အခန်း (၁၁၄)
Vol. 8 Ch. 114
ရွှမ်မိသားစု ခေါင်းဆောင်က ဘယ်ကနေဘယ်လိုဖြစ်ပြီး ငါ့ကို လာတိုက်ခိုက်ခိုင်းနေရတာလဲ…?
ကျုပ်ခွန်အားအပြည့်နဲ့ တိုက်ခိုက်ရင် ခင်ဗျား ခံနိုင်မှာမဟုတ်လောက်ဘူး…
ပြီးတော့ ဓားကိုလည်း အသုံးပြုရဦးမယ်ပေါ့.. ခင်ဗျား အသက်ရှင်နိုင်ရင် တော်တော်လေးကံကောင်းနေပြီ…
ရွှမ်ယီက စိတ်ထဲမှ စကား တစ်သီတစ်တန်းကြီးဆိုလိုက်၏။
သို့သော် ရွှမ်ယွမ်က ရွှမ်ယီ၏ တုံ့ဆိုင်းနေသည့် အမူအရာအားမြင်လျှင် သူ့အား ထိခိုက်စေမည်ကို စိုးရိမ်နေကြောင်း နားလည်သွားခဲ့သည်။
ရွှမ်ယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်၏။ သူ့မျက်နှာထက်၌ လေးစားမှုများလည်းရှိနေလေသည်။
နောက်ဆုံးတွင် ထိုကလေးအုပ်စုက သေးငယ်သော ဒေသမှလာသူများသာဖြစ်၏။ အကန့်အသတ်ဖြင့်ရှိနေသော သူတို့၏ ဗဟုသုတများကြောင့် ကျင့်ကြံမူအဆင့်များအကြားမှ ခြားနားမှုအား သိပ်ပြီး နားမလည်ခြင်းဖြစ်နိုင်သည်။ အထူးသဖြင့် အလယ်အလတ် မူလဘုရင်အဆင့်တစ်ယောက်၏ ခွန်အားကိုနားမလည်ခြင်းဖြစ်၏။
အစောပိုင်း မူလဘုရင်အဆင့်တစ်ယောက်ပင်လျှင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဘယ်လောက်များများရှိနေပါစေ ချေမှုန်းနိုင်စွမ်းရှိသည်။
ထို့အပြင် အလယ်အလတ် မူလဘုရင်အဆင့်တစ်ယောက်က အစောပိုင်း မူလဘုရင်အား နှိမ့်ချကာ ကြည့်နိုင်စွမ်းရှိ၏။
“ မဆိုးပါဘူး.. ကောင်လေး မင်းက ငါကို ထိခိုက်သွားမှာ စိုးရိမ်နေတာလား…”
ရွှမ်ယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
ထို့နောက် သူ၏ လက်အား လေထဲသို့ဆန့်တန်းလိုက်လျှင် လေထဲ၌ ထက်မြိသော ဓားသံတစ်ခုထွက်ပေါ်လာသည်။ ပြီးလျှင် အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသော ဓားရှည်တစ်ချောင်း ရွှမ်ယွမ်၏ လက်တွင်း၌ ပေါ်လာခဲ့၏။
ရွှပ်..
ရွှမ်ယွမ်က သူဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ ချပ်၀တ်အား ပုတ်ပြလိုက်သည်။ ထို့နောက် သူ၏ မုတ်ဆိတ်မွေးများအားသပ်ကာ ပြုံးလိုက်၏။
“ ကောင်းလေး.. မင်း အစွမ်းရှိသလောက်သာတိုက်ခိုက်လိုက်စမ်းပါ.. မင်းက ပါရမီရှင်တစ်ယောက်ဆိုတာ ငါသိပါတယ်.. ဒါကြောင့် ဟောဒီက လူအိုကြီး မာနကြီးပြီး မောက်မာနေမှာမဟုတ်ဘူး.. ဟောဒီဓားကိုကြည့်လိုက်.. ဒါက အဆင့်(၅) လက်နက်တစ်ခုဖြစ်တဲ့ မူလနဂါးဓားပဲ.. ငါက ဒီဓားကို အသုံးပြုပြီး ရန်သူတွေအများကြီး သုတ်သင်ခဲ့ပြီးပြီ.. ဒီလို အဆင့်(၅) လက်နက်မျိုးက တော်ရုံနဲ့ ရနိုင်တာမျိုးမဟုတ်ဘူးနော်…”
သူက ရွှမ်ယီက အဓိပ္ပါယ်ရှိသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။
“ ငါ့လက်ထဲမှာ ဒီလက်နက် ရှိနေသ၍ အဆင့်တူ မူလဘုရင်အဆင့် (၂)ယောက် ၊ (၃)ယောက်ပေါင်းတိုက်ရင်တောင် ငါ့ကို ဒဏ်ရာရစေမှာမဟုတ်ဘူး…ကောင်လေး.. မင်းက ပါရမီရှင်တစ်ယောက်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့် ကောင်းကင်ဒေသကို လုံး၀လျှော့မတွက်ပါနဲ့… ဟီးဟီး.. ကောင်းကင်ဒေသရဲ့ အုတ်မြစ်တွေက မင်းစိတ်ကူးယဉ်ထားတာထက် ပိုပြီး သာလွန်တယ်…”
အိုး…
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။
ရွှမ်မိသားစု ခေါင်းဆောင် ဤမျှ အာမခံစကားများဆိုနေပုံထောက်လျှင် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အ၀ရှိပေလိမ့်မည်။ ရွှမ်ယီပင်လည်း အနည်းငယ် အံ့ဩလာခဲ့၏။
ကောင်းကင်ဒေသနှင့် တစ်ချို့ဒေသငယ်လေးများမှ ခြားနားချက်မှာ အမှန်တကယ် ထိုမျှကြီးမားနေသည်လား…?
‘ ဟုတ်ပြီလေ.. ငါလည်း ကောင်းကင်ဒေသကို ရောက်လာပြီဆိုတော့ မဝေးတဲ့အနာဂါတ်မှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ကောင်းတိုက်ခိုက်ရနိုင်တယ်.. အခုချိန် အခွင့်အရေးရတုံး ကောင်းကင်ဒေသက ကျွမ်းကျင်သူတစ်ဦးရဲ့ ခွန်အားကို ကြည့်ရသေးတာပေါ့… ကောင်းကင်ဒေသကို ငါအရမ်းလျှော့တွက်ထားခဲ့မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…’
ရွှမ်ယီက ဆုံးဖြတ်ချက်ချလိုက်ပြီး အနည်းငယ်ခေါင်းညိတ်လိုက်၏။
ထို့နောက် ဓားလက်ကိုင်ပေါ်သို့ လက်တင်လိုက်သည်။ ပတ်၀န်းကျင်မှ စွမ်းအင်များအားလုံး သူ့ထံသို့ စုဆုံလာခဲ့ပြီး သူ၏ မျက်၀န်းများကလည်း တဖြည်းဖြည်း တောက်ပ စူးရှလာခဲ့သည်။
သူက ဓားရည်ရွယ်ချက်အား အဆင့်(၃) အထွတ်အထိပ်သို့ မြှင့်တင်လိုက်၏။
ထို့နောက် ရွှမ်ယီက မတိုက်ခိုက်မီ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြန်သည်။
သူ့ရှေ့မှ ရွှမ်ယွမ်က သူ၏ ဘိုးဘေးဖြစ်သည့်အပြင့် အလွန်အမင်းလည်း ယုံကြည်မှုရှိနေဟန်ရသည်။ ထို့အပြင် သူက ကောင်းကင်ဒေသ၌ အလေးစားခံ လူတစ်ဦးလည်းဖြစ်၏။ ထို့ကြောင့် ရွှမ်ယီအနေဖြင့် ထိုသို့သော ပညာရှင်တစ်ဦးအား တိုက်ခိုက်ရာတွင် ထိန်ချန်ထားလျှင်မကောင်းဟု ခံစားမိလိုက်သည်။ သူ့အနေဖြင့် လေးစားမှုပြရန်လိုအပ်သည်။
ထို့ကြောင့် နယ်မြေစွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်ချက်ချလိုက်၏။
“ ကျုပ်တိုက်တော့မယ် …”
ရွှမ်ယီက ရွှမ်ယွမ်အား စိုက်ကြည့်လိုက်၏
ရွှမ်ယွမ်က သူ၏ မုတ်ဆိတ်မွေးများအား ပွတ်သပ်ကာ ပြုံးနေလေသည်။ ထို့နောက် သူက အနည်းငယ်ခေါင်းညိတ်လိုက်၏။ သူက အကြည့်များထဲ၌ အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။
ဓားရည်ရွယ်ချက်.. ဒါက တကယ်ကို ဓားရည်ရွယ်ချက်ပဲ…
အဲ့တာအပြင် အဆင့်(၃) အထွတ်အထိပ်တောင်ရောက်နေပြီ…
ဒီကောင်လေးရှိနေရင် ငါတို့ ရွှမ်မိသားစု နောက်ထပ် နှစ်ရာဂဏန်းလောက်အထိ စိတ်ပူဖို့မလိုတော့ဘူး….
ဆွှစ်ရှ်
ရွှမ်ယွမ်က လက်ထဲမှ ဓားအတွင်းသို့ သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေလိုက်ရာ ဓားတစ်ခုလုံးတုန်ခါလာခဲ့ပြီး ၎င်း၏ ပတ်၀န်းကျင်ရှိ လေဟာနယ်၌ ပြတ်ရှရာများ ပေါ်လာခဲ့လေသည်။
“ လာတော့… မင်း ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ရအောင်…”
ရွှမ်ယီက အသာအယာခေါင်းညိတ်လိုက်၏။ သူက အခုနောက်ပိုင်း အမြဲတစေလေ့ကျင့်ရုံသာ လေ့ကျင့်နေခဲ့ရပြီး တစ်ကြိမ်မှ စွမ်းအား အပြည့်အ၀သုံးရန် အခွင့်အရေးမရခဲ့ချေ။
တိုက်ကြတာပေါ့..!