← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

လွန်ခဲ့သောရက်အနည်းငယ်အတွင်း နက်နဲဓားဂိုဏ်းတွင် ဆီးနှင်းဘုရင်နှင့် မုန်ညင်းဘုရင်ဟူသည့် အကြီးအကဲနှစ်ဦးရှိကြောင်း သိခဲ့ရသည်။ ထို့အပြင် ထိုနှစ်ယောက်က ဘုရင်အဆင့်များဖြစ်ပြီး ယခုတစ်ကြိမ်တပည့်လက်ခံခြင်းအခမ်းအနားကိုလည်း သူတို့က ဦးဆောင်ပြီးကျင်းပမည်ဖြစ်ကြောင်း သိခဲ့ရ၏။

လွန်ခဲ့သော ရက်များအတွင်းက လူတစ်ချို့မှာ ထိုသတင်းအားကြားသည့်တိုင် စိတ်ပူပန်မှု အလျဉ်းမရှိကြချေ။

အင်အားကြီးမိသားစုများအနေဖြင့် ထိုဘုရင်အဆင့်များနှင့် ဆက်သွယ်ကာ ၎င်းတို့၏ မျိုးဆက်များအား ဂိုဏ်းအတွင်း၀င်ခွင့်ရစေရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် မည်သို့ပင်ကြိုးစားပါစေ လုံး၀အောင်မြင်မှုမရခဲ့ကြပေ။

စစ်ထူဘိုင်၏အမြင်တွင် စစ်ထူမိသားစုထက် အဆများစွာ အင်အားကြီးသော မိသားစုများပင် နောက်ဖေးတံခါးမှ၀င်ရန် မဖြစ်နိုင်ခဲ့ကြပါ။

“ အစ်မရဲ့ ဆရာက အစွမ်းထက်တာမှန်ပါတယ်.. ဒါပေမယ့် သူက ဘုရင်အဆင့်မရောက်သေးဘူး.. ဒီ တံဆိပ်ပြား……”

နက်နဲဓားဂိုဏ်းခွဲက ပါရမီထူးချွန်ထက်မြက်ပြီး အလားအလာကောင်းသည့် လူငယ်များကိုသာ တပည့်အဖြစ်လက်ခံရန် ဆုံးဖြတ်ထားပုံရသည်။

စစ်ထူဘိုင်၏ အစောပိုင်းစိတ်ကူးများကမူ တပည့်လက်ခံသည့် နေရာသို့တိုက်ရိုက်သွားကာ ထိုတံဆိပ်ပြားပြရန် ဆုံးဖြတ်ထား၏။ သို့သော် လက်ရှိအခြေအနေများအရ ထိုသို့ လုပ်ရဲခြင်းမရှိတော့ချေ။

“ နက်နဲဓားဂိုဏ်းမှာ တိုက်ရိုက်၀င်ခွင့်ရစေမယ့် တံဆိပ်မျိုးရှိတယ်လို့ လုံး၀မကြားဖူးဘူး… အစ်မကြီး.. အစ်မကြီးရဲ့ ဆရာတော့ အတွက်မှားသွားပြီ….”

ထိုသို့တွေးမိသည်မှာ စစ်ထူဘိုင်၏ အပြစ်မဟုတ်ပေ။ ထို တံဆိပ်ပြားက ရွှမ်ယီ အဆင်ပြေတာတစ်ခုခုအား ရှောင်တခင်ပြုလုပ်လိုက်ခြင်းဖြစ်၏။ သို့သော် ထိုတံဆိပ်ပြားထဲတွင် ရွှမ်ယီ၏ စိတ်ဝိညာဉ်စွမ်းအားများ ပါ၀င်နေသည်။

“ ထားလိုက်တော့.. ဒီကိစ္စမတွေးတော့ဘူး.. ဟူးးး ငါတော့ သေချာပေါက်၀င်နိုင်လိမ့်မယ်မထင်ဘူး… ဟဟ…”

စစ်ထူဘိုင်၏ နံဘေးတွင် မောင်နှစ်မနှစ်ဦးရှိနေသည်။ အစ်ကိုဖြစ်သူနာမည်က ဝူယုံဖြစ်ပြီး ပိန်ပါးကာ မျောက်တစ်ကောင်နှင့်တူလှ၏။ သူ့အရည်အချင်းက စစ်ထူဘိုင်လောက်တောင် မကောင်းလှသည်မို့ နက်နဲဓားဂိုဏ်းသို့ ၀င်ရန် ပိုပြီးမဖြစ်နိုင်ပေ။

သို့သော် သူ့ညီမဖြစ်သူကမူ အလွန်သိမ်မွေ့ကာ လှပသူလေးဖြစ်၏။ သူမ နာမည်က ဝူလင်းအာဖြစ်ကာ သူမအနီးတွင် စိတ်ဝိညာဉ် ချီစွမ်းအင်များ ရစ်သိုင်းနေသည်။ အမြင်စူးရှသူတိုင်း သူမက ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပြောနိုင်၏။ သူမက သေချာပေါက် နက်နဲဓားဂိုဏ်းသို့ ၀င်နိုင်ပေလိမ့်မည်။

“ ညီအစ်ကို စစ်ထူ..မင်း ဒီကိုလာတာ အတွေ့အကြုံရတာပေါ့ကွာ.. မင်းရဲ့ ခက်ခဲတဲ့ ခရီးက အလဟသတော့ မဖြစ်ပါဘူး…”

ထို မျောက်နှင့်တူသော လူငယ်က စစ်ထူဘိုင်၏ မျက်မှောင်ကြုတ်ထားသော အမူအရာအားကြည့်ကာ အနည်းငယ်ရယ်မောလိုက်၏။ သူက မိမိကိုယ်ကိုယ် စိတ်ပူခြင်းအလျင်းမရှိချေ။ သူက နက်နဲဓားဂိုဏ်သို့ ၀င်ရန် လုံး၀မဖြစ်နိုင်သော်လည်း သူ့ညီမကမူ သေချာပေါက်၀င်နိုင်ပေလိမ့်မည်။

ဝူယုံ၏ အမြင်တွင် နက်နဲဓားဂိုဏ်းသို့ သူ့ညီမ၀င်နိုင်ခြင်းက သူ၀င်နိုင်သကဲ့သို့ဖြစ်၏။

သို့သော် လမ်းခုလတ်တွင် ဆုံတွေ့ခဲ့သည် ထို စစ်ထူဘိုင်ဟူသည့် ညီလေးကလည်း ၀င်နိုင်မည့် ပုံမရှိချေ။

ဝူယုံက အပြင်ဗန်းတွင် စစ်ထူဘိုင်အား အားပေးစကားများပြောနေခဲ့သော်လည်း ရင်ထဲ၌မူ မနာလိုမှုနှင့်တကွ ဒေါသများရှိနေ၏။ ပြောရမည်ဆိုလျှင် သူက စစ်ထူဘိုင်လောက် အရည်အချင်းမရှိချေ။

ထို့ကြောင့် ဝူယုံက လွန်ခဲ့သောရက်များတစ်လျှောက် စစ်ထူဘိုင်အား အမြဲတစေ မထိတထိတိုက်ခိုက်နေခဲ့၏။

“ အစ်ကိုကြီး.. နင် ဘာတွေပြောနေတာလဲ…”

ဝူလင်းအာက အစ်ကိုဖြစ်သူအား စောင်းကြည့်လိုက်သည်။ သူမအစ်ကိုက အဘယ်ကြောင့် ဤကဲ့သို့ ပြုမူနေရသနည်း။

ထို့နောက် သူမ၏ စစ်ထူဘိုင်ဘက်သို့လှည့်ကာ နှစ်သိမ့်ပေးလိုက်၏။

“ အစ်ကိုစစ်ထူ.. သူပြောတာကို ဂရုစိုက်မနေနဲ့.. နက်နဲဓာဂိုဏ်းတပည့်လက်ခံတာမှာ အပြင်စည်းနဲ့ အတွင်းစည်းဆိုပြီး နှစ်ခုခွဲထားတယ်လို့ ကြားခဲ့တယ်.. အစ်ကိုစစ်ထူရဲ့ အရည်အချင်းနဲ့ဆိုရင် သေချာပေါက် အပြင်စည်းတပည့်ဖြစ်နိုင်တယ်.. တစ်ချိန်ကျရင် အတွင်းစည်းကို၀င်ရောက်ဖို့ သိပ်ပြီးခဲယဉ်းမှာ မဟုတ်ဘူး…”

ဝူလင်းအားက စစ်ထူဘိုင်ကို အားပေးစကားများ အဆက်မပြတ်တီးတိုးဆိုလိုက်သည်။

…….

“ ဟမ်.. နက်နဲဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဖြစ်ဖို့.. သူကလား… ဟားဟားဟားးးး.. ရယ်ရလွန်းလို့ သေတော့မယ်…”

သူတို့ အနီးမှဖြတ်သွားသည့် လူငယ်တစ်ယောက်က အားပါးတရ လှောင်ရယ်လိုက်၏။

“ မင်း ဘာတွေလာပြီး စော်ကားနေတာလဲ..”

ဝူယုံက ဒေါသတကြီးတုံ့ပြန်လိုက်သည်။

သို့သော် သူတို့အား လှောင်ရယ်ခဲ့သည့် အနီရောင်၀တ်စုံနှင့်လူငယ်ကမူ သက်တောင့်သက်သာအမူအရာနှင့်ရှိနေ၏။ သူ့အကြည့်များက ဝူလင်းအာထံသို့ အရင်ကျရောက်သွားပြီးနောက် စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ပြီးမှ ဒေါသထွက်နေသည့် စစ်ထူဘိုင်အား ကြည့်လိုက်၏။

သူက ဝူလင်းအာကိုနှစ်သက်နေသည်မှာ အတော်ကြာချေပြီ။ သို့သော် ဝူလင်းအာနံဘေး၌ ထိုကောင်က တစ်ချိန်လုံး ရှိနေခဲ့ရာ အလွန်ကြည့်မရဖြစ်နေခဲ့ခြင်းဖြစ်သည်။

“ ဟမ့်.. ဝူလင်းအာ.. အဲ့ဒီကောင်က ဘာများကောင်းလို့လဲ.. သူ့အရည်အချင်းက အောက်ခြေအဆင့်ပဲရှိတယ်.. သူက နက်နဲဓားဂိုဏ်းကို ၀င်နိုင်ဖို့တောင် သေချာတာမဟုတ်ဘူး.. ဒါပေမယ့် မင်း.. မင်းကကျတော့ နက်နဲဓားဂိုဏ်း၀င်တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ.. အဲ့အချိန်ကျရင် သူနဲ့မင်းကြားက ကွာခြားချက်က အခုထက် အဆ(၁၀၀)လောက်ပိုတိုးသွားလိမ့်မယ်…”

ထိုစကားကြားလျှင် ဝူလင်းအာက ပြုံးလိုက်၏။

“ ငါရဲ့ အစ်ကိုစစ်ထူက နက်နဲဓားဂိုဏ်းကို ၀င်နိုင်မ၀င်နိုင်တော့မသိဘူး.. နင့်လို အပျင်းကြီးတဲ့ ဖားလိုကောင်ကတော့ မ၀င်နိုင်မှာသေချာတယ်…”

အနီရောင်၀တ်ရုံနှင့်လူငယ်လေးက ထီမထင်သည့် မျက်နှာထားနှင့် လက်တွင်းမှ တံဆိပ်ပြားအား မြှောက်ပြလိုက်သည်။ ထို့နောက် ယုံကြည်မှုများ ပြည့်နှက်နေသည့်လေသံဖြင့်

“ ငါ့မှာ နက်နဲဓားဂိုဏ်း၀င်ခွင့် တံဆိပ်ပြားရှိတယ်…”

သူ၏ စကားက လူတိုင်းကို အံ့ဩသွားစေခဲ့၏။

စစ်ထူဘိုင်တို့အဖွဲ့သာမက နံဘေးမှ ကြားလိုက်သော လူတိုင်း၏အကြည့်များအားလုံး ထိုလူငယ်ထံသို့ ရောက်ရှိသွားသည်။ သူတို့အားလုံး ထိုလူငယ်၏ လက်တွင်းမှ အနက်ရောင်သံတံဆိပ်ပြားကို ကြည့်နေကြခြင်းဖြစ်၏။

ထိုတံဆိပ်ပြား၌ အမှန်တကယ်ကို နက်နဲဓားဂိုဏ်း အမှတ်အသားပါရှိနေသည်။

“ ‌ဒါမှာ အမှန်တကယ် နက်နဲဓားဂိုဏ်းရဲ့ အမှတ်အသားသင်္ကေတပါတာဘဲ…”

ဝူလင်းအာနှင့် စစ်ထူဘိုင်တို့ တီးတိုးစကားပြောနေကြစဉ် ဝူယုံ၏မျက်နှာကမူ အလွန်အမင်းရုပ်ဆိုးနေလေ၏။

“ ‌အဲ့ကောင်ရဲ့ အရည်အချင်းက တော်တော်ကိုညံ့ဖျင်းတယ်.. အဲ့ဒီတံဆိပ်ပြားရဖို့ သူ့မိသားစုပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ရောင်းလိုက်ရလဲမသိဘူး…”

စစ်ထူဘိုင်ကမူ ထိုအနက်ရောင်တံဆိပ်ပြားအား သေချာစူးစိုက်ကြည့်နေလေသည်။ သူမည်သို့ပင်ကြည့်ကြည့် သူ့ထံတွင်ရှိနေသော တံဆိပ်ပြားနှင့် လားလားမျှ တူညီခြင်းမရှိချေ။ ထိုလူငယ်၏ တံဆိပ်ပြား၌ နက်နဲဓားဂိုဏ်း အမှတ်သင်္ကေတပါရှိပြီး သူ့ထံရှိ တံဆိပ်ပြားကမူ ဗြောင်သက်သက်ဖြစ်၏။

ပတ်၀န်းကျင်မှလူတိုင်း သူ့ကို အာရုံစိုက်နေကြသည်အားမြင်လျှင် အနီရောင်၀တ်စုံနှင့် လူငယ်လေး အလွန်အမင်းဂုဏ်ယူလာခဲ့သည်။ သူက စစ်ထူဘိုင်အား မထီတထီလှမ်းကြည့်လိုက်ပြီး သနားနေသော အမူအရာဖြင့် ခေါင်းယမ်းလိုက်၏။

၎င်းကိုမြင်လျှင် စစ်ထူဘိုင်တစ်ယောက် မျက်နှာပျက်သွားခဲ့လေသည်။

All Chapters