ပူးပေါင်းဆက်ဆံရေး
Vol. 94 Ch. 1315
ဧကရာဇ်ခုံက သက်ပြင်းချလိုက်သည်။
“တာအိုရောင်းရင်း ဘယ်လိုစီစဉ်ထားလဲ”
ဧကရာဇ်ခုံက လိုက်လျောလိုက်ရသည်။ သူက ထိုအမျိုးသားနှင့် မပတ်သက်လိုသော်လည်း သူ့တွင် ရွေးချယ်စရာ များများစားစား မရှိကြောင်း သိထားလေ၏။
ဝမ်ဝေ့က ပြုံးလိုက်သည်။
“အဲဒီလူတွေအကြောင်း များများစားစား မသိရသေးတော့ အစီအစဉ် မချရသေးဘူး။ ထိပ်တိုက်တွေ့ဆုံတာကတော့ အဆိုးဆုံးအစီအစဉ်ပေါ့”
သွေးနဂါးသေဆုံးမှုအပြီးတွင် ဝမ်ဝေ့က စံပြတစ်ယောက်ကို တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုမှာ သတ်ဖို့ အင်မတန် ခက်ခဲကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုမောက်မာသည့် နဂါးက ရှုကျင်းယောင်သာ နည်းဗျူဟာကျကျ စီစဉ်ထားပြီး အပြောင်းအလဲများစွာကို ထည့်တွက်ထားခြင်းမရှိပါက အသက်ရှင်နိုင်လောက်သည်။ သူ့အင်အားက သိသိသာသာ အားနည်းသွားကာ လမင်းအနေဖြင့် ရာထူးကို ဆုံးရှုံးသွားနိုင်ချေရှိသော်လည်း သူ့အသက် ဆက်ရှင်နိုင်လောက်သည်။
သူက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့အတွက် ထိုသူထဲမှ တစ်ယောက်ကို သတ်လျှင်ပင် အသုံးဝင်မည် မဟုတ်ကြောင်း သိထားလေ၏။ ထိုအစား သူက ရှုကျင်းယောင်ကဲ့သို့ တူညီသည့် လမ်းစဉ်ကိုလိုက်ကာ သူတို့၏ သေဆုံးမှုကို ဖြည်းဖြည်းချင်း အကွက်ချစီစဉ်ဖို့ လိုအပ်နေသည်။
“အဲဒါဆိုတော့ ဒီမဟာမိတ်ရဲ့ အစီအစဉ်ကရော” ဧကရာဇ်ခုံက မေးလိုက်သည်။
“ခင်ဗျားက ပညာရှင်တစ်ယောက်လေ။ ဘာလို့ စိတ်မရှည်ဖြစ်နေရတာလဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“အဲဒီလူတွေက သွေးနဂါးရဲ့ သေဆုံးမှုကို ဘယ်လိုလုပ်မလဲဆိုတာကို တွေးထားတာ နည်းနည်းတော့ ရှိတယ်။ အဲဒါနဲ့ ကျုပ်တို့ကို ဘယ်လိုပဲဖြစ်ဖြစ် အရေးသာချက် ရနိင်တဲ့ အစီအစဉ်တစ်ခုတော့ တွေးထားတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်က တစ်ခါပဲ အလုပ်ဖြစ်မှာ။ ခင်ဗျားရဲ့ အကူအညီကို လိုတယ်” သူက ပုံကြမ်းတစ်ခုကို ဆင့်ခေါ်ပြီး ဧကရာဇ်ခုံအား ပြလိုက်သည်။
“အဲဒါဆိုတော့ ကျုပ်နဲ့ အလုပ်တွဲလုပ်ချင်ရတဲ့ အကြောင်းအရင်းကို” ဧကရာဇ်ခုံက ပုံကြမ်းထဲတွင် တိုင်လုံးလေးလုံးကို ကြည့်ပြီးသည့်နောက်တွင် ရေရွတ်လိုက်သည်။
“ဟုတ်တယ် ခင်ဗျားရော ဘယ်လိုထင်လဲ”
“အစီအရင်ကို တိုးမြှင့်လို့ရသေးတယ်” ဧကရာဇ်ခုံက ပုံကြမ်းကို မပြောင်းလဲခင် မှတ်ချက်ပေးလိုက်သည်။
“ခင်ဗျားရဲ့ အရန်တာအိုတစ်ခုက အစီအရင်တာအိုဆိုတော့ အောင်မြင်မှုရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ တစ်ချက်တည်းဖြင့် ဧကရာဇ်ခုံက သူ့တာအိုဖြစ်သည့် ကူးပြောင်းရေးတာအိုကို သူ့အစီအရင်လမ်းစဉ်၏ သဘောထား ဗဟိုချက်အဖြစ် အသုံးပြုထားသည်ကို ပြောနိုင်လေသည်။ သူက သူ့အစီအရင်တာအိုဖြင့် အသွင်ပြောင်းခြင်းကို ရရှိခဲ့ခြင်းဖြစ်လောက်သည်။
သူက အစီအရင်တာအိုကို ကူးပြောင်းခြင်းတာအိုထဲကို ပေါင်းစည်းခဲ့တာ မဟုတ်ဘဲနဲ့ ထောက်ပံ့ပေးမှုအနေနဲ့ပဲ အသုံးပြုခဲ့တာ။ သူတို့က အတူတကွ အလုပ်ဖြစ်နေပြီးတော့ ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုမျိုး ရှိတယ်။ ဒါက ထူးကဲတဲ့ လမ်းစဉ်ပဲ။
ဧကရာဇ်ခုံက အစီအရင်တာအိုနှင့် ကူးပြောင်းရေးတာအိုကို ပေါင်းစည်းလိုက်လျှင် ပိုကောင်းမည်ဖြစ်ကာ ထူးကဲလာလိမ့်မည်။ သို့သော် သူက ခွဲခြားထားလေ၏။
သူက ဒီနှစ်ခုကြားက သဟဇာတဖြစ်မှုကို အသုံးပြုပြီးတော့ အစီအရင်တာအိုကို အရန်တာအိုကနေ ပင်မတာအိုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာလား။ တကယ်လို့ အဲဒါသာ အမှန်ဖြစ်ပြီး သူအောင်မြင်သွားမယ်ဆိုရင်တော့ သူ့အပေါ် ငါ့အကဲဖြတ်ချက်ကို ထပ်ပြီး မြှင့်ရဦးမှာပဲ…
ပင်မတာအိုနှစ်ခု မည်သူကမှ မရှိခဲ့ဖူးပေ။ တာအိုများစွာကို နားလည်ထားကြသည့် ဟွင်သွမ်းတာအိုကျင့်ကြံသူများကပင် ပင်မတာအိုတစ်ခုသာ ရှိတတ်ကြ၏။ သို့သော်လည်း ဧကရာဇ်ခုံ၏ ချဉ်းကပ်မှုက အလုပ်ဖြစ်ပြီး အကျိုးကျေးဇူးရရှိပါက ထိပ်သီးစံပြဖြစ်လာပြီးသည့်နောက်တွင် တာအိုရာထူးနှစ်ခုကို ဆုပ်ကိုင်နိုင်လိမ့်မည်။ ဝမ်ဝေ့က ထိုရာထူးများ၏ အစစ်အမှန်တန်ဖိုးကို မသိသေးသော်လည်း ထူးကဲသာလွန်မှုအဆင့်၌ အင်မတန် အရေးပါနိုင်ကြောင်း သိထားသည်။
ဧကရာဇ်ခုံက သူ့စကားကို ပြန်မဖြေသေးဘဲ ပုံကြမ်းကို ဆက်ကြည့်လိုက်သည်။ သူ ပြီးမြောက်သွားသည်နှင့် သူတို့၏ အစီအစဉ် အောင်မြင်မှုက ၂၀ရာခိုင်နှုန်း တိုးမြှင့်သွားလေ၏။
“ခင်ဗျားကို ပူးပေါင်းမှုအနေနဲ့ ရွေးချယ်ခဲ့တာ ဝမ်းသာတယ်” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ ထိုအစီအရင်နှင့် ပတ်သက်ပြီး သူ့ဇနီးလောင်းဆီ အကူအညီတောင်းရမည် ဖြစ်သော်လည်း ယခုအခါ ထိုသို့မလိုအပ်ခဲ့ပေ။ ဝူဟုန်က ထိုအစီအရင်ကို တိုးတက်အောင် လုပ်နိုင်မည်လား။
ဟုတ်တာပေါ့…
ဒါပေမဲ့ ဧကရာဇ်ခုံရဲ့ နည်းလမ်းက သူတို့အဆင့်ကန့်သတ်ချက်ကို ရောက်ရှိသွားပြီးတော့ ဝူဟုန်ရဲ့ တိုးတက်မှုကတော့ စံပြတစ်ယောက် ခင်းကျင်းဖို့ လိုအပ်နေသေးတယ်။ ပြီးတော့ ကြုံရာကျပန်း စံပြတစ်ယောက် ဖြစ်လို့ မရဘူး။ အစီအရင်တာအိုကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားတဲ့သူဖြစ်ရမှာ။
ဝမ်ဝေ့က ဤလက်ရှိခေတ်ကာလထဲတွင် မည်သူကမှ ဤစံနှုန်းများကို ကိုက်ညီမည် မဟုတ်ကြောင်း သိထားလေသည်။ ကံကောင်းစွာဖြင့် အင်အားက အစီအရင်ထဲ ပင်မစွမ်းအားအရင်းအမြစ် မဟုတ်သေးပေ။
အကယ်၍ ဤကိစ္စသာ အရင်က ဖြစ်ပျက်ခဲ့ပါက ဧကရာဇ်ခုံက ချီးကျူးမှုကို လက်ခံကာ ဂရုစိုက်မည်ဖြစ်သော်လည်း ယခုအခါ ထိုသို့ စိတ်အနေအထားမျိုး မဟုတ်ပေ။
“ဒီဟာလောက်နဲ့ အစီအစဉ်အောင်မြင်ဖို့ မလုံလောက်သေးဘူးဆိုတာ သိတယ်မလား”
“သိပါတယ်။ အဲဒါကြောင့် နောက်ထပ် ကုသိုလ်ဝိဇ္ဇာ ရှာဖို့ လိုတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က တစ်ယောက်တော့ သိထားပေမဲ့ သူက ဧကရာဇ်အဆင့်ပဲ ရှိသေးတယ်။ ပြီးတော့ ကုသိုလ်ရွှေခန္ဓာပထမအဆင့်ပဲ ဖွဲ့စည်းရသေးတယ်။ တကယ်တော့ ဒုတိယအဆင့် ကုသိုလ်ရွှေခန္ဓာရှိတဲ့ ကောင်းကင်ဘုံအရှင် တစ်ယောက်ကို ရှာနိုင်ရင်တော့ ပိုကောင်းလိမ့်မယ်။”
“ဒါက ခင်ဗျားရဲ့ အစီအစဉ်ဆိုရင် ဘာလို့ ကျုပ်ဆီ လာပြီး တောင်းဆိုနေတာလဲ” ဧကရာဇ်ခုံက စိတ်တိုစွာ ပြောလိုက်သည်။
“ခင်ဗျားမှာ နည်းလမ်း ရှိမှန်း သိလို့လေ” ဝမ်ဝေ့က ပြန်လည်ချေပလိုက်၏။ ဧကရာဇ်ခုံက ထိုသို့ အဆက်အသွယ်ရှိကြောင်း တွက်ချက်ထားပြီးသား ဖြစ်သည်။
“လူနှစ်ယောက်ကို သိတယ်။ နှစ်ယောက်လုံးက ကောင်းကင်ဘုံအဆင့်ပဲ။ ဒါပေမဲ့ တစ်ယောက်က ဒုတိယအဆင့်ခန္ဓာ၊ နောက်တစ်ယောက်က ပထမအဆင့်ခန္ဓာ”
“အဲ့လိုဆို ပိုကောင်းတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ဖုန်းဟွမ်သည် သူ့ကို မျက်နှာသာပေးကာ ဤအစီအစဉ်တွင် ပါဝင်ပတ်သက်မည် ဖြစ်ကြောင်း ထင်ထားသော်လည်း သူ့ကျင့်ကြံဆင့်က အားနည်းပြီး အစီအစဉ်၏ အပြောင်းအလဲ ဖြစ်နိုင်ချေကို တိုးမြှင့်သွားစေနိုင်သည်။
“သူတို့ကို ကူညီဖို့ ဖျောင်းဖျပေးနိုင်တယ်ဆိုပေမဲ့ သူတို့ရဲ့ အကူအညီအတွက် ကံကြွေးကိုတော့ ခင်ဗျားပဲ ခံရမယ်” ဧကရာဇ်ခုံက ပြောလိုက်သည်။ ထိုသူများက ဝိဇ္ဇာများဖြစ်သည့်အတွက် ဝမ်ဝေ့၏ အစီအစဉ်က သူတို့ကို အန္တရာယ်ကြားချလိုက်ခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ခုမှားယွင်းသွားပြီး တာဝန်ယူရမည်ဆိုပါက ဧကရာဇ်ခုံသည် တာဝန်ယူရမည့်သူ မဖြစ်လိုပေ။ ထိုသို့သော ကံကြွေးအမျိုးအစားက လူတစ်ယောက်၏ ကံကောင်းမှုကို ပျက်သုဉ်းသွားစေနိုင်၏။ ဝိဇ္ဇာတစ်ယောက်၏ သေဆုံးမှုက ဟာသပြက်လုံးတစ်ခု မဟုတ်ပေ။
“ကောင်းပြီလေ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ဂရုမစိုက်ပေ။ သူ့ကံကြမ္မာအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကလည်း ဟာသပြက်လုံးတစ်ခု မဟုတ်ပေ။ ဝိဇ္ဇာတစ်ယောက်၏ သေဆုံးမှုက သူ့အပေါ် သက်ရောက်မှုရှိဖို့ လုံလောက်စေသော်လည်း ကာကွယ်မှုတချို့ ကျန်ရှိနေဆဲသာ ဖြစ်၏။ ထို့အပြင် သူကလည်း ဝိဇ္ဇာတစ်ပါးဖြစ်သည့်အတွက် သူ့အနေဖြင့် လုံခြုံမှုတချို့ ရှိစေသည်။ ထို့ကြောင့် သူသည် ထိုဝိဇ္ဇာများကို တိုက်ရိုက်သတ်ဖြတ်ခြင်း သို့မဟုတ် အကွက်ချခြင်း မဟုတ်သရွေ့ အဆင်ပြေနေလိမ့်မည်။ တကယ်တော့ သူက တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် ထိုကပ်ပါးများကသာ အပြစ်ဒဏ်ကို ခံယူဖို့ ဖြစ်စေချင်သည်။ သူက ထိုသို့ဖြစ်ပျက်လာအောင် နောက်ကွယ်မှ ကြံစည်ဖို့ မတုံးအပေ။
သူက ဘယ်အချိန်တွင် သွားရှုပ်ရမည်၊ ဘယ်အချိန်တွင် ငြိမ်နေရမည်မှန်း ကောင်းကောင်းသိထားလေ၏။ ဝိဇ္ဇာများက ကာကွယ်ရေးတန်းစား ဖြစ်သည့်အတွက် ကောင်းကင်တာအိုကို ဝင်ရောက်ရှုပ်ထွေးစေမည် မဟုတ်ပေ။ ဝမ်ဝေ့က သူ့အပြုအမူများကို ထိုသူ၏ နှာခေါင်းအောက်တွင် ဖုံးကွယ်ထားနိုင်လိုက်မည်မှန်း မသေချာသည့်အတွက် ထိုသို့တုံးအသည့်အရာမျိုးကို လုပ်မည်မဟုတ်ပေ။
ဧကရာဇ်ခုံက သူ့ကို ကြည့်လိုက်၏။
“တခြားအရာရှိသေးလား”
ငါ့ကို မကြိုဆိုတော့ဘူးလို့ ပြောနေတာလား…
ဝမ်ဝေ့က တွေးလိုက်သည်။
“မရှိတော့ဘူး။ အခုတော့ ဒီလောက်ပါပဲ”
“ကောင်းပြီလေ” ဧကရာဇ်ခုံက အဆောင်တစ်ခု ထုတ်ပေးလာသည်။
“တကယ်လို့ ထပ်ရှိရင် ဆက်သွယ်လိုက်ပါ”
ထိုအမျိုးသား၏ မျက်နှာပေါ်တွင် မကြိုဆိုတော့ဘူး ဖြစ်ကြောင်း အရိပ်အမြွက်ကို ပြသထားလေ၏။
ဝမ်ဝေ့က သက်ပြင်းအသာချလိုက်၏။
“ကောင်းပြီလေ။ ကျုပ် သွားလိုက်ပါဦးမယ်” ဝမ်ဝေ့က ပြုံးကာ ထရပ်လိုက်သည်။
“နောက်ဆုံးအနေနဲ့ တာအိုရောင်းရင်းက ကျုပ်ကို သေရည်နည်းနည်းလောက် ပေးလို့ရမလား”
ဧကရာဇ်ခုံက ထာဝရအိပ်မက် သေရည်ပုလင်းတစ်သောင်း ပါဝင်နေသည့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။ ထိုသေရည်က ကျင့်ကြံရေးအပေါ် သက်ရောက်မှုမရှိဘဲ ဖျော်ဖြေမှုအနေဖြင့်သာ သတ်မှတ်၍ရသောကြောင့် ထင်ထားသလောက် ဈေးမကြီးလှပေ။ သို့သော်လည်း မည်သူ့အသုံးပြုလဲအပေါ်လည်း မူတည်နေလေ၏။ တချို့သော ဆင်းရဲသည့် ကောင်းကင်ဘုံအရှင်များက ပုလင်းတစ်ရာပင် မတတ်နိုင်ကြပေ။
ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို သိမ်းပြီးသည့်နောက်တွင် ပြောလိုက်သည်။
“တာအိုရောင်းရင်း ကျေးဇူးပါ။ ရှုရှစ်နဲ့ လင်းဖန်ကိုလည်း နှုတ်ဆက်ပေးပါဦး”
ဧကရာဇ်ခုံက သူ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူ့အံ့ဖွယ်အသိစိတ်ဖြင့် ထိုသူ ထွက်သွားကြောင်း သေချာအောင် စောင့်ကြည့်လိုက်သည်။ သူက အခန်းထဲတွင် တစ်ယောက်ထဲ ထိုင်နေရင်း သူ့ခန္ဓာကိုယ်ကို မှုန်မှိုင်းမှိုင်းလေထုမျိုး လွှမ်းခြုံထားလေ၏။
ငါ ဒီလိုမျိုး အင်အားကင်းမဲ့ပြီးတော့ မသိတတ်တဲ့ အနေအထားကို ခံစားရတာ ဘယ်တုန်းကပါလိမ့်။ အဲဒီအချိန်က ဖြစ်လောက်တယ်…
ဧကရာဇ်ခုံက ရုတ်ချည်းဆိုသလို မှတ်ဉာဏ်ထဲ နစ်မြောသွားလေသည်။
“ခင် ခင် … ခင်ဗျားက ဘယ်သူလဲ” ၁၂အရွယ်သာ ရှိသေးသည့် ကောင်လေးက အသက်ကြီးကြီးအမျိုးသားကို ကြည့်ကာ မေးလိုက်သည်။ ထိုအမျိုးသားက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပေတံတစ်ချောင်းကို ကိုင်ဆောင်ထားကာ ဝိဇ္ဇာနှင့်တူသည့်သူမျိုး သယ်ဆောင်ထားလေသည်။ ထိုကောင်လေးက အားနည်းဖျော့တော့စွာဖြင့် မြေပြင်ပေါ် လဲကျသွားခြင်းမှ သူ့ကိုယ်သူ တောင့်ခံထားလေသည်။
“အခုကစပြီး ငါက မင်းရဲ့ ဆရာပဲ။ ငါ့ကို ဆရာရှန်းလို့ ခေါ်လို့ရတယ်” ထိုအမျိုးသားက ပြောလိုက်သည်။
“ခင်ဗျားက တစ္ဆေလား” ခုံမုန့်ငယ်လေးက မျက်နှာဖြူဖျော့သွားလေ၏။
“ကျွန်တော်ရဲ့ ယန်စွမ်းအားကို လိုချင်နေတာလား”
“ငါက တစ္ဆေ မဟုတ်ဘူး။ သူတော်စင် အသုံးအဆောင်ရဲ့ ဝိညာဉ်ပဲ” ဆရာရှန်းက ရှင်းပြလိုက်သည်။
ခုံလီက သူသည် သေဆုံးမည် မဟုတ်ကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် စိတ်ငြိမ်သွားလေ၏။
“သူတော်စင် အသုံးအဆောင်ပစ္စည်းလား။ ကျွန်တော် ကြားဖူးတဲ့ သူတော်စင်တွေအကြောင်းကို ပြောနေတာလား။ သူတို့က အဲ့လောက်တောင် မှော်ဆန်တာလား”
“မဟုတ်ဘူး။ ငါက ကျင့်ကြံသူတွေအကြောင်း ပြောနေတာ”
“အဲ့လိုကိုး”
ဆရာရှန်းက ထိုခန္ဓာကိုယ်ကို ကြည့်လိုက်၏။ ကျင့်ကြံရေးလောကအကြောင်း ကြားသည့်သူများက စိတ်လှုပ်ရှားသွားကြမည်ဖြစ်သော်လည်း ထိုကောင်လေး၏ တုံ့ပြန်မှုက ဘာဖြစ်နေသနည်း။
“ဘာပြောလိုက်တာလဲ။ ကောင်လေးခုံလီ ငါ့တပည့် ဖြစ်ချင်လား” ခုံလီက တိတ်ဆိတ်သွားလေသည်။
“လူကြီးမင်း စာအုပ်တွေထဲမှာ ဆရာက တပည့်ကို ရွေးသလို၊ တပည့်ကလည်း ဆရာကို ပြန်ရွေးလို့ရတယ်လို့ ပြောထားတယ်”
ဆရာရှန်းက ပြုံးလိုက်၏။ သူက ထိုလူငယ်လေး၏ အပြုအမူကို သဘောကျနေမိသည်။
“အဲဒီစကားတွေက အမှန်တွေပဲ။ တကယ်လို့ မင်း မေးစရာရှိတယ်ဆိုရင် ငါ့ကို မေးလို့ရတယ်”
“ဘာလို့ ကျွန်တော်လဲ” ခုံလီက သူနှင့်ပတ်သက်ပြီး ထူးကဲနေသည့်အရာ ရှိသည်ဟု မထင်ပေ။
“ငါ မင်းကို စောင့်ကြည့်နေခဲ့တာ” ဆရာရှန်းက ပြောလိုက်သည်။
“မင်းဆီမှာ စာဖတ်တာကို သင်ဖို့ ပိုက်ဆံလည်း မရှိဘူး။ မင်းက တံတိုင်းကို ကျော်တက်ပြီးတော့ စာသင်သားဝမ်ရဲ့ သင်ခန်းစာတွေကို တိတ်တဆိတ် နားထောင်ခဲ့တယ်။ မင်းရဲ့ စိတ်က ထက်မြက်ပြီးတော့ မြန်မြန်သင်ယူနိုင်တယ်။ ဒါပေမဲ့ လက်ရေးလှလေ့ကျင့်ဖို့ စာရွက်နဲ့မင်ကို ဝယ်ဖို့ ပိုက်ဆံလည်း မရှိဘူး။ အဲဒါကြောင့် သစ်ကိုင်းနဲ့ မြေကြီးကိုပဲ အသုံးပြုရတယ်။
မင်းရဲ့ ဆင်းရဲတဲ့ နောက်ခံကြောင့် ဘယ်သူကမှ မင်းကို တပည့်အဖြစ် လက်မခံချင်ကြဘူး။ ဒါပေမဲ့ အဲဒါက မင်းက စိတ်ဓာတ်မကျဘူး။ မင်းက စာသင်သားတွေကို သူတို့ရဲ့ လွယ်အိတ်တွေ သယ်ပေးပြီး သူတို့ရဲ့ အိမ်တွေ သန့်ရှင်းရေးလုပ်ပေးပြီးတော့ သူတို့ရဲ့ အဝတ်အစားနဲ့ ဖိနပ်တွေပါ ပြုပြင်ပေးပြီး ပညာသင်ယူဖို့ အခွင့်အရေးကို ရယူခဲ့တယ်။ မင်းက မင်းရှာလို့ရသမျှ ပိုက်ဆံတိုင်းကို သေချာစုဆောင်းထားပြီးတော့ စာအုပ်ဝယ်တယ်။
အဲဒီလူတွေက မင်းကို မကျေမနပ်ကြည့်ပြီး ကျိန်ဆဲပြီးတော့ မင်းရဲ့ အားစိုက်ထုတ်မှုတွေက အလကားဖြစ်ပြီး ဘာမှကျန်မှာ မဟုတ်ဘူးလို့ တွေးကြတယ်။ ဒါပေမဲ့ မင်းက လက်မလျှော့ဘူး။ မင်းရဲ့ ဗဟုသုတ လိုချင်ပြီး ကိုယ့်ကိုယ်ကို တိုးတက်ချင်တဲ့ဆန္ဒက မင်း ဖတ်ဖူးတဲ့ ဝိဇ္ဇာတွေမှာတောင် မရှိတဲ့ အရာမျိုးပဲ။ အဲဒီအရည်အချင်းတွေကြောင့် မင်းကို ရွေးချယ်လိုက်တာ”
ခုံလီက မျက်ရည်များ ဝဲလာလေ၏။ သူက မိဘမဲ့တစ်ယောက်ဖြစ်သည့်အတွက် သူ့မွေးစားမိခင် မသေဆုံးခင် သူသည် ပညာသင်သားတစ်ယောက် ဖြစ်လာပြီး မိသားစုထံ ဂုဏ်ယူမှုကို ဆောင်ကြဉ်းပေးမည်ဟု ကတိစကားဆိုခဲ့သည်။ သို့သော်လည်း မည်သူကမှ မယုံကြည်ကြပေ။ မည်သူကမှ သူ့အား မကူညီချင်ကြသလို အခွင့်အရေးတစ်ခုပင် မပေးချင်ခဲ့ကြပေ။ ပို၍ဆိုးရွားသည်က မည်သူကမှ သူ့အားစိုက်ထုတ်မှုကို အသိအမှတ် မပြုခဲ့ကြပေ။
“တပည့်ခုံလီက ဆရာကို ဂါရဝပြုပါတယ်” သူက မြေပြင်ပေါ် ဒူးထောက်ကာ ဝပ်တွားလိုက်သည်။
“လိမ္မာတဲ့ ကောင်လေးပဲ” ဆရာရှန်းက လက်ဝှေ့ကာ ထူလိုက်သည်။
“အခုကစပြီး မင်းက ငါ့ရဲ့ တပည့်ပဲ။ မင်းကို လောကသိ နာမည်တစ်ခုပေးမယ် … မုန့်။ ကောင်းချီးရက်မြတ်တစ်ခုကို ရွေးပြီးတော့ မိုးမြေကို ကန်တော့မယ်။ အဲဒီအခါကျရင် မင်းက ငါ့ရဲ့ ကျောင်းတော်ကို တရားဝင် ဝင်ရောက်လို့ရပြီ”