အခန်း (၈၇၇)
Vol. 59 Ch. 877
သေခြင်းနတ်ဘုရားကိုယ်ပွား ထံသို့ပျံသန်းနေသော ကျင်းထျန်းယုက ရှစ်ဖုန့်နှင့်အခြားသူများထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ ကျင်းထျန်းယု၏လက်ဝါး၌ များပြားသော မြင့်မြတ်အလင်းတို့ဝန်းရံနေပြီး အမှောင်စီရင်စုအတွင်းရှိ ရှစ်ဖုန့်နှင့် အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ဆယ့်နှစ်ဦးထံသို့ ဦးတည်သွားစေ၏။
မြင့်မြတ်အလင်းက အမှောင်ထုအားလုံးနှင့် အလင်း၏ ဆန္ဒအားဆန့်ကျင်သည့်အသက်အားလုံးကို ဝါးမျိုပစ်ချင်နေပုံရ၏။
“ဟမ့်”
ဤအချိန်တွင် ကောင်းကင်ထဲရှိ သေခြင်းနတ်ဘုရား၏အရိပ်က ရုတ်တရက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ခံ့ညားပြီး အေးစက်သောအသံတစ်ခုကထွက်ပေါ်လာသည်။
“ ဒီလိုနတ်ဘုရားစွမ်းအား အဆင့်လောက်နဲ့များ ဘယ်လိုတောင်ငါ့ရဲ့အမှောင်စီရင်စု နယ်မြေကို ကျူးကျော်ရဲတာလဲ”
သေခြင်းနတ်ဘုရား၏အရိပ်က နောက်ဆုံးအော်ပြောလိုက်သကဲ့သို့ ကျင်းထျန်းယုဖော်ထုတ်လိုက်သော အလင်းမှာလည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွား၏။အမှောင်ထုအတွင်းဝင်ရောက်သွားသည့် လွန်စွာများပြားသော မြင့်မြတ်အလင်းတို့မှာ ကြယ်များကဲ့သို့ အစက်ပြောက်အမှုန်လေးများဖြစ်သွား၏။
“ဒါက..ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..ငါ့ရဲ့နတ်ဘုရားစွမ်းအား”
ထိုအော်သံကြောင့် သူ၏အစွမ်းကုန်တိုက်ခိုက်မှုက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်ကိုတွေ့ရသောအခါတွင် ကျင်းထျန်းယု၏မျက်နှာထက်၌ လုံးဝမယုံကြည်နိုင်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
သူ၏နတ်ဘုရားစွမ်းအား..အလင်းနတ်ဘုရားကသူ့အားနှင်းအပ်ရန်အတွက်တန်ကြေးတစ်ခုအားပေးဆပ်ခဲ့ရသောသူ၏နတ်ဘုရား စွမ်းအားက ထိုလူ၏အော်သံကြောင့်တကယ်ကြီး အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ ဤကဲ့သို့ ရက်စက်လှသော လက်တွေ့အရှိတရားတစ်ခုကို ကျင်းထျန်းယုအနေဖြင့် မည်ကဲ့သို့လက်သင့်ခံနိုင်ပါမည်နည်း။
“ဟင့်အင်း..ငါဒါကိုမယုံဘူး.. ဒါက ကိုယ်ပွားအတုတစ်ခုသက်သက်သက်ပဲ.. နတ်ဘုရားကငါ့ကိုနှင်းအပ်ထားတဲ့စွမ်းအားထက်ဘယ်လိုလုပ်ပြီး ပိုသန်မာနိုင်မှာလဲ.. ငါဒါကိုမယုံဘူး.အလင်းနတ်ဘုရားဆိုတာ အံ့ချီးဖွယ်ပဲ…”
ကျင်းထျန်းယုကနောက်တစ်ကြိမ် မယုံကြည်နိုင်စွာဖြင့်အော်ဟစ်လိုက်သည်။သူကခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲရှိ ငွေရောင်တံစဉ်အားကိုင်ထားသော မှုန်ဝါးဝါးအရိပ်ထံသို့ကြည့်လိုက်၏။
ကျင်းထျန်းယုမှာ ဤအရာအား လက်သင့်မခံလိုသည်မှာသိသာပြီး သေခြင်းနတ်ဘုရား၏ကိုယ်ပွားအား သူ၏နတ်ဘုရားစွမ်းအားအလုံးစုံအသုံးပြု၍ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။
“ထျန်းယု .. စိတ်လိုက်မာန်ပါမလုပ်နဲ့.. မြန်မြန်ပြန်လာခဲ့”
အလင်းစီရင်စုဘက်မှ ကံတရားဧကရာဇ်ဝူချမ်ရွှယ်က ကျင်းထျန်းယုထံသို့ အလျှင်အမြန်အော်ပြောလိုက်သည်။
သူမကကံတရားကိုထိန်းချုပ်သူဖြစ်ပြီး ကျင်းထျန်းယုရှေ့သို့တက်သွားသောအခါတွင် ၎င်း၏ကံတရားသဲလွန်စကိုသူမဖမ်းဆုပ်မိလိုက်သည်။
“ဟမ့်”
ဤအချိန်တွင် မှုန်ဝါးဝါးအရိပ်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏လက်ထဲရှိ ငွေရောင်တံစဉ်အား တစ်ဟုန်ထိုးမော့၍ထိုးတက်လာသော ကျင်းထျန်းယုထံသို့ခုတ်ပိုင်းချလိုက်သည်။
သေခြင်းနတ်ဘုရား၏တံစဉ် ဖြတ်သန်းသွားသောနေရာတိုင်းတွင် ကောင်းကင်အာကာသဓာတ်အလွှာများက ရုတ်ခြည်းအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ရှည်လျားသော အက်ကွဲကြောင်းအဟတစ်ခု ဖြစ်ပေါ်လာသည်။ မကြာခင် ကျင်းထျန်းယုအားခုတ်ပိုင်းလုနီးပါးအထိနီးကပ်သွားသည်။
“အလင်းနတ်ဘုရားစွမ်းအား. မိစ္ဆာအားလုံးကိုသုတ်သင်ခြင်းစွမ်းအား..ချိုးဖျက်စမ်း”
ကျင်းထျန်းယုက ထပ်မံအော်ဟစ်လိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ မြင့်မြတ်အလင်းအားလုံးအား သူ၏လက်များအတွင်ဖွဲ့စည်းသိပ်သည်း စုစည်းလိုက်၏။ သူ၏လက်တို့၌ မြင့်မြတ်အလင်းနတ်ဘုရားဓားတစ်လက်ပေါ်လာသည်။
ကျင်းထျန်းယုက အလင်းနတ်ဘုရားဓားအား လက်နှစ်ဖက်ဖြင့်တင်းကျပ်စွာဆုပ်ကိုင်ပြီး သူ့ထံသို့ပျံသန်းလာနေသော သေခြင်းနတ်ဘုရား၏ကောက်ရိတ်တံစဉ်ထံသို့ ရုတ်ခြည်းခုတ်ပိုင်းလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ နတ်ဘုရားအလင်းဓားနှင့် သေခြင်းနတ်ဘုရား၏ကောက်ရိတ်တံစဉ်တို့က တစ်ခုနှင့်တစ်ခု ပြင်းထန်စွာထိပ်တိုက်တွေ့ဆုံပြီး မိုးချုန်းသံကဲ့သို့သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာစေသည်။ ထိပ်တိုက်တွေ့ဆုံသောနတ်ဘုရားစွမ်းအားနှစ်ခုကတစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပြီး နောက်တစ်ကြိမ် ဧရာမတွင်းနက်သကြီးတစ်ခုကို ဖန်တီးလာသည်။
“ဒါက..ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..နတ်ဘုရား. နတ်ဘုရားကကောင်းချီးပေးထားတဲ့ ငါ့စွမ်းအားက”
အလင်းဧကရာဇ်ကျင်းထျန်းယုမှာ ဧရာမအနက်ရောင်တွင်းကြီး၏ အလယ်ဗဟို၌ရှိနေသည်။ သူ၏မျက်နှာထက်တွင် လက်သင့်မခံနိုင်မှု၊မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေပြီးသူ၏လက်တို့ထံတုံဏှိဘာဝေ စိုက်ကြည့်နေသည်။
သေခြင်းနတ်ဘုရားကောက်ရိတ်တံစဉ်၏စွမ်းအားအောက်တွင် သူ၏ နတ်ဘုရားအလင်းတို့ဖြင့်ဖွဲ့စည်းထားသော နတ်ဘုရားအလင်းဓားက သူ၏လက်တို့အတွင်းအစိတ်စိတ်အမွှာမွှာပြိုကွဲသွားသည်။
ကျင်းထျန်းယု၏ နတ်ဘုရားအလင်းဓားအား ဖျက်ဆီးပြီးနောက် သေခြင်းနတ်ဘုရား၏ကောက်ရိတ်တံစဉ်က ကျင်းထျန်းယု၏လည်ပင်းကိုဆက်လက်ခုတ်ပိုင်းလိုက်သည်။
ရုတ်ခြည်း မယုံကြည်နိုင်မှု၊လက်သင့်မခံနိုင်မှုတို့ဖြင့်ပြည့်နှက်နေသောကျင်းထျန်းယု၏ခေါင်းက ကောင်းကင်ထဲသို့လွင့်ထွက်သွားသည်။ သေခြင်းနတ်ဘုရားကောက်ရိတ်တံစဉ်၏ စွမ်းအားအောက်တွင်ကျင်းထျန်းယု ခေါင်းနှင့်ခန္ဓာ အိုးစားကွဲသွားသည်။
“မဟုတ်ဘူး..ထျန်းယု”
“ထျန်းယု”
“ကြီးမြတ်သောဧကရာဇ်”
အလင်းစီရင်စုဘက်ခြမ်းတွင် ဤမြင်ကွင်းအား မြင်တွေ့လိုက်ရသော အလင်းစီရင်စုစစ်တပ်ကြီးထံမှ ဝမ်းနည်းကြေကွဲစွာ ဟစ်အော်သံများအစီအရီထွက်လာသည်။
ဤအချိန်တွင် အမှောင်နယ်မြေဘက်ခြမ်း၌ရှိနေသော ရှစ်ဖုန့်ကသူ၏ ငရဲဘုံကိုးခု ပညာရပ်ကို ချက်ချင်းအသက်သွင်းလိုက်သည်။ သူ၏လက်တို့အား လက်သည်းအဖြစ်ပြောင်းလဲပြီး ကျင်းထျန်းယု၏ကိုယ်အားစုပ်ယူလိုက်၏။
သို့သော် အနက်ရောင်တွင်းကြီး၏ အားကောင်းသောစုပ်ယူအားအောက်တွင် ရှစ်ဖုန့်လက်သည်းမှ လှည့်ပတ်လိုသောစုပ်ယူအားကကျင်းထျန်းယု၏ကိုယ်အား စုပ်မယူခင်အရင် ကျင်းထျန်းယု၏ခေါင်းနှင့်ကိုယ်က ဧရာမအနက်ရောင်တွင်းကြီးအတွင်းစုပ်ယူခံလိုက်ရပြီး ဘာမှန်းမသိနိုင်သောအာကာသ အတွင်းကျဆင်းသွားသည်။
ထို့နောက် ကျင်းထျန်းယု၏ကိုယ်နှင့်ယှဉ်တွဲသွားသော ဧရာမအနက်ရောင်တွင်းကြီးက တစ်ဟုန်ထိုးပြန်လည်ပိတ်လာသည်။
“နှမြောစရာပဲ”
တွင်းနက်အတွင်း မှေးမှိန်ပျောက်ကွယ်သွားသော ကျင်းထျန်းယု၏ကိုယ်အားကြည့်ရင်း ရှစ်ဖုန့်ကခေါင်းခါ၍သက်ပြင်းချလိုက်သည်။ ရှစ်ဖုန့်အနေဖြင့် ခြေတစ်လှမ်းနောက်ကျသွားပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ သွေးနှင့် ဝိညာဉ်တို့ကိုဆုံးရှုံးလိုက်ရသည်။
၎င်းကနှမြောစရာကောင်းသော်လည်း ယင်းကကံကောင်းမှုတစ်ခုလည်းဖြစ်သည်။ ကျင်းထျန်းယုကသေသွားခဲ့ပြီဖြစ်၏။ ဤတစ်ကြိမ် သေရေးရှင်ရေးအခြေအနေအား လုံးဝဖြတ်ကျော်နိုင်ပြီဟု ပြော၍ရနိုင်သည်ဖြစ်သည်။ အကယ်၍သေခြင်းနတ်ဘုရား၏ကိုယ်ပွားသာမထွက်ပေါ်လာခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်ရလဒ်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။
ယနေ့က အလင်းစီရင်စုဖျက်ဆီးခံရမည့်နေ့မဟုတ်ဘဲ သူနှင့်အမှောင်စီရင်တို့သေခြင်း၏အထိမ်းအမှတ်နေ့လည်းဖြစ်ကောင်းဖြစ်သွားနိုင်သည်။
“လင်ယဲ့ဖုန်းက ဘိုးဘေးအား လေးစားသမှုပြု၍ အရိုအသေပေးပါတယ်”
ဤအချိန်တွင် ရှစ်ဖုန့်၏ဘေး၌ရှိနေသာ လင်ယဲ့ဖုန်းက ကျယ်လောင်စွာအော်ပြောလိုက်ပြီး ကောင်းကင်ထက်ရှိ မှုန်ဝါးသောပုံရိပ်ထံသို့ ဒူးထောက်အရိုအသေပေးလိုက်သည်။
“အမှောင်နတ်ဘုရားရဲ့မျိုးဆက် အန်းချီကသေခြင်းနတ်ဘုရားကို လေးစားသမှုပြု၍ အရိုအသေပေးပါတယ်”
“ပျက်စီးခြင်းနတ်ဘုရားရဲ့မျိုးဆက် မြဲ့ထျန်းက သေခြင်းနတ်ဘုရားကို လေးစားသမှုပြု၍ အရိုအသေပေးပါတယ်”
တစ်ချိန်တည်းတွင် အမှောင်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းဧကရာဇ်တို့ကလည်း ကောင်းကင်ထက်ရှိ မှုန်ဝါးသောပုံရိပ်ထံသို့ ဒူးထောက်အရိုအသေပေးလိုက်သည်။
ရှေးခေတ်အချိန်ကာလကတည်းက အမှောင်စီရင်စုအား အမှောင်နတ်ဘုရား၊ပျက်စီးခြင်းနတ်ဘုရားနှင့် သေခြင်းနတ်ဘုရားတို့က ဖန်တီးတည်ထောင်ခဲ့သည်ဟု ပြောကြသည်။ သူတို့သုံးဦးက သေခြင်းနတ်ဘုရား၊ ဖျက်ဆီးခြင်းနတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏မျိုးဆက်များဖြစ်ကြသည်။
ထို့ကြောင့်သေခြင်းနတ်ဘုရားမှာ သေခြင်းဧကရာဇ်လင်ယဲ့ဖုန်း၏ ဘိုးဘေးဖြစ်သည်။ဤကိုယ်ပွားက သေခြင်းနတ်ဘုရား၏ကိုယ်ပွားဖြစ်၏။
ကျင်းထျန်းယုအားသတ်ပြီးနောက် သေခြင်းကောက်ရိတ်တံစဉ်က ကျင်းထျန်းယုနှင့်အတူ အနက်ရောင်တွင်းကြီးအတွင်းဝါးမျိုမခံရပေ။ ထိုအစား သေခြင်းနတ်ဘုရား၏ ကိုယ်ပွားထံသို့ပြန်လည်ပျံသန်းလာသည်။
သေခြင်းနတ်ဘုရားမှာသူ့အောက်ရှိ လူသုံးယောက်၏ ဂါရဝပြု အရိုအသေပေးမှုကို သတိပြုမိပုံမရပေ။ သူ၏မှုန်ဝါးဝါးအနက်ရောင်လက်ကို ဆန့်ထုတ်လိုက်ပြီး သေခြင်းကောက်ရိတ်တံစဉ်အား ညင်သာစွာထိလိုက်၏။
ထို့နောက်သူ၏နှလုံးသားထဲမှတုန်ယင်မှုကိုရှစ်ဖုန့်ခံစားလိုက်ရသည်။ သေခြင်းကောက်ရိတ်တံစဉ်ပေါ်၌သူချန်ထားခဲ့သော အမှတ်အသားက သေခြင်းနတ်ဘုရား၏ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။
အမှတ်အသားအားဖျက်လိုက်သကဲ့သို့ ကောင်းကင်ထဲရှိ မှုန်ဝါးသောအနက်ရောင်အရိပ်ကလည်း သူ၏တာဝန်ပြီးဆုံးသွားသည့်နှယ် ဖြည်းဖြည်ချင်းပို၍ ပို၍ မှုန်ဝါးလာပြီး ပို၍ပို၍ပါးလွှာလာသည်။အဆုံးသတ်တွင်အနက်ရောင်မြူကဲ့သို့ အထက်ရှိ အမှောင်ထုအတွင်းပျောက်ကွယ်သွားသည်။
သေခြင်းနတ်ဘုရား၏ကိုယ်ပွားပျောက်ကွယ်သွားမှုနှင့်အတူ ငွေရောင်တံစဉ်ကလည်းတစ်ဟုန်ထိုးကျဆင်းလာသည်။ မကြာခင် ၎င်းက လင်ယဲ့ဖုန်း၏ဦးခေါင်းထက်သို့ကျဆင်းလာပြီးထိုနေရာ၌ မျောလွင့်ရပ်တည်နေ၏။
“ဆရာ”
ဤအချိန်တွင် လင်ယဲ့ဖုန်း၏မျက်နှာထက်၌ ခက်ခဲသောအမူအယာတစ်ခုဖြစ်ပေါ်လာပြီး ခေါင်းကိုလှည့်၍ ရှစ်ဖုန့်ကိုကြည့်လိုက်သည်။
သူ့ဘိုးဘေး၏ကိုယ်ပွားက ငွေရောင်တံစဉ်အား သူ့ကို အမွေပေးခဲ့သည်မှာသိသာသည်။ သို့သော် သေခြင်းကောက်ရိတ်တံစဉ်မှာ မူလက သူ၏ဆရာဖြစ်သူနှင့်သက်ဆိုင်သောအရာဖြစ်သည်။
ဘယ်လိုလုပ်ပြီးသူ့အနေဖြင်ထိုအရာအား တောင်းဆိုရဲပါမည်နည်း။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE