အဆင့်ကိုးဆေးဖော်စပ်သူစု
Vol. 16 Ch. 238
“ကံကောင်းတာ ကျောက်မျိုးနွယ်စုနာမည်နဲ့ တစ်ယောက်မလာလို့ဘဲ။ မဟုတ်ရင်ဒီတစ်ယောက်လောက် အရူးလုပ်ဖို့လွယ်မှာမဟုတ်ဘူး”
အနက်၀တ်လူ ကျိုးထျန်းရှန်ကို သယ်ပြီးထွက်သွားတာကို စိတ်သက်သာရာရစွာ စုရှောင်ရှန် ကြည့်နေလိုက်သည်။ ပြီးမှ သူဖန်တီးလိုက်သော အရှုပ်အယှက်ကြီးကို လှည့်ပတ်ကြည့်ရှူလိုက်၏။
“ငါလည်းရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး...”
ထိုသို့ပြုလုပ်မိတာအတွက် တာ၀န်ရှိသလိုခံစားရပြီး အနက်၀တ်လူနောက်အလျှင်အမြန်လိုက်သွားကာ စိတ်ဝိညာဉ်ကျောက်တုံးတစ်ချို့ပေးလိုက်သည်။ ပြီးနောက်အကြီးအကဲစန်း၏ တံဆိပ်ပြားဖြင့် ခြိမ်းခြောက်ပြီး ဤနေရာကို ပြန်လည်တည်ဆောက်ရန် တာဝန်ပေးလိုက်တော့၏။
“သူက တကယ် လူကောင်းပဲ”
စုရှောင်ရှန် ခေါင်းခါရမ်းလိုက်ပြီး အသုံးတည့်လှသော ထိုအဖိုးမဖြတ်နိုင်သည့် တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပေသည်။
အကြီးအကဲစန်းက စုရှောင်ရှန်ကို အတွင်းစည်းမှာ နေရာတစ်ခု ရှာဖို့ တံဆိပ်ပြားပေးလိုက်ခြင်းဖြစ်ပေသည်။ ယခုကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ၎င်းကိုအသုံးပြုလိမ့်မည်ဟု ထင်မထားပါချေ။
သို့ဖြင့် အကြီးအကဲစန်းတောင်မသိလိုက်ဘဲ သူ့အဖိုးတန်တပြည့်လေးကို ပြဿနာတွေကြားက ကယ်လိုက်ပေ၏။
စုရှောင်ရှန် သံလုံးလေးထံ အာရုံပြန်ရောက်သွားပြီး ဘာဆက်လုပ်ရမလဲတွေးလိုက်သည်။ တကယ်ဆို သူလက်လျော့ချင်နေပါသည်။
ကျဲကို ဆေဘာအဖြစ်ပြောင်းနိုင်တာကိုက ကောင်းနေပြီး နောက်မှ အခြားပုံစံမည်သို့ပြောင်းရမည်ကို ဖွေရှာတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
ဒါ့အပြင်ကို ထိုဆေဘာဓားကြီးပုံစံကလည်း မဆိုးချေ။ အချိန်နဲ့အမျှ ကျဲနှင့်ရင်နှီးမှုတိုးတက်လာတာနဲ့အတူ ၎င်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပေမည်ဟု တွက်ထားသည်။
“ထားလိုက်ပါတော့ စိတ်ဝိညာဉ်စာကြည့်တိုက်မှာ ဘာအကြောင်းရှိသလဲပဲ သွားကြည့်တော့မယ်”
ယခု ကျိုးထျန်းရှန်ကိုသတ်လိုက်ခြင်းက အပိုမာဆလာသာဖြစ်ပြီး သူ့ခရီးစဉ်၏ အဓိကရည်ရွယ်ချက်ဘက်ကို အာရုံပြန်ရောက်သွားပါသည်။ ထိုကန်တော့ချွန်ကောက်ရိုးခမောက်စောင်းအဖိုးကြီးကသာ တကယ်အရေးကြီး၏။
“အဖိုးကြီးက စိတ်ဝိညာဉ်စာကြည့်တိုက်ကိုငါ့ကိုလာခိုင်းစေချင်တာမဟုတ်ဘူး။ ခုခေါ်တယ်ဆိုတော့ အရေးကိစ္စအကြောင်းတစ်ခုခုထူးလို့ဖြစ်လိမ့်မယ်။ ဒီတစ်ခါသွားရင်တော့ ဆေးဖော်စပ်နည်းများများတောင်းကိုတောင်းရမယ်”
ထျန်းရွှမ်တံခါးအတွင်းမ၀င်စဉ်ကတောင် သူက ရွှေနီဆေးလုံးနှင့် စိတ်ဝိညာဉ်ဆေးလုံးတို့ကို သန့်စင်ဖော်စပ်နိုင်နေလေပြီ။ ဒါ့အပြင်ကို ဉာဏ်ကွန့်မြူးပြီး ဆေးအရည်သစ်တစ်မျိုးကိုတောင် ဖန်တီးလိုက်၏။
ယခု ကြီးထွားလာသောသူ၏ ခွန်အားဖြင့်အတူ ထိုဆေးရည်များ ထင်သလောက်အကျိူးမသက်ရောက်တော့တာ တွေ့ရသည်။ မူလနန်းတော်ဆေးလုံးများလည်းရှိတယ်ဆိုပေမယ့် တစ်ရာကျော် စွန်းစွန်းသာပိုင်ဆိုင်လေသည်။
သူသာ မူလနန်းတော်ဆေးလုံးဖော်စပ်နည်းကိုသိရင် မူလနန်းတော်ဆေးရည်ကိုလဲ ဖော်စပ်နိုင်မှာဖြစ်သည်။ ဒါဆိုရင် အင်မတန် ချမ်းသာလာတော့မှာပေါ့။
“ငါက ဘာလို့ချမ်းသာချင်ရတာ”
စုရှောင်ရှန် မိုးကုတ်စက်ဝိုင်းအလွန်ကိုကြည့်လိုက်ပြီးမှာ ဒီကမ္ဘာကြီးထဲကိုရောက်လာကတည်းက စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်ထွက်မကြည့်ဖူးတာ သတိရသွားတော့၏။
…
စိတ်ဝိညာဉ်စာကြည့်တိုက်၊ တတိယအလွှာတွင်...။
ဆေးမီးဖိုအိုးကြီးက ကျစ်ကျစ်တောက်ပူနေပေမယ့် မီးလျှံများကို မုကျစ်ရှီ စိတ်၀ိညာဥ်အာရုံနှင့် မကြည့်လျှင် မမြင်ရချေ။
ထိုမမြင်နိုင်သော မီးလျှံများကို သူမ ကြိုက်နှစ်သက်ပါသည်။ ဆေးဖော်စပ်ရာမှာသာ အထောက်အကူဖြစ်စေတာမဟုတ်ဘဲ လက်နက်အဖြစ်လည်းအသုံးပြုနိုင်ပေ၏။
စုရှောင်ရှန် စန်းလျှို သစ်တောကို ငရဲမီးတောက်ကောင်းကင်မီးလျှံဖြင့် လောင်ကျွမ်းလိုက်ပြီးကတည်းက သူမလည်း ထိုမီးလျှံကိုလိုချင်မိလေသည်။
ယခု အကြီးအကဲစန်းက သူမကို ဆေးလုံးဘယ်လိုသန့်စင်ရသလဲဆိုတာ ပြသနေခြင်းဖြစ်ပေသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသော ဆေးလုံးများအား မုကျစ်ရှီထံကမ်းပေးရင်း အကြီးအကဲစန်းက “တွေ့လား ငါပြောတဲ့အတိုင်းပဲ”
မုကျစ်ရှီ ထိုဆေးလုံးကိုတောင် ဂရုစိုက်မနေဘဲ ငူငူကြီး ခေါင်းညိတ်ကာ မေးလိုက်၏။ “မီးလျှံက...”
“စိတ်တောင်မကူးပါနဲ့ဆို။ ဒီငရဲမီးတောက်ကောင်းကင်နည်းစနစ်က နင့်လို ကလေးမလေးတစ်ယောက်ကျင့်ကြံနိုင်တဲ့အရာမဟုတ်ဘူး” အကြီးအကဲစန်း သူမကို ပိတ်ပြောပစ်လိုက်သည်။
ကလေးမလေးက ငရဲမီးတောက်ကောင်းကင်နည်းစနစ် ကိုသင်ချင်ကြောင်း တတွတ်တွတ်ပြောနေခဲ့ရာ မုကျစ်ရှီဘာလိုချင်နေသလဲဆို တွေးမကြည့်ဘဲနှင့်တောင် သိနေပါသည်။
ဖြစ်နိုင်ရင်သူလည်းသင်ပေးချင်ပေမယ့် အခြေအနေ မပေးပါချေ။ ၎င်းကို ကျင့်ကြံဖို့ အခြေခံအကျဆုံးလိုအပ်ချက်တောင် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ဖြစ်ပေသည်။ တခြားလိုအပ်ချက်များဆို မုကျစ်ရှီနှင့် ဝေးပေရောပေါ့။
သူမမှာ သဘာ၀ သစ်သားဓာတ်စွမ်းအင်ရှိတာကြောင့် အဆင့်နှိမ့်ထားတဲ့ ငရဲမီးတောက်ကောင်းကင်နည်းစနစ်ကို ကျင့်ကြံနိုင်ပေမယ့် အဲ့သလောက်ကြီးအသုံးမတည့်သလို အန္တရာယ်လည်းများတာကြောင့် ကလေးမလေးကို မစမ်းကြည့်ခိုင်းရဲပါပေ။
စုရှောင်ရှန်တောင် ရှားရှားပါးပါး အနန္တမှာ တစ်ယောက် ၎င်းကို ကျင့်ကြံနိုင်တာဖြစ်ပေသည်။ သို့တောင် သေမင်းတံခါး၀ကနေ ကပ်သီလေးလွတ်မြောက်လာနိုင်ခဲ့ခြင်းပေ။
ဒီမုကျစ်ရှီက ဘာလုပ်မတုန်း။
ငရဲမီးတောက်အစေ့ရဲ့ ပထမဆုံးတိုက်ခိုက်မှုလှိုင်းကိုတောင် ခံနိုင်လိမ့်မည်လား မသေချာပါချေ။
“ဘာလို့လဲ” အကြီးအကဲစန်း၏ ငြင်းဆိုချက်ကို နားမလည်နိုင်တာကြောင့် မုကျစ်ရှီမေးလိုက်သည်။ သူမမှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်မရှိပေမယ့် ဒဏ်ရာတွေကို အမြန်ပြန်ပျောက်ကင်းစေတဲ့ သစ်သားဓာတ်ခန္ဓာကိုယ်ရှိပေလေသည်။
အကြီးအကဲစန်းခေါင်းကိုသာ ဆက်လက်၍ ခါရမ်းပြနေ၏။ ထိုအရာက မုကျစ်ရှီထင်သလို ဒဏ်ရာပျောက်ကင်းစေရုံလေးနဲ့ တတ်နိုင်သည့် လွယ်ကူသည့်အရာမဟုတ်ပါလား။
“အကြောင်းပြချက်ပေးပါဆိုရင် နင့်ရဲ့ စိတ်ဆန္ဒက လုံလောက်အောင်မသန်မာဘူး” အကြီးအကဲစန်းက ထစ်ငေါ့ခြင်းမရှိပြောသည်။
“စုရှောင်ရှန်တောင် လုပ်နိုင်တာ ကျွန်မက ဘာလို့မလုပ်နိုင်မှာလဲ” သူမ၏ မာနကို လာထိခိုက်သလို ခံစားလိုက်ရတာကြောင့် သူမက ပြန်ချေပ၏။
“ဟုတ်တယ် နင်မလုပ်နိုင်ဘူး”
“ကျွန်မလုပ်နိုင်တယ်”
“ဟုတ်တယ် နင်လုပ်နိုင်တယ်”
“ကျွန်မ မလုပ်နိုင်ဘူး” မုကျစ်ရှီ စိတ်ပါလက်ပါကြီးကို ဆုံးဖြတ်ချက်ပြတ်သားနေသော လေသံဖြင့်ပြောနေရင်းက သူမ၏ ပါးစပ်ကထွက်သွားသည့် ထိုစကားကြောင့် အေးခဲသွား၏။
‘သေစမ်း။ ငါ့ကို အကွက်ချလုပ်ကြံတာပဲ’
ထိုအသံက သူမ၏ အနောက်ဘက်က လာခြင်းဖြစ်သည်။
သူမ လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ စုရှောင်ရှန် ရုပ်ချည်း အနားမှာပေါ်လာကာ ခေါင်းကို လက်မောင်းဖြင့်ညှပ်ပြီး ဆံပင်တွေဖွတော့သည်။
“အေး နင်ကိုယ်၌ကတောင်မလုပ်နိုင်ဘူးပြောနေတာ ခေါင်းဆက်မာမနေစမ်းပါနဲ့။ အလျော့ပေးလိုက်တော့...။ တစ်ခါတစ်လေမှာ မဖြစ်နိုင်တာကို ဇွတ်အတင်းလုပ်ယူလို့မရဘူး။ နင်ပဲ အန္တရာယ်ဖြစ်လိမ့်မယ်”
စုရှောင်ရှန်၏ စကားကမှန်ပေသည်။
သူတောင် ငရဲမီးတောက်အစေ့၏ လောင်ကျွမ်းခြင်းကိုခံနိုင်တာ အံ့မခန်း စိတ်ဆန္ဒအပြင် ခွန်အားနှင့် ထာ၀ရ အသက်စွမ်းအင် ပင်ကိုယ်စွမ်းရည်တို့ရှိ၍ဖြစ်သည်။
ထိုသုံးခုထဲက တစ်ခုခု ချို့ယွင်းသွားတာနဲ့ သူပြာကျသွားပေလိမ့်မည်။
သူသာ ထိုစဉ်က ရွေးချယ်ခွင့်ရှိခဲ့လျှင် ငရဲမီးတောက်အစေ့ကို မျိုချခဲ့မည်မဟုတ်ပါချေ။ ကံဆိုးစွာဖြင့် ညှာတာမှုမရှိသော အကြီးအကဲစန်းနှင့် တိုးခဲ့ရ၏။
လက်မောင်းဖြင့်ညှပ်ထားခံရသော မုကျစ်ရှီ၏ မျက်နှာများရဲရဲနီလာခဲ့ပေပြီး စုရှောင်ရှန်၏ သံမဏိသဖွယ်လက်မောင်းအကြားက ရုန်းထွက်လို့မရဖြစ်နေပေ၏။ နောက်ဆုံး မတ်တပ်ဆက်ရပ်ထားဖို့တောင် အနိုင်နိုင်ဖြစ်လာသည်။
‘သူဘာလို့ဒီလောက်သန်မာရတာလဲ’ သူမတွေးလိုက်သည်။
စိတ်ထဲကနေ ကျိန်ဆဲနေရင်းက သူမ ခေါင်းပြန်လှုပ်ရှားလာလို့ရတာ သိသွားသဖြင့် ချက်ခြင်း ရုန်းထွက်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
သို့သော် စုရှောင်ရှန်က အချိန်ကိုက် သူမ၏ ပါးနှစ်ဖက်ကို ညှစ်လိုက်ရာ ၀လုံးသဏ္ဌာန် အဖြစ် နှုတ်ခမ်းများထော်သွားတော့၏။
“ကလေးမလေး နင်ဒီနည်းစနစ်ကို မလေ့ကျင့်တာပိုကောင်းမယ်။ ခေါင်းမာပြီး ပြဿနာကို ရှာမနေစမ်းပါနဲ့”
“နင့်ကို မယုံဘူး”
မုကျစ်ရှီ၏ မျက်နှာသေးသေးလေးက ရဲရဲနီသွားခဲ့ပြီး လက်လွှဲရမ်းကာ စုရှောင်ရှန်ကို ရိုက်လိုက်ပါသည်။ ဒါပေမယ့် ထိမသွားပေ။
ကန်ကြည့်တဲ့အခါမှာလည်း စုရှောင်ရှန်က ၀မ်းဗိုက်ကို တစ်ဘက်သို့ အသာလေးတွန့်ပြီး ရှောင်လိုက်၏။
မုကျစ်ရှီ စွံ့အသွားတော့သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“နင်ကငါ့ကိုတွေ့တိုင်း ဘာလို့ ထုချင်ရိုက်ချင်နေတာတုန်းဟ။ စွာလိုက်တာ” စုရှောင်ရှန်ရေရွတ်လိုက်ပြီး မုကျစ်ရှီကို အပမထားတော့ဘဲ အကြီးအကဲစန်းကို ကြည့်လိုက်၏။
“ကျုပ်ကို ခေါ်တာ အရေးကြီးတဲ့ အရာတစ်ခုခုရှိလို့လား* စုရှောင်ရှန်က မျှော်လင့်တကြီးမေးသည်။
သူ့အမေးကိုမဖြေဘဲ အကြီးအကဲစန်းက ပြန်မေးလိုက်၏။ “ဆေးဖော်စပ်တာနဲ့ပတ်သက်ပြီး အဆင့်ဘယ်လောက်ရောက်ပြီလဲ”
စုရှောင်ရှန် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ လိုချင်တာပြောလိုက်သည်။ “ဆေးဖော်စပ်တယ်ဆိုမှာ ပြောရဦးမယ်။ ကျုပ်ရွှေနီဆေးလုံးနဲ့ စိတ်ဝိညာဉ်ဆေးလုံးတို့ကို ဖော်စပ်နိုင်နေပြီ။ အဖိုးကြီး မူလနန်းတော်ဆေးလုံး၊ ဧကရာဇ်ဆေးလုံးလို တခြားအဆင့်မြင့် ဆေးလုံးတွေ ဖော်စပ်နည်းတွေကျုပ်ကို ပေးပါတော့”
“ဧကရာဇ်ဆေးလုံးဟုတ်လား...” အကြီးအကဲစန်း၏ နှုတ်ခမ်းများတွန့်သွားသည်။
စုရှောင်ရှန်၏ နောက်ပိုင်းက စကားများကို မကြားသလို လစ်လျှူလိုက်ပြီး ရှေ့ပိုင်းကိုပြန်သွားကာမေးလိုက်သည်။ “ဆိုတော့ မင်းက ငရဲမီးတောက်ကောင်းကင်နဲ့ ဆေးလုံး ပုံသွင်းတဲ့ နည်းလမ်းကို တတ်သွားပြီပေါ့”
စုရှောင်ရှန်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “ဟုတ်တယ် နည်းလမ်းမှာတောင် အမှားတစ်ချို့ရှိသေးလို့ ကျုပ် ပိုကောင်းလာအောင် နည်းနည်းပြုပြင်လိုက်တာ ဆေးဖော်စပ်တဲ့ နည်းအသစ်တစ်ခုကိုပါ အဆစ် ဖန်တီးလိုက်နိုင်သေးတယ်ဗျာ။ အဲ့တာကိုတော့ စွပ်ပြုတ်ဆေးဖော်စပ်နည်းလို့ပေးထားတယ်။ နောက်ကြရင် ပြမယ်”
အကြီးအကဲစန်း အံ့အားသင့်သွားကာ ဆက်လက်တိတ်ဆိတ်နေလိုက်သည်။
စိတ်ထဲကလည်း ‘ဘာကိုစွပ်ပြုတ်ဆေးဖော်စပ်နည်းလမ်းတုန်း။ ဒီကောင်ဆေးဖော်စပ်တာ ဟင်းသီးဟင်းရွက်ချက်ပြုတ်နေတယ်များထင်နေတာလားမသိဘူး။ မတွေ့လိုက်ရတဲ့ ရက်အနည်းငယ်လေးမှာ နည်းနည်းလောက်လေး အောင်မြင်မှုတစ်ချို့ရသွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတယ်။ မင်းအရင်က မနှိမ်ချဘူးဆိုရင်တောင် ဒီလောက်မရဲတင်းပါဘူး။ အဆင့်မြင့်တဲ့ လူအနည်းငယ်လေးကို သတ်ပြီးသွားတာနဲ့ မင်းပြိုင်ဘက်မကင်းသွားဘူးကွ’
အကြီးအကဲစန်းတောင်ထိုသို့ တွေးရတာ ပင်ပန်းသွားပြီး သက်ပြင်းချကာ အသံကို နှိမ်ချ၍ပြောလိုက်သည်။ “မင်းက ရွှေနီဆေးလုံးနဲ့ စိတ်ဝိညာဉ်ဆေးလုံးဖော်စပ်နည်းတို့ကို ကျွမ်းကျင်သွားပြီပေါ့”
“ဟုတ်တယ်” စုရှောင်ရှန်နောက်တစ်ကြိမ်ခေါင်းညိတ်ပြလိုက်သည်။
ဘာတွေအဲ့လောက် အံ့အားသင့်နေစရာလိုလို့လဲ။
ကြည့်ရတာ သူ့ဆေးဖော်စပ်နိုင်စွမ်း၊ နားလည်သဘောပေါက်နိုင်စွမ်း နှုန်းထားက ထင်မှတ်မထားလောက်အောင်မြန်နေလို့လား။
အကြီးအကဲစန်း၏ မျက်နှာပေါ်က မယုံကြည်နိုင်တဲ့အမူအရာကြောင့် သူထင်တာမှန်ကြောင်းသိလိုက်ရသည်။
“မဖြစ်နိုင်တာ”
အကြီးအကဲစန်းဘာမှ မပြောရသေးခင်မှာ စုရှောင်ရှန်၏ လက်ထဲကနေ ရုန်းထွက်နိုင်လိုက်တဲ့ မုကျစ်ရှီ အော်လိုက်သည်။ သူမကိုယ်သူမဖြင့်တော့ ဘယ်ရုံးထွက်နိုင်ပါ့မလဲ သူမ၏ ကျားအစွယ်များပေါ်လာတာကြောင့် စုရှောင်ရှန်လွှတ်ပေးလိုက်တာဖြစ်သည်။
ယခင်တစ်ခေါက်က နာကျင်မှာပြီးနောက် ထပ်အကိုက်ခံရမှာကို သူစိုးရွံ့ပေသည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ” သူမကိုကြည့်ပြီး စုရှောင်ရှန်မေးသည်။
မုကျစ်ရှီက ဒေါသတထောင်းထောင်းဖြင့် “ငါတောင် သုံးရက်တည်းနဲ့ ဆေးအဆီအနှစ်ကိုသန့်စင်နိုင်တာ ပါရမီရှင်ဖြစ်နေပြီ နင်ပြောတဲ့ပုံစံက ချက်ခြင်းပဲ ဆေးဖော်တတ်သွားသလိုလိုနဲ့”
ယခင်က စုရှောင်ရှန် အကြီးအကဲစန်း၏ တပြည့်ဖြစ်နေတာကြာပြီဟု သူမထင်ခဲ့၏။ သိပ်မကြားသေးခင်အချိန်လေးကမှပဲ သူလည်း တပြည့်တစ်ယောက်ဖြစ်လာတာ မကြာသေးဘူးဆိုတာ သိလိုက်ရလေသည်။
ထို၀က်ပေါင် ခြောက်ပြုတ်နည်းကို စုရှောင်ရှန်ရှင်းပြတုန်းကတောင် အကြီးအကဲစန်းထံမှ ဒုတိယမြောက် သင်ခန်းစာကို နားထောင်တုန်းဖြစ်၏။
သင်ခန်းစားလေနှစ်ခုတည်းနဲ့ ဒီအကောင်က ဘယ်လိုဆေးဖော်စပ်သွားနိုင်မှာလဲ။
သူမ၏ အဆိုကြောင့် စုရှောင်ရှန် တဟားဟားရယ်လိုက်သည်။ ထို့နောက် သူမကို ပြုံးစိစိ ကြည့်ကာ “ဆေးအရည်ကို သန့်စင်ဖို့ သုံးရက်ကြီးများတောင်လိုတယ်ပေါ့”
စုရှောင်ရှန်၏ စကားလုံးများထဲမှ အလေးအနက်ပေးချင်သော “တောင်” ဆိုသည့် စကားကို မုကျစ်ရှီ သတိမထားမိလိုက်ပါပေ။
သူမက ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူစွာပြောလိုက်သည်။ “ဟုတ်တယ်”
စုရှောင်ရှန် ရယ်ချင်သွားရကာ “ညီမလေး။ ဆေးအဆီအနှစ်လေးသန့်စင်ဖို့တောင်သုံးရက်ကြာတာ အဲ့လောက်ကြီးတော်နေတာမဟုတ်ဘူးနော်။ နင့်အကိုကြီးက နင်အဲ့လို အဆီအနှစ်သန့်စင်နိုင်အောင်ကြိုးစားနေတုန်းမှာ အဆင့်ကိုးဆေးလုံးကိုတောင်ဖော်စပ်နိုင်နေပြီ”