← Chapters

စမ်းသပ်ချက် ၈၁ချက်

Vol. 94 Ch. 1313

စမ်းသပ်ချက် ၈၁ချက်

Vol. 94 Ch. 1313

ဝမ်ဝေ့က ထိုသို့ပြောလိုက်သော်လည်း ဧကရာဇ်ခုံက တိတ်ဆိတ်နေလေသည်။ အခြေအနေက မြင်ရသည်ထက် ပိုမိုရှုပ်ထွေးနေ၏။ သူ့ကျောင်းတော်က ကပ်ပါးများနှင့် ပတ်သက်နေသည့်အတွက် သူ့ဆုံးဖြတ်ချက်ကို သေချာချမှတ်ဖို့ လိုအပ်နေသည်။ ထို့အပြင် သူက သူ့အနားတွင် ရှိနေသည့်သူကိုလည်း သတိကြီးကြီး ထားထားရ၏။ အကယ်၍ သူသာ ဂရုမစိုက်ပါက ဝမ်ဝေ့သည် သူ့ကို ရောင်းစားပြီး ပိုက်ဆံပါ ကူရေခိုင်းလိမ့်မည်။

“ဒါကို သေသေချာချာ စဉ်းစားကြည့်ရမယ်” ဧကရာဇ်ခုံက ပြန်ဖြေလိုက်သည်။

စိတ်ခုစရာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ဧကရာဇ်ခုံ၏ နောက်ထပ်အကျင့်စရိုက်တစ်ခုသည် အင်မတန် သတိကြီးကြီးထားလွန်းကြောင်း သဘောပေါက်သွားလေ၏။ သူက အကြောင်းအရင်းကို နားလည်လေသည်။ ပြောရမည်ဆိုလျှင် ထိုသူက ကပ်ပါးများနှင့် မျှခြေကို ထိန်းထားရင်း တော်လှန်ရေးဖက်ကို တိတ်တဆိတ် ကူညီပေးခဲ့သည့် အန္တရာယ်များသော ကစားပွဲကို ကစားနေခဲ့သည် မဟုတ်ပါလော။ အကယ်၍ လှုပ်ရှားမှုတစ်ခု မှားယွင်းသွားပါက ဧကရာဇ်ခုံ တည်ဆောက်ထားသမျှ အရာအားလုံးက ချက်ချင်းဆိုသလို ပျက်စီးသွားလိမ့်မည်။

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့မျက်ဝန်းတို့က နက်နဲလာသည်။

“အဆုံးမဲ့ စမ်းသပ်ချက်ခေတ်ကာလဆိုတာ ကြားဖူးလား”

“ကြားဖူးတယ်။ အဲဒါက ရွှေရောင်ခေတ်ကာလမတိုင်ခင်က ခေတ်ကာလပဲ” ဧကရာဇ်ခုံက ပြန်ဖြေလိုက်သည်။ အချိန်စားသုံးသူက ထိုကပ်ပါး၏ သမိုင်းကြောင်းကို ရှင်းထုတ်လုမတတ်ဖြစ်ခဲ့ကာ သူက သူ့အချိန်စိတ်ဝိညာဉ်ကိုပင် အသုံးပြုပြီး တစ်ယောက်ယောက် အတိတ်ကို ပြန်လည်ချောင်းကြည့်ခြင်းမှ ကာကွယ်ဖို့ အချိန်မြစ်ကြောင်းကို ပိတ်ဆို့ခဲ့သည်။ ထိုသို့သော နည်းလမ်းမျိုးက ထိပ်တန်းမျိုးနွယ်များအတွက် သက်ရောက်မှု မဖြစ်စေသော်လည်း ကျန်အားလုံးနှင့် အရာအားလုံးကိုမူ အနှောင့်အယှက် ဖြစ်စေသည်။

“အဲဒီခေတ်ကာလက ကျုပ်တို့ကမ္ဘာရဲ့ ဗလာခေတ်ကာလပုံစံပဲလို့ ကြားဖူးတယ်။ အဖွဲ့အစည်းတစ်ခုလုံးက ပြန်လည်အစပြုရတာပေါ့” ဧကရာဇ်ခုံက ထပ်ပြောလိုက်သည်။ သူက အချိန်နှင့် အားစိုက်ထုတ်မှုများစွာကို အသုံးပြုခဲ့ရပြီး ရှုကျင်းယောင်၏ အကူအညီဖြင့် သူသည် ကမ္ဘာ၏ သမိုင်းကြောင်းအကြောင်း သိလာခဲ့သည်။ သို့သော်လည်း ဧကရာဇ်ခုံ၏ အားစိုက်ထုတ်မှုက ရွှေရောင်ခေတ်ကာလမျှသာ ဖြစ်ပြီး ယခင်ကိစ္စများကိုမူ အနည်းငယ်သာ သိထားလေ၏။

“ဉာဏ်ရှိတဲ့ သက်ရှိအားလုံးမှာ တူညီတဲ့ အရာတစ်ခု ရှိတယ်။ အဲဒါက ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအင်ဆန္ဒပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘယ်အရာကမှ ဒီအချက်ကနေ မလွတ်မြောက်နိုင်ဘူး။ မဟာတာအိုလည်း အပါအဝင်ပဲ”

သူက အဖန်ရည်တစ်ငုံ သောက်သုံးလိုက်သည်။

ဧကရာဇ်ခုံက လက်ဝှေ့ကာ ပြန်လည်ဖြေလိုက်၏။ သူ့အနေဖြင့် အဖန်ရည်အိုးကို အသုံးပြုသင့်သောကြောင့် လောကဝတ်ချိုးဖောက်သလို ဖြစ်နေသည်။

သို့သော်လည်း သူက ထိုအရာကို ဂရုမစိုက်ပေ။ ဝမ်ဝေ့က သတင်းအချက်အလက်တချို့ကို ထပ်မံထုတ်ဖော်တော့မည်ဟု ခံစားချက်မျိုး ရရှိနေလေ၏။

“ကောင်းကင်တာအိုက တိုးတက်စေချင်လို့ အဲဒီခေတ်ကာလမှာ ဒီလိုဖြစ်ပျက်သွားတာပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒိုင်မေးရှင်းအနိမ့်မှာ ကျုပ်မျိုးဆက်အတွင်း ကောင်းကင်တာအိုက ခင်ဗျားသားရဲ့ ခေတ်ကာလအချိန်ကို ကျော်ပြီးတော့ ကျုပ်ခေတ်ကာလရဲ့ မျိုးဆက်မှာ ကံကောင်းမှုနဲ့ ကောင်းချီးတွေအကုန်လုံးကို ဆောင်ကြဉ်းပေးခဲ့ပြီးတော့ စည်ပင်ကြွယ်ဝတဲ့ ခေတ်ကာလကို ဖန်တီးခဲ့တယ်။ အစစ်အမှန်ကောင်းကင်တာအိုက အဲဒီထက်ပြင်းထန်တာ ပိုပြီးလုပ်နိုင်သေးတယ်။ စမ်းသပ်ချက် ၈၁ ချက်”

“စမ်းသပ်ချက် ၈၁ချက်”

ဝမ်ဝေ့က အကြည့်များ တောက်ပကာ ရေရွတ်လိုက်သည်။

“စမ်းသပ်ချက်တစ်ခုချင်းစီမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက စစ်ပွဲနဲ့ ကပ်ဘေးတွေ အများကြီး တွေ့ကြုံရတယ်။ သူတို့အောင်အောင်မြင်မြင် ဖြတ်သန်းပြီးတဲ့အချိန်တိုင်း လူမှုအဖွဲ့အစည်းက တဖန်ပြန်လည်တည်ဆောက်ပြီးတော့ ကမ္ဘာရဲ့ ကံကောင်းမှုကလည်း အထွတ်အထိပ်ကို ရောက်ရှိလာတယ်”

ဧကရာဇ်ခုံက သေရည်သောက်ရင်း သေသေချာချာ စောင့်နေလေသည်။ သူက ဝမ်ဝေ့ ပြောသည့်အရာများကို သူ့တွင်ရှိသည့် သတင်းအချက်အလက်များဖြင့် နှိုင်းယှဉ်ကြည့်ပြီး ထိုသူက အမှန်အတိုင်းပြောနေတာလား၊ သူ့ရည်ရွယ်ချက်က ဘာလဲဟု ကောက်ချက်ချနေသည်။

“နောက်ဆုံးစမ်းသပ်ချက်က ဘာလဲဆိုတာ သိလား” ဝမ်ဝေ့က မေးလိုက်သည်။

ဧကရာဇ်ခုံက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်၏။

“ပင်ကို-ဟော်သဲ့စစ်ပွဲ”

“ခင်ဗျား အဲ့လိုတွေးနေပေမဲ့ မဟုတ်ဘူး” ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

“အဲဒီစစ်ပွဲက ၈၀ကြိမ်မြောက် စမ်းသပ်ချက်ပဲ။ ပြီးတော့ အဲဒီခေတ်ကာလကို အဆုံးသတ်ခဲ့တာ။ အဲဒီနောက် လူသားမျိုးနွယ်က မိုးမြေရဲ့ ဇာတ်လိုက်ဖြစ်လာပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကလည်း ဟော်သဲ့သက်ရှိတွေ အုပ်စိုးတဲ့ကမ္ဘာအများစုထဲက တစ်ခုဖြစ်လာခဲ့တယ်။ ပြောရမယ်ဆိုရင် ကမ္ဘာက မကောင်းဆိုးဝါးနတ်ဘုရား၊ စံပြနဲ့ ကောင်းကင်ယွမ်ထီတွေကြားက ထာဝရတိုက်ပွဲထဲက နေရာကို ဆုံးဖြတ်ပေးလိုက်တယ်လို့ ပြောရမယ်”

ဝမ်ဝေ့က လည်ချောင်းကို စွတ်စိုစေလိုက်သည်။

“စစ်ပွဲပြီးတဲ့နောက်မှာ ကမ္ဘာရဲ့ ကံကောင်းမှုက အံ့မခန်းကို မြင့်တက်သွားပြီးတော့ ရွှေရောင်ခေတ်ကာလထဲ ရောက်ရှိသွားတယ်။ အရင်ခေတ်ကာလတွေတုန်းက စံပြအရေအတွက်က ဂဏန်းသုံးခုထက် လျော့နည်းခဲ့တယ်။ ဒါပေမဲ့ ရွှေရောင်ခေတ်ကာလ အထွတ်အထိပ်မှာဆိုရင် အာဏာရှင်အားလုံးမှာ စံပြအနည်းဆုံး ရာချီ ရှိကြတယ်။ တချို့ဆိုရင် ထောင်ချီပြီးတော့တောင် ရှိတယ်။”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက ကောင်းကင်တာအိုကို ချီးကျူးလို၏။ ထိုအရာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ယေဘုယျအင်အားနှင့် စွမ်းအားကို သိသိသာသာ တိုးတက်စေမည့် ထိုစမ်းသပ်ချက်နည်းလမ်းကို အသုံးပြုဖို့ စွန့်စားခြင်း ဖြစ်သည်။ သို့သော်လည်း ၈၁ကြိမ် စမ်းသပ်ချက်များက မည်မျှပင် စွန့်စားလိုက်ရမည်နည်း။

အကယ်၍ တစ်ခုခုက မှားယွင်းသွားပြီး ကမ္ဘာ၏ ကျင့်ကြံရေးလူမှုအဖွဲ့အစည်းက ပျက်စီးသွားကာ ပြန်လည်စတင်ရလိမ့်မည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ထိုဆုံးရှုံးမှုမှ ကာမိစေဖို့ ခေတ်ကာလများစွာ ကုန်ဆုံးခဲ့ရလိမ့်မည်။

“ရွှေရောင်ခေတ်ကာလထဲမှာ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်တွေ မြင့်တက်လာတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“နမူနာအနေနဲ့ဆိုရင် ကျုပ်ဘိုးဘေးချီယွမ်ပေါ့။ သူက ပထမမူလစစ်ပွဲကို စပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာကို ဒိုင်မေးရှင်းအနိမ့်ရဲ့ ကံကြမ္မာဗဟိုချက်အဖြစ် ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ဒါကပဲ အဲဒီစစ်ပွဲရဲ့ တစ်ခုတည်းသော သက်ရောက်မှုလား။ ဘယ်ဟုတ်ပါ့မလဲ။ ကမ္ဘာရဲ့ ကံကောင်းမှုဗဟိုက ဒိုင်မေးရှင်းအမြင့်ကနေ ဒိုင်မေးရှင်းအနိမ့်ကသူတွေဆီကို ပြောင်းလဲသွားခဲ့တယ်။”

တခြားအသိုင်းအဝိုင်းမှ လူများက ချီယွမ်အား သူ့မွေးရပ်မြေဆီ ကောင်းချီးပေးမည့်ကိစ္စကို မည်သို့ခွင့်ပြုနိုင်မည်နည်း။

ပထမမူလစစ်ပွဲက ထိုသူများသည် အတူတကွပေါင်းစည်းပြီး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် အင်ပါယာကမ္ဘာမှ တခြားသူများကို နှိမ်နင်းခြင်းဖြင့် အဆုံးသတ်သွားသင့်ပေသည်။ သို့သော်လည်း ထိုသို့ဖြစ်ပျက်မလာခဲ့ပေ။

ရှင်းပြချက်ကမူ ချီယွမ်သည် တခြားကမ္ဘာ့အသိုက်အဝန်းမှ လူများစွာကို ပူးပေါင်းဖို့ ဖျောင်းဖျခဲ့သည်။ ဆုလာဘ်ကမူ ဝမ်ဝေ့ပြောခဲ့သည့်အတိုင်း ကံကြမ္မာရွှေ့ပြောင်းရေး ဖြစ်၏။ စစ်ပွဲအပြီးတွင် ဒိုင်မေးရှင်းအနိမ့်မှ လူများစွာက ကြီးထွားလာကာ သူတို့သည် ဒိုင်မေးရှင်းအမြင့်ရှိ လွှမ်းမိုးနိုင်သည့် အင်အားစုတစ်ခု ဖြစ်လာကြသည်။

“ပထမစစ်ပွဲက ဒုတိယမူလစစ်ပွဲအတွက် ပြင်ဆင်နေတာလို့ ထင်တယ်” ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက ထိုကိစ္စအတွက် သက်သေ မရှိသေးသော်လည်း သမိုင်းအကြောင်းအရာများကို လေ့လာပြီးသည့်နောက်တွင် ကောက်ချက်ချခြင်း ဖြစ်၏။

“နောက်ထပ် ထူးကဲတဲ့ ပါရမီရှင်တစ်ယောက်က ဧကရီဝူပေါ့။ သူမရဲ့ အခြေအနေကတော့ ခင်ဗျားနဲ့ သက်ဆိုင်နေတယ်” ဝမ်ဝေ့က ပြောပြီး သူ့ကို ကြည့်လိုက်သည်။

“တာအိုရောင်းရင်းက ဘာကို ဆိုလိုတာလဲ” ဧကရာဇ်ခုံက မေးလိုက်၏။

“ရွှေရောင်ခေတ်ကာလအတွင်း အဓိကဖြစ်ရပ်တွေ ဖြစ်သွားတယ်။ ဒါပေမဲ့ အကြီးမားဆုံးက မိစ္ဆာကပ်ဘေးပဲ။ အဲဒါက ၈၁ကြိမ်မြောက်နဲ့ နောက်ဆုံး စမ်းသပ်ချက်ပဲ”

ဧကရာဇ်ခုံက မျက်မှောင်ကြုတ်လိုက်သည်။

“ကောင်းကင်တာအိုက အဲဒီကပ်ဘေးအတွက် အားလုံးကို ထုတ်ပြီးတော့ သုံးခဲ့တာ။ ပြောရမယ်ဆိုရင် စမ်းသပ်ချက်ကို စံပြတစ်ယောက်အနေအထားထက် ကျော်လွန်အောင် တွန်းပို့ပြီးတော့ နည်းနည်းတောင် မဆင်မခြင်ပြုမူခဲ့သေးတယ်”

ဧကရာဇ်ခုံက မိစ္ဆာဘိုးဘေးအကြောင်း ကြားဖူးသည့် ကောလဟာလတချို့ကို ချက်ချင်း အမှတ်ရသွားကာ ပိုမိုမျက်မှောင်ကြုတ်မိသွားသည်။

“ကောင်းကင်တာအိုရဲ့ စွန့်စားမှုက ပြန်ပြီးတော့ ရလာတာပေါ့။ ရွှေရောင်ခေတ်ကာလက နောက်ဆုံးစမ်းသပ်ချက်ကို ရှင်သန်ပြီးတော့ ကမ္ဘာရဲ့ ကံကောင်းမှုကလည်း နောက်ထပ် မယုံကြည်နိုင်ဖွယ် အနေအထားတစ်ခုကို ရောက်ရှိသွားတယ်လေ။ ချီယွမ်က အဲဒီအခွင့်အရေးကို ယူပြီး ဒုတိယမူလစစ်ပွဲကို စခဲ့တာ။ သူက ဟွင်သွမ်းစကြဝဠာကြီးဆီ ထူးကဲသာလွန်မှုလမ်းစဉ်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်ခဲ့ပြီးတော့ အဆုံးမဲ့ တက်လှမ်းခြင်းကမ္ဘာကို စကြဝဠာရဲ့ ကံကြမ္မာဗဟိုချက် တစ်ပိုင်းအဖြစ် သတ်မှတ်ပေးခဲ့တယ်”

ဧကရာဇ်ခုံက မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါက ဧကရီဝူနဲ့ ကျုပ်တို့နဲ့ ဘာများဆိုင်လဲ”

“ဟုတ်တာပေါ့။ ကျုပ် ကြိုပြီး ပြောမိသွားတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“မိစ္ဆာခေတ်ကပ်ဘေးဆုံးခါနီးမှာ အာဏာရှင် ၁၃ယောက်ရဲ့ အဆင့်အတန်းက သိသာပြီးသားပဲ။ အသင်္ချေဂိုဏ်းမဟာမိတ်၊ တာအိုအခွင့်အလမ်းဂိုဏ်း၊ အသင်္ချေမျိုးနွယ်အဖွဲ့အစည်း၊ အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမ၊ တောက် အစပြုခြင်းနန်းဆောင်၊ ဗုဒ္ဓတစ်သောင်းချိုင့်ဝှမ်း၊ မဟာချင်ခုံရုံး၊ ယွမ်ထီမူလဗိမာန်၊ မျိုးနွယ်အထွတ်အမြတ်တောင်တန်း၊ ဓားလမ်းစဉ်မျိုးနွယ်၊ အရည်အချင်းတာအိုအဖွဲ့အစည်းနဲ့ အံ့ဖွယ်ယုံကြည်မှုဘုံတို့ပဲ။ ကျုပ် လိုတာများ ရှိလား”

“မူလစည်းတံဆိပ် ကုန်းမြေ” ဧကရာဇ်ခုံက တည်ငြိမ်စွာ ပြောလိုက်သည်။

“စကားပုံရှိတယ်မလား။ ကိုးခုက အဆုံးစွန်ဖြစ်ပြီးတော့ ၁၂ခုက ပြီးပြည့်စုံမှု၊ ၁၃ခုဆိုတာကတော့ ထူးကဲသာလွန်မှုပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“အားလုံးက ထိပ်တန်းမျိုးနွယ်အတွက် နောက်ဆုံးနေရာတစ်ခု ရှိနေတယ်ဆိုတာကို သိကြတယ်။ ခင်ဗျားလည်း ခန့်မှန်းမိမှာပါ။ အဲဒီကံကြမ္မာက ဧကရီဝူဆီကို ကျရောက်သွားတယ်။ ပြိုင်ဘက်ကင်းပါရမီနဲ့ သူမက မူလစည်းတံဆိပ်ကုန်းမြေကို တည်ဆောက်ပြီးတော့ နောက်ဆုံးအာဏာရှင် တစ်ယောက်ဖြစ်လာခဲ့တယ်”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“သူမက အံ့အားသင့်ဖို့ကောင်းတဲ့ အမျိုးသမီးမလား။ သူမက တိုက်ခိုက်ရေးအရဆိုရင် ရှေးဦးစံပြတွေအားလုံးထဲမှာ အားအကောင်းဆုံးလို့တောင် သတ်မှတ်လို့ ရတယ်။ ဒါပေမဲ့ သူမရဲ့ မျိုးဆက်က အကန့်အသတ်လဲလှယ်ရေးခန်းမထက် အနည်းငယ် ပိုကောင်းမွန်ရုံလောက်ပဲ။ အခြေခံအုတ်မြစ်အရဆိုရင် စံပြ၊ ကောင်းကင်ဘုံနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူအရေအတွက်နဲ့ဆိုရင် သူမက အားအနည်းဆုံးပဲ။ ခင်ဗျား အကြောင်းအရင်းကို ခန့်မှန်းမိတယ်မလား”

“သူမက အရမ်းကို ငယ်ပြီးတော့ သူမရဲ့ အုတ်မြစ်က အားအနည်းဆုံးပဲ” ဧကရာဇ်ခုံက သက်ပြင်းချကာ ပြောလိုက်သည်။

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“သူမရဲ့ မြင့်တက်လာမှုက ရွှေရောင်ခေတ်ကာလအလယ်ကနေ အဆုံးအတွင်းပဲ။ သူမက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းကောင်း အဲဒီအချက်က ပြောင်းလဲလို့ မရဘူး”

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အထူးသဖြင့် နေမင်းကို ဖြစ်၏။ ကောင်းကင်ယံတွင် လမင်းခုနစ်စင်းနှင့် နေမင်းနှစ်စင်းရှိခဲ့သော်လည်း ယခုအခါ တချို့က ပျောက်ကွယ်သွားပြီ ဖြစ်၏။

“ကောင်းကင်တာအိုက အရာအားလုံးကို စီစဉ်ထားပြီးသား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“သူက ချီယွမ်ရဲ့ နည်းလမ်းက ထူးကဲသာလွန်မှုတစ်ပိုင်းဖြစ်လာဖို့ တားမြစ်ထားတဲ့ ပြစ်ချက်ရှိနည်းလမ်းတွေကိုပဲ ဆင့်ခေါ်နိုင်တယ်ဆိုတာကိုလဲ သိတယ်။”

တားမြစ်ခံတဲ့လား။ ဘယ်သူက အဲဒီနည်းလမ်းတွေကို တားမြစ်ထားတာလဲ…

ဧကရာဇ်ခုံက တွေးလိုက်သည်။

သူက စိတ်နှလုံးသား တုန်ယင်သွားလေ၏။

ငါက ဘာလို့ အဲ့လောက်တောင် တုံးအနေတာလဲ။ မဟာတာအိုပဲ ဖြစ်မှာပေါ့။ အဲဒါကြောင့် အဲဒီဖြစ်ရပ်က အကြွင်းမဲ့တားမြစ်ချက် ဖြစ်နေတာလေ…

“ကောင်းကင်တာအိုက ရွှေရောင်မျိုးဆက်ကလူတွေက ဘယ်လောက်တောင် မာနကြီးလဲဆိုတာ သိတယ်။ အဲဒါကြောင့် သူတို့က ဒီလိုပြစ်ချက်ရှိနည်းလမ်းကို ဘယ်လိုလုပ် လက်ခံကြမှာလဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် လူတချို့ကို ရွေးချယ်ခဲ့တာ”

ဧကရာဇ်ခုံ၏ အမူအရာက အလေးအနက်ဖြစ်လာပြီး တောက်ပနေသည့် နေမင်းကို လှမ်းကြည့်လိုက်သည်။

“အဲဒီလူတွေက အစောင့်အရှောက်နဲ့ လမ်းရှာသူတွေ ဖြစ်သင့်တာ။ တခြားသူတွေက အကြွင်းမဲ့တားမြစ်ချက်က အပျက်အစီးတွေကို ပြန်လည်အားဖြည့်နေတုန်း သူတို့က ကမ္ဘာကို ကာကွယ်သင့်တာလေ။ အချိန်ကျရောက်လာတဲ့အခါမှာ အားလုံးက အတူတကွတွဲလုပ်ပြီးတော့ နည်းလမ်းကို ပြီးပြည့်စုံပြီး ခေတ်ကာလအသစ်ကို ဖွင့်လှစ်ရမှာ”

ဝမ်ဝေ့က အဓိပ္ပာယ်မရှိ လျှောက်ပြောနေခြင်း မဟုတ်ပေ။ မေတ္တယျက ရွှေရောင်ခေတ်ကာလ၏ အတောက်ပဆုံး ပါရမီရှင်တစ်ယောက်ဖြစ်ကာ ပင်မဗုဒ္ဓရာထူးကို တက်လှမ်းလာပြီး ဗုဒ္ဓတစ်သောင်းချိုင့်ဝှမ်းကို ထိန်းချုပ်ခဲ့ကာ ဗုဒ္ဓအင်အားစုအားလုံး၏ ဇစ်မြစ်နှင့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုသို့သော လူမျိုးက မည်သို့ မာနမကြီးဘဲ နေမည်နည်း။ ထိုသို့သော သူမျိုးက အားအနည်းဆုံး ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် အမျိုးအစားဖြစ်နေဖို့ မည်သို့လက်ခံနိုင်မည်နည်း။

ဝမ်ဝေ့က အန္တိမသဟဇာတနှင့် ပတ်သက်ပြီး မသိသော်လည်း သူ့အခြေအနေက အတူတူသာ ဖြစ်လိမ့်မည်။

“ဒီဇာတ်ကြောင်းက ဘယ်လိုဖြစ်သွားလဲဆိုတာ ခန့်မှန်းနိုင်တယ်မလား” သူက မေးလိုက်သည်။

“အစောင့်အရှောက်တွေက ကျူးကျော်သူတွေ ဖြစ်သွားတယ်” ဧကရာဇ်ခုံက သက်ပြင်းချလိုက်သည်။

“သူတို့က သူတို့ကိုယ်ပိုင်နဲ့ ကမ္ဘာရဲ့ ကံကြမ္မာကို ပြောင်းလဲပြီးတော့ ခေတ်ကာလရဲ့ တိုးတက်မှုကို ဖျက်ဆီးခဲ့တယ်။”

“ဖျက်ဆီးတာတဲ့လား။ ပြောရမယ်ဆိုရင်တော့ နှောင့်နှေးရုံလောက်ပါပဲ” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“ကောင်းကင်တာအိုက ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ ပြီးတော့ အချိန်အကြာကြီး စီစဉ်နေခဲ့တာ”

ဝမ်ဝေ့က ဝူဟုန်နှင့် ကျိန်စာသခင်ထံ ဖြစ်ပျက်သမျှအရာအားလုံးကို ကြားပြီးသည့်နောက်တွင် ကောင်းကင်တာအိုအကြောင်း သံသယရှိလာမိသည်။

“တကယ်လို့ ကျုပ် သုံးသပ်ချက်ကသာ မှန်မယ်ဆိုရင် ထူးကဲသာလွန်မှု အင်အားစုတချို့အတွက် စီစဉ်ထားလောက်ပြီ” သူက ဆက်ပြောလိုက်သည်။

“၁၃ခုတော့ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သုံးခုထက်တော့ ပိုမှာ”

သူက ဧကရာဇ်ခုံကို ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်က နောက်ဆုံးနေရာကို ခင်ဗျားဆီ အလောင်းအစား လုပ်ချင်တယ်”

ဧကရာဇ်ခုံက ထိုစကားဝိုင်းသည် မည်သည်ကို ဦးတည်နေမှန်း ခန့်မှန်းချက်တချို့ ရှိထားသော်လည်း ထိုစကားများကို ကြားပြီးသည့်နောက် သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာလေ၏။ သူက စိတ်ခံစားချက်များကို အကောင်းဆုံးထိန်းညှိဖို့ ကြိုးစားထားသော်လည်း ဤတစ်ကြိမ် မလွယ်ကူလှပေ။ ထို့ကြောင့် သူက သေရည်တစ်ငုံ သောက်ကာ သေရည်၏ သက်ရောက်မှုဖြင့် စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။

All Chapters