် စမ်းဝတ်ကြည့်တာ”
ကလိုင်းဟာ သူမရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ပဟေဠိ ဖြစ်သွားပါတယ်။
“မစ္စရိုချဲလ်...”
‘ငါတို့ရဲ့ အရင် အိမ်နီးနားချင်းဟောင်းလား...’
မလီဆာဟာ ခေါင်းညိတ်ပြီး လေးလေးနက်နက် ရှင်းပြပါတယ် “တကယ်တော့ မစ္စရိုချဲလ်က အပ်ချုပ်သမ... ဒါပေမဲ့ ကံမကောင်းတော့ အိမ်မှာပဲ သူများအဝတ်တွေ ချုပ်ပေးရတယ်... သူ့ဘဝက တော်တော် ခက်ခဲတယ်... သူ အပ်ချုပ်တာ မဆိုဘူး... ဈေးကလည်း အမျိုးသမီး အဝတ်အစားဆိုင်ထက် အများကြီး သက်သာတယ်... နောက်ပြီး ညီမနဲ့လည်း လိုက်တယ်... အဲဒါကြောင့် ညီမ သူ့ဆီကနေ ဂါဝန်အသစ်တစ်ထည် မှာလိုက်တာ... ကိုးဆိုလီနဲ့ ငါးပဲနိပဲ ကျတယ်... လေးငါးရက်ပဲ စောင့်ရတယ်... အဲဒီလို အဝတ်အစားမျိုးကို ဟဲရစ်ကုန်တိုက်မှာ ဝယ်ရင် သုံးပေါင်ခွဲလောက် ကုန်မှာ...”
‘တော်တော် ချွေတာတာပဲ... ညီမ မစ္စရိုချဲလ်ကို သနားလို့ဆိုတာလည်း အစ်ကို သိပါတယ်လေ’
ကလိုင်းဟာ မလီဆာ သူမဘာသာ ဆုံးဖြတ်ချက် ချတာကို အပြစ်မတင်ဘဲ အပြုံးနဲ့ မေးပါတယ် “ညီမ ဟဲရစ်ကို ဘယ်တုန်းက သွားလိုက်တာလဲ”
ဟဲရစ် ကုန်တိုက်က ဟောက်စ်လမ်း ဗေဒင်ကလပ်နားမှာ ရှိပြီး လူလတ်တန်းစားတွေ ဈေးဝယ်ထွက်ကြတဲ့ နေရာတွေထဲက တစ်ခုပါ။
“.....” မလီဆာဟာ တစ်ခဏကြာအောင် ဘာပြောပြရမှန်းမသိ ဖြစ်သွားပါတယ်။ အတန်ကြာမှ...
“ဆယ်လီနာ အဲလစ်ဇဘတ်တို့နဲ့ အတူသွားတာ... သူတို့က ညီမကို မရမက အဖော်ခေါ်တယ်... တကယ်ဆို ညီမက ဂီယာတွေကို ပိုပြီးတော့ စိတ်ဝင်စားတယ်... ရေနွေးငွေ့နဲ့ စက်ယန္တရားတွေရှိတဲ့ နေရာကို ပိုကြိုတယ်...”
“အင်း... မကြာမကြာ ဈေးဝယ်ထွက်တာက မိန်းကလေး တစ်ယောက်အတွက် ကောင်းတယ်” ကလိုင်းဟာ ရယ်ပြီး သူ့ညီမကို နှစ်သိမ့်ပေးပါတယ်။
စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ ကလိုင်းဟာ ဒုတိယထပ်ကို ခပ်သွက်သွက် တက်ပါတယ်။ သူဟာ မိစ္ဆာနဂါးဘားက အငွေ့အသက်တွေ ပျောက်အောင် ရေချိုးချင်လှပါပြီ။
သူ့အိပ်ခန်းဆီ ပြန်ပြီး အဝတ်အစားလဲဖို့ လုပ်နေတုန်းမှာပဲ ကလိုင်းဟာ လာသာဆောင်နားက ရေချိုးခန်းဆီကနေ အသံတွေ ကြားလိုက်ရပါတယ်။
သုံးလေးစက္ကန့် ကြာတဲ့အခါ ခေါင်းရေသုတ်နေတဲ့ ဘန်ဆင်တစ်ယောက် ရေချိုးခန်းထဲကနေ ထွက်လာပါတယ်။
“ဘယ်လိုလဲ... မလီဆာရဲ့ အဝတ်အစားအသစ်ကို ချီးမွမ်းလိုက်သေးလား” ဘန်ဆင်ဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး အပြုံးနဲ့ မေးပါတယ်။
“ကျွန်တော် မေ့သွားတယ် ထင်တယ်... ဘယ်မှာ ဝယ်တာလဲပဲ မေးမိလိုက်တယ်...” ကလိုင်းဟာ တစ်ခဏတွေးပြီး ဖြေပါတယ်။
ဘန်ဆင်ဟာ ဟက်ဟက်ပက်ပက်ရယ်ပြီး ခေါင်းခါလိုက်ပါတယ်။
“အစ်ကိုတစ်ယောက် မပီသလိုက်တာ... မလီဆာက အဝတ်အစားအသစ်ရတော့ လက်ကနေ မချနိုင်ဘူး... ထမင်းဟင်း ချက်ပြီးတာနဲ့ တန်းဝတ်တာပဲ... အဲဒီကတည်းက ပြန်ကို မချွတ်တော့ဘူး”
‘ရေချိုးပြီးရင် လဲမှာ မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် လျှော်ရမှာမလို့ ဝတ်ထားတာတဲ့’ ကလိုင်းဟာ မလီဆာပေးတဲ့ အကြောင်းပြချက်နဲ့ ဘန်ဆင်စကားကို စိတ်ထဲမှာ ငြင်းမိလိုက်ပါတယ်။
“ကျွတ်... ကျွတ်...” ဘန်ဆင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီရက်ထဲ နေ ဒီလောက် ပူတာ... နောက်ပြီး မီးဖိုချောင်ထဲမှာ အချိန်အကြာကြီး အလုပ်လုပ်ထားတာ... ရေချိုးပြီးမှ အိမ်စာလုပ်ရင် ပိုပြီးတော့ လန်းဆန်းမသွားဘူးလား”
‘ဟုတ်သားပဲ...’ ကလိုင်းဟာ ရုတ်တရက် သဘောပေါက်သွားပြီး ပြုံးမိလိုက်ပါတယ်။
‘မလီဆာက ဒီလိုမျိုးကို... ဟုတ်ပါတယ်လေ... မိန်းကလေးတစ်ယောက် သူ့ရုပ်ရည်ကို ဂရုစိုက်တာ ဘာဆန်းလို့လဲ... အကြောင်းပြချက်တွေ ပေးနေစရာ မလိုပါဘူး...’ ကလိုင်းဟာ နှုတ်ခမ်းထောင့် တွန့်တက်သွားပြီး အိပ်ခန်းထဲ ဝင်လိုက်ပါတယ်။
သူရေချိုးနေတုန်းမှာ အောက်ထပ်က တံခါးခေါက်သံကို ကလိုင်း ခပ်ယဲ့ယဲ့ ကြားလိုက်ရပါတယ်။
‘ဓာတ်ငွေ့မီတာ လာကောက်တဲ့ အလုပ်သမားက နှစ်ပတ်မှ တစ်ခါ လာတာပါ... ဟိုဘက်အိမ်က မစ္စရှားများလား... မဖြစ်နိုင်ဘူး... မစ္စရှားက လူလတ်တန်းစား ယဉ်ကျေးမှုကို လေးလေးနက်နက် လိုက်နာတယ်... ဒီလို အချိန်အခါမရှိ လာလည်မှာ မဟုတ်ဘူး’
ဝေခွဲမရ ဖြစ်သွားတဲ့ ကလိုင်းဟာ ခန္ဓာကိုယ်ကို ရေခြောက်အောင် သုတ်ပြီး နွမ်းပေမဲ့ သက်သောင့်သက်သာရှိတဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်ကာ အောက်ထပ် ဆင်းပါတယ်။ ဒါပေမဲ့ ဧည့်ခန်းထဲမှာ သူစိမ်းတစ်ယောက်မှ မတွေ့ရတာကြောင့်...
“ခုနက ဘယ်သူ လာသွားတာလဲ”
သတင်းစာဖတ်နေတဲ့ ဘန်ဆင်ကာ သာမန်ကာလျှံကာ ပြန်ဖြေပါတယ် “ဘစ်မောင့်ဘက်တန်... သံကြက်ခြေခတ်လမ်းကို တာဝန်ယူထားရတဲ့ ရဲလေ... သူက ငါတို့တွေ ၁၈ နှစ် ၁၉ နှစ် အရွယ် မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်လေးတစ်ယောက်ကို တွေ့မိလား မေးတယ်... ပုံကြမ်းတောင် ပေးသွားသေးတယ်... ကံမကောင်းချင်တော့ ငါတို့တွေ သူ့ကို မတွေ့မိဘူး... မဟုတ်ရင် ငါတို့တွေ ဆုရမှာ... မင်းရော တွေ့မိသေးလား”
“မတွေ့မိပါဘူး” ကလိုင်းဟာ ဘာဖြစ်တာလဲဆိုတာကို နားလည်သွားပါတယ်။
လှုံ့ဆော်သူထရစ်က မိစ္ဆာနဂါးဘားကနေ ထွက်ပြေးလွတ်မြောက်ပြီး သံကြက်ခြေခတ်လမ်းနဲ့ ဒက်ဖဒိုလမ်းနားတစ်ဝိုက်မှာ ပုန်းအောင်းနေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ရဲတွေက တစ်အိမ်ပြီးတစ်အိမ် လိုက်ပြောနေတာပါ။
ဒီလောက်ထိ ဖြစ်လာတာကို ထောက်ရှုခြင်းအားဖြင့် လှုံ့ဆော်သူကို ဖမ်းစီးတဲ့ စစ်ဆင်ရေးက လုံးဝ ကျဆုံးတယ်ဆိုတာ သိသာပါတယ်။
ကလိုင်းဟာ ဒီကိစ္စကို ခေါင်းထဲ မထည့်ပါဘူး။ လောလောဆယ်မှာ သူက တိုက်ခိုက်ရေး လေ့ကျင့်မှုတောင် ပြီးသေးတာ မဟုတ်ပါဘူး။ သေနတ်ပစ် အခြေခံပဲ ကျွမ်းကျင်သေးတာ ဆိုတော့ လုပ်ကြံသူနဲ့ ရင်ဆိုင်တာက ကျားရှေ့ မှောက်လျက် လဲတာနဲ့ ဘာမှကွာမှာ မဟုတ်ပါဘူး။
အဲဒီညက သူ ကောင်းကောင်း အိပ်မပျော်ပါဘူး။ လှုံ့ဆော်သူက အိမ်တွေထဲ ဝင်ပုန်းပြီး နောက်ထပ် သွေးသံရဲရဲ သတ်ဖြတ်မှာကို တွေးပူနေတာကြောင့်ပါ။
ကံကောင်းထောက်မစွာပဲ ဒက်ဖဒိုလမ်းက တစ်ညလုံး တိတ်ဆိတ်နေပါတယ်။ အရှေ့လောကဓာတ်က နေအလင်းရောင် ထွက်ပေါ်လာတဲ့အခါမှာတော့ မြူခိုးတွေနဲ့အတူ ကလိုင်းရဲ့ ရင်ထဲက စိုးရိမ်ပူပန်မှုတွေလည်း လုံးဝ ပျောက်ကွယ်သွားပါတယ်။
စိုးရိမ်သောက မရှိတော့တဲ့ ကလိုင်းဟာ ရုံးတက်ဝတ်စုံဝတ် သက္ကလပ်ဦးထုပ်ဆောင်း လက်ထဲမှာ လက်ကိုင်တုတ်တစ်ချောင်း ကိုင်ပြီး ထုံးစံအတိုင်း ဇိုးတလန်လမ်းကို သွားပါတယ်။ သူဟာ ဧည့်ကြိုကောင်တာက ရိုဇန်းကိုလည်း ပုံမှန်အတိုင်း နှုတ်ဆက်ပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ကလိုင်း” ရိုဇန်းကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်နှုတ်ဆက်ပါတယ်။ အဲဒီနောက် သူမဟာ အသံနှိမ့်ပြီး “မနေ့ညက စစ်ဆင်ရေး မအောင်မြင်ဘူးလို့ ကြားတယ်”
“လှုံ့ဆော်သူ ထရစ်ကို ဖမ်းတဲ့ စစ်ဆင်ရေးလား” ကလိုင်းဟာ ပြန်စပ်စုပါတယ်။
“ဟုတ်တယ်” ရိုဇန်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး အခန်းခွဲထားတဲ့ အပိုင်းကို တစ်ချက် ကြည့်လိုက်ပါတယ်။
“ပြောရရင် ဒဏ်ခတ်သမားတွေရဲ့ သတင်းပေးတစ်ယောက်က လှုံ့ဆော်သူကို ဆိပ်ကမ်းမှာ တွေ့သွားတယ်... သူတို့တွေက နောက်ထပ် သာလွန်သူတွေနဲ့ ရဲစခန်းက အထူးစစ်ဆင်ရေးအဖွဲ့ကို စောင့်ပြီး အလစ်အငိုက် ဖမ်းမလို့... ဒါပေမဲ့ လှုံ့ဆော်သူရဲ့ အာရုံက စူးရှလွန်းတော့ တစ်ခုခု မူမမှန်တာကို သတိထားမိပြီး ဝိုင်းထားတာကို ဖောက်ထွက်သွားတယ်... အဲဒီမှာ တစ်ခါတည်း လွတ်သွားတာပဲ”
“အဲဒီလိုအချိန်မျိုးမှာ သူတို့တွေ ငါ့လိုမျိုး ခြေရာကောက်နိုင်တဲ့ သာလွန်သူကို လိုတယ်” ကလိုင်းက နောက်လိုက်ပါတယ်။
“အဲဒီတုန်းက ခြေရာခံနိုင်တဲ့လူ မရှားဘူး” ဒန်းစမစ်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပါတယ်။
ရိုဇန်းဟာ ရုတ်ခြည်း ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ အနက်ရောင် လေကာအင်္ကျီ ဝတ်ထားတဲ့ ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။ အခန်းခွဲဘောင်ကို မှီထားတဲ့ ဒန်းစမစ်ဟာ သူမကို နက်နဲတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါတယ်။
ရိုဇန်းဟာ ချက်ချင်း လက်မြှောက်ပြီး ပါးစပ်ကို ကာလိုက်ပါတယ်။ အဲဒီနောက် ခေါင်းခါပြီး သူမ ဘာမှ မပြောတဲ့အကြောင်း အမူအရာနဲ့ ပြပါတယ်။
ဒန်းစမစ်ဟာ ကလိုင်းကို ကြည့်ပြီး တစ်ခဏတွေးကာ ပြောပါတယ် “အဲဒီတုန်းက ဒဏ်ခတ်သမား၊ မက္ကန်းနစ်ဟိုက်မိုင်းနဲ့ ငါတို့ ညသိမ်းငှက်ပါ ပေါင်းလိုက်ရင် စုစုပေါင်း သာလွန်သူ ခြောက်ယောက် ရှိတယ်... ငါတို့တွေ ဒဏ်ရာရထားတဲ့ ထရစ်ကို သံကြက်ခြေခတ်လမ်းရဲ့ အောက်လမ်းထိ ခြေရာခံနိုင်တယ်... သူ ယာယီနေတဲ့ နေရာကိုလည်း တွေ့တယ်... ဒါပေမဲ့ သဲလွန်စက အဲဒီမှာ ပြတ်သွားတယ်... သာလွန်သူ နည်းလမ်းပဲဖြစ်ဖြစ် သာမန်အတိုင်း စုံစမ်းထောက်လှမ်းတာပဲ ဖြစ်ဖြစ် တစ်ခုမှ အလုပ်မဖြစ်ဘူး... လေထဲ ပျောက်သွားသလို အစအန ရှာမရအောင် ပျောက်သွားတယ်”
“ကျွန်တော် တွက်ပေးဖို့ လိုလား”
ဒန်းစမစ်ဟာ ခေါင်းအသာ ခါပါတယ်။
“မက္ကန်းနစ်ဟိုက်မိုင်းမှာ အဲဒီလိုတွက်နိုင်တဲ့ သာလွန်သူ တစ်ယောက် ရှိတယ်... သူက လူအိုကြီးနီးလ်လောက် တော်တဲ့ အကြီးတန်း သာလွန်သူပဲ... ထရစ်က ဆုံမှတ် ၈ ကို ရောက်နေပြီလို့ ငါ သံသယ ဝင်မိတယ်... အဲဒီဆေးရည်နာမည်ကိုပဲ ငါ မသိတာ”
“သီအိုဆိုဖီဂိုဏ်း ဒီနေ့အထိ တည်ရှိနိုင်တာက တစ်ခုခု ထူးခြားလို့ပဲ” ကလိုင်းက နှစ်သိမ့်ပါတယ်။
ကျန်တဲ့ တစ်မနက်ခင်းလုံး ကလိုင်းဟာ ဂမ္ဘီရအသိပညာတွေကို ဆက်လေ့လာ ဆည်းပူးပြီး သမိုင်းမှတ်တမ်းတွေ ဖတ်ပါတယ်။ လေ့ကျင့်မှုတွေကိုလည်း အရင်လိုပဲ လေ့ကျင့်ပါတယ်။
နေ့လယ်စာ စားချိန် နီးလာတဲ့ အခါမှာတော့ ကလိုင်းရဲ့ စိတ်ဟာ ငြိမ်ငြိမ်မနေတော့ပါဘူး။ ဟိုဟိုဒီဒီ ရောက်ကုန်ပါတယ်။
နောက်ထပ် မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ဗိုက်ထဲက တဂွီဂွီအသံကြောင့် သူဟာ လက်ထဲက မှတ်တမ်းတွေကို အောက်ချလိုက်ရပါတယ်။
အဲဒီအချိန်မှာပဲ ဒန်းစမစ်ဟာ စာရေးရုံးထဲ ဝင်လာပြီး နက်နဲပေမဲ့ ညင်သာတဲ့ အသံနဲ့ ပြောပါတယ် “ကလိုင်း... ငါနဲ့ ချန်စီဂိတ်ကို လိုက်ခဲ့... ချိပ်ပိတ်လက်နက် ၂-၀၄၉ ရောက်လာပြီ... နောက်ပိုင်းကိစ္စက မင်း အဲဒီမှတ်စုစာအုပ်ကို အာရုံခံဖို့ လိုကောင်း လိုနိုင်တယ်”
“ဟုတ်ကဲ့” ကလိုင်း မတ်တတ်ရပ်ပြီး ပြန်ဖြေလိုက်ပါတယ်။
အဲဒီနောက် သူဟာ ချိပ်ပိတ်လက်နက် ဘယ်လိုပုံစံရှိမယ် ဆိုတာကို စိတ်ကူးကြည့်ပါတယ်။ နောက်ပိုင်းကိစ္စက အန္တရာယ်များနိုင်လား ဆိုတာကိုလည်း တွေးမိလိုက်ပါတယ်။
မွန်းကျပ်တဲ့ တိတ်ဆိတ်မှုအောက်မှာ ကလိုင်းဟာ ဒန်းစမစ်နောက်လိုက်ပြီး မြေအောက်ခန်းထဲ ဆင်းပါတယ်။
လမ်းဆုံကို ရောက်တဲ့အခါ တည့်တည့် ဆက်လျှောက်ပါတယ်။ အဲဒီနောက် ဒန်းစမစ်ဟာ ရုတ်တရက် ရပ်ပြီး နောက်လှည့်ကာ လေးလေးနက်နက် ပြောပါတယ် “ငါလုပ်တဲ့အတိုင်း လိုက်လုပ်... ဆက်တိုက်လုပ်... လုံးဝ မရပ်နဲ့... မရပ်နဲ့နော်... ဒါက မင်း ဘေးကင်းဖို့ ပြောတာ”
ပြောဆိုရင်းနဲ့ ဒန်းစမစ်ဟာ လက်မောင်းကို ကွေးပြီး ပြန်ဆန့်ထုတ်ပါတယ်။ သူဟာ ဒီအပြုအမူကို မရပ်မနားဘဲ ဆက်တိုက်လုပ်ပါတယ်။
ကလိုင်းဟာ ဝေခွဲမရတဲ့ မျက်နှာနဲ့ ဒန်းစမစ် လုပ်ပြတဲ့အတိုင်း လိုက်လုပ်ပါတယ်။ အဲဒီနောက် သူဟာ ရုတ်တရက် သဘောပေါက်သွားပြီး မေးလိုက်ပါတယ် “ဒါက ချိပ်ပိတ်လက်နက်ရဲ့ တစ်မူထူးခြားမှုနဲ့ ပတ်သက်နေတာလား”
“ဟုတ်တယ်” ဒန်းစမစ်ဟာ သာမန်မဟုတ်တဲ့ လေးနက်မှုနဲ့ ခေါင်းညိတ်ပါတယ် “ဒီလိုမျိုး ဆက်တိုက် လုပ်တာက မင်း တစ်ခုခု ဖြစ်ရင် ငါတို့တွေ ချက်ချင်း သိနိုင်တယ်... အဲဒီတော့ မင်း အသက်အန္တရာယ် မကျရောက်အောင် အချိန်မီ ကယ်တင်နိုင်တယ်”
“ဟုတ်ကဲ့...” ကလိုင်းဟာ တုံ့ဆိုင်းမနေတော့ဘဲ လက်မောင်းကွေးပြီး ဆန့်ထုတ်တာကို ထပ်ခါထပ်ခါ လုပ်ပါတယ်။
“လက်ညောင်းလာလို့ရှိရင် တခြားလက်ကို ပြောင်းလို့ရတယ်” ဒန်းစမစ်က ထပ်ပြောပါတယ်။
‘ချိပ်ပိတ်လက်နက် ၂-၀၄၉ က တကယ်ကို ပုံမှန်မဟုတ်တာပဲ... ဒီအပြုအမူက ဘာအဓိပ္ပာယ်ရှိလို့လဲ... ဒီလက်နက်က တော်တော် အန္တရာယ်များမဲ့ပုံပဲ...’ ကလိုင်းဟာ တွေးတောရင်းနဲ့ ဒန်းစမစ်ကို လေးလေးနက်နက် ကြည့်လိုက်ပါတယ်။
“ဟုတ်ကဲ့...”
ကလိုင်းဟာ စိတ်ထဲမှာ မေးခွန်းတွေ ပြည့်နေပေမဲ့ ချန်စီဂိတ်ကို လှမ်းမြင်နေရပြီဆိုတော့ မေးဖို့ အခွင့်အရေးမရတော့ဘဲ ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်ရပါတယ်။
‘အင်း... ငါ့ရဲ့ လုံခြုံရေး အခွင့်အာဏာနဲ့ ဒါတွေကို အသေးစိတ် မသိရလောက်ဘူး... အဲဒီတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲ’
ကလိုင်းဟာ အသက်ရှူထုတ်ပြီး ဒန်းစမစ်နောက်ကနေ ချန်စီဂိတ် အပြင်ဘက်က အစောင့်ခန်းထဲ လိုက်ဝင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။