အခန်း (၁၁၈)
Vol. 8 Ch. 118
ထို ရွှမ်ယီဆိုသည့် လူငယ်က ဒေသဖြတ်ကျော်လှေပျံပေါ်တွင် သာမန်အတိုင်းသာ ရှိနေခဲ့ပြီး လုံး၀ထင်ပေါ်ခဲ့ခြင်းမရှိချေ။
လှေပျံကြီးအထက်၌ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေကြပြီး ဆက်ခံသူဖြစ်ရန် ရေပန်းအစားဆုံးက ရွှမ်ယင် နှင့် ရွှမ်တန်တို့ဖြစ်သည်။
ယခုတွင် ဆက်ခံသူဖြစ်သွားသူက မည်သူမျှ သတိမထားမိခဲ့သည့် ရွှမ်ယီတဲ့လား…
“ မဖြစ်ရဘူး…”
“ မဖြစ်နိုင်ဘူး.. အဲ့ဒီရွှမ်ယီက ဘာလို့ ဆက်ခံသူဖြစ်သွားရတာလဲ…”
ရွှမ်ယင်နှင့် ရွှမ်တန်တို့ အလွန်အောင့်သက်သက်ခံစားနေရသည်။
သူတို့နှစ်ဦးက စင်ပေါ်တွင်တိုက်ခိုက်ရန်အတွက် အပြိုင်အဆိုင်ပြင်ဆင်နေစဉ် ဒိုင်လူကြီးက စင်အောက်မှတစ်ယောက်အား အနိုင်ရသူဟု ကြေငြာလိုက်သကဲ့သို့ဖြစ်နေ၏။
ဒါကဘယ်လိုအခြေအနေကြီးလဲ…
ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ပြိုင်ဆိုင်ပြီး အရှုံးပေးလိုက်ရပါက ရွှမ်ယင်နှင့် ရွှမ်တန်တို့ ဤမျှစိတ်ထဲထားမည်မဟုတ်ပေ။
ရွှမ်မိသားစု၏ ဆက်ခံသူဆိုသော ရာထူးက မည်မျှ အရေးပါလိုက်သနည်း။ ထိုကဲ့သိူ့ ရာထူးအား လက်လွတ်စပယ် ရွေးချယ်လိုက်သည်တဲ့လား…
…….
တစ်ဖက်တွင် ရွှမ်မိသားစု ပင်မခန်းမအတွင်း၌
“ တစ်ယောက်ယောက်လာဦး…”
ရွှမ်ယွမ်က အလွန်စိတ်ချမ်းသာနေ အမူအရာဖြင့် ခန်းမအလယ်ရှိ ကုလားထိုင်ထက်တွင်ထိုင်နေကာ လက်အတွင်းမှ ရေနွေးကြမ်းအား မှုတ်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
ထို့နောက် ညင်သာစွာပြုံးလိုက်ပြီး
“ အဲ့ဒီကောင်လေးတွေ.. သူတို့ ဒီအတိုင်းကြီးတော့ လက်ခံနိုင်မှာမဟုတ်ဘူး… ဒီတော့ သူတို့ကို ခေါ်လာတဲ့ ကိုယ်စားလှယ်တွေကိုယ်တိုင် အခြေအနေကို သေချာရှင်းပြပေးလိုက်.. အားလုံးက ငါတို့ ရွှမ်မိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေချည်းပဲ.. သူတို့ကြားမှာ အဖုအထစ်တွေနဲ့ သဘောထားကွဲလွဲသွားစေလို့မဖြစ်ဘူး….”
လူအုပ်ထဲမှ တစ်ချို့က ပြုံးပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
ထို့နောက်
ရွှစ်..
ရွှမ်တန်အား ခေါ်ဆောင်လာသည့် အဘိုးကြီးက ရွှမ်တန်ရှေ့၌ ရုတ်တရက်ပေါ်လာခဲ့သည်။
“ ဘယ်လိုလဲ.. မင်းကြည့်ရတာ သိပ်ပြီး မကျေနပ်ဘူးထင်တယ်…”
ထိုစကားအားကြားလျှင် ဘုရင်တစ်၀က်အဆင့်အဘိုးကြီး၏ ဖိအားအောက်၌ ရွှမ်တန်က ရုန်းကန်လိုက်ပြီး အောင့်သက်သက်အမူအရာဖြင့် ပြန်ပြောလိုက်၏။
“ ဟုတ်ပါတယ်.. ဒီကိစ္စကို ကျုပ်သိပ်ပြီး သဘောမတွေ့ဘူး.. အဲ့ဒီ ရွှမ်ယီက ဘယ်လိုလုပ်ပြီး ဆက်ခံသူဖြစ်သွားတာလဲ…”
ထိုအဘိုးအို၏ မျက်နှာထက်တွင် ကျေနပ်နေဟန်များပေါ်လာခဲ့သည်။
ဤလူငယ်ကား မဆိုးချေ။ သူ၏ ဖိအားအောက်၌ပင် ရုန်းကန်လျက် သူ၏ ထင်မြင်ချက်အား ရဲဝံ့စွာပြောရဲပေသည်။
“ ရွှမ်ယီက အသက်(၂၄)နှစ်ရှိပြီ.. သူ့ရဲ့ ကျင့်ကြံမှုကတော့ အခြေတည်ဝိညာဉ်အဆင့်(၉)မှာရှိတယ်…”
အသက်(၂၄) နှစ်နဲ့ အခြေတည်ဝိညာဉ်အဆင့်(၉)လား…
ထိုစကားများက ရွှမ်တန်အား တုန်လှုပ်သွားစေခဲ့၏။ ထိုရွှမ်ယီက သူ့ထက် များစွာအရည်အချင်းရှိပုံပေါ်သည်။
“ အဲ့တာအပြင် သူက ဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားပြီ.. သာမန်ဓားရည်ရွယ်ချက်တောင်မဟုတ်ဘူးနော်.. အဆင့်(၃) အထွတ်အထိပ်ကိုရောက်နေပြီ.. ဘယ်လိုလဲ.. မင်းလက်ခံပြီလား.. အဲ့တာမျိုးက ဘုရင်အဆင့်အတော်များများတောင် လုပ်နိုင်တာမဟုတ်ဘူး…”
ရွှမ်တန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး နေရာ၌ပင် အေးခဲသွားလေသည်။
‘ ဒါဆို.. ဒါက ဒီလိုဖြစ်ခဲ့တာပေါ့…”
အသက်(၂၄) နှစ် ၊ အခြေတည်ဝိညာဉ်အဆင့်(၉) ၊ ဓားရည်ရွယ်ချက်အဆင့်(၃) အထွတ်အထိပ်…….
သူတို့အားလုံး နှိုင်းယှဉ်ရွေးချယ်ရမည်ဆိုလျှင် ထိုရာထူးက ဧကန်မုချ ရွှမ်ယီအတွက်သာ ဖြစ်ပေလိမ့်မည်။
လက်ရှိအချိန်တွင် လူတိုင်း လိုလိုချင်ချင်လက်ခံသွားကြချေပြီ။ သူတို့၏ ပြိုင်ဘက်က အလွန့်အလွန်အစွမ်းထက်လှ၏။ သူတို့ထက် အပြတ်အသတ်သာလွန်သည်ဟု ပြောရပေမည်။
“ ဒါဆို.. အစ်ကိုကြီး ရွှမ်ယီက ဒီလောက်တောင်အစွမ်းထက်တယ်ပေါ့…”
ရွှမ်ရင်ရင်၏ မျက်လုံးဝိုင်းဝိုင်းကလေးများက အလွန်တောက်ပနေလေသည်။
နောက်ဆုံးတွင် အဘယ်ကြောင့် အစ်ကိုကြီး ရွှမ်ယီက အခြားသူများအား ဆွဲဆောင်ရန်ကြိုးစားပြီး မပူပေါင်းသည်ကို သူမနားလည်သွားချေပြီ။
သူ၏ စွမ်းအားနှင့် ထိုသို့ပြုလုပ်ရန် မလိုအပ်သောကြောင့်ဖြစ်၏။
…..
ရွှမ်မိသားစု ပင်မခန်းမကြီးတွင်
“ ဘယ်လိုလဲ.. ကလေးတွေအားလုံး လက်ခံသွားကြပြီလား…”
ရွှမ်မိသားစုခေါင်းဆောင်က အပြုံးတစ်ခု ဆင်မြန်းလျက်မေးလိုက်၏။
သူက ရွှမ်မိသားစုအား ဦးဆောင်လာခဲ့သည်မှာ ကြာမြင့်ချေပြီ။ အဘယ်ကြောင့် ထိုကလေးတစ်စု၏ အတွေးများကို မသိဘဲ နေလိမ့်မည်နည်း။
အစောပိုင်းတွင် မျက်နှာပျက်နေသော ရွှမ်တန်နှင့် ရွှမ်ယင်တို့အား သူတွေ့ခဲ့ရသည်။
ထိုကိစ္စအား အချိန်မီမဖြေရှင်းနိုင်ပါက ရွှမ်မိသားစု မျိုးဆက်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။
“ ခေါင်းဆောင်က အမျှော်အမြင်ကြီးလှပါတယ်.. ဟဲဟဲ.. အစောပိုင်းကတော့ တစ်ယောက်မှ မယုံခဲ့ကြဘူး.. အခုတော့ အားလုံး လက်ခံသွားကြပါပြီ.. ဘုရင်တစ်၀က်အဆင့် အချို့ ခန်းမအတွင်း၌ ပြန်ပေါ်လာခဲ့ကြသည်။
ရွှမ်ယီအကြောင်းပြောပြလိုက်ချိန်တွင် ဖြစ်သွားသော ထိုမောက်နေသည့် လူငယ်လေးများ၏ အမူအရာများအား တွေးကြည့်ပြီး ရယ်မောမိလိုက်၏။
“ သူတို့အားလုံး ယောက်ကျားကောင်းတွေချည်းပါပဲ.. ဘယ်သူမှ အမြင်ကျဉ်းပြီး သဘောထား မသေးသိမ်ပါဘူး…”
ရိုးရှင်းစွာပြောရလျှင် ရွှမ်ယီကိုယ်၌က အလွန်သန်မာလွန်းနေပြီး မည်သူမှ ယှဉ်နိုင်စွမ်းမရှိချေ။
“ အင်း.. ငါတို့ ရွှမ်မိသားစုအတွက်တော့ တကယ်ကို ကံကောင်းတာပဲ…”
ရွှမ်ယွမ်က အလွန်ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်၏။ ရွှမ်မိသားစုတွင် သူရဲကောင်းများချည်းသာဖြစ်ပြီး အပေအတေအလေအလွင့်ခွေးကောင်များ မရှိပေ။
“ ဒါနဲ့ခေါင်းဆောင်… ရွှမ်ယီက သူ့အတွက် ဆေးဖော်ဖို့နေရာတစ်ခု တောင်းဆိုနေတယ်.. အဲ့တာ ဘယ်လိုစီစဉ်လိုက်ရမလဲ…”
ခန်းမအတွင်းရှိ လူတိုင်းတုန်လှုပ်သွားခဲ့ကြ၏။
“ သူက သိုင်းတာအိုအပြင် ဆေးဖော်တာကိုလည်း သိသေးတာလား…”
ဆေးဖော်စပ်ခြင်းက လုံး၀ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ပေ။ များသောအားဖြင့် ဆေးပညာလေ့လာခြင်းက ပို၍ အချိန်ပေးရလေ့ရှိသည်။ လူအများစုက ထိုလမ်းကြောင်းတွင် မည်သည့်ရလဒ်မှ မရရှိနိုင်ပါ။ အကယ်၍ လူတစ်ယောက်က ၎င်း၏ အချိန်အများစုကို ဆေးပညာလေ့လာရာ၌ အသုံးပြုလိုက်ပြီး မအောင်မြင်မှ သိုင်းပညာလမ်းကြောင်းသို့ ပြန်လှည့်ကာပြောင်းချင်လျှင် အချိန်နောက်ကျသွားပေလိမ့်မည်။
ရလဒ်အနေဖြင့် ရွှမ်မိသားစုတွင် ဆေးပညာရှင် အနည်းငယ်မျှသာရှိ၏။
ရွှမ်ယွမ်က သူ၏ မုတ်ဆိတ်မွေးများအား ပွတ်သပ်ကာပြုံးလိုက်သည်။ သူ့မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခုရှိနေ၏။