အခန်း (၁၂၀)
Vol. 8 Ch. 120
“ ဟုတ်ပါတယ်.. ဒီနေရာကို အခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတာပါ.. အဲ့တာ ဆေးလုံးသန့်စင်ကြည့်ချင်လို့ ဘယ်အထပ်က ဘယ်အခန်းကို သွားရမလဲ…”
တစ်စုံတစ်ယောက်က သူ့အား ဤနေရာနှင့် မိတ်ဆက်ပေးလိုနေသည်ဖြစ်ရာ ရွှမ်ယီလည်း ရေငတ်တုံးရေတွင်းထဲကျဖြစ်သွားခဲ့ရသည်။ သူက အပြုံးတစ်ခုဆင်မြန်းလျက် ပြန်မေးလိုက်၏။
ထိုလူ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ရှိနေခဲ့သည်။ ပထမဆုံးအနေဖြင့် သူ့ရှေ့မှ လူငယ်က ဤနေရာသို့ အခုမှ ပထမဆုံးရောက်ဖူးကြောင်း သိသာလှ၏။ သူက ရွှမ်ယီနောက်သို့လိုက်ကာ ဆေးသန့်စင်သည်အား ကြည့်လိုနေသည်။ ရွှမ်ယီသာ ဆေးဖော်စပ်နိုင်စွမ်းရှိပါက ဆက်လက်၍ မိတ်ဖွဲ့မည်ဖြစ်၏။ သူက လိုအပ်သော အရင်းအမြစ်များထောက်ပံ့မည်ဖြစ်ကာ တစ်ဖက်က ဆေးဖော်ပေးရမည်ဖြစ်သည်။ ဤသို့ဖြင့် နှစ်ဖက်လုံး အကျိုးရှိသော ကိစ္စတစ်ခုဖြစ်၏။
ဆေးဖော်စပ်ခြင်း.. ဤလုပ်ငန်းက အရင်းအနှီးများစွာလိုအပ်ပေသည်။
“ နေဦး.. သူ့ကို ငါလိုက်ပို့လိုက်မယ်…”
ထိုအချိန်တွင် ရွှမ်ယီအနီးသို့ အနီရောင်၀တ်စုံ၀တ်ဆင်ထားသည့် ကောင်မလေးတစ်ဦး ရောက်လာခဲ့၏။
သူမက ထိုလူနှင့် ရွှမ်ယီကြား တိုက်ရိုက်၀င်စွက်ဖက်လိုက်သည်။
ထိုအခါ တစ်ဖက်လူက အလွန်စိတ်ဆိုးသွား၏။ သူက ဒေါသတကြီးလှည့်ကြည့်လိုက်ပြီး ဆဲဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုမိန်းကလေးများ မြင်လိုက်သည်နှင့် စကားလုံးများအား ပြန်လည်မြိုသိပ်လိုက်ပြီး ခေါင်းငုံ့ကာ ချက်ချင်းထွက်သွားတော့၏။
အနှီမိန်ကလေးကား မြောက်ပိုင်းဒေသ ကိုင်မိသားစု ၊ ကိုင်မိသားစု၏ ပုလဲရတနာလေးဖြစ်သော ကိုင်လျန်ရီ၏ ညီမငယ်လေးတစ်ဖြစ်လဲ ကိုင်မိသားစု၏ ဒုတိယ ပုလဲလုံးလေး ကိုင်လင်းအာဖြစ်သည်။
“ ကျွန်မနောက်က လိုက်ခဲ့…”
ကိုင်လင်းအာက ရွှမ်ယီအားကြည့်ပြီး အမိန့်ပေးသယောင်ပြောလိုက်၏။
အစောပိုင်းကတည်းက ရွှမ်ယီအား သူမ သတိထားမိနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်ထံမှ ရွှမ်မိသားစု၏ အရှိန်အဝါထွက်ပေါ်နေသောကြောင့်ပင်။
ရွှမ်မိသားစုဆိုသည်မှာ သူမတို့ ကိုင်မိသားစုလက်အောက်ရှိ အဓိကအင်အားစုများထဲမှ တစ်ခုဖြစ်သည်။ ထို ရွှမ်မိသားစုမှ လူများက ရဲရင့်သော သူရဲကောင်းများအဖြစ်ထင်ရှားသည်။ ၎င်းတို့၏ မျိုးဆက်သစ် လူငယ်များထဲတွင် ဆေးပညာလမ်းကြောင်းအား လျှောက်လှမ်းနေသည့် လူငယ်များရှိကြောင်း သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။
ထိုအပြင် မှော်ဆေးပညာနန်းတော် အ၀င်၏၌ ရွှမ်ယီက အချိန်အတန်ကြာရပ်နေခဲ့သည်ဖြစ်ရာ ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးကြောင်း ထင်ရှားပေသည်။
ဤသို့ဖြင့် ထိုလူငယ်က ဆေးလုံးသန့်စင်ရာ၍ အတွေ့အကြုံမရှိသေးကြောင်း ကိုင်လင်းအာ နားလည်သွား၏။ သိုင်းတာအိုလမ်းကြောင်း၌ အဆင်မပြေသဖြင့် ဆေးပညာလမ်းကြောင်း သို့ပြောင်းလဲလျှောက်လှမ်းလိုသည့် ရွှမ်မိသားစုမျိုးဆက်တစ်ဦးဖြစ်နိုင်သည်။ ထို့ကြောင့် ဆေးပညာလမ်းကြောင်းသို့ လျှောက်လှမ်းရန် ဤနေရာသို့ ရောက်လာပုံပင်။
ဤကိစ္စမျိုးက အင်အားစုကြီးများတွင် ပုံမှန်သာဖြစ်၏။
သို့သော် ထိုရွှမ်ယီအား လမ်းမှားရောက်နေပြီဟု ကိုင်လင်းအာ ခံစားမိနေသည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်မိသားစုတွင် ကျော်ကြားသော အဆင့်မြင့်မှော်ဆေးပညာရှင် လုံး၀မရှိသောကြောင့်ဖြစ်၏။
ထို့အပြင် ကိုင်မိသားစုနှင့် ရွှမ်မိသားစုအကြား ဆက်ဆံရေးက အလွန်ရင်းနှီးပေသည်။ ထိုမျှမကသေးဘဲ ကိုင်လင်းအာ၏ မှော်ဆေးပညာနှင့်ပတ်သက်သည့် အဆင့်အတန်းက မရိုးရှင်းပေ။
ထိုလူငယ်အား သူမတတ်နိုင်သလောက် ကူညီပေးရန် ဆုံးဖြတ်လိုက်၏။
ရွှမ်ယီကမူ ခေါင်းကုတ်လိုက်ပြီး ရှေ့မှ ဦးဆောင်သွားနေသည့် ကိုင်လင်းအာနောက်သို့ ထူးမခြားနားဟန်ဖြင့် လိုက်သွားလေသည်။
‘ သူမက အင်အားစုကြီးတစ်ခု သခင်မလေးတစ်ယောက်ထင်တယ်.. ဒါပေမယ့် ကြည့်ရတာ သူမက မောက်မာပုံလည်းမပေါ်ပါဘူး.. သဘောကောင်းပုံပဲ…’
ရွှမ်ယီက မှော်ဆေးပညာမျှော်စင်သို့ ပထမအဆင့် ဆေးလုံးဖော်စပ်ရန်ရောက်လာခြင်းဖြစ်သည်။ ထို့နောက် အဆင့်(၄) ၊ အဆင့်(၅) အထိ တစ်ဆင့်ချင်း တက်လှမ်းသွားရန် စိတ်ကူးထား၏။
ကောင်းကင်ဒေသရှိ မျှော်ဆေးပညာမျှော်စင်က ရွှမ်ယီအတွက် ဒန်ချင်ဇီ၏ မှတ်ညာဏ်များအား ချေဖျက်ရန် အကောင်းဆုံးနေရာဖြစ်သည်။
“ ဒါနဲ့.. ရှင် ပထမဆုံးအကြိမ် ဆေးသန့်စင်မှာမလား…”
ကိုင်လင်းအာက ရုတ်တရက် မေးလိုက်၏။ သူမက ထိုရွှမ်မိသားစုမှတပည့်အား မှော်ဆေးပညာနှင့်ပတ်သက်ပြီး အကြံညာဏ်များ မပေးမီ တုံ့ဆိုင်းသွားခဲ့ပြီး ထပ်မံမေးမြန်းလိုက်ပြန်သည်။
“ ဒီ ရာစုနှစ်တွေအတောအတွင်း ရှင်တို့ ရွှမ်မိသားစုမှာ ဆေးပညာနဲ့ပတ်သက်ပြီး ပါရမီထူးချွန်တဲ့လူ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးဘူးနော်.. ဘယ်လိုလဲ.. ရှင် ဒီလမ်းကြောင်းကို လျှောက်မှာ သေချာပြီလား..”
“ ကျုပ်က မကြာသေးခင်ကမှ မှော်ဆေးပညာကို စပြီးစိတ်၀င်စားတာပါ…”
ရွှမ်ယီက အနည်းငယ်ပြုံးလိုက်၏။ သူက အဆင့်(၇) မှော်ဆေးပညာရှင်၏ မှတ်ညာဏ်များအား အမွေးဆက်ခံထားသူဖြစ်သည်။
အကယ်၍ သူသာ ဆေးမဖော်စပ်တတ်ပါက ကောင်းကင်နှင့်မြေကြီး၏ ရတနာများအား အမြဲတမ်း ဤအတိုင်းသုံးစွဲသွားရနိုင်သည်။ ဆေးဖော်စပ်ခြင်းအား ကျွမ်းကျင်သွားလျှင်မူ ၎င်းတို့အား ပို၍ အသုံးတည့်အောင်ပြုလုပ်နိုင်ပေလိမ့်မည်။
ကိုင်လင်းအာက ရွှမ်ယီအား ဖျောင်းဖျရန်မဖြစ်နိုင်တော့ကြောင်း နားလည်သွားခဲ့ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
“ ကောင်းပြီလေ.. ဒါဆိုလည်းကျွန်မနောက်ကလိုက်ခဲ့.. ရှင့်အတွက် အဆင့်(၁)ဆေးလုံးကို ကျွန်မ သန့်စင်ပြမယ်…”
ရွှမ်ယီက မှော်ဆေးပညာအကြောင်း သိပ်မသိဟူ၍ ကိုင်လင်းအာ ကောက်ချက်ချလိုက်မိသည်။ ကြည့်ရသည်မှာ ထိုလူက ကောင်းကင်ဒေသတွင် အဆင့်(၅) မှော်ဆေးပညာရှင်က အလွန်လေးစားခံရကြောင်းကြားခဲ့ပြီး စာအုပ်အနည်းငယ်ဖတ်ကာ လာရောက်စမ်းသပ်ခြင်းဖြစ်နိုင်သည်။
သို့သော် ဆေးလုံးသန့်စင်ခြင်းအားပြုလုပ်ရန် ဆေးပညာနယ်ပယ်၌ ပါရမီပါရန်လိုအပ်၏။ ဆေးပညာနှင့်ပတ်သက်သည့် စာအုပ်အနည်းငယ်မျှဖတ်ဖူးရုံနှင့် အဆင့်(၄) ၊ အဆင့်(၅) ဆေးလုံးများ ဖော်စပ်ရန် မဖြစ်နိုင်ပေ။
အဆင့်(၅) မှော်ဆေးပညာရှင်အား ဆေးဘုရင်ဟု ခေါ်ဆိုကြောင်း သိထားရပေမည်။
၎င်းတို့၏ အဆင့်အတန်းက ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် အတူတူဖြစ်သည်။
ရွှမ်ယီက သူမ အကြံညာဏ်အား လက်ခံလိုဟန်မရသဖြင့် ကိုင်လင်းအာ မည်သည့်စကားမှ ဆက်မဆိုတော့ချေ။ သူမက ရွှမ်ယီအား အဆင့်(၁) ဆေးလုံး သန့်စင်နည်းကိုပြသပြီး သန့်စင်ခိုင်းမည်ဖြစ်သည်။ အကယ်၍ မလုပ်နိုင်ပါက ဆေးလုံးသန့်စင်သည်မှာ မည်မျှခက်ခဲကြောင်း ထိုလူနားလည်သွားပေလိမ့်မည်။