နိုးထခြင်း
Vol. 94 Ch. 1316
ခုံမုန့်လေးက မိုးမြေကို ကိုယ်စားပြုသည့် ပလ္လင်ကို ဦးညွှတ်ကာ သူ့ဆရာဖြစ်သူ ဆရာရှန်းကိုပါ ဦးညွှတ်လိုက်သည်။ သူက အဖန်ရည်ကို ဆရာဆီ ဆက်သပြီးသည့်နောက်တွင် ဆရာတပည့် အခမ်းအနားကို အဆုံးသတ်ခဲ့သည်။
ဆရာရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်စဉ် ခုံမုန့်က ပြုံးလိုက်သည်။
“အဲဒါဆိုရင် ဆရာ ကျွန်တော်ကို ဘာသင်ပေးမှာလဲ”
ဆရာရှန်းက ထိုသူ၏ အပြုအမူနှင့် ပတ်သက်ပြီး စိတ်ထဲမထားပေ။ အနှစ်ချုပ်အားဖြင့် ထိုသူ၏ သင်ယူလိုသည့် ဆန္ဒကြောင့် သဘောကျသွားမိသည်။
ဒီကောင်လေးကို ကျင့်ကြံရေးလောကထဲ ဗဟုသုတအစား စွမ်းအားနောက်လိုက်ပြီး သွေဖယ်မသွားအောင် စောင့်ကြပ်ပေးရမယ်…
ဆရာရှန်းက သူ့ကိုယ်သူ သတိပေးလိုက်သည်။
“အခု ငါတို့ကျောင်းတော်ရဲ့ သမိုင်းကြောင်းနဲ့ စလိုက်ကြရအောင်” ဆရာရှန်းက ရေရွတ်လိုက်သည်။
“ငါ့ရဲ့ ဆရာက ချန်ယုလို့ခေါ်တဲ့ ပညာသင်သားလေးပဲ။ သူက ဖြောင့်မတ်ပြီးတော့ သမာသမတ်ကျတဲ့ အမျိုးသားပေါ့။ လူတွေနဲ့ ဘုရင်ဆီကနေ အချစ်ခံရတယ်။ ကံဆိုးတာက အရာရှိဘဝဆိုတာက ရက်စက်တယ်လေ။ ဘယ်သူကမှ ဆရာရဲ့ တင်းကြပ်တဲ့ အပြုအမူတွေနဲ့ စည်းကမ်းတွေကို သည်းမခံနိုင်ကြဘူး။ အဲဒါကြောင့် အမတ်အများစုက ပူးပေါင်းပြီးတော့ သူ့ကို အကွက်ချခဲ့ကြတာ”
ခုံမုန့်၏ မျက်နှာအထက် မခံမရပ်နိုင် အမူအရာထွက်ပေါ်လာလေ၏။ ထိုသူများက သမာသမတ်ပညာသင်သားတစ်ယောက်ကို မည်သို့ ထိုသို့လုပ်နိုင်သနည်း။ ကမ္ဘာကြီးက ရက်စက်လွန်းမနေဘူးလား။
ပြောရလျှင် ခုံမုန့်အနေဖြင့် ကမ္ဘာကြီး၏ ရက်စက်မှုကို မြင်တွေ့ခဲ့ပြီးသား ဖြစ်သော်လည်း ထိုအရာသည် ဤမြို့ငယ်လေး၏ ဆင်းရဲမွဲတေမှုကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူက တိုင်းပြည်၏ မြို့တော်ကဲ့သို့သော နေရာမျိုးက ဝိဇ္ဇာများဖြင့် ပြည့်နှက်နေကာ လေးစားမှုဖြင့် ထိုက်တန်သည့်သူများနှင့် ပြည့်နှက်နေသည့် တောက်တောက်ပပ နေရာတစ်ခုဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။
ဆရာရှန်းက သူ့တပည့်၏ စိတ်ခံစားချက် အတက်အကျကို သတိထားမိသွား၏။ အမှန်အတိုင်းပြောရမည်ဆိုလျှင် သူက သူတို့၏ ကျောင်းတော်၏ ဇစ်မြစ်ကို ပြောပြခြင်းမှ ထိုလူငယ်လေး၏ ရိုးစင်းမှုကို ဖယ်ထုတ်ဖို့ရာ ဖြစ်၏။ သူက ကမ္ဘာကြီးဆီ ခေါ်ဆောင်သွားပြီး ကမ္ဘာကြီး၏ အမှောင်ထုကို တွေ့ကြုံခံစားစေနိုင်ဖို့ပါ စီစဉ်ထားသည်။ ထို့အပြင် သူက အလင်းရောင်ကိုလည်း ပြသလိမ့်မည် ဖြစ်၏။
“ငါ ပြောတဲ့အတိုင်းပဲ ဘုရင်က ငါ့ဆရာကို သဘောကျတယ်” ဆရာရှန်းက ဆက်ပြောလိုက်သည်။
“အဲဒါကြောင့် သူက သူ့ကို လွတ်မြောက်အောင် တိတ်တဆိတ် ကူညီပေးခဲ့တာ။ ဆရာက ကံကြမ္မာကနေ ကောင်းချီးပေးခံထားရပြီးတော့ ကံအပြောင်းအလဲအခွင့်အရေးတစ်ခုကိုတွေ့ပြီး ကျင့်ကြံရေးခရီးလမ်းကို စတင်ခဲ့တယ်လေ။ အဲဒါနဲ့ သူက ဆယ်စုနှစ်ကြာ သီးသန့်ကျင့်ကြံခဲ့တယ်။ ပြီးတော့ တိုင်းပြည်ဆီကို ပြန်ပြီး သူ့နာမည်ကို ရှင်းလင်းဖို့ ရည်ရွယ်ထားတာပေါ့”
“အဲ့လိုဖြစ်သင့်တာပေါ့” ခုံမုန့်က လက်သီးဆုပ်ကာ ခေါင်းညိတ်လိုက်သည်။
“ကံဆိုးတာက သူပြန်သွားတဲ့အချိန်မှာ တိုင်းပြည်က ကျဆုံးသွားပြီ။ တိုင်းပြည်မှာ စစ်သခင်တွေအများကြီး ထွက်ပေါ်လာပြီးတော့ အာဏာအတွက် တိုက်ခိုက်နေကြတာ။ ဆရာက ကျန်ရှိနေတဲ့ တော်ဝင်မိသားစုကို တိုင်းပြည်တည်ထောင်ဖို့ ထောက်ပံ့ပေးဖို့ လုပ်ပေမဲ့ တခြားယှဉ်ပြိုင်တဲ့ အုပ်စုက သူတို့ကို သုတ်သင်ပစ်ခဲ့တယ်လေ”
ဆရာရှန်းက အဖန်ရည်တစ်ငုံသောက်ပြီးသည့်နောက်တွင် သူ့တပည့်ငယ်လေးအား နားလည်အောင် အချိန်ပေးလိုက်သည်။
“ဆရာက ဆုံးရှုံးသွားသလို ခံစားရပြီးတော့ ကျင့်ကြံရေးလောကဆီ ပြန်ရောက်လာတယ်။ ဒါပေမဲ့ ဒီဘက်မှာလည်း သိပ်မငြိမ်းချမ်းဘူး။ လူသားမျိုးနွယ် အသင်္ချေအင်ပါယာကမ္ဘာက မိစ္ဆာမျိုးနွယ်ရဲ့ လက်ထဲမှာ အတော်လေးကို ထိခိုက်နေခဲ့ရတာ။ ကျင့်ကြံရေးလောကတစ်ခုလုံးကလည်း အမုန်းတရား၊ အငြိုးတရားနဲ့ ရက်စက်မှုနဲ့ ပြည့်နှက်နေခဲ့တာပေါ့။
ဆရာက အဲဒါနဲ့ ရည်ရွယ်ချက်တစ်ခု ထားလိုက်တယ်။ စာပေရေးရာနည်းလမ်းနဲ့ ကမ္ဘာကြီးတစ်ဝှမ်းကို ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးမယ်ဆိုပြီးတော့ပေါ့” ဆရာရှန်းက ခေါင်းအသာယမ်းလိုက်သည်။ သူ့ဆရာ၏ ရည်ရွယ်ချက်က အင်မတန် ကြီးကျယ်လွန်းလှခဲ့တော့ သူက စကားကို လျှော့ပြောထားခြင်းသာ ဖြစ်၏။ သူ့ဆရာက စာပေရေးရာဖြင့် ကမ္ဘာကြီးကို လွှမ်းမိုးကာ တာအိုဘာသာ၊ ဓားလမ်းစဉ်နှင့် တခြားသောအတွေးအခေါ်ကျောင်းတော်များကို လွှမ်းမိုးဖို့အထိ ဖြစ်စေလိုသည်။
“နှမြောဖို့ကောင်းတာက သူ့ပါရမီက သူ့ရည်ရွယ်ချက်ကို တောင့်မခံနိုင်ဘူးလေ။ အဲဒါနဲ့ အထွတ်အထိပ်အဆင့် စမ်းသပ်ချက်မှာ သေဆုံးသွားခဲ့တယ်”
“ဆရာ မစိုးရိမ်ပါနဲ့။ ကျွန်တော် ဆရာဖိုးဖိုးရဲ့ ရည်ရွယ်ချက်ကို ဖြည့်ပေးပါ့မယ်” ခုံမုန့်က ကတိပေးလိုက်သည်။
“အဲ့အတွက် မလိုဘူး” ဆရာရှန်းက ခေါင်းညိတ်လိုက်၏။ သူ့တပည့်လေးက ထာဝရဧကရာဇ် ဖြစ်လာလျှင်ပင် စာပေရေးရာအား ကမ္ဘာကြီးတစ်ဝှမ်းကို လွှမ်းမိုးဖို့ အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိထားလေသည်။ ထိုသို့သော ရည်ရွယ်ချက်မျိုးက အောင်မြင်မှု မျိုးဆက်များစွာလိုအပ်ပြီး အောင်မြင်နိုင်ချေကလည်း သိပ်မမြင့်မားလှပေ။
“မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်၊ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တို့ကို တည်ဆောက်ရမယ်” ဆရာရှန်းက ပြောလိုက်သည်။
“မင်း ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုတာကိုတော့ မင်းနဲ့ ကံကြမ္မာအပေါ်မှာ မူတည်နေတာပေါ့”
“ကျွန်တော် နားလည်ပါပြီ” ခုံမုန့်က ခေါင်းညိတ်လိုက်သည်။
ဆရာရှန်းက ပစ္စည်းသုံးခုကို ထုတ်ပေးလိုက်၏။ စာအုပ်နှစ်အုပ်နှင့် ဝါးလွယ်အိတ် တစ်လုံး ဖြစ်ပေသည်။
“ဒီနည်းစနစ်နှစ်ခုက မင်းကျင့်ကြံရေးနည်းလမ်းရဲ့ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်” ဆရာရှန်းက ပြောလိုက်သည်။
“ပထမတစ်ခုက ကမ္ဘာကြီးကို ခြေထောက်နဲ့ တိုင်းတာမယ်လို့ ခေါ်တဲ့ နည်းစနစ်ပဲ။ အဲဒါက မြေကြီးကနေ မြေဓာတ်စွမ်းအားကို ဆွဲယူပြီးတော့ မင်းခန္ဓာကိုယ်ကို လေ့ကျင့်ပေးတဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းစနစ်တစ်ခုပဲ။ မင်းအနေနဲ့ လမ်းလျှောက်ဖို့ပဲ လိုတယ်။ လမ်းများများ လျှောက်လေလေ စွမ်းအားများများ စုဆောင်းလေလေဖြစ်ပြီးတော့ မင်းခန္ဓာကိုယ်က ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။ နှမြောဖို့ကောင်းတာက ဒါက မပြီးပြည့်စုံသေးတော့ မင်း အဆုံးသတ်ရဦးမယ်”
“ကျွန်တော် ကောင်းအောင် ကြိုးစားပါ့မယ်” ခုံမုန့်က ခေါင်းညိတ်လိုက်သည်။
“ဒုတိယတစ်ခုက ဒီဝါးလွယ်အိတ်နဲ့ သက်ဆိုင်နေတာ” ဆရာရှန်းက ဆက်ပြောလိုက်သည်။
“ဗဟုသုတအလေးချိန်လို့ ခေါ်တဲ့ နည်းစနစ်ပေါ့။ အဲဒီနည်းစနစ်က ငါတို့ရဲ့ စာပေကျောင်းတော်က ကျင့်ကြံရေးနဲ့ လက်နက်သန့်စင်ရေးကို ပေါင်းစည်းထားတဲ့ ထူးကဲတဲ့ နည်းစနစ်တစ်ခုပဲ”
ဆရာရှန်းက ဝါးလွယ်အိတ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဒီနည်းစနစ်က မင်းကို သမာသမတ်ချီကို ဖွဲ့စည်းပြီးတော့ မင်းရဲ့ မူလချီနဲ့ ပေါင်းစည်းဖို့ ခွင့်ပြုပေးလိမ့်မယ်။ အဲဒီအပြင် ဗဟုသုတနဲ့ စွမ်းအားကို ဒီလွယ်အိတ်ကို အားဖြည့်ဖို စွမ်းအားအနေနဲ့လည်း အသုံးပြုနိုင်လိမ့်မယ်။ မင်း ပိုပြီး သိလာလိမ့်မယ်။ ဒီလွယ်အိတ်လက်နက်က ပိုပြီးအားကောင်းလာလေလေပဲ။ မင်းက ဒါကို တာအိုသက်သေပြပစ္စည်း ဒါမှမဟုတ်ဘူးဆိုရင်လည်း ကံကောင်းမှုစုစည်းရေး ပစ္စည်းအနေနဲ့ အသုံးပြုနိုင်လိမ့်မယ်”
ဆရာရှန်းက သူ့တပည့်ငယ်လေး၏ မျက်ဝန်းမှ စိတ်ရှုပ်ထွေးမှုကို မြင်သည့်အခါ ထိုသူက ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဘာမှမသိသေးကြောင်း သဘောပေါက်သွားခဲ့သည်။
“ပထမဦးဆုံး ဒီနည်းစနစ်တွေကို မှတ်ထား။ မနက်ဖြန်ကစပြီး လေ့ကျင့်မယ်”
နောက်တစ်ရက်၌ ဆရာရှန်းနှင့် ခုံမုန့်တို့က ခရီးလမ်းကို စတင်ခဲ့ကြသည်။ ခုံမုန့်က ကျောတွင် လွယ်အိတ်ကို လွယ်ပြီး လမ်းလျှောက်ရင်းဖြင့် စာအုပ်တစ်အုပ်ကို ဖတ်လိုက်သည်။ သူက လမ်းလျှောက်နေရင်း ထူးဆန်းသည့် အပြုအမူဖြင့် အသက်ရှူလေ့ရှိ၏။ အကယ်၍ ကျင့်ကြံဆင့်မြင့်မားသူတစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေပါက သူ့အသက်ရှူနှုန်းသည် ကမ္ဘာမြေ၏ စည်းချက်အတိုင်း လိုက်နေသည်ကို တွေ့ရှိသွားလိမ့်မည်။
“ဆရာ”
“မင်း နားမလည်တာ တစ်ခုခုများရှိလို့လား”
“ကျွန်တော်အတွက် လမ်းလျှောက်တာ၊ စာဖတ်တာ၊ အသက်ရှူတာက နည်းနည်းခက်ခဲနေတယ်” ခုံမုန့်က မလုံမလဲပြုံးကာ ပြောလိုက်သည်။ ထိုအရာက ရှားပါးအခွင့်အရေးဖြစ်သည့်အတွက် သူ့အနေဖြင့် မငြီးတွားလိုသော်လည်း ထိုတာဝန်က သူ့အတွက် များပြားလွန်းနေသည်။
ဆရာရှန်းက အနည်းငယ် မျက်နှာပူမိသွား၏။ ဤသည်က သူ့ပထမတပည့် ဖြစ်သည့်အတွက် သူက ထိုသို့သော အရာမျိုး၌ သိပ်မကောင်းသေးပေ။
“အဲဒါဆိုရင် ဒီလိုလုပ်ရအောင်။ လမ်းပေါ်မှာရှိရင် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ပဲ အာရုံစိုက်။ ငါတို့ အနားယူတဲ့အချိန်ကျရင် မင်းက စာဖတ်ပေါ့။ အိပ်ရာမဝင်ခင်ကျရင် မင်းက ဝိဇ္ဇာတွေကို မြင်ယောင်ကြည့်ပေါ့။ အဲဒါက မင်းရဲ့ သမာသမတ်ချီကို ဖွဲ့စည်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ မင်းစိတ်ကို ခွဲခြားနိုင်မဲ့ နည်းလမ်းကိုလည်း သင်ပေးမယ်”
“ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ်”
………………………………………
ဧကရာဇ်ခုံက မှတ်ဉာဏ်ဖြင့် နိုးထလာကာ သက်ပြင်းချလိုက်သည်။ သူ့ဘဝ၌ အင်အားကင်းမဲ့သည်ဟု ခံစားမိသည့် အကြိမ် ၄ကြိမ်သာ ရှိပေသည်။ ပထမတစ်ချိန်က သူ့ဇနီးနှင့် ပထမဦးဆုံး တွေ့ဆုံစဉ်အချိန်က သူမကို မတော်တဆ ဒဏ်ရာပေးမိသွားခြင်း ဖြစ်သည်။ သူက တောင်းပန်ဖို့ ကြိုးစားခဲ့သော်လည်း သူမက လက်မခံခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် အင်အားကင်းမဲ့စေသည်။
ဒုတိယအကြိမ်ကမူ သူတော်စင်အဆင့် ဝင်ရောက်သွားပြီးသည့်နောက်တွင် ဖြစ်၏။ သူက မောက်မာကာ သမာသမတ်ချီကို အသုံးပြုပြီး သွေးမြေကို သန့်စင်ဖို့ ကြိုးစားခဲ့သည်။ သူ့အပြုအမူက မတော်တဆတစ်ခုကို ဖြစ်ပျက်လာစေပြီး ဆရာရှန်းအား ပျက်သုဉ်းလုနီးပါးအထိ ဖြစ်သွားစေခဲ့သည်။ သူက အလျင်အမြန်ပြုမူကာ ထိုသူ၏ စိတ်ဝိညာဉ်ကို သူ့စည်းမျဉ်းဖြင့် အားဖြည့်ပေးခဲ့ပြီး သူ့တာအိုသစ်ပင်ကို အက်ကွဲသွားစေခဲ့သည်။
သမိုင်းပညာရှင်အများစုက ဧကရာဇ်ခုံသည် လုံလုံလောက်လောက် ပါရမီမရှိကြောင်း ပြောဆိုကြပြီး သူသည် ထာဝရဧကရာဇ်ဖြစ်လာဖို့အတွက် ကောင်းကင်တာအိုဆီမှ အကူအညီ လိုအပ်ခဲ့သည်ဟု ဆိုကြသည်။
သို့သော် ထိုအရာက အမှန်တရား မဟုတ်သေးပေ။ အမှန်ကမူ ဧကရာဇ်ခုံ၏ အုတ်မြစ်က တာအိုသစ်ပင် အက်ကွဲသွားပြီးသည့်နောက်တွင် ဒဏ်ရာရရှိခဲ့၏။ နောက်ပိုင်းတွင် သူက ထိုအရာကို ပြုပြင်ဖို့ အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူ့အုတ်မြစ်က အမြဲတမ်း မပြီးပြည့်စုံကာ အပိုအားဖြည့်မှုတစ်ခု လိုအပ်နေခဲ့သည်။ သူက တာအိုအုတ်မြစ် ပြန်လည်ထူထောင်ခြင်းကို တွေ့ကြုံပြီးသည့်နောက်မှသာ ထိုပြဿနာကို အပြီးတိုင် ဖယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ် ဘာမှမလုပ်နိုင်သလို ခံစားရတာက ပိုင်ဟန်က ငါ့ကို မုန်းတီးနေတုန်းကပဲ။ စတုတ္ထအကြိမ်ကတော့ ဒီနေ့ပဲ…
ဧကရာဇ်ခုံက တွေးလိုက်သည်။ သူက ရုတ်ချည်းဆိုသလို ဒေါသထွက်လာမိ၏။
ဝုန်း
သူ၏ ညာဖက်လက်က ဘေးနားရှိ စားပွဲခုံကို ချိုးလိုက်သည်။ သူ့အရှိန်အဝါက ကြီးကျယ်ပြီး အခန်းကိုပင်တုန်ခါသွားစေသည်။
“ဆရာ”
“ဟင်” ဧကရာဇ်ခုံက သူသဘောကျရသည့် တပည့်နှစ်ဦးကို သတိထားမိသွားကာ သက်ပြင်းချလိုက်၏။
“ဒီလိုမြင်မိစေတာ သိပ်မကောင်းဘူးပဲ”
“ဝမ်ဝေ့နဲ့ စကားဝိုင်းက ဘာတွေများဖြစ်နေလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ” လင်းဖန်က မေးလိုက်သည်။
“ဒါက စိုးရိမ်ရမဲ့အရာ မဟုတ်ဘူး” ဧကရာဇ်ခုံက ပြန်ဖြေလိုက်သည်။
လင်းဖန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပြောနိုင်သော်လည်း ယခုအခါ မေးခြင်းက ဉာဏ်ရှိရာ မကျကြောင်း သိလေသည်။
ထိုစဉ် ရှုရှစ်က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုသို့သော အမူအရာမျိုးကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။
မာနနှင့် မောက်မာမှုတို့ကို နင်းချေခံလိုက်ရ၍ ဒေါသတို့ ထွက်ပေါ်လာစဉ် လေးစားမှုနှင့် အကြောက်တရားကလည်း ရောထွေးနေခဲ့သည်။ ထို့အပြင် အားကျမှုနှင့် မနာလိုမှုတို့ကလည်း လိုက်ပါလာ၏။ သူက ထိုအရာများကို ကောင်းကင်ခုံရုံးအတွင်း အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။
သူမက သက်ပြင်းချလိုက်၏။
“ဆရာ အခုအနေနဲ့ နောက်ဆုံးလုပ်နိုင်တဲ့အရာက ဝမ်ဝေ့ရဲ့ စည်းချက်ကို သက်ရောက်ခွင့်ပေးလိုက်ဖို့ပဲ”
ဧကရာဇ်ခုံက သူမအား ကြည့်လိုက်သည်။
“ကျွန်မ သူ ဒီလိုလုပ်တာကို အကြိမ် အများကြီး မြင်ဖူးတယ်။ သူက သူ့ရဲ့စကားတွေနဲ့ တစ်ဖက်သူရဲ့ မောက်မာမှုကို ဖိနှိပ်ပြီးတော့ သူ့ကို သဘောတူလာအောင် ချောင်ပိတ်အောင် လုပ်မယ်။ ဒါမှမဟုတ်လည်း ဖျက်ဆီးပစ်လိမ့်မယ်။
သူ့နည်းလမ်းကို ဖြေရှင်းနည်းက စိတ်နေသဘောထားနဲ့ စည်းချက်ပဲ။ သူက တစ်ဖက်သူရဲ့ စိတ်ကို အသုံးချပြီးတော့ တချို့ကိစ္စတွေကို လျစ်လျူရှုအောင် လုပ်လိမ့်မယ်။ ပိုပြီးအရေးကြီးတာက ခန့်မှန်းရလွယ်ကူနေစေတာပဲ။
အခုလုပ်ဖို့ လိုတဲ့အရာက သူ ထားရှိခဲ့တဲ့ ပုံစံခွက်ထဲကနေ ခွဲထုတ်ဖို့ပဲ။ စကားဝိုင်းကို ဘေးလူအနေနဲ့ ပြန်ကြည့်ကြည့်ပေါ့။ ပြီးရင် သူအသက်ရှူပုံ၊ စကားအမူအရာ အသေးစိတ်ကို စမ်းသပ်ကြည့်ကြည်။ အဲဒီမှာ တစ်စုံတစ်ခု လွဲမှားနေတာလား ဆိုတာကို သုံးသပ်ပြီးသွားရင် ဆရာရဲ့ စိတ်ထဲမှာ သူ ထားခဲ့တဲ့ အနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်လိမ့်မယ်”