← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

ရွှမ်ယီက ထိုမှတ်ညာဏ်များအားလုံးကို လက်ခံလိုက်ပြီးနောက် ခေါင်းအား အနည်းငယ်ယမ်းလိုက်မိသည်။ သူက အနည်းငယ်မှင်သက်သွားခဲ့၏။ တစ်စုံတစ်ခုအား သိနေသလိုလိုခံစားနေရပြီး မည်သည့်အရာမှ အထူးတလည် ပြောင်းလဲသွားပုံမပေါ်ပေ။

ရွှမ်ယီ သူ၏ လက်နှစ်ဖက်အား ပင့်မြှောက်လိုက်ပြီး လက်ဆယ်ချောင်းအား စိုက်ကြည့်မိလိုက်သည်။ ထိုအခါ သူ့မျက်လုံးရှေ့တွင် ရင်းနှီးနေသည့်မြင်ကွင်းများ ပေါ်လာခဲ့၏။ သူ၏ မသိစိတ်ထဲမှနေ၍ မှော်ဂါထာအချို့အား ရွတ်ဆိုချင်လာသလိုခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်း ထိုခံစားချက်များအား အတင်းအကြပ်ရပ်တန့်ပစ်လိုက်ရ၏။

ထိုကိစ္စက သာမန်အတိုင်း ရိုးရှင်းမှုမရှိပေ။

သူက အဆင့်(၇) မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်သည့် မှတ်ညာဏ်များအားလုံး လက်ခံရရှိခဲ့ခြင်းဖြစ်၏။ ဆေးလုံးသန့်စင်ခြင်း သဘောတရားများနှင့် ပတ်သက်လျှင် သူက ဆရာကြီးတစ်ဦးဖြစ်နေချေပြီ။ သို့သော် ထိုမှတ်ညာဏ်များက ဒန်ချင်ဇီ၏ မှတ်ညာဏ်များသာဖြစ်သည်။ သူ့အနေဖြင့် ထိုအရာများအား သန့်စင်ပြီး ရင်းနှီးအောင် အရင်ဆုံးလုပ်ရပေမည်။

“ အဆင့်(၇) မှော်ဆေးပညာရှင်…”

ရွှမ်ယီ၏ မျက်၀န်းများအတွင်းတွင် အံ့ဩထိတ်လန့်ဟန်များပြည့်နှက်နေခဲ့ပြီး ထိုအတွေးများအား ခေတ္တဘေးဖယ်ထားလိုက်သည်။

အဆင့်(၁) ဆေးလုံးများက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူများအတွက်ဖြစ်၏။ အဆင့်(၂) ဆေးလုံးများကမူ ချီအခြေခံတည်ဆောက်ခြင်းအတွက်ဖြစ်ပြီး အဆင့်(၃)ဆေးလုံးများက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်အတွက်ဖြစ်သည်။ အဇူရာဒေသကဲ့သို့ ဒေသများ၌ အဆင့်(၃)ဆေးလုံးဆိုလျှင်ပင် အလွန်မြင့်မားသောဈေးဖြင့် လေလံတင်ရောင်းချနိုင်စွမ်းရှိနေချေပြီ။ အဆင့်(၄) ဆေးလုံးကမူ အခြေတည်ဝိညာဉ့်အဆင့်အတွက်ဖြစ်ပြီး ထိုအဆင့်မှော်ဆေးပညာရှင်များက အင်အားစုကြီးများ၌ပင် ရတနာတစ်ပါးဖြစ်၏။

အဆင့်(၅) ဆေးလုံးများက ဘုရင်အဆင့် ဆေးလုံးဖြစ်ပေသည်။

…

အဆင့်(၅)ဆေးလုံးများအား သန့်စင်ပေးနိုင်သည့် မှော်ဆေးပညာရှင်များကို ဆေးဘုရင်ဟု လေးလေးစားစားခေါ်ဆိုရန် လိုအပ်၏။

ထိုလူများက ဘုရင်အဆင့်ကျင့်ကြံသူများနှင့် အဆင့်တူသည်ဟု ပြော၍ရသည်။ အမှန်တကယ်တွင် မှော်ဆေးပညာ၏ ထူးခြားမှုကြောင့် ဘုရင်အဆင့်ကျင့်ကြံသူများထက်ပင် အနည်းငယ်ပို၍ အဆင့်မြင့်‌သယောင်ဖြစ်နေ၏။

အဆင့်(၆) ဆေးလုံးကမူ ဘုရင်အဆင့်အတွက်မဟုတ်တော့ဘဲ အင်ပါယာအဆင့် ဆေးလုံးဖြစ်သွားချေပြီ။ ထိုအဆင့်ဆေးလုံးအား သန့်စင်နိုင်ပါက အလွန်ရိုသေလေးစားစွာဖြင့် ဆေးအင်ပါယာဟု ခေါ်ဆိုရပေလိမ့်မည်။ ထိုအဆင့်မှော်ဆေးပညာရှင် ဘယ်နေရာသို့သွားသွား အစောင့်အရှောက်များ အမြဲလိုက်ပါနေပေလိမ့်မည်။ သူ့အား ကာကွယ်ရန် ဘုရင်အဆင့် သို့မဟုတ် အင်ပါယာအဆင့်ကျင့်ကြံသူများပင် အနားတွင်ရှိနေနိုင်သည်။

အဆင့်(၇) ဆေးလုံးနှင့်ပတ်သက်ပြီးကတော့…..

ရွှမ်ယီ ခေါင်းယမ်းလိုက်မိ၏။ ဒန်ချင်ဇီ၏ မှတ်ညာဏ်များအရ ဆေးပညာအရဖြစ်စေ ကျင့်ကြံခြင်းအရဖြစ်စေ အဆင့်(၇)သို့ရောက်ရှိပါက လူတိုင်း၏ ရိုသေလေးစားခြင်းအား ခံရမည်ဖြစ်သည်။

ထိုအဆင့်ရှိသူများက အမြီးကိုပင်မမြင်ရသည့် နတ်နဂါးများအလားဖြစ်၏။ ရွှမ်ယီသိသလောက်ဆိုလျှင် တောင်ပိုင်းတိုက်ကြီး၌ ထိုအဆင့်များမရှိပေ။

ရွှမ်ယီ၏ မျက်၀န်းများက ထူးဆန်းသောအရိပ်အယောင်များ ဖြစ်ပေါ်နေ၏။ သူက ဆေးလုံးများ သန့်စင်ရတော့မည်လော…

ထိုမှတ်ညာဏ်များ လက်ခံခြင်းက ကြာနေသယောင်ထင်ရသော်လည်း အမှန်တကယ်တွင် အချိန်တစ်ခဏလေးသာဖြစ်သည်။

ရွှမ်ယီ၏ အာရုံများ ပြန်လည်စုစည်းလိုက်ချိန်တွင် ပတ်၀န်းကျင်၌ လူအနည်းငယ်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူတို့ထဲမှ အများစုက ဘုရင်တစ်၀က်အဆင့်များဖြစ်ကြပြီး အားလုံး တူညီသည့်အရာတစ်ခုက ရွှမ်ယီအား အဖိုးတန်ရတနာတစ်ခုအလား ကြည့်ရှုနေကြခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ရုန်းရင်ဆန်ခတ်ဖြစ်ပွားမှုကြောင့် ထွက်ပေါ်လာသည့် အသံများအရ ရွှမ်တန်တို့ တစ်ဖွဲ့လုံး ထိုနေရာသို့ အပြေးအလွှားရောက်ရှိလာခဲ့ကြ၏။ သူတို့အားလုံးလည်း ရွှမ်ယွမ်မှ ရွှမ်ယီကို မိသားစုဆက်ခံသူအဖြစ်သတ်မှတ်ကြောင်း ရှင်းလင်းစွာကြားလိုက်ကြရသည်။

တစ်ချို့ အမူအရာများက ဇဝေဇဝါဖြစ်နေကြပြီး တစ်ချို့ မျက်လုံးများကမူ အေးစက်စက်ဖြစ်နေကြ၏။

သို့သော် ရွှမ်ယွမ်ရောက်ရှိနေမှုကြောင့် မည်သူမှ ဘာမျှမပြောရဲကြချေ။ ရွှမ်ယီအား အေးစက်စွာ စိုက်ကြည့်နေရုံသာတတ်နိုင်၏။

“ ဒီနေ့ကစပြီးတော့ ရွှမ်ယီက ငါကိုယ်တိုင်‌‌ရွေးချယ်ထားတဲ့ ရွှမ်မိသားစု ဆက်ခံသူပဲ…”

ရွှမ်ယွမ်က ရွှမ်ယီအား အမြတ်တနိုးကြည့်လိုက်ပြီး

“ ကောင်လေး.. မင်း ရွှမ်မိသားစုခေါင်းဆောင်ဖြစ်လာတဲ့နေက ငါတို့ ရွှမ်မိသားစုက ကျွန်းကြီးကိုးကျွန်းနဲ့ သမုဒ္ဒကြီးလေးစင်းကို ဖြတ်ကျော်နိုင်တဲ့နေ့ပဲ…”

ထိုစကားများအား ကြားလျှင် ရွှမ်ယီက ပြုံးလိုက်မိ၏။ သူ့အနေဖြင့် ကျွန်းကြီးကိုးကျွန်းနှင့် သမုဒ္ဒရာကြီးလေးစင်းအား ဖြတ်ကျော်လိုစိတ်လည်းမရှိပေ။ အေးချမ်းစွာ ကျင့်ကြံနိုင်သော နေရာတစ်ခုရှိနေလျှင် ပြည့်စုံနေချေပြီ။

လူအုပ်ကြီးထဲတွင် ရွှမ်တန်တို့အဖွဲ့ လက်သီးများ တင်းကြပ်နေအောင် ဆုပ်ထားမိကြ၏။

သူတို့က နောက်ကျ‌မှရောက်လာသည့်အတွက် ရွှမ်ယီတို့ တိုက်ပွဲအား မမြင်လိုက်ရချေ။ ထို့ကြောင့် ဤအခြေအနေက ထူးဆန်းနေသလို ခံစားနေရ၏။

ရွှမ်မိသားစုအား ဆက်ခံရမည့် အနှီရွှမ်ယီက မည်သို့သော စွမ်းအားမျိုးရှိသနည်း။

သူက ဘယ်လောက်ပဲ သန်မာတယ်ဆိုပါစေဦးတော့ လှံဝိညာဉ်ခန္ဓာပိုင်ရှင် ရွှမ်ယင်နှင့် အခြေတည်ဝိညာဉ်အဆင့်(၃) ရွှမ်တန်ထက် ပိုပြီး အားကောင်းနိုင်လို့လား။

သူတို့ လုံး၀ လက်ခံနိုင်စွမ်းမရှိဖြစ်နေကြ၏။

အဓိက မကျေမနပ်ဖြစ်ကာ လက်မခံနိုင်သူများက ရွှမ်ယင်နှင့် ရွှမ်တန်တို့ဖြစ်ပေသည်။

တခြားသော သူများအတွက်မူ နဂိုကပင် မျှော်လင့်ချက်မရှိသည်ဖြစ်ရာ ဆက်ခံသူက မည်သူဖြစ်ဖြစ် ကိစ္စမရှိချေ။

သူတို့အနေဖြင့် အဆင့်အတန်းမြင့်မြင့်နှင့် ကောင်းစွာကျင့်ကြံနိုင်ရေးအတွက် ရွှမ်မိသားစုသို့ အားတက်သရော်ပြန်လည်လိုက်ပါလာကြခြင်းဖြစ်ပေသည်။

All Chapters