အခန်း (၁၀၈)
Vol. 8 Ch. 108
နက်နဲဓားဂိုဏ်း၏ ဂိုဏ်းသားအသစ်လက်ခံသည့်ပုံစံမှာ အလွန်ပါရမီထူးချွန်ပါက အကြီးအကဲများ၏ တိုက်ရိုက်တပည့် ဖြစ်လာပေလိမ့်မည်။ အတော်အတန်ထူးချွန်သူများကမူ အတွင်းစည်းတပည့် ဖြစ်လာရန်အခွင့်အရေးရှိ၏။ ဥပမာ ဝူလင်းအာဖြစ်သည်။ ထို့အပြင် နက်နဲဓားဂိုဏ်း၌ အရင်းအမြစ်အလွန်ပေါများသဖြင့် အပြင်စည်းတပည့်ဖြစ်လာလျှင်ပင် ဂိုဏ်းတွင်း၌ လေ့ကျင့်ပြီး သိပ်မကြာမီ အတွင်းစည်းတပည့်ဖြစ်သွားပေလိမ့်မည်။
စစ်ထူဘိုင်၏ အနေအထားကမူ အောက်ဆုံးနား၌ဖြစ်၏။ ပြောရမည်ဆိုလျှင် ဂိုဏ်း၏ အပြင်စည်းသို့ပင် ၀င်နိုင်ရန်မသေချာချေ။ ၀င်နိုင်ပါက အကောင်းဆုံးဖြစ်၏။
“ ငါမယုံဘူး.. နက်နဲဓားဂိုဏ်းရဲ့ တပည့်လက်ခံတာက အရမ်းတင်းကြပ်တယ်လို့ကြားထားတယ်.. အနောက်တံခါး လုံး၀ရှိမှာမဟုတ်ဘူး.. ၀င်ခွင့်တံဆိပ်ရဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”
ဝူလင်းအာက မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ကာပြောလိုက်၏။
“ အဟွတ်.. အဟွတ်..ဟုတ်တယ်.. တပည့်လက်ခံခြင်းက အရမ်းတင်းကြပ်တယ်.. ဒါပေမယ့် အဲ့တာက တိုက်ရိုက်တပည့်တွေနဲ့ အတွင်းစည်းတပည့်တွေအတွက်ပဲ.. တကယ်လို့ မင်းမိသားစုက လုံလောက်အောင်ချမ်းသာတယ်ဆိုရင် တချို့ အကြီးအကဲတွေနဲ့ချိတ်ဆက်ပြီး အပြင်စည်းတပည့်ဖြစ်ခွင့်ရဖို့က သိပ်မခက်ပါဘူး…”
ဝူယုံက ချောင်းဆိုးလိုက်ပြီး ထိုနှစ်ယောက်အား ဆွဲခေါ်လာခဲ့လိုက်သည်။ သူက ဤနေရာမှ ထွက်သွားချင်နေသည်မှာ ကြာပြီဖြစ်၏။
အနီရောင်၀တ်လူငယ်ကြောင့် သူတို့ရှိနေသည့်နေရာမှာ ပတ်၀န်းကျင်မှ လူတိုင်း၏ အာရုံစိုက်ရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
သူတို့သုံးဦးတွင် ဝူလင်းအာတစ်ယောက်သာ နက်နဲဓားဂိုဏ်းသို့ အတိအကျ၀င်နိုင်စွမ်းရှိ၏။ သူတို့နှစ်ဦး၏ အရည်းအချင်းကမူ နိမ့်ကျသည်ဖြစ်ရာ လူအများ၏ အာရုံစိုက်မှုမလိုချင်ပေ။ သို့မဟုတ်ပါက လူအများ လှောင်ရယ်စရာဖြစ်သွားပေလိမ့်မည်။
“ သူတို့အရည်အချင်းက သိပ်ပြီးမကောင်းပါဘူး..”
“ သူတို့ နက်နဲဓားဂိုဏ်း၀င်ချင်တယ်ဆိုရင် အဲ့ဒီမိန်းကလေးတစ်ယောက်ပဲအဆင်ပြေလိမ့်မယ်.. ကျန်တဲ့နှစ်ယောက်.. သူတို့ကိုတော့ ငါမထင်ဘူး…”
လူအုပ်ထံမှ တစ်ယောက်က ဂုဏ်ယူနေသော အမူအရာဖြင့် ရေရွတ်လိုက်၏။ သူ့ အရည်အချင်းက ပျမ်းမျှထက် အနည်းငယ်သာလွန်ပေရာ အပြင်စည်းသို့ ၀င်နိုင်လိမ့်မည်ဖြစ်သည်။
လူအုပ်ကြီးအတွင်းမှ လူတချို့က သူတို့သုံးယောက်အဖွဲ့အားကြည့်ကာ တီးတိုးစကားဆိုနေကြ၏။
ကြက်သွေးနတ်ဆိုးဒေသတွင် တစ်ယောက်ယောက်က နက်နဲဓားဂိုဏ်းသို့ ၀င်နိုင်ပါက နှစ်အနည်းငယ်အကြာတွင် မ၀င်နိုင်ခဲ့သော လူနှင့် ကွာဟချက်မှာ အလွန်ကြီးမားသွားပေလိမ့်မည်။
ထိုလူငယ်နှစ်ဦးက ဂိုဏ်း၏ အပြင်စည်းသို့ပင် ၀င်နိုင်စွမ်းမရှိသူများဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးနောက် မည်သူက သူတို့အား မှတ်မိနေဦးမည်နည်း။
ထို့ကြောင့် သူတို့အားလုံး လျစ်လျူရှုထားလိုက်ကြတော့၏။
အချိန်အတန်ကြာသွားပြီးနောက် နက်နဲဓားဂိုဏ်း တပည့်လက်ခြင်းအခမ်းအနား စတင်ကျင်းပချေပြီ။
နက်နဲဓားဂိုဏ်းခွဲ၏ အကြီးအကဲတစ်ဦးဖြစ်သည့် မုန်ညင်းဘုရင်က ပြုံးနေသောမျက်နှာဖြင့် ထွက်ပေါ်လာခဲ့ကာ အခမ်းအနားစတင်တော့မည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
တပည့်လက်ခံခြင်းအခမ်းအနား၏ ပထမအဆင့်မှာ လူတစ်ယောက်၏ အရိုးသက်တမ်းအား စမ်းသပ်ခြင်းဖြစ်၏။ ထိုအရာနှင့် ပတ်သက်ပြီး တခြားပြောစရာတော့မရှိချေ။ ကန့်သတ်ချက်ကအလွန်မြင့်မား၏။ အသက်(၂၀)ကျော်နေသောလူဖြစ်ပါက ၎င်း၏ အရည်အချင်းက အလွန်အမင်းကောင်းမွန်နေပါမှ ဂိုဏ်းအတွင်းသို့ ၀င်ခွင့်ရပေလိမ့်မည်။
စစ်ထူဘိုင်တို့သုံးယောက်လုံး ငယ်ရွယ်ကြသေးသည်ဖြစ်ရာ ထိုအဆင့်အား အောင်မြင့်ခဲ့ကြသည်။
ဒုတိယအဆင့်မှာမူ ဘုရင်အဆင့်ကျင့်ကြံသူက ချိန်ညှိ၍ ထုတ်လွှတ်သော ဖိအားကို တောင့်ခံရမည်ဖြစ်၏။ အကယ်၍ သတ်မှတ်ထားသည့် အချိန်အတိုင်းအတာထိ တောင့်ခံထားနိုင်ပါက နက်နဲဓားဂိုဏ်းသို့၀င်ရောက်နိုင်ပေလိမ့်မည်။
ထိုလူများအား အကြီးအကဲများက ၎င်းတို့၏ နောက်ခံအချက်အလက် ပါရမီအရည်အချင်း စသည်တို့အားကြည့်ရှုပြီး တိုက်ရိုက်တပည့် ၊ အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့်ဟူ၍ ခွဲခြားသွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ၀င်ခွင့်လာဖြေကြသော လူတိုင်း ဖိအားကို တောင့်ခံရတော့မည့်အချိန်ဖြစ်၏။ ၎င်းတို့၏ အရည်အချင်းပိုမြင့်လေလေ ၊ ပိုပြီးသန်မာလေလေ ဖိအားကို ပို၍ တောင့်ခံနိုင်ပေလိမ့်မည်။
နိမ့်ကျသော အရည်အချင်းရှိသူများအတွက်မူ အသက်ရှုကြိမ် အနည်းငယ်မျှအတွင်း မြေပေါ်သို့ လဲကျသွားနိုင်သည်။
ဆီးနှင်းဘုရင်က အေးစက်စွာပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ အေးစက်စွာလှပနေသည့် သူမ၏ မျက်နှာလေးက လူတိုင်း၏အမြင်တွင် ရေခဲတောင်ကြီးတစ်ခုအလား ဖြစ်သွားခဲ့သည်။
ဘုန်း…
ချက်ချင်း လူတစ်ချို့ မြေပေါ်သို့ လဲကျသွား၏။ သူတို့အားလုံး၏ အမြင်အာရုံများ ကပြောင်းကပြန်ဖြစ်ကုန်ကြသည်။ လေပြင်းများတိုက်ကာ မိုးကြိုးမုန်တိုင်းများကျရောက်ပြီး မြေများ ပြိုကျပျက်စီးနေသလို ခံစားနေကြရ၏။
ဝုန်း..ဝုန်း…
အရည်အချင်းနိမ့်ပါးသူများအားလုံး မြေပေါ်၌ ပုံနေကြချေပြီ။ သူတို့၏ ဒူးများ ပျော့ခွေသွားခြင်းကြောင့်ဖြစ်၏။ သို့သော် ပါရမီကောင်းမွန်သူများကမူ မတ်မတ်ရပ်နေနိုင်ကြဆဲပင်။ လူများစွာ မြေပေါ်သို့ လဲကျသွားသည့် မြင်ကွင်းအားကြည့်ကာ ဆီးနှင်းဘုရင်နှင့် မုန်ညင်းဘုရင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ပြုံးလိုက်ကြသည်။
ဘုရင်အဆင့်တစ်ယောက်၏ ဖိအားအောက်တွင် ၎င်းတို့နှလုံးသားဖြူစင်မှုမရှိသူများအနေဖြင့် ၎င်းတို့၏ အရည်အချင်းမြင့်မားနေပစေဦးတော့ မြေပေါ်သို့ လဲကျသွားမည်သာ။
အစောပိုင်းက စစ်ထူဘိုင်အား လှောင်ပြောင်ခဲ့သည့် အနီရောင်၀တ်စုံနှင့် လူငယ်လေး၏ မျက်နှာလည်း သွေးဆုတ်ဖြူဖျော့သွားခဲ့၏။ သို့သော် လက်တွင်း၌ ကိုင်ထားသည့် တံဆိပ်ပြားမှ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်နောက် ၎င်းက သူ့ထံသို့ကျရောက်လာနေသည့် ဖိအားများကို ခေတ္တတားဆီးပေးထားခဲ့သည်။
ထို အချိန်က ခဏတာသာဖြစ်သော်လည်း နက်နဲဓားဂိုဏ်း၏ အပြင်စည်းတပည့်ဖြစ်လာရန်အတွက်မူ လုံလောက်၏။
ဖိအားများအားလုံး အလုံးစုံပျောက်ကွယ်သွားချိန်တွင် အနီ၀တ်လူငယ်လေးက ၎င်း၏ခေါင်းကို တဖန်ပြန်လည်၍ မော့လိုက်သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့လျက်ရှိနေဆဲဖြစ်သော်လည်း ပျော်ရွှင်မှုများ ပြည့်နှက်၏။
သူက စစ်ထူဘိုင်ရှိရာသို့ ကြည့်လိုက်ပြီးနောက် မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။
သူနှိမ့်ချဆက်ဆံခဲ့သည့် လူငယ်လေးက ကြောင်အနေသော အမူအရာဖြင့် မတ်တပ်ရပ်နေသည်အား တွေ့လိုက်ရသောကြောင့်ဖြစ်၏။ သူက အလွန်ပါရမီကောင်းသူများထက်ပင် ပို၍ သက်တောင့်သက်သာဖြစ်နေသည့် ပုံစံပေါ်နေသည်။
“ မဖြစ်နိုင်ဘူး…”
အနီရောင်၀တ်စုံနှင့် လူငယ်လေးက ခေတ္တအံ့ဩသွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
“ မင်း.. လိမ်ညာ လှည့်ဖျားနေတာပဲ…”
အော်သံထွက်လာသည့်နှင့် လူတိုင်း၏ အာရုံက သူတို့ထံကျရောက်သွားခဲ့သည်။
“ ဟမ်.. ဒီကောင်လေး ဟို သာမန်အရည်အချင်းနဲ့ကောင်လေးမဟုတ်လား…”
“ ဟုတ်တယ်.. ဒါပေမယ့် သူက ဘာလို့ သက်တောင့်သက်သာပုံစံနဲ့ရှိနေခဲ့တာလဲ..”
ထိုစကားများအားကြားလျှင် ဆီးနှင်းဘုရင်နှင့် မုန်ညင်းဘုရင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ သူတို့၏မျက်၀န်းများအတွင်း၌ ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
လှည့်စားနေတယ်တဲ့လား…
တစ်ယောက်ယောက်က သူတို့ ရှေ့မှောက် လှည့်စားရဲတာလား….?
ရွှပ်..
ခြေတစ်လှမ်းဖြင့် ဆီးနှင်းဘုရင်က ထိုနေရာသို့ ရောက်သွားခဲ့၏။ သူမ မျက်၀န်းများက အလွန်အေးစက်နေလေသည်။