အခန်း (၁၃၀၅)
Vol. 94 Ch. 1305
ရှုကျင်းယောင်က မျက်မှောင်ကြုတ်လျက် လျှောက်လှမ်းတစ်ခုထဲ ဝင်လာသည်။ နန်းဆောင်မှ အစေခံတချို့က သူမကို မြင်သည့်အခါ အလျင်အမြန် အရိုအသေပေးလာကြ၏။ သို့သော် သူမက သတိပြုမိဖို့ရာ အတွေးနက်နေမိသည်။ သိပ်မကြာခင် သူမ၏ ဦးတည်ရာသို့ ရောက်ရှိလာလေ၏။
“ဆရာ” ရှောင်ထျန်းတိက အလျင်အမြန် ပြောလိုက်သည်။
“အဆင်ပြေရဲ့လား”
ရှုကျင်းယောင်က နောက်ဆုံးတွင် နိုးထလာကာ ငြင်သာစွာ ပြုံးလိုက်သည်။
“ငါ့ဆီမှာ ဘာဖြစ်သွားနိုင်တာမလို့လဲ”
သူမက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး ထိုင်လိုက်သည်။ သူမ၏ တပည့်လည်း နောက်မှ လိုက်ပါလာလေ၏။ ရွှင်းထုံက သူတို့နှစ်ယောက်အနားတွင် ပေါ်ထွက်လာကာ အဖန်ရည် ဧည့်ခံလိုက်သည်။
ရှောင်ထျန်းတိက မေးခွန်းများစွာ မမေးမိစေဖို့ သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။
“နန်းဆောင်အရှင် ဘာတွေများ ဖြစ်လာတာလဲ။ ဘာလို့ အဲဒါတွေများ ကြာနေရတာလဲ”
“အများစုကတော့ ငါတို့တွေ …” ရှုကျင်းယောင်က ဖြစ်ပျက်သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
“အဲဒါဆိုတော့ ကံကြမ္မာရဲ့ လှည့်ကွက်နဲ့ သူက ရောက်လာတာပေါ့” ရွှင်းထုံက ခေါင်းညိတ်လိုက်သည်။ သူမက နန်းဆောင်အရှင်ထံ နှစ်များစွာ တူညီသည့်အရာကို ပြောခဲ့သော်လည်း သူမ၏ စကားများက မထိုးဖောက်နိုင်ခဲ့ပေ။ သို့သော်လည်း ရွှင်းထုံက သခင်မလေးကို နိုးထလာအောင် ကူညီပေးနိုင်သည့်သူကို ကျေးဇူးတင်နေမိသည်။
“သူ့ကို ဘယ်လိုထင်လဲ” ရွှင်းထုံက မေးလိုက်စဉ် ရှောင်ထျန်းတိက နားစိုက်ထောင်လိုက်သည်။
“သူက ကြီးမားတဲ့ စွမ်းအား၊ ပါရမီနဲ့ နက်နဲတဲ့ စိတ်ထားမျိုး ရှိထားတဲ့ ကြောက်ဖို့ကောင်းတဲ့သူတစ်ယောက်ပဲ” ရှုကျင်းယောင်က အလေးအနက် ပြန်ဖြေလိုက်သည်။
“ရှောင်တိက သူ့ကို ပြိုင်ဖက်အဖြစ် မြင်ကာ နားလည်သွားပြီ”
ရှောင်ထျန်းတိက မျက်လုံးကိုဝှေ့လိုက်၏။ သူက ထိုနာမည်ကို မုန်းတီးသော်လည်း သူ မည်မျှပင် ကြိုးစားစေကာမူ ဆရာ ထိုသို့ မခေါ်ဖို့ရာ မတားဆီးနိုင်ပေ။
“ဒါပေမဲ့ မင်းကိုယ်မင်း ပြင်ဆင်ထားဖို့ သတိပေးချင်တယ်” ရှုကျင်းယောင်က သူ့ကို တိုက်ရိုက်ပြောလိုက်သည်။
“ဆရာ ကျွန်တော်က သူနဲ့ ယှဉ်ပြိုင်ဖို့ မလုံလောက်ဘူးလို့ ထင်နေတာလား” ရှောင်ထျန်းတိက အနည်းငယ် လျှော့တွက်ခံရသည်ဟု တွေးကာ မေးလိုက်သည်။
ရှုကျင်းယောင်က သက်ပြင်းချလိုက်၏။
“ဒါက မင်း ယှဉ်ပြိုင်နိုင်တယ်၊ မယှဉ်ပြိုင်နိုင်ဘူးဆိုတဲ့ ကိစ္စမဟုတ်ဘူး။ မင်းဆီမှာ ပါရမီရှိတယ်ဆိုတာ သိတယ်။ ပြဿနာက မင်းက အရမ်းနောက်ကျလွန်းသွားပြီ။ သူက မင်းရဲ့ ရှေ့မှာ အတော်လေးကို ရောက်နေတာ တကယ်လို့ မင်း အမှီလိုက်ချင်တယ်ဆိုရင်တော့…” ရှုကျင်းယောင်က ခေါင်းယမ်းလိုက်သည်။
အကယ်၍ အတိတ်သာ ဖြစ်နေပါက သူမသည် စကားကို ဆုံးအောင် တစ်စုံတစ်ခုကို ပြောမိလိမ့်မည်။ ယခင်က အားလုံးသည် ထိပ်သီးစံပြအဆင့်တွင် ရပ်တန့်နေသည့်အတွက် ဝမ်ဝေ့ ထိုအဆင့်သို့ ရောက်ရှိသွားလျှင်ပင် ရှောင်ထျန်းတိက လိုက်မှီဖို့ အချိန်ကာလတစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ သို့သော်လည်း ယခု ရှေ့ဆက်ရမည့်လမ်းစဉ် ရှိလာသည့်အတွက် မသေချာမှုများစွာ ရှိလာလေသည်။
ရှောင်ထျန်းတိက တိတ်ဆိတ်သွားလေ၏။ ပါရမီရှင်များနှင့် ပတ်သက်ပြီး ရက်စက်သည့် အမှန်တရားတစ်ခုက ဖိနှိပ်ခံလိုက်ရသည်နှင့် ဘယ်သောအခါမှ လိုက်မှီနိုင်မည့် အခွင့်အရေးရတော့မည် မဟုတ်ပေ။ အားလုံးက အကုန်လုံး ထူးချွန်ကြသလို ကြိုးစားကြသည်။
“ကျွန်တော် လက်မလျှော့ဘူး”
“ဒါက စိတ်ဓာတ်ပဲ။ ဒါပေမဲ့ သူနဲ့ ယှဉ်ပြိုင်ဖို့ အရမ်းကြီး အစွဲအလမ်းမထားနဲ့။ ပြီးတော့ သူ့ရဲ့ တည်ရှိမှုကို မင်းရဲ့ နှလုံးသားနတ်ဆိုး ဖြစ်မလာစေနဲ့” ရှုကျင်းယောင်က သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ရှုကျင်းယောင်က ခေါင်းညိတ်လိုက်၏။ သူမက ရေတစ်ငုံသောက်သုံးပြီးသည့်နောက်တွင် ရွှင်းထုံအား မေးလိုက်သည်။
“ငါ မရှိတုန်း ဘာတွေဖြစ်သွားသေးလဲ”
“အဲဒါရော ”
“ဘာကိုပြောတာလဲ”
“ဟာ နန်းဆောင်အရှင်ကလည်း ကိုယ်တိုင်ပြောခဲ့တာလေ။ သူက ရုပ်ချောပြီး ပါရမီလည်းရှိတယ်၊ စွမ်းအားလည်း ကြီးတယ် ပြီးတော့ အားလုံးအပြင် အရှင်တို့နှစ်ယောက်က ကံကြမ္မာကနေ ဆက်သွယ်ပေးခံထားရတာ”
“သူ့ဇနီးအကြောင်း ပြောဖို့ မေ့နေတယ်လေ” ရှုကျင်းယောင်က ပြောလိုက်သည်။
“အသေးစိတ်ပြောပါဦး”
“ဘာအသေးစိတ်လဲ။ အတွေးတွေကို ရုတ်သိမ်းလိုက်တော့” ရှုကျင်းယောင်က ပြောလိုက်သည်။
“သူက တကယ်ကို ကောင်းမွန်တဲ့ လူတစ်ယောက်ဆိုပေမဲ့ ငါတို့တွေက မသင့်တော်ဘူး”
ဝမ်ဝေ့ထွက်သွားကတည်းက သူမက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆက်တိုက် စဉ်းစားနေခဲ့သည်။ သူမ တွေးလေလေ ပိုပြီး စိတ်သက်သာရာရလာလေလေ ဖြစ်၏။ သူက ထိုအမျိုးသားကို ရှောင်ရှားခြင်းဖြင့် ကပ်ဘေးတစ်ခုကို ရှောင်ရှားလိုက်သလိုမျိုး ခံစားနေမိသည်။
“အဲ့လိုလား။ ဒီလိုဆိုရင်တော့လည်း ဒါက အကောင်းဆုံးပဲပေါ့” ရွှင်းထုံက ခေါင်းညိတ်လိုက်သည်။ သူမက နန်းဆောင်သခင်အား သူမတစ်ဘဝလုံး ကုန်ဆုံးနိုင်သည့်သူ တစ်ယောက်ကို ရှာဖွေတွေ့ရှိစေလိုသော်လည်း လူမှန် ဖြစ်ရပေမည်။ ထိုသူက သခင်မလေးကို အလေးအနက် မှတ်ယူဆက်ဆံသရွေ့ တခြားဇနီးများ ရှိလျှင်ပင် စိတ်ထဲမထားပေ။ သို့သော်လည်း သူမအနေဖြင့် သူတို့က မသင့်တော်ကြောင်း ခံစားမိလျှင် ဤဆက်ဆံရေးကို ဆက်လက် တိုက်တွန်းနေစရာ အကြောင်းမရှိပေ။
စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေသည့် ရှောင်ထျန်းတိက ထိုစကားများကို ကြားပြီးသည့်နောက်တွင် စိတ်သက်သာရာရသွားမိသည်။ သူ့ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်လာမိ၏။ သူက သူ့ဆရာအား ဝမ်ဝေ့နှင့် မပတ်သက်စေလိုပေ။ အကြောင်းအရင်းကမူ ထိုသူက သူ့ရွယ်တူဖြစ်နေ၍ အတွက်လည်း မဟုတ်သလို သူ လတ်တလောဖြစ်တည်လာသည့် စိတ်ခံစားချက်များကြောင့်လည်း မဟုတ်ပေ။
သူက သူမအတွက် ပျော်ရွှင်မှုကို ရှာတွေ့ရုံမှအပ တခြားအရာ မလိုချင်ပေ။ တစ်စုံတစ်ယောက်က သူမကို ထိုအရာ ပေးနိုင်သည်ဆိုပါက သူ့အနေဖြင့် ဝမ်းမြောက်တသာ လက်ခံပေးမည် ဖြစ်၏။ သို့သော်လည်း သူ့ဆရာက ဝမ်ဝေ့နှင့် မကိုက်ညီကြောင်း သိခဲ့ရသည်။ သူ့ဆရာက စိတ်အခြေအနေတွင် ဟာကွက်တချို့ရှိနေသည့်အတွက် ဝမ်ဝေ့လိုလူမျိုးက အလွယ်တကူ အခွင့်ကောင်းယူသွားနိုင်သည်။
သို့သော်လည်း ဤသည်က အဓိက ကိစ္စရပ် မဟုတ်သေးပေ။ သူ့အဓိက စိုးရိမ်သည့်အရာက သူ့ဆရာသည် ယုံကြည်မှုပြဿနာတချို့ ရှိ၏။
ရှုကျင်းယောင်က သူ့ဘဝအများစုကို သူ့ခန္ဓာကိုယ်နှင့် အလှတရားကို တပ်မက်သည့် ဝံပုလွေအုပ်စုကြား နေထိုင်ခဲ့ရသည်။ ထိုသို့သောပတ်ဝန်းကျင်တွင် နေထိုင်ခြင်းက သူမအား လူအများအပေါ် သတိကြီးကြီးထားလာစေသည်။ သို့သော်လည်း ကုလားအုတ်ကျောကို ကျိုးပြတ်သွားစေသည့် နောက်ဆုံးသော ကောက်ရိုးမျှင်က သူမမိဘများဆီ အမြင့်ဆုံးတန်ကြေးပေးသူထံ သူမကို ရောင်းချလိုက်သည်ကို ရှာဖွေတွေ့ရှိသွားသည့်အခါတွင် ဖြစ်၏။
အမှန်တရားကို သိပြီးသည့်နောက်တွင် ရှုကျင်းယောင်က ကမ္ဘာကြီးကို စိတ်ပျက်လာပြီး သူမနှင့် နီးကပ်သူအားလုံးကို မယုံကြည်နိုင်တော့ပေ။ သူမက အိမ်မှ ထွက်ပြေးလာပြီးနောက်တွင် သူမ မိဘများနှင့် ထပ်မတွေ့တော့ပေ။ သူမအမေ သေဆုံးသွားသည့်အခါတွင်ပင် အသုဘ၌ တက်ရောက်ခဲ့ခြင်း မရှိသလို စကားဖြင့်ပင် မေးမြန်းခဲ့ခြင်း မရှိပေ။ သူမ အဖေက သူမအမေကို ပြန်လည်အသက်သွင်းပေးဖို့ လာရောက်အကူအညီတောင်းသည့်အခါတွင်ပင် သူမက အေးစက်စက် ဆက်ဆံခဲ့သည်။
ကံကောင်းစွာဖြင့် ရှုကျင်းယောင်တွင် သူမကို ပြုစုပျိုးထောင်ပေးပြီး ကာကွယ်ပေးဖို့ ရွှင်းထုံ ရှိနေလေသည်။ သူမက မည်သို့ပင် လုပ်စေ၊ မည်သည့်စကားဖြင့်ပင် မောင်းထုတ်စေကာမူ သူမက သခင်မလေးကို ကာကွယ်ဖို့ သစ္စာရှိမှုကို အခိုင်အမာပြသခဲ့သည်။ ဤသည်က ရှုကျင်းယောင်၏ စိတ်နှလုံးသားကို အရည်ပျော်သွားစေပြီး လူများကို ပြန်လည်ယုံကြည်လာစေဖို့ လမ်းစ ဖြစ်လာစေသည်။
ရှုကျင်းယောင်က ငယ်စဉ်အခါကထက် ပိုမိုကောင်းမွန်နေပြီဖြစ်သော်လည်း ရှောင်ထျန်းတိက သူ့ဆရာသည် သူတို့၏ စိတ်နှလုံးသားကို အမှန်တကယ် ဖွင့်ဟပေးနိုင်သည်ကို လိုအပ်ကြောင်း သိထားလေ၏။ လျှို့ဝှက်ချက်၊ အတွေး၊ လှည့်ကွက်နှင့် အစီအစဉ်များစွာ ရှိနေသည့် ဝမ်ဝေ့လိုလူမျိုးက ရာနှုန်းပြည့် စိတ်ချရမည် မဟုတ်ပေ။
“ဆရာ အဆင်ပြေလို့ တော်သေးတာပေါ့။ ကျွန်တော် လှုံ့ဆော်မှုတချို့ ရလို့ သွားပြီး ကျင့်ကြံလိုက်ပါဦးမယ်”
“ကောင်းပြီလေ”
ရှောင်ထျန်းတိက ဆရာကို ဦးညွှတ်ပြီးသည့်နောက်တွင် အခန်းမှ ထွက်ခွာလာလိုက်သည်။
“သူက ဘာတွေဖြစ်နေတာလဲ” ရှုကျင်းယောင်က မေးလိုက်သည်။
ရွှင်းထုံ၏ မျက်ဝန်းအထက် အလင်းတစ်ချက်ဖြတ်ပြေးသွားလေ၏။
“သူက လတ်တလောလေး စိတ်ဖိစီးနေတာလေ။ အဲဒါကြောင့် နည်းနည်း သက်သက်သာသာဖြစ်ဖို့ လိုနေတာ”
“အဲ့လိုလား သူ့ကို သေချာစောင့်ကြည့်ထားဦး။ သူ့ရဲ့ အရင်ပုံစံဖြစ်သွားတာမျိုး မလိုချင်ဘူး”
“အဲ့လိုဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ ကျွန်မ စောင့်ကြည့်ထားပါမယ်”
ရှုကျင်းယောင်က ခေါင်းညိတ်လိုက်၏။
“တခြားတင်ပြစရာရှိသေးလား”
“ကိစ္စတစ်ခုရှိပါတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက ကျွန်မတို့ရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး သဘောတူတယ်လို့ တုံ့ပြန်လာတယ်။ ဒါပေမဲ့ အဲ့ဒီဆင့်ခေါ်ရေးအခမ်းအနားက သူတို့ထင်ထားတာထက် ရှုပ်ထွေးနေတယ်လေ။ အဲဒါဆိုတော့ သူတို့ရဲ့ ပြင်ဆင်မှုကို ပြီးမြောက်ဖို့ အချိန်တစ်ခုတော့ ကြာမြင့်လိမ့်မယ်” ရွှင်းထုံက တင်ပြလိုက်သည်။
“သူတို့က ငါတို့ကို ကူညီပေးချင်တာကိုက သတင်းကောင်းပဲ” ရှုကျင်းယောင်က ပြုံးလိုက်၏။
“ဟုတ်ပါတယ်” ရွှင်းထုံက သဘောတူလိုက်သည်။
“ဒုတိယကိစ္စနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်သုံးသန်းခန့်က ဖြစ်ပျက်လာသမျှ ကမ္ဘာ့အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ပါ”
………………………………………………..
ရှောင်ထျန်းတိက အခန်းအတွင်း ရောက်လာကာ ကောင်းကင်ကြီးကိုသာ တငေးတမောကြည့်နေမိသည်။
ငါ ဘာတွေလုပ်နေတာလဲ။ ငါက ဆရာကို ဘာလို့ ရုတ်တရက် ချစ်ကျွမ်းဝင်သွားရတာလဲ။ အော် ငါ သူမကို အမြဲတမ်းချစ်ခဲ့တာ ဖြစ်နေနိုင်တာပဲ…
သူက မလုံမလဲ ပြုံးလိုက်သည်။
ဘယ်လိုပဲဖြစ်လာလာ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီကိစ္စက ပြောင်းလဲမသွားဘူး။
ရှည်ကြာလာသည့် သက်တမ်းတစ်လျှောက် ကျင့်ကြံသူများက သူတို့၏ လက်တွဲဖော်များနှင့် ပတ်သက်ပြီး တင်းကြပ်သည့်စည်းမျဉ်းများနှင့် အဟန့်အတားများ မရှိကြတော့ပေ။ ထို့ကြောင့် သူတို့က ဆက်ဆံရေးကို တားမြစ်သည့် ဗုဒ္ဓဘာသာ၊ ဆရာတပည့်ဆက်ဆံရေးကို အလေးအနက် မှတ်ယူထားသည့် တာအိုဘာသာနှင့် လောကဝတ်တို့ကို အလေးထားသည့် စာပေအနုပညာကဏ္ဍတို့မှ လွဲလျှင် လူအများစုက လက်ထပ်ခြင်းကို ဂရုမစိုက်ကြပေ။ အနှစ်ချုပ်အားဖြင့် ထိုသို့သော ပေါင်းစည်းမှုမျိုးက ပုံမှန်ဖြစ်ကြ၏။
ဆရာတပည့်က အချိန်များစွာ ကုန်ဆုံးလာသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်စွာ သိထားလေသည်။ ထိုသိထားပြီးသည့်အချက်က သူ့ပါရမီအပြင် ကပ်ပါးများက ရှောင်ထျန်းတိအား သူ့ကို အမှိုက်သရိုက်အဖြစ် ပြောင်းလဲဖို့ ကြံစည်ခဲ့ရသည့် အကြောင်းအရင်းတစ်ခု ဖြစ်ပေသည်။
ထိုသို့သော ဆက်ဆံရေးမျိုး၌ လျှို့ဝှက်ဆက်ဆံရေးတချို့ရှိပြီး ပါဝင်ပတ်သက်သူများက မသေမျိုးအဆင့် ဆိုပါက လူအများက ပိုမိုလက်ခံကြလေသည်။
ပါဝင်ပတ်သက်သူတစ်ယောက်က သေမျိုးတစ်ယောက် ဖြစ်နေသည်ဆိုပါက သက်တမ်းနှင့် လုပ်ပိုင်ခွင့်ဆိုင်ရာ အနေအထားတို့ကို ထည့်သွင်းစဉ်းစားရလိမ့်မည်။ ထို့ကြောင့် လူများစွာက ထိုသို့ဆက်ဆံရေးမျိုးကို ရှုံ့ချ၏။
တကယ်တော့ ရှောင်ထျန်းတိလိုမျိုး ကိစ္စမျိုး၌ သူတို့က တူညီသည့် ကျင့်ကြံဆင့်အနေအထားသို့ ရောက်အောင် စောင့်ဆိုင်းပြီးသည့်နောက်တွင် လူအများထံ အသိပေးနိုင်သည်။
ငါ စိတ်ခံစားချက်တွေကို မျိုသိပ်ထားလိုက်ရမလား။ ဒါက အကောင်းဆုံးနည်းလမ်းပဲ။ ငါက သူမရဲ့ နာမည်နဲ့ဂုဏ်သိက္ခာကို အစွန်းအထင်း မဖြစ်စေချင်ဘူး…
ရှောင်ထျန်းတိက တွေးလိုက်သည်။
မဟုတ်သေးဘူး။ ငါ ဒီလိုသာဆိုရင် ငါ့ရဲ့ စိတ်အခြေအနေက သက်ရောက်ခံရလိမ့်မယ်။ သူမကို အမှန်အတိုင်းပြောပြီးတော့ အကျိုးဆက်ကို ရင်ဆိုင်လိုက်တာ အကောင်းဆုံးပဲ…
သူက သုံးသပ်လိုက်သည်။
ဒါပေမဲ့ သူမရဲ့ အစစ်အမှန်ကိုယ်နဲ့ မျက်နှာကို ရှာတွေ့ပြီးတဲ့အထိ စောင့်ဆိုင်းတာက အကောင်းဆုံးပဲ။ အဲဒီနည်းနဲ့ဆိုရင် ငါ့ရဲ့ ချစ်ခြင်းမေတ္တာက လေးနက်တယ်ဆိုတာ နားလည်သွားလိမ့်မယ်…
ရှောင်ထျန်းတိက ဆုံးဖြတ်ပြီးသည့်နောက်တွင် သူ့ပုခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။ အနာဂတ်က မည်သို့ဖြစ်နေမှန်း မသိသော်လည်း သူ့နှလုံးသားကမူ အေးချမ်းနေကြောင်း သိလိုက်ရသည်။