← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

“ မှန်တယ်.. မင်းက အခြေတည်ဝိညာဉ်အဆင့်(၃) ဖြစ်နေရင်တောင် အဲ့ဒီနေရာက မင်းအတွက်မဟုတ်ဘူး…”

ထိုလူငယ် အတွေးများပျံ့လွင့်နေခိုက် ကျယ်လောင်သော အသံတစ်ခုအားကြားလိုက်ရ၏။

ထိုစကားပြောလိုက်ပြီး လမ်းလျှောက်လာနေသော လူငယ်၏ မျက်လုံးများက စူးရှ၍ ထက်မြိနေသည်။ သူလက်ထဲတွင် အနီရောင်အသွားနှင့် အဖြူရောင်လှံရှည်တစ်ချောင်းအား ဆုပ်ကိုင်ထား၏။ သူ၏ ဘယ်ဘက်မျက်ခုံးထက်ထွင် ဓားရာအမာရွက်တစ်ခုရှိနေပြီး ၎င်းက သူ့အား ပို၍ ရဲရင့်ကာ သူရဲကောင်းဆန်သွားစေသည်။ ထိုလူငယ်ထံမှ ထက်ရှသော အငွေ့အသက်များ ထွက်ပေါ်နေ၏။

“ အမွေဆက်ခံသူကိစ္စကတော့ မမှားပါဘူး.. အဲ့တာကအမှန်ဘဲ.. ဒါပေမယ့် တစ်ခုရှိတာက ရွှမ်မိသားစုကိုရောက်ရင် ငါတို့ရဲ့ အရည်အချင်းနဲ့ အလားအလာကို စမ်းသပ်လိမ့်မယ်.. အလားအလာပိုကောင်းလေ ရရှိမယ့် အရင်းအမြစ်တွေက ပိုများလေဘဲ.. အဓိကက လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ အလားအလာဘဲ.. ကျင့်ကြံမှုအဆင့်လား.. ဟမ့်.. ဟာသပဲ…”

ဒုန်း..!

စကားဆုံးသည်နှင့် လက်ထဲမှ လှံအတွင်းသို့ စိတ်‌ဝိညာဉ်စွမ်းအင်များ စီဆင်းစေလိုက်ပြီး ကြမ်းပြင်ပေါ် ဆောင့်ချလိုက်၏။ လှံဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အလွန်ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ၎င်းအား တားဆီးနိုင်သည့် အရာမရှိသကဲ့သို့ပင်။

“ ငါ့နာမည်က ရွှမ်ယင်ဘဲ.. ပြီးတော့ လှံဝိညာဉ်ခန္ဓာပိုင်ရှင်ဆိုလည်းဟုတ်တယ်.. ဒီနေရာက လူတွေထဲ ပါရမီအရည်အချင်းအရဆိုရင် ဘယ်သူမှငါ့ကို မယှဉ်နိုင်ဘူး.. ဟုတ်တယ်မလား…”

ဝိုး…!

လူအုပ်ကြီး တဖန် ရုတ်ရုတ်သဲသဲဖြစ်သွားပြန်၏။

လူတိုင်း အစောပိုင်းတွင် ရွှမ်တန်က သူတို့ထက် အပြတ်အသတ်သာလွန်နေပြီဟု တွေးထားခဲ့ကြသော်လည်း ယခုတွင် လှံဝိညာဉ်ခန္ဓာပိုင်ရှင်တစ်ယောက် ပေါ်လာပြန်ချေပြီ။

“ ပျင်းဖို့ကောင်းလိုက်တာ…”

ရွှမ်ယီက ထိုလူစုအား တစ်ချက်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။

ထိုလူငယ်များအဖို့ ရွှမ်မိသားစု၏ ဆက်ခံသူဟူသော စကားလုံးမှာ အလွန်ဆွဲဆောင်မှုကြီးမားလှ၏။ ထို့ကြောင့် နောက်လိုက်များပိုမိုရရှိစေရေးအတွက် မိမိတို့၏ အရည်အချင်းများအား အပြိုင်အဆိုင် ထုတ်ဖော်ပြသနေကြသည်။

သူတို့အတွက် ထိုသို့ပြုလုပ်ခြင်းက မှန်ကောင်းမှန်နိုင်သော်လည်း ရွှမ်ယီအတွက်မူ ကလေးကလားနိုင်ပြီး ပျင်းစရာအတိဖြစ်၏။

ထိုအရာက ရွှမ်မိသားစုမျှသာဖြစ်သည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်က မည်မျှ တောင့်တင်းခိုင်မာနိုင်မည်နည်း။

သူ့ရည်ရွယ်ချက်က ကောင်းကင်ဒေသတွင် အဆက်မပြတ်သန်မာလာအောင် ပြုလုပ်ရန်ဖြစ်သည်။ ထို့နောက် တခြားသော ပို၍ ကြီးကျယ်ခမ်းနားသည့် နေရာများသို့ သွားပေလိမ့်မည်။

“ ရှင်က ဘာလို့အဲ့ကိုမသွားတာလဲ…”

အသက်နှစ်ဆယ်၀န်းကျင်အရွယ် ကောင်မလေးတစ်ယောက်က ရွှမ်ယီနံဘေးတွင် ၀င်ထိုင်ပြီး မေးလိုက်၏။

သူမ၏ နာမည်က ရွှမ်ရင်ရင်ဖြစ်ပြီး ရွှမ်ယီအား သတိပြုမိနေသည်မှာ ကြာချေပြီ။

လူအုပ်ကြီးကြားတွင် အရည်အချင်းများအားကြွားဝါခြင်း ၊ အစွမ်းများထုတ်ဖော်ပြသခြင်းများအား ထို အဖြူ၀တ်လူငယ်လေးက လုံး၀စိတ်၀င်စားဟန်မရချေ။

သူက ပို၍ ကြီးကျယ်မြင့်မြတ်ပြီး ထူးခြားသော ကမ္ဘာတစ်ခုက ရောက်လာသည့်အလားပင်။

“ ‌မင်းရော ဘာလို့မသွားတာလဲ…”

ရွှမ်ယီက ထိုကောင်မလေးအား ကြည့်ပြီး ပြုံးလိုက်သည်။ သူတို့၏ သွေးသားဆက်နွယ်မှုများအရဆိုရင် ထိုတစ်ယောက်က သူ၏ ညီမဖြစ်ရပေမည်။

“ ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ…”

“ ရွှမ်ရင်ရင်ပါ…”

ရွှမ်ရင်ရင်က အနည်းငယ်ပြုံးသွားခဲ့သည်။ သူမက ရွှမ်ယီအား ကြည့်လိုက်ပြီး

“ လူတွေကို ကိုယ့်နောက်ပါအောင်လုပ်တာ.. ဒါမှမဟုတ် မဟာမိတ်ဖွဲ့တာ.. အဲ့တာမျိုး ရှင်လည်း သွားမလုပ်ဘူးလား…”

တစ်ယောက်ယောက်နဲ့ မဟာမိတ်ဖွဲ့ရမှာလား..?

နေပါဦး.. ငါက အဲ့တာမျိုးလုပ်စရာ လိုလို့လား…!

ရွှမ်ယီက အုတ်အော်သောင်းတင်းဖြစ်နေသည့် သူ၏ ညီအစ်ကိုများစိုက်ကြည့်ပြီး ပြုံးလိုက်သည်။ ၎င်းတို့အထဲမှ အားကောင်းသူများမှာ အခြေတည်ဝိညာဉ်အဆင့်တွင်ရှိနေကြပြီး အားနည်းသူများမှမူ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်တွင် ရှိနေကြ၏။ အချို့မှာမူ ချီအခြေခံတည်ဆောက်ခြင်းဆင့်၌သာ ရှိနေကြသေးသည်။

အဖွဲ့ဖွဲ့ခြင်းအတွက်လား…..

ရွှမ်ယီက စပ်စုလိုစိတ်အပြည့်ရှိသော ရွှမ်ရင်ရင်အား လှည့်ကြည့်လိုက်ပြီး မည်သည့် စကားမှတော့မဆိုတော့ချေ။

…………

ဒေသဖြတ်ကျော်လှေကြီးက တောင်ပိုင်းတိုက်ကြီး၌ ပြန့်ကျဲနေသော ပင်မသွေးရင်းများ အားလုံးနီးပါးကို ပြန်လည်လိုက်ရှာ စုဆောင်းနေခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဒေသသို့ပြန်ရောက်ရန် အချိန်အနည်းငယ် ကြာပေလိမ့်ဦးမည်။

…..

ထိုအချိန်တွင် ကြက်သွေးနတ်ဆိုးဒေသ…

ယခင်က မေ့ပျောက်နတ်ဆိုးနန်းတော်ရှိခဲ့သောနေရာ၌ ၎င်းနှင့် ပတ်သက်သည့် အရာအားလုံး ရှင်းလင်းပျောက်ကွယ်သွားပြီး နက်နဲဓားဂိုဏ်းနှင့်ဆိုင်သော အရာများဖြင့် အစားထိုးသွားခဲ့ချေပြီ။

လက်ရှိအချိန်တွင် ထိုနေရာရှိ ကြီးမားသော ရင်ပြင်ကြီး၌ လူအုပ်ကြီး အလွန်စည်းကားနေလေသည်။ ရင်ပြင်၏ နေရာအနှံ့တွင် စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် လူငယ်များအား လက်ညှိုးထိုးမလွဲတွေ့မြင်နိုင်၏။

၎င်းတို့အားလုံး ကြက်သွေးနတ်ဆိုးဒေသမှ လူငယ်မျိုးဆက်များ ဖြစ်ပေသည်။

အစောပိုင်းတွင် မေ့ပျောက်နတ်ဆိုးနန်းတော် ဖျက်ဆီးခံလိုက်ရပြီး နက်နဲဓားဂိုဏ်းဖြင့် အစားထိုးလိုက်သည်ဟူသော သတင်းအား မယုံကြည်သူအများအပြားရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် နက်နဲဓားဂိုဏ်းအား မည်သူမှ မကြားဖူးသောကြောင့်ပင်။

မေ့ပျောက်နတ်ဆိုးနန်းတော်ဆိုသည်မှာ ကြက်သွေးနတ်ဆိုးဒေသ၏ အကြွင်းမဲ့အုပ်စိုးသူဖြစ်ရာ ၎င်းတို့နေရာ၌ မည်သူက အစားထိုးနိုင်လိမ့်မည်နည်း။

လူတစ်ချို့ကမူ နက်နဲဓားဂိုဏ်းအား ဖယ်ရှားလိုကြပြီး မေ့ပျောက်နတ်ဆိုးနန်းတော်၏ အမွေအနှစ် အရင်းအမြစ်များအား မျက်စိကျခဲ့ကြသည်။ သို့သော် ထိုလူများအားလုံး ဇာတ်သိမ်းမလှခဲ့ကြပေ။

ကြက်သွေးနတ်ဆိုးဒေသရှိ နက်နဲဓားဂိုဏ်းခွဲမှ ဘုရင်အဆင့်နှစ်ယောက်က လူတိုင်းအား ပါးစပ်ပိတ်ပေးလိုက်၏။

‌ဤသို့ဖြင့် မေ့ပျောက်နတ်ဆိုးနန်တော်နှင့် နက်နဲ‌ဓားဂိုဏ်း၏ စစ်ပွဲ၌ မေ့ပျောက်နတ်ဆိုးနန်းတော် ပျက်စီးသွားခဲ့ကြောင့် လူတိုင်းလက်ခံသွားကြတော့သည်။

ထိုသတင်းက ကြက်သွေးနတ်ဆိုးဒေသတစ်ခုလုံးအား ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့၏။

သူတို့ တစ်ခါမှ မကြားဖူးသော ဂိုဏ်းတစ်ခုက မေ့ပျောက်နတ်ဆိုးနန်းတော်အား ဖျက်ဆီးလိုက်သည်တဲ့လား….?

ထိုသတင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နက်နဲဓားဂိုဏ်းခွဲ၌ ဘုရင်အဆင့်နှစ်ယောက်ရှိနေသည်ကတော့ အမှန်တရားပင်။

ထို့အပြင် ဘုရင်အဆင့်နှစ်ဦး စောင့်ရှောက်နေသည့် နက်နဲဓားဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုသာဖြစ်ကြောင်း သိလိုက်ရချိန်တွင် ကိုယ်ပိုင်ဂိုဏ်း၀င်ထားပြီးသားမရှိသေးသော လူတိုင်း၏ သွေးများကို ဆူပွက်သွားစေခဲ့သည်။

ဤပေါင်ကြီးမား ပွေ့ဖက်ရန် ကောင်းလွန်းလေစွ။

ထိုအခွင့်အရေးအား အမိအရဆုပ်ကိုင်နိုင်ရန်အတွက် မရေမတွက်နိုင်သည့်လူငယ်များ နက်နဲဓားဂိုဏ်းဆီသို့ အပြေးလာခဲ့ကြတော့သည်။

မူလက ကိုယ့်ကိုယ်ကိုပါရမီရှိလှပြီဟု ထင်ထားကြသူအများစုမှာလည်း ထိုနေရာသို့ ရောက်လာပြီးနောက် ၎င်းတို့ထက် သန်မာသူ အများအပြားရှိကြောင်း သိလိုက်ရ၏။

တဖြည်းဖြည်း သူတို့၏ ရင်ထဲ၌ လေးလံလာခဲ့ကြသည်။

စစ်ထူဘိုင်လဲ ထိုအထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်၏။ ကျောက်တုံးနတ်ဆိုး‌မြို့မှ ထွက်ခွာလာပြီးနောက် တဖြည်းဖြည်းနှင့် နက်နဲဓားဂိုဏ်းရှိရာဆီသို့ ရောက်ရှိလာခဲ့သည်။

ကျောက်တုံးနတ်ဆိုးမြို့၌ဆိုလျှင် သူ့အား ပါရမီရှင် တစ်ဦးအဖြစ် ထည့်သွင်းသတ်မှတ်နိုင်ပြီး စစ်ထူမိသားစုတွင်လည်း သူ့ထက် ကျော်လွန်သူများ အနည်းငယ်သာရှိခဲ့၏။

သို့သော် လက်ရှိနက်နဲဓားဂိုဏ်ခွဲရှိရာဆီသို့ ရောက်လာပြီးနောက် သူ၏ ပါရမီမှာ နိမ့်ကျ.. နိမ့်ကျသည်ထက် ပို၍နိမ့်ကျကြောင်း သိလာ‌ခဲ့တော့သည်။

“ ငါ နက်နဲဓားဂိုဏ်းကို ၀င်ခွင့်တောင်ရပါ့မလား…”

စစ်ထူဘိုင်က သူ၏ မျက်ခုံးနှစ်ဖက်အား တင်းကြပ်စွာ စေ့ထား၏။ သူ့အကျီရင်ဘတ်ထဲတွင် ရွှမ်ယီပေးထားသည့် တံဆိပ်ပြားရှိနေပြီး မူလက ရှိနေသော ယုံကြည်မှုများလည်းမရှိတော့ပေ။

All Chapters