ဧကရာဇ်ခုံနှင့် တွေ့ဆုံခြင်း
Vol. 94 Ch. 1311
ဝမ်ဝေ့က နားလည်လိုက်သည်။ အင်အားစုအမြောက်အများက တပည့်များအား သူတို့၏ ကျင့်ကြံဆင့်ထက် မြင့်သည့်အရာများကို ပြောပြလေ့မရှိပေ။ သို့သော် သူကမူ သေမျိုးဘဝတွင် ရှိစဉ်အချိန်ကတည်းက ထူးကဲသာလွန်မှုနှင့် ပတ်သက်သည့် အရာများတွင် ပါဝင်ပတ်သက်နေပြီဖြစ်သည့်အတွက် ထူးကဲနေခြင်းသာ ဖြစ်၏။
“ကျောင်းတော်မှာ ခင်ဗျားရဲ့ ကဏ္ဍကရော” ဝမ်ဝေ့က ပတ်ဝန်းကျင်ကို လေ့လာရင်း မေးလိုက်သည်။
“ခင်ဗျားက ဆရာလား၊ ကျောင်းသားလား။ ရှုရှစ်နဲ့ လင်းဖန်ကရော”
“ကျုပ်က ပထမအဆင့်ဆရာပါ။ သူတို့ကတော့ အဆင့်မြင့်ကျောင်းသားတွေပေါ့” ပိုင်ဟန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
“ပထမအဆင့် ဆရာတဲ့လား။ အဲဒါဆိုတော့ ကောင်းကင်ဘုံက ဒုတိယအဆင့်ဖြစ်ပြီးတော့ စံပြက တတိယအဆင့်လား။ အတော်လေး ရည်မှန်းချက်ကြီးတာပဲ”
“ဒိုင်မေးရှင်းအနိမ့်ကနေ မြင့်တက်လာတဲ့ ဧကရာဇ်တွေက ရည်မှန်းချက်မရှိတဲ့သူဆိုပြီး ရှိပါ့မလား” ပိုင်ဟန်က ပြန်ဖြေလိုက်သည်။
“အဲဒါဟုတ်တာပဲ။ ဒါနဲ့ ကျောင်းသားနဲ့ ဆရာကြားက ကွာဟချက်ကရော” ဝမ်ဝေ့က မေးလိုက်သည်။
“ဆရာတွေရဲ့ ရည်ရွယ်ချက်က သင်ကြားပြသဖို့ပေါ့။ ကျောင်းသားတွေကတော့ ကျောင်းတော်ရဲ့ အကြီးအကဲ ဒါမှမဟုတ် အစောင့်အရှောက် ဖြစ်လာအောင် လေ့ကျင့်ပေးခံရတာ။ သူတို့တွေက ကာကွယ်သူတွေဖြစ်ပြီး အဓိကတိုက်ခိုက်ရေးအင်အားစုပဲ”
“အဲဒါဆိုတော့ ဆရာတွေက ကျောင်းတော်ရဲ့ အနာဂတ်ကြေးစားဖြစ်ပြီးတော့ ဆရာတွေက အနာဂတ်ကျောင်းအုပ်တွေလား” ဝမ်ဝေ့က ထူးထူးဆန်းဆန်းလေသံဖြင့် မေးလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ” ပိုင်ဟန်က ချက်ချင်းငြင်းဆန်လိုက်၏။
“အဖေရဲ့ စည်းမျဉ်းတွေအရဆိုရင် ကျောင်းသားတွေကလည်း ဆရာဖြစ်နိုင်သလို ဆရာတွေကလည်း ကျောင်းသား ပြန်ပြီးလုပ်လို့ရတယ်။ သူတို့ကိုပေးထားတဲ့ အရင်းအမြစ်တွေက အတူတူပဲလေ။ အဓိကကွာဟချက်က သူတို့ရဲ့ အာရုံစိုက်တဲ့ နယ်ပယ်ပဲ။ ကျောင်းသားတွေက တခြားသူတွေကို လေ့ကျင့်ပေးဖို့ ဒါမှမဟုတ် သင်ခန်းစာတွေကို ပို့ချဖို့မလိုဘဲ သူတို့ရဲ့ ကျင့်ကြံရေးကိုပဲ အာရုံစိုက်ထားနိုင်တယ်။ ဒါပေမဲ့ သူတို့က ကျောင်းတော်ကို အကျိုးပြုဖို့ တာဝန်တွေကို ထမ်းဆောင်နေရတယ်။ အဲဒီမှာ ဆရာတွေကကျတော့ တခြားသူတွေကို လေ့ကျင့်ပေးရတယ်။”
ဝမ်ဝေ့က ထိုစနစ်ကို နားလည်သွားလေသည်။ စာပေရေးရာက ကျောင်းသားများကို ပြုစုပျိုးထောင်ခြင်းဖြင့် စွမ်းအားကို မြှင့်တင်နိုင်လေသည်။
သူတို့ကျောင်းသားများက ထူးကဲသည့် အောင်မြင်မှုမျိုးရှိသရွေ့…
ပြောရမည်ဆိုလျှင် တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာပါက သူတို့သည် သူတို့၏ စွမ်းအားကို မြှင့်တင်ပြီး သူတို့ကျောင်းသား၏ အောင်မြင်မှုကို မည်မျှအကျိုးပြုခဲ့လဲအပေါ် မူတည်၍ တန်ပြန်သက်ရောက်မှုမျိုး လက်ခံရရှိလေ့ရှိသည်။ ပါရမီနည်းပါးသူအတွက် မဖြစ်နိုင်သော်လည်း ထူးချွန်ပြောင်မြောက်သည့် ဆရာကမူ စာပေရေးရာနည်းလမ်းကို အသုံးပြုပြီး တာအိုကို သက်သေပြနိုင်ကြသည်။ သူတို့က သူတို့ကျောင်းသား၏ အောင်မြင်မှုကို အကျိုးပြုပေးရမည်ဖြစ်သလို ကျောင်းသားများစွာကိုလည်း လေ့ကျင့်ပေးပြီး သူတို့၏ အောင်မြင်မှုထဲ လွှမ်းမိုးမှု ရရှိနိုင်လိမ့်မည်။
“အဲဒါဆိုတော့ ဆရာ ဖြစ်လာဖို့ လိုအပ်ချက်တွေရှိတယ်လား” ဝမ်ဝေ့က ပြောလိုက်သည်။
“ရှိတယ်။ နည်းနည်းပေါ့။ အဓိကအရေးကြီးဆုံးကတော့ ဆရာတွေအားလုံးက သမာသမတ်ချီကို ဖွဲ့စည်းနိုင်ရမယ်။ ဒါမှမဟုတ် အဲ့လိုမျိုးတူညီတဲ့ သက်ရောက်မှုမျိုးရှိတဲ့ အရန်နည်းစနစ်တစ်ခုကို ကျင့်ကြံရမယ်”
“ဒါက ဉာဏ်ရှိတဲ့အပြုအမူပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ သမာသမတ်ချီက စာပေရေးရာ ပညာရှင်များကို မွေးထုတ်ပေးနိုင်လေသည်။ သို့သော်လည်း ကျောင်းတော်က သင်ကြားရေးပိုင်းကို လျှောက်လှမ်းနေသည့်အတွက် သူတို့၏ ပါရမီများက ထိုကဏ္ဍဆီ ယိမ်းနေလေ၏။ ထို့ကြောင့် ကျောင်းတော်၏ ဆရာတစ်ယောက်က သူတို့၏ တပည့်များကို ကူညီပေးဖို့ အရည်အချင်းရှိသည်က ပုံမှန်သာဖြစ်ပေသည်။
နမူနာကောင်းတစ်ခုက လင်းဖန်၏ ဆရာဟောင်းတွင် သူ့တပည့်များအတွက် လေ့ကျင့်ရေးအစီအစဉ်များကို ဖန်တီးနိုင်သည့် စွမ်းရည်မျိုးရှိလေသည်။ ထို့အပြင် ပိုင်ဟန်၏ ဟောပြောပို့ချချင်းဟုခေါ်ဆိုသည့် စွမ်းရည်လည်း ရှိလေ၏။ ထိုအရာက သူ့ဟောပြောပို့ချချက်ကို နားထောင်ပြီးသည့်နောက်တွင် လူတစ်ယောက်၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။
ဝမ်ဝေ့က ပိုင်ဟန်နှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူက ဆရာများစွာသည် ပြင်ပသင်ခန်းစာ သင်ကြားပေးနေခြင်း၊ ကျောင်းသားများက တောအုပ်အတွင်း အမဲလိုက်ခြင်းနှင့် ကံအပြောင်းအလဲ အခွင့်အရေးများကို ရှာတွေ့နေခြင်းအား တွေ့လိုက်ရသည်။ သူက ဤကမ္ဘာအတွင်း လျှို့ဝှက်ဒိုင်မေးရှင်းများစွာကိုပင် သတိထားမိလိုက်ပြီး သူတို့က ကျောင်းတော်၏ လေ့ကျင့်ရေးလျှို့ဝှက်နယ်မြေများဖြစ်ကြောင်း သိလိုက်၏။
ဧကရာဇ်ခုံက ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ လျှို့ဝှက်နယ်မြေတစ်ခုတော့ ရှိမှာ သေချာတယ်။ ငါ သူ့ကို မေးကြည့်လိုက်ရမလား…
ဝမ်ဝေ့က တွေးလိုက်သည်။
ထားလိုက်ပါတော့။ ငါ့ဇနီးလေးက အကောင်းဆုံးထဲက အကောင်းဆုံးရှိလိမ့်မယ်…
သိပ်မကြာခင် သူတို့က ဤနေရာသို့ ရောက်ရှိလာလေ၏။ ထိုအရာက ဝေဟင်ထဲ မြောလွင့်နေသည့် မျှော်နန်းဆောင်တစ်ခုနှင့် ဆက်သွယ်ထားသည့် လမ်းတစ်ခုရှိသော လှပသာယာဖွယ် ရေကန်တစ်ခု ဖြစ်ပေသည်။
“ကြွပါ” ပိုင်ဟန်က လမ်းကို ညွှန်ပြကာ ပြောလိုက်သည်။ သူ့အပြုအမူက လောကဝတ်တို့ကို လိုက်နာသည့် ပညာသင်သားတစ်ယောက်သဖွယ် ဖြစ်နေလေ၏။
“ကျေးဇူးပါ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ထိုသို့သော ဓလေ့မျိုးကို ဂရုမစိုက်သော်လည်း သူက တခြားတစ်ယောက်နေရာတွင် ရောက်ရှိနေသည့်အတွက် လေးစားသမှု ပြရပေမည်။
ဧကရာဇ်ခုံက လက်နောက်ပစ်လျက် ရပ်နေပြီး သူ့နားတွင် စားပွဲငယ်တစ်လုံးနှင့် ထိုင်ငုံငယ် နှစ်လုံး ရှိနေသည်။ သူ့အနက်ရောင်ပညာရှင် ဝတ်ရုံက သူ့ဝိဇ္ဇာနှင့် တူနေသည့် မျက်နှာနှင့် လိုက်ဖက်ညီနေပြီး လူလတ်အရွယ် ဦးလေးကြီးကဲ့သို့ ဆွဲဆောင်မှုမျိုး ရှိလေသည်။
“တာအိုရောင်းရင်း အရင်တစ်ခေါက် တွေ့ဆုံမှုကို လွဲချော်ခဲ့ရတဲ့အတွက် ထပ်ပြီး တောင်းပန်ပါတယ်”
“အဲဒီအတွက် မလိုပါဘူး” ဧကရာဇ်ခုံက ပြုံးကာ ပြောလိုက်သည်။
“အရင်အခြေအနေတွေအရ ကျုပ်ကလည်း တွေ့ဆုံမှုကို ဖျက်သိမ်းပြီးလောက်ပါတယ်။”
ဧကရာဇ်ခုံက ထိုစကားများကို အားနာစွာပြောနေခြင်း မဟုတ်ပေ။ စံပြတစ်ယောက် သေဆုံးမှုက ကြီးမားသည့်ဖြစ်ရပ်တစ်ခုဖြစ်သည့်အတွက် သူ့အနေဖြင့် ဝမ်ဝေ့ဘက်ကသာ မဖျက်သိမ်းခဲ့လျှင် သူ့ဘက်က ဖျက်သိမ်းနိုင်ခြေ မြင့်မား၏။
“နားလည်ပေးတာ ကျေးဇူးပါ”
“ကြွပါ” ဧကရာဇ်ခုံက ပြောလိုက်ပြီး ဝမ်ဝေ့က ထိုင်ချလိုက်သည်။
“အဖန်ရည် သောက်မလား၊ သေရည်သောက်မလား”
ဝမ်ဝေ့၏ ခန္ဓာကိုယ်က တုံ့ဆိုင်းသွားလေသည်။ သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည့် ဧကရာဇ်ခုံက သတိထားမိကာ ပြောလိုက်သည်။
“တစ်ခုခုများ မှားနေလို့လား”
“ကျုပ်က တွေ့ဆုံမှုအများကြီး ကြုံခဲ့မိပေမဲ့ လူအများစုက သေရည်တိုက်တာ ရှားပါးတယ်ဆိုတာ သဘောပေါက်သွားလို့ပါ။ သူတို့က အဖန်ရည်ပဲ တိုက်ရိုက်ပေးလိုက်ကြတာ။ အခု စဉ်းစားကြည့်တော့မှ ကျုပ်လည်း အဖန်ရည်ပဲ တိုက်မိတာပဲ”
“တာအိုရောင်းရင်းက အဖန်ရည် မကြိုက်ဘူးလား” ခုံက မေးလိုက်သည်။ ထိုသို့မဖြစ်နိုင်ပေ။ သူက ဝမ်ဝေ့၏ အကြိုက်ဆုံးအဖန်ရည်မှာ လုံကြွယ်ဟုခေါ်ဆိုကြောင်း သတင်းအချက်အလက်ကို အမှတ်ရလိုက်၏။ အဖန်ရည် မကြိုက်သည့်သူများက အကြိုက်ဆုံးဟူ၍ ရှိနေမည် မဟုတ်ပေ။
“အဲ့လိုမဟုတ်ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ထိုအရာက သူ့ကို သဘောပေါက်သွားစေလေသည်။
“ကျုပ် သေရည်ပဲ သောက်ပါမယ်”
“ကောင်းပါပြီ” ဧကရာဇ်ခုံက လက်ကိုဝှေ့ပြီးသည့်နောက်တွင် ခရမ်းရောင်အရည် ပါသည့် သေရည်နှစ်ခွက်ကို ဖော်ထုတ်လိုက်သည်။
“ဒါက ထာဝရအိပ်မက်သေရည်လို့ ခေါ်တယ်။ မြည်းစမ်းကြည့်ပါဦး”
ဝမ်ဝေ့က သေရည်ကို တစ်ငုံသောက်သုံးကြည့်လိုက်သည်။ သူ့အကြည့်များက တောက်ပလာလေ၏။ ရနံ့ကလည်း အတော်လေး ကောင်းမွန်လှသည်။ သူက တစ်ငုံသောက်ပြီးသည့်နောက်တွင် မျက်လုံးကို အသာမှိတ်လိုက်၏။ သူ့စိတ်က မိန်းမလှတစ်ဦး ကခုန်နေသည်ကို မြင်လိုက်ရလေသည်။ ထို့အပြင် အနီရောင်ပိုးသားစတို့ဖြင့် ကာထားသည့်အတွက် သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို မမြင်ရအောင် တားဆီးထားလေ၏။ သို့သော် သူမ၏ ပုံရိပ်က စကားဖြင့် ဖော်ပြလို့မရအောင် အတော်လေး ဆွဲဆောင်မှုကောင်းလှသည်။ သူမ၏ ကခုန်မှုက ကောင်းကင်ဘုံမှ မသေမျိုးကဲ့သို့ ကြော့ရှင်းကာ လှပနေသည်။
သူက ထိုအမျိုးသမီးနောက် လိုက်ဖမ်းသော်လည်း သူ မည်သို့ပင်လုပ်စေကာမူ သူမကို မဖမ်းမိခဲ့ပေ။ ထိုစဉ် သူမ၏ ကခုန်မှုက ပိုမိုစနောက်သည့်ဟန်ပေါ်လာလေ၏။ ဝမ်ဝေ့က သိပ်မကြာခင် နောက်ဆုံးသော ပိုးသားအလွှာသို့ ရောက်ရှိသွားသည့်အချိန် ကခုန်မှုက အဆုံးသတ်သွားလေသည်။ သူက တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် မျက်နှာချင်းဆိုင်မှ ပုံရိပ်လေးကို ကြည့်နေရင်း အသံတစ်သံကို ကြားလိုက်ရသည်။
“လာလေ”
သူက အတားအဆီးကို ဖယ်ရှားပြီးသည့်နောက်တွင် နောက်ကွယ်မှ အလှလေးကို မြင်လိုက်ရသည်။ ထိုအရာက သူ့ဇနီးလေး၏ မျက်နှာ ဖြစ်၏။ သူမက သူ့ကို ပြုံးပြီးသည့်နောက်တွင် လေထဲမှ သူ့ကို အနမ်းတစ်ပွင့် ပေးလာခဲ့သည်။ ထို့နောက် ဝမ်ဝေ့က အိပ်မက်မှ မျက်လုံး ပြန်ဖွင့်လာ၏။
“တကယ်ကို သေရည်ကောင်းပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
ဧကရာဇ်ခုံက ရယ်မောလိုက်၏။
“တာအိုရောင်းရင်းက ဘယ်သူ့ကို မြင်လဲ။ မိန်းကလေးရှုကျင်းယောင်တော့ မဟုတ်ဘူးမလား”
“အဲဒါ ခင်ဗျားကို မေးရမှာ”
“ကျုပ်က ပျော်ရွှင်နေတဲ့ အိမ်ထောင်သည် တစ်ယောက်ပါ” ဧကရာဇ်ခုံက အလျင်အမြန် ပြန်ပြောလိုက်သည်။ သူ့ဇနီးဖြစ်သူက ရှုကျင်းယောင်နှင့် ဆက်ဆံရေးကို မကျေနပ်ပေ။ ထိုအရာက စီးပွားရေးဆန်ဆန် ဆက်ဆံရေးမျှသာ ဖြစ်၏။
သူက ဝမ်ဝေ့ဆီမှ သတင်းအချက်အလက်ကို မရနိုင်ကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် ထိုခေါင်းစဉ်ကို အဆုံးသတ်လိုက်သည်။
“ကျောင်းတော်ကို ဘယ်လိုထင်လဲ” ခုံက ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။
“အတော်လေး အံ့ဩဖို့ကောင်းပါတယ်” ဝမ်ဝေ့က အလေးအနက်ပြန်ဖြေလိုက်၏။
“ဒါက ခင်ဗျားရဲ့ ဂိုဏ်းနဲ့တော့ ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။” ဧကရာဇ်ခုံက ပြောလိုက်သည်။
“ကျုပ်လည်း မသိဘူး” ဝမ်ဝေ့က သေရည်တစ်ငုံ သောက်ရင်း ပြောလိုက်သည်။ သူက စကားပြောနေသည့်အတွက် ထိုအိပ်မက်ဆန်ဆန် သက်ရောက်မှုမျိုးကို ချက်ချင်း ဖယ်ရှားလိုက်သည်။
“ဒါပေမဲ့ ကျုပ် ဆိုလိုတာက ခင်ဗျားက အချိန်တိုအတွင်း ဒီလိုမျိုး အုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်ဆိုတော့ အတော်လေးကို အံ့ဩဖို့ကောင်းလှပါပြီ”
ဤခေတ်ကာလအတွင်း အင်အားစုတိုင်းက အားနည်းသွားသလို ဖျက်ဆီးခံလိုက်ရသော်လည်း ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ကမူ မြင့်တက်ကာ စည်ပင်ကြွယ်ဝလာသည်။ ဤသည်က ဧကရာဇ်ခုံ၏ စီစဉ်မှု၊ တွက်ချက်မှုနှင့် အခြေအနေနှင့် လိုက်လျောညီထွေနေနိုင်စွမ်းတို့ကြောင့် ဖြစ်၏။
ဧကရာဇ်ခုံက ပြုံးလိုက်သည်။ သူက ထိုအရာကို မပြသသော်လည်း သူ့အောင်မြင်မှုများနှင့် ပတ်သက်ပြီး အမှန်တကယ် ဂုဏ်ယူနေမိသည်။ သို့သော်လည်း သူတို့က လုံလောက်သည်နှင့် အလှမ်းဝေးနေသည့်အတွက် သူ့ကိုယ်သူ အစကတည်းက သတိပေးနေရသည်။
“ဒီမှာရှိနေတုန်း ကျေးဇူးတင်ရဦးမယ်”
“ဘာအတွက်လဲ”
“ရှုရှစ်၊ လင်းဖန်နဲ့ ဒိုင်မေးရှင်းအနိမ့်မှာ လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက်ပါ” ဧကရာဇ်ခုံက ရှင်းပြလိုက်သည်။
“ဒိုင်မေးရှင်းအနိမ့်ရဲ့ ဂိုဏ်းမြင့်တက်လာမှုက ကံကောင်းမှုကောင်းချီး အမြောက်အများကို ဆောင်ကြဉ်းပေးတယ်လေ။ ပြီးတော့ မင်းရဲ့ တည်ရှိမှုကလည်း ကျုပ်တို့ ကျောင်းတော်ကို ကယ်တင်ပေးခဲ့တာ”
“အိုး” ဝမ်ဝေ့က ပထမအပိုင်းကို နားလည်သွားသော်လည်း ဒုတိယအပိုင်းကိုမူ ဘာပြောနေမှန်း နားမလည်ပေ။
“အဲဒီလူတွေက ကျောင်းတော်ရဲ့ စည်ပင်ကြွယ်ဝမှုနဲ့ ပတ်သက်ပြီး မပျော်ရွှင်တော့ ဖိနှိပ်ဖို့ စီစဉ်နေကြတာလေ” ဧကရာဇ်ခုံက တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့ တည်ရှိမှုကြောင့် သူတို့က အာရုံများပြီးတော့ မေ့သွားကြတာ။ အဲဒီနောက်ပိုင်း ကျုပ် ဘာမှမလုပ်နိုင်ခင် ကမ္ဘာကြီးက ပြောင်းလဲသွားပြီးတော့ သူတို့က ရှေ့တန်း ရောက်သွားကြတယ်”
“ဒါက ခင်ဗျားရဲ့ ကောင်းမွန်တဲ့ ကံကြမ္မာရဲ့ သဏ္ဌာန်ပြမှုပါပဲ” ဝမ်ဝေ့က ထိုက်တန်သည့်အရာ သူ မလုပ်ခဲ့ရသည့်အတွက် ချီးကျူးမှုကို ခံယူနေမည် မဟုတ်ပေ။
“တကယ်လို့ ခင်ဗျားက ဒီကံကျေးဇူးကြွေးကို လက်မခံရင်တောင် တခြားသူတွေအတွက်တော့ ပြန်လည်ပေးဆပ်ရဦးမှာပါပဲ” ဧကရာဇ်ခုံက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ ရှုရှစ်နှင့် လင်းဖန်တို့က သူ့ကျောင်းတော်၏ အခြေခံအုတ်မြစ် ဖြစ်လာကြသည့်အတွက် ဝမ်ဝေ့ သူတို့ကို ပေးခဲ့သည့် အထောက်အပံ့က နက်နဲသည့် ကံကြွေးတစ်ခု ဖြစ်တည်လာသည်။ ခုံက ကံတာအိုကျွမ်းကျင်သူတစ်ယောက်ထံ ကံကြွေးပြန်လည်မပေးဆပ်သည့် ဆိုးကျိုးကို နားလည်ထားလေ၏။ သူက ကျောင်းတော်၏ ကံကောင်းမှုအပေါ် သက်ရောက်မှုဖြစ်သည့်အရာကို မဖြစ်စေလိုသည့်အတွက် ဝမ်ဝေ့က ဘာမှမပြောလျှင်ပင် သို့မဟုတ် အသိအမှတ်မပြုလျှင်ပင် သူ့အနေဖြင့် ကျေးဇူးကြွေးပြန်ဆပ်ဖို့ နည်းလမ်းရှာရမည်။
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။