အခန်း (၁၁၃)
Vol. 8 Ch. 113
“ နောက်တစ်ယောက်နာမည်ကတော့ ရွှမ်ယီလို့ ခေါ်ပါတယ်.. သူက လက်ရှိမှာ အသက်(၂၄)နှစ်ရှိနေပြီဖြစ်ပြီး.. အခြေတည်ဝိညာဉ်အဆင့်(၉)ကို ရောက်နေပါပြီ.. ကျုပ်တို့ နားလည်သလောက်ဆိုရင် အဲ့ဒီကလေးက ဓားရည်ရွယ်ချက်ကိုနားလည်ထားတဲ့အပြင် သူ့ရဲ့ ဓားရည်ရွယ်ချက်က အဆင့်(၃) အထွတ်အထိပ်တောင်ဖြစ်နိုင်ချေရှိတယ်… သူက တွေးကြည့်လို့မရလောက်အောင် အစွမ်းထက်လွန်းတယ်…”
ရွှစ်..
ရွမ်ယွမ်၏ မျက်လုံးများ ရုတ်တရက် ပြန်ပွင့်လာခဲ့သည်။ သူ၏ မျက်လုံးများက ကောင်းကင်နှင့် မြေပြင်အား ခုတ်ပိုင်းတော့မည့်ဓားတစ်စင်းအလား ထက်ရှ တောက်ပသွား၏။
“ မင်း ဘာတွေပြောနေတယ်ဆိုတာကို နားလည်ရဲ့လား…”
ရွှမ်ယွမ်၏ လေသံက အေးစက်၍နေသည်။ သူက ပါးစပ်ဟလျပ်သားရှိနေသေးသည့် ကိုယ်စားလှယ်အား စေ့စေ့နပ်နပ်ကြည့်လိုက်၏။
အသက်(၂၄)နှစ်နှင့် အခြေတည်ဝိညာဉ်အဆင့်(၉)သို့ ရောက်ရှိနေသည်က လှံဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်နှင့်ပင် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။ သို့သော် သူက ဓားရည်ရွယ်ချက်ကိုပါ နားလည်ထားသည်ဖြစ်ရာ များစွာပို၍ အရည်အချင်းရှိ၏။
ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်အတွက်မူ…….
ထိုကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်မျိုးအား လွန်ခဲ့သော နှစ်ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာ အကြာကပင် ကြားခဲ့ဖူးခြင်းမရှိပါ။
ရွှမ်ယွမ်၏ အစွမ်းထက်သော အရှိန်အဝါအောက်တွင် ကိုယ်သားလှယ်၏ နှလုံသားတစ်ခုလုံး တင်းကြပ်လာခဲ့သည်။
သူက လက်အားရှေ့ထုတ်ပြီး လက်သီးဆုပ်ကာ ခေါင်းငုံ့လိုက်၏။
ထို့နောက်
“ ကျုပ်တို့ ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး.. ဒီကောင်လေးရဲ့ ပါရမီစွမ်းအားက အရမ်းကိုကြောက်ဖို့ကောင်းလွန်းတယ်.. မိသားစုခေါင်းဆောင် ကျုပ်တို့ရွှမ်မိသားစု မြင့်တက်ချိန်ရောက်ပြီ…”
ရွှမ်ယွမ်တစ်ယောက် ထိုင်နေရာမှ ဝုန်းကနဲထရပ်မိလိုက်၏။ သူက နှစ်ပေါင်း ရာနှင့်ချီ၍ ကျင့်ကြံခဲ့ပြီးသည့်တိုင် လက်ရှိတွင် စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။
သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ
“ မင်းပြောတာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲ့ဒီကောင်လေး.. သူ ဘယ်လောက်သန်မာတယ်ဆိုတာ ငါကိုယ်တိုင် သွားပြီးစစ်ဆေးကြည့်လိုက်မယ်…”
“ ရွှမ်ယီဆိုတဲ့ကောင်လေးကို ငါကိုယ်တိုင် ချက်ချင်း သွားစမ်းသပ်ချည်မယ်.. တကယ်လို့ သူသာ မင်းတို့ပြောတဲ့အတိုင်း သန်မာနေမယ်ဆိုရင် ငါတို့ရွှမ်မိသားစု ဆက်ခံသူနေရာက သူ့အတွက်ပဲဖြစ်ရမယ်…”
ရွှပ်…
လက်ရှိတွင် ရွှမ်ယွမ်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေပြီး အချိန်အနည်းငယ်မျှပင် ဆက်ဖြုန်းလိုစိတ်မရှိတော့ချေ။ သူက ရှေ့မှ လေဟာနယ်အား တိုက်ရိုက်ဆုတ်ဖြဲလိုက်ပြီး ရွှမ်ယီရှေ့မှောက် ရုတ်တရက်ရောက်သွားခဲ့၏။
“ မင်းက ရွှမ်ယီလား…”
ရွှမ်ယွမ်၏ မျက်၀န်းများတောက်ပနေခဲ့ပြီး ရွှမ်ယီအား စေ့စေ့နပ်နပ်စစ်ဆေးကြည့်ရှုလိုက်သည်။
“ ကောင်းတယ်.. ကောင်းတယ်…”
သူ့မျက်စိရှေ့မှ လူငယ်လေးမှာ အရပ်ရှည်ရှည် သန့်သန့်ပြန့်ပြန့်နှင့်ဖြစ်ကာ အလွန်ချောမောလှ၏။ လူတိုင်း၏ အာရုံမှုအား ရရှိနိုင်သော အသွင်အပြင်မျိုးရှိသည်။
ပိုအရေးကြီးတာ ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ရွှမ်မိသားစုခေါင်းဆောင်ရှေ့၌ပင် ထိုလူငယ်က ကြောက်လန့်မှု နှိမ့်ချမှုမရှိဘဲ သာမန်အတိုင်းသာဖြစ်နေသည်။
သူက တည်ငြိမ်ပြီး အေးဆေးတဲ့လူမျိုးပဲ…
ဒါပေမယ့် သူရဲ့ ခွန်အားကရော ဘယ်လိုနေမလဲ…?
ထို ဘုရင်တစ်၀က်အဆင့်ကိုယ်စားလှယ်အဖွဲ့ သုံးသပ်ချက် မှားကောင်းမှားနေနိုင်၏။
ရွှမ်ယီက စွမ်းအားက သူတို့ပြောတာထက် နိမ့်ကျနေတာမျိုးဖြစ်နိုင်သလို ပို၍ မြင့်မားနေတာမျိုးလည်း ဖြစ်နိုင်ပေသည်။
ရွှမ်ယွမ် အလွန်စိတ်လှုပ်ရှားနေ၏။ သူက ရွှမ်ယီအား စိုက်ကြည့်ပြီး ကျယ်လောက်စွာပြောလိုက်သည်။
“ အိုး.. ကောင်လေး မင်းရဲ့ဓားကိုထုတ်ပြီး ငါ့ကို အစွမ်းကုန်တိုက်ကြည့်…”
ထိုလူငယ်မည်မျှ အစွမ်းထက်သည်ဖြစ်စေ သူ့အား ထိခိုက်စေနိုင်မည်မဟုတ်ဘူး ရွှမ်ထင်မှတ်ထားခဲ့၏။ ထို့အပြင် သူက ရွှမ်ယီ မည်မျှ သန်မာသည်ကိုလည်း သိချင်နေပေသည်။
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။
သူ့ရှေ့မှောက် ရုတ်တရက်ပေါ်လာသော နှင်းဆီရောင်သန်းနေသည့် အသားအရေနှင့် အလွန်စိတ်လှုပ်ရှားဟန်ရသော ရွှမ်မိသားစုခေါင်းဆောင်အား ကြည့်လိုက်မိ၏။
ထိုလူထံမှ ထွက်ပေါ်လာသော စကားကြောင့် ရွှမ်ယီ အနည်းငယ် အံ့ဩသွားခဲ့လေသည်။
“ ကျုပ် အားကုန်သုံးပြီး တိုက်ခိုက်ရမှာ သေချာရဲ့လား…”
ရွှမ်ယီ၏ မျက်လုံးများ၌ ထူးဆန်းသော အငွေ့အသက်များ ရောယှက်ထွက်နေသည်။
ကျုပ်စွမ်းအားအကုန်သုံးလိုက်ရင် ခင်ဗျားသေသွားနိုင်တယ်….!
စွမ်းအားအပြည့်သုံးပြီး တိုက်ခိုက်ရမှာလား…?
ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့၏။
သူ့ရှေ့မှ လူမှာ သူ၏ ဘိုးဘေးဟု ပြော၍ရသည်။ ထိုသူက အဆင့်အတန်းမြင့်ပြီး စွမ်းအားကောင်းသော်လည်း ရွှမ်ယီက သိပ်ပြီးစိတ်ထဲမထားပေ။
သူက ရွှမ်မိသားစုအား သိပ်ပြီး အာရုံမထားဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သူက ကောင်းကင်ဒေသို့ လာချင်ရုံသာဖြစ်၏။ အကယ်၍ ရွှမ်မိသားစု နေပျော်ဖွယ်မကောင်းဆိုလျှင် သူကထွက်သွားမည်ဖြစ်သည်။ တစ်ယောက်တည်း ကောင်းကင်ဒေသ၌ စွန့်စားသွားလာနေပေလိမ့်မည်။ သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ထိုသို့ လုပ်နိုင်စွမ်းရှိပေသည်။
နှောင်းပိုင်း မူလဘုရင်အဆင့်အောက်မှ လူတိုင်းကို တိုက်ခိုက်နိုင်စွမ်းရှိ၏။
သူ့အနေဖြင့် နှောင်းပိုင်းမူလဘုရင်တစ်ဦးနှင့်လည်း ဆုံတွေ့ဖူးခြင်းမရှိချေ။ အကယ်၍ ဆုံတွေ့ကာ တိုက်ခိုက်ဖြစ်လျှင်လည်း မိမိကိုယ်ကိုယ် ကောင်းစွာကာကွယ်နိုင်မည်ဟု ယုံကြည်ထားသည်။
ထို့အပြင် သူ့၌ ဝှက်ဖဲအဖြစ် ကောင်းကင်ဘုရင်အဆင့် ပင်းယုလည်းရှိသေးသည်။
ထိုကဲ့သို့ ခွန်အားများဖြင့်ဆိုလျှင် ရွှမ်မိသားစု၌ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး လိုက်လျောညီထွေစွာ နေထိုင်ရန် လိုအပ်မည်မဟုတ်ပေ။
ရွှမ်ယီက ရွှမ်ယွမ်အား တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။