အခန်း (၈၈၃)
Vol. 59 Ch. 883
“ရှောင်းထျန်းရီ မင်းထပ်ပြီး ကြည့်နေစရာမလိုတော့ဘူး. ..ကြီးမြတ်တဲ့ဧကရာဇ် က မင်းရဲ့ရှေ့မှာပဲ”
ရဲစွမ်းသတ္တိရှိပြီး နှစ်လိုစွဲမက်စရာကောင်းလှသော အမျိုးသမီးတစ္ဆေစစ်သူကြီးဖြစ်သူ ကွေ့မြဲ့က မေးမြန်ပြီးနောက် ဆရာဖြစ်သူအား ရှာနေသော ရှောင်းထျန်းရီကိုတွေ့ရသောအခါတွင် ပြောလိုက်သည်။
“ဆရာက ကျုပ်ရဲ့ရှေ့မှာလား”
ကွေ့မြဲ့၏ စကားအားကြားရသောအခါတွင် ရှောင်းထျန်းရီ အနည်းငယ်အံ့အားသင့်သွားသည်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး သူ့ရှေ့ရှိ လူများကို စိုက်ကြည့်လိုက်၏။
တစ္ဆေစစ်သူကြီးလေးဦးနှင့် စီနီယာအကိုလင်ယဲ့ဖုန်းတို့မှလွဲ၍ဤနေရာတွင် လူငယ်နှစ်ယောက်သာရှိနေသည်။
ရှောင်းထျန်းရီက ရှစ်ဖုန့်အားကြည့်လိုက်ချိန်တွင်ရှစ်ဖုန့်ကပြောလိုက်သည်။
“ ငါပြန်လည်မွေးဖွားခဲ့ပြီးတော့ ငါ့မှာအရင်ကအသွင်အပြင်မရှိတော့ဘဲ အရမ်းငယ်ရွယ်နေတာ..မင်းငါ့ကို မမှတ်မိတာက ပုံမှန်ပါပဲ”
သူ့ရှေ့ရှိလူငယ်ထံမှ မရင်းနီသောအသံနှင့် ရင်းနီး မှုရှိသော လေယူလေသိမ်းဟန်ပန်ကို ကြားလိုက်ရသောအခါတွင် ရှောင်းထျန်းရီ၏ ကိုယ်က တုန်ယင်သွားသည်။
ထို့နောက် ရှောင်းထျန်းရီက အမှောင်ထုဟင်းလင်းပြင်အတွင်းရှိ ရှစ်ဖုန့်၏ရှေ့၌ သူ၏ ဒူးတို့ကိုကွေးညွှတ်ကာထောက်လိုက်သည်။ သူကအော်ပြောလိုက်သည်။
“ဆရာ.. ကျေးဇူးပြုပြီး ဒီထျန်းရဲ့ ဦးညွှတ်ဂါရဝပြုမှုကို လက်ခံပေးပါ”
သူစိုးရိမ်နေသော ယခင်ဘဝမှ သူ၏ နောက်ထပ်တပည့်တစ်ဦးအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က ခံစားချက်တို့ဖြင့်သက်ပြင်းချလိုက်သည်။ သူက၎င်းတို့၏ငယ်ရွယ်သောမျက်နှာကိုကြည့်ခဲ့ပြီး မည်ကဲ့သို့သူတို့ အရွယ်ရောက်လာသည်ကို သူ မြင်တွေ့ခဲ့ရသည်။
ပျော်ပျော်နေကာရူးမိုက်တတ်သော လူငယ်လေးက ဤကမ္ဘာ၌ မည်ကဲ့သို့ ကျော်ကြားသော ပုံရိပ်တစ်ခုဖြစ်လာသည်ကို သူ တွေးနေမိသည်။
“ကောင်းပြီ ထတော့”
ရှစ်ဖုန့်က ပြောလိုက်သည်။ မမြင်နိုင်သောအားတစ်ခုက သူ၏ ကိုမှထွက်ပေါ်လာပြီး သူ့ရှေ့၌ ဒူးထောက်နေသော ရှောင်းထျန်းရီ၏ ကိုယ်ကို ပင့်ထူလိုက်သည်။
“အိုး..ဟုတ်သား”
ရှောင်းထျန်းရီက ထရပ်ချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။ သူ၏ ညာလက်အားဖြတ်ခနဲလှန်လိုက်ပြီး နှင်းဖြူရောင်ဓားရှည်တစ်လက်ကို သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။ ၎င်းက အားကောင်းသော နှင်းဖြူရောင် အလင်းတစ်ခုကိုထုတ်လွှတ်နေပြီး ဤဧရိယာတစ်ခွင်ရှိ အမှောင်ထုကို ဖယ်ရှားလိုက်သည်။
ရှောင်းထျန်းရီက လက်နှစ်ဖက်ဖြင့် နှင်းဖြူရောင်ဓားရှည်ကိုရှစ်ဖုန့်ထံ ကမ်းပေးပြီး ပြောလိုက်သည်။
“ ဆရာပြန်လည်မွေးဖွားလာပြီးတော့သင့်တော်တဲ့လက်နက်တစ်ခုမရှိတာကိုကျွန်တော်သိတယ်.. ဒါကြောင့် ကျွန်တော်ဒီဓားကို ဆရာ့အတွက်အထူးသန့်စင်ခဲ့တာ. ဆရာကြိုက်မယ်လို့မျှော်လင့်ပါတယ်”
“ဒါကို မင်းကိုယ်တိုင်သန့်စင်ခဲ့တာလား”
ရှောင်းထျန်းရီလက်ဆောင်ပေးသော ဓားအားမြင်တွေ့ရသောအခါတွင်ရှစ်ဖုန့်က အလွန်အံ့အားသင့်သောအမူအယာတစ်ခုကိုပြသလာသည်။ ယင်းမှာသူ့အနေဖြင့်ဤဓားက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ကို ချိုးဖျက်ပြီး အဆင့်ကိုး ကြယ်တစ်ပွင့် ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေသည်ကို သူအာရုံခံမိသောကြောင့်ဖြစ်သည်။
ယင်းမှာရှောင်းထျန်းရီက သန့်စင်ခြင်းလမ်းစဉ်၌ ဆရာတစ်ဆူဖြစ်နေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
“မင်းရဲ့ အဂ္ဂရိတ်သန့်စင်လမ်းစဉ်က အဆင့်ကိုးတောင်ရောက်နေပြီပဲ”
ရှစ်ဖုန့်က ရှောင်းထျန်းရီအားကြည့်၍ အံ့အားသင့်စွာပြောလိုက်သည်။
ရှောင်းထျန်းရီက နှင်းဖြူရောင်ဓားအားထုတ်ယူပြီး ဤစကားများအားကြားရချိန်တွင် ရှိနေသောလူအားလုံးက ရှောင်းထျန်းရီအား အလွန်အံ့ဩစွာဖြင့်ကြည့်လိုက်ကြသည်။
အဆင့်ကိုး အဂ္ဂရိတ်သန့်စင်သူတစ်ဦး ထျန်းဟန်တိုက်ကြီးအတွင်း၌ ပေါ်မလာသည်မှာ အချိန်တော်တော်ကြာပြီဖြစ်သည်။ သို့သော် ရှောင်းထျန်းရီက လက်ရှိတွင် အဆင့်ကိုးသို့ရောက်နေပြီဖြစ်သည်။
“ဒါတွေအားလုံးကအရင်တုံးက ဆရာသင်ကြားပြသပေးတဲ့ ကျေးဇူးတွေကြောင့်ပါ”
ရှောင်းထျန်းရီကပြောလိုက်သည်။
ရှောင်းထျန်းရီ၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းခါလိုက်သည်။သူကပြောလိုက်၏။
“ဆရာက သန့်စင်ခြင်းတာအိုနဲ့ပက်သက်ပြီး ဘာမှမသိဘူး. မင်းရဲ့လက်ရှိ အရာအားလုံးက မင်းရဲ့ကိုယ်ပိုင်ဆင်ခြင်နားလည်နိုင်စွမ်းနဲ့ ပါရမီစွမ်းရည်ကြောင့်ပဲ”
ရှောင်းထျန်းရီအတွက်ရှစ်ဖုန့်မှာ များစွာသင်ကြားမပေးနိုင်ခဲ့ပေ။ အများဆုံးသူက ငရဲဘုံကိုးခု ဝိညာဉ်ကျင့်ကြံခြင်းပညာရပ်ကိုသာ သင်ကြးပေးခဲ့ပြီး ၎င်း၏စိတ်အား လမ်းညွှန်မှုတို့ကိုသာ လုပ်ပေးခဲ့ခြင်းဖြစ်သည်။
သူ၏ သန့်စင်ခြင်းလမ်းစဉ်အပေါ်တွင်က သူ့ကိုယ်သူသာ မှီခိုအားထားရခြင်းဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်၏လက်အတွင်း၌ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး သွေးသောက်ဓားက သူ၏ညာလက်၌ပေါ်လာသည်။
ရှစ်ဖုန့်က သူ၏ ဘယ်လက်ဖြင့် သွေးသောက်ဓားကိုထိုးညွှန်ပြပြီး ပြောလိုက်သည်။
“ ငါဒီဓားကိုငါ့မှတ်ဉာဏ်တွေပြန်ရပြီးမကြာခင်ရခဲ့တာ.. မင်းရဲ့ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်နှင်းဓားကို မင်းအခုတော့သိမ်းထားသင့်တယ်”
“ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်လက်နက်”
ရှောင်းထျန်းရီက ရှစ်ဖုန့်လက်အတွင်းရှိသွေးသောက် ဓားအားကြည့်၍အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ထို့နောက်သူက ပြောလိုက်၏။
“ဒီဓားမှာဒီနေ့ခေတ်လက်နက်တွေနဲ့ကွဲပြားထဲ့ အခြေပြုမှုရှိနေတာကို ကျွန်တော်အာရုံခံမိတယ်..ဆရာ.. ကျွန်တော်တစ်ချက်ကြည့်လို့ရမလား”
“ဒါပေါ့”
ရှစ်ဖုန့်က သွေးသောက်ဓားအား ရှောင်းထျန်းရီထံလွှဲပေးလိုက်သည်။
“ဒီဓားက သွေးပန်းခက်မျိုးနွယ်စုလို့ခေါ်တဲ့ ရှေးဟောင်းမျိုးနွယ်စုတစ်ခုကလာတာ.. ဒီဓားကိုလူသားတွေသန့်စင်တာမဟုတ်ပဲ ရှေးခေတ်အချိန်ကာလကဆန်းကြယ်တဲ့သွေးရေကန်ထဲမှာ မွေးဖွားလာခဲ့တာလို့ကြားတယ်..ငါဒါကိုရတုံးက ဒါကအဆင့်နှစ် ဆရာသခင်နယ်ပယ်ပဲရှိသေးတယ်. ဒါပေမဲ့ အဲ့တာက သွေးတွေကိုဝါးမျိုပြီး ဆင့်ကဲတိုးတက်နိုင်တယ်”
“ရှေးဟောင်းလက်နက်လား. သွေးကန်တစ်ခုကနေမွေးဖွားတာလား.. အဆင့်တက်နိုင်တယ်တဲ့လား”
ရှောင်းထျန်းရီမှာ ရှစ်ဖုန့်၏ ပြောဆိုမှုအားကြားရသောအခါတွင် သူလက်ခံရရှိသော သွေးသောက်ဓားကို တုန်လှုပ်စွာဖြင့်ကိုင်ထား၏။
သူကကောင်းကင်နှင့်မြေပြင်ကြားထဲ၌မွေးဖွားလာသော ရှေးဟောင်းလက်နက်များကို သူကြားဖူးသည်။ သို့သော် ဆင့်ကဲတိုးတက်နိုင်သောလက်နက်တစ်ခုအား သူလုံးဝမကြားဖူးပေ။
“ဒါတွေကိုလည်း တစ်ချက်ကြည့်လိုက်.. အားလုံးက ရှေးခေတ်အချိန်ကာလကလာကြတာ.. သူတို့က မင်းရဲ အဂ္ဂရိတ်သန့်စင်ခြင်းနည်းစနစ်မှာ အကူအညီပေးကောင်းပေးနိုင်လောက်တယ်..”
ထို့နောက် ရှစ်ဖုန့်၏ လက်တို့၌ သွေးနီရောင် အလင်းနှစ်ခု ထပ်မံလင်းလက်လာသည်။
သူ၏ ညာလက်ထဲ၌သွေးနတ်ဆိုး၏ ချပ်ဝတ်ကပေါ်လာသည်။ သူ၏ ဘယ်လက်အတွင်းတွင် လက်ဝါးတစ်ခုအရွယ်အစား ကျုံ့ထားသော သွေးနီရောင် ကျောက်ပြားတစ်ခု ကိုကိုင်ထားသည်။
တစ်ချိန်တည်းတွင်သူက ဤပစ္စည်းနှစ်ခုကို ရှောင်းထျန်းရီအား လွှဲပေးပြီး ပြောလိုက်သည်။
“ဒီသွေးနီရောင်ကျောက်ပြားက နတ်ဘုရားအဆင့်လက်နက်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောတယ်.. ဒါပေမဲ့ သူက ထိခိုက်ထားတယ်.. မင်းပြန်ပြင်နိုင်မလားဆိုတာကို တစ်ချက်ကြည့်လိုက်.. ဒီကျောက်ပြားထဲမှာ နေရာလွတ်တစ်ခုပါတယ်. အဲ့တာက ငါ့အတွက်ကြီးကြီးမားမားအသုံးဝင်တယ်”
“နေရာလွတ်တစ်ခုပါတဲ့ ထိခိုက်ထားတဲ့ နတ်ဘုရားလက်နက်တစ်ခု. ရှေးခေတ် ဧကရာဇ်နယ်ပယ်အဆင့် ချပ်ဝတ်.”
ရှောင်းထျန်းရီမှာရှစ်ဖုန့် လွှဲပေးသောပစ္စည်းနှစ်ခုအားကြည့်ရင်း မှင်တက်နေမိသည်။
“ဆရာ..ဆရာက ရှေးဟောင်းရတနာ အိမ်တော်ထဲမှာ ပြန်လည်မွေးဖွားလာတာလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်”
“ဟင့်အင်း..ငါမမွေးခဲ့ပါဘူး. ငါက အင်ပါယာနယ်ပယ်ကျင့်ကြံသူတစ်ဦးက ဘုရင်တစ်ပါးဖြစ်နိုင်တဲ့ အရှေ့ပိုင်းဒေသကြီးရဲ့နိုင်ငံငယ်လေးတစ်ခုက ဆင်းရဲတဲ့ရွာလေးရဲ့ ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတာ.. ငါဒီပစ္စည်းတွေကို အခွင့်အရေးရတုံး ရခဲ့တာ”
ထို့နောက် ရှစ်ဖုန့်က လင်ယဲ့ဖုန်းထံသို့ ညွှန်ပြပြီး ရှောင်းထျန်းရီကိုပြောလိုက်သည်။
“ ကြည့်လိုက်. ယဲ့ဖုန်းရဲ့လက်ထဲက ငွေရောင်တံစဉ်ကို .. အဲ့တာက ဒဏ္ဍာရီလာ နတ်ဘုရားလက်နက် သေခြင်းကောက်ရိတ်တံစဉ်ပဲ. အဲ့တာကိုလည်းငါအရှေ့ပိုင်းဒေသကြီးကရခဲ့တာ”
“ဘာ..သေခြင်းကောက်ရိတ်တံစဉ်.. သေခြင်းကောက်ရိတ်တံစဉ်လား”
ရှောင်းထျန်းရီမှာ ဆက်လက်အံ့အားသင့်နေရသည်။ သူကလင်ယဲ့ဖုန်းဘက်သို့လှည့်လိုက်ပြီး ၎င်း၏လက်ထဲရှိ ငွေရောင်တံစဉ်ကိုကြည့်လိုက်သည်။
သူ၏ပြန်လည်မွေးဖွားလာသောဆရာနှင့် ပို၍စကားပြောလေ သူပို၍တုန်လှုပ်အံ့အားသင့်ရလေကို ရှောင်းထျန်းရီ တွေ့လာရ၏။
ဆရာဖြစ်သူကရှေးဟောင်းရတနာများစွာကိုရလာခဲ့ရုံသာမက အစစ်အမှန်နတ်ဘုရားလက်နက်တစ်ခုကို လည်းရခဲ့သည်။ ဤသည်ကား သူ့၌မည်ကဲ့သို့ကံကောင်းခြင်းမျိုးများ ရှိနေပါသနည်း။
အရှေ့ပိုင်းဒေသကြီး ၎င်းက ဧကရာဇ်နယ်ပယ်တစ်ဦးတစ်လေပင်မရှိသော ကျတ်တီးကုန်းမြေကြီးတစ်ခုမဟုတ်သလော။
“အိုး..ဟုတ်သား. ငါ့မှာတစ်ခုရှိသေးတယ်.. မင်းဒါကိုလည်းတစ်ချက်ကြည့်သင့်တယ်.”
ရှစ်ဖုန့်ကရုတ်တရက်တစ်စုံတစ်ခုအား တွေးမိပြီး ရှောင်းထျန်းရီကိုပြောလိုက်သည်။
“ဆရာ့မှာထပ်ရှိသေးတာလား.ဆရာ..ဆရာတကယ်ပဲ ဧကရာဇ်နယ်ပယ်တွေလုံးဝထွက်ပေါ်မလာတဲ့ အရှေ့ပိုင်းဒေသကြီးမှာ ပြန်လည်မွေးဖွားလာတာကောဟုတ်ရဲ့လား.. “
ရှောင်းထျန်းရီက သူ၏အကြည့်ကိုလင်ယဲ့ဖုန်းထံမှရုတ်သိမ်းပြီး ရှစ်ဖုန့်ဘက်သို့ခေါင်းလှည့်၍ကြည့်လိုက်သည်။
ရှောင်းထျန်းရီ၌ ထင်ကြေးတစ်ခုရှိသည်။ သူ၏ဆရာဖြစ်သူ ယခင်ထုတ်ဖော်ပြခဲ့သောရတနားများမှတစ်ဆင့်အကဲဖြတ်ရသလောက် သူဆက်လက်ထုတ်ယူမည့်ရတနာကလည်း သေချာပေါက်သာမန်ဟုတ်လိမ့်မည် မဟုတ်ပေ။ ရှောင်းထျန်းရီက ရှစ်ဖုန့်၏ ရှစ်ဖုန့်၏ညာလက်ကိုမျက်တောင် မခတ်စတမ်း စိုက်ကြည့်နေသည်။
ရှစ်ဖုန့်ကသူ၏ညာလက်အားဖျက်ခနဲလှန်လိုက်သည်။ ထို့နောက် တောက်ပသော မိုးပြာရောင်အလင်းတစ်ခုဖျက်ခနဲလင်း လက်လာပြီး မှောင်မိုက်သော ဟင်းလင်းပြင်အားလင်းထိန်သွားစေသည်။
ရှောင်းထျန်းရီ၏မျက်လုံးတို့ထပ်မံကျုံ့ သွားရပြီးသူလွန်စွာတုန်လှုပ်အံ့အားသင့်သွားရသည်။ သူထအော်မိလုနီးနီးပင်ဖြစ်သွားရ၏။
“နတ်ဘုရားအဆင့်ရတနာ.. ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်”
ဆက်ရန်………..
ဘာသာပြန်သူ-ARISE