အခန်း (၁၁၀)
Vol. 8 Ch. 110
တောင်ပိုင်းတိုက်ကြီး ၊ ကောင်းကင်ဒေသ
ရွှစ်…
လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၎င်းအတွင်းမှ လှေပျံကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။
“ ဒါက ကောင်းကင်ဒေသလား…”
လှေပျံကြီး၏ ရင်ပြင်ထက်ရှိ ရွှမ်ယီက အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်ရင်း ရေရွတ်လိုက်၏။ လက်ရှိအချိန်တွင် ဒေသဖြတ်ကျော်လှေပျံ၏ ကိုယ်ထည်အား စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်ဖြင့် ကာရံထားခဲ့သော်လည်း ပြင်ပဒေသမှ အလွန်သန့်စင်ကာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားမိနေသည်။
ဒေသဖြတ်ကျော်လှေပျံကြီးက ကောင်ကင်ဒေသအထက်ရှိ ကြယ်လေထုအလွှာမှထွက်ခွာပြီး တစ်နေရာသို့ ဦးတည်ပျံသန်းနေ၏။
ရွှမ်ယီက ပတ်၀န်းကျင်အား လေ့လာကြည့်ရှုနေပြီး ကောင်းကင်ဒေသမှာ အလွန်ကျယ်ပြောကြောင်း နားလည်သွားလေသည်။
ဒေသဖြတ်ကျော်လှေပျံကြီးပေါ်မှတစ်ဆင့် အလွန်ကျယ်ပြန့်သည့် မြစ် ၊ ချောင်းများ တိမ်များအထက်သို့ ထိုးဖောက်၀င်ရောက်နေသည့် တောင်တန်းများကို အထင်းသားမြင်နေရ၏။
ကောင်းကင်ဒေသဆိုသည်မှာ တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ(၂၀)ထဲမှ တစ်ခုဖြစ်သည်။
အဇူရာဒေသနှင့် ၎င်းကြားတွင် မည်မျှကွာဝေးကြောင်းအတိအကျမသိနိုင်ချေ။ ပင်မမျိုးဆက်များအားလုံးကို စုဆောင်းပြီးနောက် ကောင်းကင်ဒေသသို့ ပြန်လာရာလမ်း၌ပင် တစ်လနီးပါး အချိန်ပေးခဲ့ရသည်။
ထိုအချိန်တွင် အဝေးမှနေ၍ မီးတောက်တစ်ခုနှင့်အတူ အလွန်စူးရှသော အသံတစ်ခုအားကြားလိုက်ရသည်။ လှေပျံကြီးမှ အဝေးတစ်နေရာရှိ တောင်းတန်းတစ်ခုထက်တွင် မီးအရှိန်အဝါများ တောက်ပနေ၏။
“ ဒါက ခွန်သားရဲပဲ… အဲ့အကောင်က ငယ်ငယ်လေးထဲက အခြေတည်ဝိညာဉ်အဆင့်စွမ်အားမျိုးရှိတယ်.. အရွယ်ရောက်လာတာနဲ့ ဘုရင်အဆင့်ကို သေချာပေါက်ရောက်တဲ့ သားရဲပဲ…”
“ ဘုရင်အဆင့်ကျွမ်းကျင်သူတောင် အဲ့သားရဲနဲ့ပက်ပင်းတိုးရင် အတော်လေးခေါင်းကိုက်ရလေ့ရှိတယ်.. မီးတောက်တွေ၀န်းရံနေတာကိုကြည့်ရင် အဲ့အကောင်က အခုမှမွေးဖွားလာတာထင်တယ်…”
“ တော်တော် ကြောက်စရာကောင်းတဲ့ သားရဲပဲ…”
တစ်ချို့လူများက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
ထိုသို့သော သားရဲတစ်ကောင်က တစ်ချို့ ဒေသငယ်လေးများ၌ မွေးဖွားလာပါက ထိုဒေသ ကပ်ဆိုက်သွားပေလိမ့်မည်။
သို့သော် ကောင်းကင်ဒေသ၌မူ ထို့သို့ သားရဲများ များစွာရှိနေ၏။
“ မင်းတို့ အခုပဲ ကောင်းကင်ဒေသကို ရောက်လာကြပြီ.. မကြာခင် ရွှမ်မိသာစုကိုရောက်တော့မယ်.. ဒီတော့ မင်းတို့ သိထားရမယ့် အရေးကြီးကိစ္စတွေရှိတယ်…”
ကိုယ်စားလှယ်တစ်ဦးက လေးနက်နေသည့် ဟန်ပန်ဖြင့်ပြောလိုက်သည်။ ထိုလူက စကားပြောရာ၌ စိတ်ဝိညာဉ်စွမ်းအားများထည့်သွင်းထားသည်ဖြစ်ရာ လေထုပင်တုန်ခါသွားပြီး လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရ၏။
“ ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုကြီး(၄)ခုရှိတယ်… အဲ့(၄)ခုထဲက တစ်ခုက ဖီးနစ်လှိုဏ်ဂူလို့ခေါ်တယ်… သူတို့မှာ ထိပ်တန်းကျွမ်းကျင်သူတွေအများကြီးရှိတယ်.. လက်အောက်ခံအင်အားစုတွေလည်း အများကြီးဘဲ.. ငါတို့အနေနဲ့ သူတို့ကို လုံး၀စော်ကားလို့မရဘူး…”
“ ဒုတိယတစ်ခုက ကြီးမြတ်တဲ့ ချင်မင်းဆက်ပဲ.. ငါတို့အနေနဲ့ သူတို့ကို လျှော့တွက်လို့မရသလို လုံး၀သွားပြီး စော်ကားလို့လည်းမရဘူး…”
“ တတိယတစ်ခုအနေနဲ့ကတော့ မြောက်ပိုင်းဒေသရဲ့ ကိုင်မိသားစုပါ.. ကိုင်မိသားစုက မိသားစုကြီးတစ်ခုဖြစ်ပြီး သူတို့မှာလည်း ထိပ်တန်းကျွမ်းကျင်သူတွေရှိတယ်.. ကိုင်မိသားစုလက်အောက်မှာ အင်အားစုတွေရာနဲ့ချီပြီးရှိတယ်.. ငါတို့ ရွှမ်မိသားစုကလဲ အဲ့ဒီအထဲ တစ်ခုပဲ…”
“ နောက်ဆုံးတစ်ခုကတော့ အနောက်ပိုင်းဒေသ ၀မ်မိသားစု.. သူတို့ကတော့ နည်းနည်းလေးရက်စက်ကြမ်းတမ်းတဲ့စရိုက်ရှိတယ်လို့ပြောရမယ်…”
ထိုကိုယ်စားလှယ်၏ စကားများက အလွန်လေးနက်နေခဲ့သည်။
ရွှမ်မိသားစု ကောင်းကင်ဒေသတွင် အင်အားအတော်အသင့်တောင့်တင်းသော်လည်း ၎င်းတို့ထံ၌ ပင်မသွေးမျိုးဆက်များ အလွန်လျော့နည်းနေခဲ့၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်း အင်အားကျဆင်းလာခဲ့သည်။ သို့သော် ရွှမ်မိသားစု အထွတ်အထိပ်၌ ရှိနေစဉ်ကပင် ထိုအင်အားစုကြီးလေးခုနှင့် ယှဉ်နိုင်ခြင်းမရှိချေ။
ထို့ကြောင့် ယခုမှ ကောင်းကင်ဒေသသို့ ရောက်လာသော လူငယ်များအား နားလည်အောင် အရင်ဦးဆုံးရှင်းပြထားရန်လိုအပ်သည်။
ထိုစကားများကြားလျှင် ရွှမ်ယီက အနည်းငယ်ပြုံးလိုက်၏။
သို့သော် ပါလာသော လူငယ်တိုင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူတို့၏ ရင်တွင်း၌ ခံစားချက်များအလွန်မြင့်တက်နေခဲ့သည်။
ထိုအင်အားစုကြီးများမှ ထိပ်ဆုံးကျွမ်းကျင်သူများက မည်မျှအစွမ်းထက်ကြလေသနည်း။
“ ပြောရမယ်ဆိုရင်.. ငါတို့ ရွှမ်မိသားစုကလည်း သိပ်မဆိုးပါဘူး..”
လူတိုင်း ထိတ်လန့်သွားသည်အားမြင်လျှင် စကားပြောနေသည့် ကိုယ်စားလှယ်က ပြုံးပြီး ဆက်ပြောလိုက်သည်။
ရွှမ်မိသားစုခေါင်းဆောင်မှာ အတော်လေးအစွမ်းထက်လှသူဖြစ်၏။ ဒါဇင်နှင့်ချီသော အစောပိုင်း မူလဘုရင်အဆင့်များအား တစ်ဦးတည်း တားဆီးတိုက်ခိုက်နိုင်သူဖြစ်သည်။
…
“ ငါတို့ ရွှမ်မိသားစုခေါင်းဆောင်က ကောင်းကင်ဒေသမှာ နာမည်ကြီးတယ်လို့ပြောလို့ရတယ်.. ဘာလို့ဆို သူက အစောပိုင်း မူလဘုရင်တစ်ဒါဇင်လောက်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်လို့ပဲ…”
“ ရွှမ်မိသားစုက ခေါင်းဆောင်ရဲ့ ခွန်အားက မင်းတို့လာခဲ့တဲ့ ဒေသတွေက ထိပ်ဆုံးကျွမ်းကျင်သူတွေထက် ကျော်လွန်တယ်လို့ပြောလို့ရတယ်…”
ဝိုး…
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ သူတို့အားလုံး အလွန်စွမ်းအားကောင်းသော ဘိုးဘေးများ လက်အောက်တွင် မှီခိုလိုသဖြင့် ရွှမ်မိသားစုထံ ပြန်လိုက်ပါလာကြခြင်းဖြစ်၏။
ဘုရင်အဆင့် မည်မျှအစွမ်းထက်ကြောင်း သူတို့အားလုံး အကြမ်းဖျင်းနားလည်ထားကြသည်။
သူတို့လာခဲ့သောနေရာတွင် အစောပိုင်း မူလဘုရင်အဆင့်များက မိမိတို့အင်အားစုကို ထိပ်ဆုံးသို့ တွန်းပို့နိုင်စွမ်းရှိပြီး ဒေသငယ်များ၌ အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာရန် လုံလောက်ပေသည်။
အလယ်အလတ် မူလဘုရင်အဆင့်ကျင့်ကြံသူများဆိုလျှင် ခြေတစ်လှမ်းဖြင့် ပတ်၀န်းကျင်ဒေသများကိုပါ တုန်လှုပ်သွားစေနိုင်စွမ်းရှိရုံသာမက အလွန်လည်း ရှားပါးလှ၏။
နှောင်းပိုင်း မူလဘုရင်အဆင့်အတွက်မူ ၎င်းတို့နှင့်ပတ်သက်၍ ရှိသည်ဟူသော သတင်းအစမနပင်မကြားခဲ့ဖူးပါ။ ၎င်းတို့မှာ စိတ်ကူး၍ ပင်မရသည့် အစွမ်းထက်တည်ရှုမှုများဖြစ်၏။
ယခုတွင် ရွှမ်မိသားစုခေါင်းဆောင်က အစောပိုင်း မူလဘုရင်အဆင့် တစ်ဒါဇင်လောက်အား တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ပြောနေလေသည်။
ထိုသို့ဆိုလျှင် ကိုယ်စားလှယ်၏အဆိုအရ ရွှမ်မိသားစုခေါင်းဆောင်က အလယ်အလတ် မူလဘုရင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
အစောပိုင်းမူလဘုရင် ဒါဇင်နှင့်ချီ၍ ရှိနေလျှင်ပင် ရွှမ်မိသားစုခေါင်းဆောင်အား ထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပါ။
တစ်ချို့လူငယ်များက တုန်လှုပ်နေကြပြီး စိတ်လှုပ်ရှားစွာ ရေရွတ်နေခဲ့ကြသည်။
ထို စကားပြောနေသည့် ကိုယ်စားလှယ်က ပြုံးနေခဲ့ပြီး သူ့ မျက်လုံးများက တောက်ပနေ၏။
“ ခြားနားချက်က မင်းတို့ထင်ထားတာထက်တောင် ပိုကြီးနေလိမ့်မယ်.. ကဲ အားလုံးပဲ…..”
“ ကောင်ကင်ဒေသ ရွှမ်မိသားစုမှ ကြိုဆိုပါတယ်……”