← Chapters

အခန်း (၁၁၅)

Vol. 8 Ch. 115

အခန်း (၁၁၅)

Vol. 8 Ch. 115

ရွှမ်ယီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာခဲ့သည်။

ဘန်း..

ကြီးစိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပတ်၀န်းကျင်၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ ရွှမ်ယီ၏ နံဘေးတွင် သာမန်မျက်စိဖြင့်ပင်မြင်နိုင်စွမ်းရှိသည့် မီးတောက်နယ်မြေတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ပတ်၀န်းကျင်တစ်ခုလုံးအား မီးပင်လယ်ကြီးတစ်ခုအလား ဖြစ်သွားစေ၏။

ရွှမ်ယွမ် မျက်နှာထက်မှ ပြုံးရွှင်နေသော အမူအရာပျောက်ကွယ်သွား၏။ လက်ရှိအချိန်တွင် သူ့အမူအရာတော်တော်လေးပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သူ့လက်ထဲရှိ မူလနဂါးဓားက တုန်ခါသွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့် အလင်းအကာအကွယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ နယ်မြေ.. အဲ့တာက တကယ်ကို နယ်မြေစွမ်းအားတစ်ခုပါလား…”

ရွှမ်ယွမ် အလွန်အမင်းစိတ်မသက်မသာဖြစ်သွားခဲ့၏။ စိတ်ထဲတွင် အလွန်တုန်လှုပ်ကာ နောင်တပင် ရမိနေချေပြီ။ လက်ရှိအခြေအနေက သူမျှော်လင့်ထားသည့်အတိုင်း မဟုတ်တော့ချေ။

ထို ရွှမ်ယီဆိုသည့် ငနာကောင်လေးက ဤအသက်အရွယ်မှာပင် နယ်မြေစွမ်းအားကို နားလည်ထားသည်တဲ့လား…

မွန်းစတား.. တကယ့်ကို ပြိုင်ဘက်ကင်း မွန်းစတား တစ်ကောင်ပဲ…!

ဘုန်း..

သို့သော် အခြေအနေက ထိုမျှမကသေးပေ။ ရွှမ်ယွမ်၏ ထိတ်လန့်နေသော မျက်လုံးများ ထပ်မံ၍ ပြူးကျယ်သွားခဲ့ရသည်။ မိစ္ဆာမီးလျှံနယ်မြေ၏ နောက်ကွယ်တွင် နောက်ထပ် အနက်ရောင်နယ်မြေတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်သို့ ပြန့်ကားလာ၏။

“ အပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်…”

ရွှမ်ယီက တီးတိုးစကားဆိုလိုက်သည်။

စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် မျက်၀န်းများဖြင့် ဓားအားဆွဲထုတ်လိုက်၏။

ရွှပ်…

မီးတောက်များဖြင့် တောက်ပနေသည့် ဓားအလင်းက ကောင်းကင်နှင့်မြေပြင်အား ပိုင်းဖြတ်ကာ ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယွမ်၏ မျက်လုံးများ အလွန်ပြူးကျယ်သွား၏။ စိတ်ထဲမှ တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

“ မကောင်းတော့ဘူး… ဒီအဘိုးကြီး အဲ့တာကို ကာကွယ်နိုင်မှာမဟုတ်ဘူး… နယ်မြေတစ်ခုတည်းဆိုရင်တောင် အဆင်မပြေတာ.. နှစ်ခုကို ဘယ်လိုကာကွယ်ရမလဲ.. ရပ် ရပ်…”

ဘုန်း…

တစ်ဟုတ်ထိုး တောက်ပစွာထွက်ပေါ်လာသည့် ဓားချီက ခေတ္တမျှရပ်တန့်သွားခဲ့သည်။

ဤတိုက်ခိုက်မှုအား ရွှမ်မိသားစုခေါင်းဆောင် ကာကွယ်နိုင်မည်မဟုတ်မှန်း ရွှမ်ယီ သတိပြုမိလိုက်၏။ သူက မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထို့ကြောင့် ထုတ်ဖော်ထားပြီးဖြစ်သည့် စွမ်းအားများကို အစွန်းကုန်ဖိနှိပ်ရန် ကြိုးစားလိုက်၏။

သို့သော် သူ၏ ခွန်အားများလျှော့ချကာ ထုတ်လွှတ်ထားခဲ့သည့် စွမ်းအားများကို ဖိနှိပ်လိုက်သည့်တိုင် နယ်မြေနှစ်ခုမှ စွမ်းအားများ ပေါင်းစပ်ပါ၀င်နေသည့် ဓားချီအလင်းတန်းအား အလုံးစုံလွင့်ပါးသွားအောင် ဆောင်ရွက်နိုင်ခြင်းတော့မရှိချေ။

ရွှမ်ယွမ်က သူ့အား ကာကွယ်ထားသည့် အလင်းလွှာများ အက်ကွဲလာသည်ကိုတွေ့လိုက်ရ၏။ လက်ရှိအခြေအနေက သူ့အတွက်မကောင်းချေ။ ဓားချီအလင်းတန်းနှင့် ထိတွေ့သွားသမျှ အကာအကွယ်များအားလုံး တစ်စစီအက်ကွဲသွားသည်။ ရွှမ်ယွမ်၏ မျက်နှာတစ်ခုလုံး‌သွေးဆုတ်သွား၏။ ဘာမျှမတုံ့ပြန်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်က လေထဲ၌ ပျံသန်းလျက် နောက်သို့ လွင့်စင်သွားတော့သည်။ စိတ်ဝိညာဉ်လက်နက်တွေအားလုံး အလင်းတန်းများတောက်ပလျက် သူ့ကိုကာကွယ်ပေးထားကြ၏။ လက်အတွင်းမှဓားရှည်ကလည်း စူးရှသော အသံများနှင့်တကွ အပြာရောင်အလင်းတန်းများတောက်ပ၍နေသည်။

အုန်း…

ရွှမ်ယီက မူလနေရာ၌သာ တည်ငြိမ်စွာရပ်လျက်ရှိနေ၏။

သူ့ရှေ့တွင်မူ ကြောက်မက်ဖွယ်စွမ်းအားလှိုင်းလုံးကြီး၏ ဒဏ်ကြောင့် ပတ်၀န်းကျင်မှ အဆောက်အအုံ‌အားလုံး တစ်စစီဖြစ်လျက် လွင့်ပါးပျောက်ကွယ်သွားချေပြီ။

ထို့အပြင်မီတာရာဂဏန်းအကွာ၌ ဧရာမတွင်းနက်ကြီးတစ်ခုရှိနေပြီး ထိုအထဲတွင် ဖုန်များပေတူးနေသည့် ပုံရိပ်တစ်ခုရှိနေ၏။

“ အဟွတ်..အဟွတ်…”

ရွှမ်ယွမ်၏ နှုတ်ခမ်းထောင့်တွင် သွေးများစီးကျနေပြီး တုန်ယင်စွာ မတ်တပ်ရပ်လိုက်သည်။ သူ့မျက်၀န်းများက ရွှမ်ယီအား စူးစိုက်ကြည့်နေပြီး နှလုံးသားတစ်ခုလုံး ပူလောင်နေ၏။

ဒါက ငါ့ရဲ့ ရွှမ်မိသားစုက မျိုးဆက်တစ်ယောက်ရဲ့ စွမ်းအားလား…

တိုက်ခိုက်မှု တစ်ချက်တည်းသာဖြစ်သော်လည်း အလွန်ကြောက်စရာကောင်းလွန်းလှသည်။

အချိန်တစ်ခဏကြာအောင်‌ထိုအတိုင်းရပ်နေခဲ့ပြီးနောက် ရွှမ်ယွမ်က ပြုံးလိုက်၏။ ထို့နောက် တစ်သိမ့်သိမ့်တုန်အောင် ရယ်မောလိုက်တော့သည်။

“ ဟားဟားဟား… ကောင်းကင်ဘုံရဲ့ ကောင်းချီးဆုလာဘ်ပဲ.. ကောင်းကင်ဘုံက ငါတို့ ရွှမ်မိသားစုကို ကောင်းချီးပေးလိုက်ပြီ.. ဒီ ရွှမ်ယီဆိုတဲ့ကောင်လေးသာရှိနေရင် နောက်ထပ်နှစ်ပေါင်း(၁၀၀၀)အထိ ရွှမ်မိသားစုကို ဘယ်သူမှ စော်ကားရဲမှာမဟုတ်ဘူး….”

ရွှမ်ယွမ်၏ မျက်၀န်းများ အလွန်တောက်ပနေခဲ့ပြီး ဒဏ်ရာရနေသည်ကိုပင် ဂရုမစိုက်အားပေ။ သူက ရွှမ်ယီအား သေချာစိုက်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် စကားဆိုလိုက်၏။

“ ရွှမ်မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါဆုံးဖြတ်ချက်ချလိုက်ပြီ.. ရွှမ်ယီ.. မင်းက ငါတို့ ရွှမ်မိသားစုရဲ့ အမွေဆက်ခံသူပဲ…”

ဘုန်း…

ထိုနေရာ၌ ရုန်းရင်းဆန်ခတ် ဖြစ်သွားမှုများကြောင့် အပြေးအလွှား ရောက်ရှိလာသူများက လုံး၀ မတုန်မလှုပ်နှင့် တည်ငြိမ်စွာရှိနေသည့် လူငယ်လေးအား ကြည့်ပြီး အလွန်အံ့ဩသွားခဲ့ကြသည်။

All Chapters