တိုက်ဆိုင်မှု
Vol. 88 Ch. 1310
ယာဉ်ထိန်းရဲအရာရှိမှာ မူလကတော့ မျက်နှာကြောက ခပ်မာမာပင်။ သို့သော် လင်းရီ၏ အိုင်ဒီကို မြင်တော့ ပါးစပ်ပင် ပြန်မစေ့နိုင်တော့သည်အထိ ရှော့ခ်ရသွားခဲ့တော့၏။
“ ခေါင်း….ခေါင်း….”
“ ရပ် ရပ် ရပ်….” လင်းရီ သူ့အား ကြားဖြတ်ပြောလိုက်ပြီး “ လူမြင်ကွင်းကြီးမှာ…..၊ ရေးကြီးခွင်ကျယ်တွေ လုပ်မနေနဲ့…”
“ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ … နားလည်ပါပြီ…” ယာဉ်ထိန်းရဲကြီးမှ ရိုသေသမှုဖြင့် ပြောဆိုလိုက်သည်။
“ ဒီနှစ်ယောက်ကို ဘယ်လိုဆက်လုပ်လိုက်ရမလဲ မသိဘူး…”
နှစ်ဖက်မှာ ဆက်နွယ်မှုရှိမှန်းကို မပြောနိုင်သည်အထိ ယာဉ်ထိန်းရဲကြီးမှာ အမြင်မကန်းသေးချေ။ ထို့ကြောင့် လင်းရီ၏ အမြင်ကို မေးမြန်းနေရခြင်း ဖြစ်ပြီး သူ တစ်စုံတစ်ရာ မှားယွင်းဆုံးဖြတ်လိုက်မိမည်ကို စိုးရွံ့နေသည်။
“ ဒီတိုင်း သတိလောက်ပဲ ပေးလိုက်ပါ..”
“ နားလည်ပါပြီ နားလည်ပါပြီ…”
“ တခြား ဘာမှမရှိတော့ဘူးဆို ကျွန်တော် သွားတော့မယ်….”
“ ဒါပေါ့ ဒါပေါ့… ဖြည်းဖြည်းသွားပါခင်ဗျ…”
တခြား တစ်ဖက်တွင်တော့ ဝမ်ထင်သည် မျက်နှာချင်းဆိုင်ရှိ မစ်တီးဆိုင်တွင် မစ်တီးငါးခွက် ဝယ်ယူလိုက်၏။
နှစ်ခုက သူမနှင့် လီစီကျင်းအတွက် ဖြစ်ပြီး ကျန်သည်ကတော့ တာဝန်ကျ ယာဉ်ထိန်းရဲ အရာရှိကြီးတို့အတွက်ပင်။
“ ဒီလိုအချိန်မျိုးမှာတောင် မစ်တီးဝယ်သောက်ဖို့ နင်ဘယ်လိုများ နေနိုင်ပါလိမ့်…” လီစီကျင်းမှ အသည်းငယ်သည့် ယုန်လေးသဖွယ် ပြောဆိုလိုက်သည်။
သူမ၏ အထောက်အထားက အနည်းငယ် ထူးခြားနေလေရာ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပါက သူမ၏ လက်ရှိ အခြေအနေအား ထိန်းထားနိုင်ရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။
သူမ လင်းရီကိုလည်း မကျေမနပ် ဖြစ်နေမိ၏။ ထိုအကောင်က အရမ်း ဒေါသထွက်ချင်စရာကောင်းသည်။ သူမတို့အား ချောက်ချနေသည်မှာ အသိသာကြီးပင်။
“ နင် နားမလည်ပါဘူး..” ဝမ်ထင် ပြောလိုက်ပြီး “ ငါ့အဖေက ဒီအပိုင်းမှာ အဆက်အသွယ်တစ်ချို့ ရှိတယ်… ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး… ခု မစ်တီး ဝယ်တယ်ဆိုတာလည်း သူတို့ကို မျက်နှာလုပ်ရအောင်လို့… ဒီလိုဆိုရင် ဟိုနှစ်ကောင်ကို ပြင်းပြင်းထန်ထန် အရေးယူခိုင်းလိုက်လို့ရပြီ…”
“ အလုပ်ဖြစ်ပါ့မလားဟယ်….”
“ ဒါပေါ့… အလုပ်ဖြစ်တာပေါ့…” ဝမ်ထင် ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုလိုက်ပြီး “ သူ့ကားက ကျိုးဟိုင်လိုင်စင်… ဒီမှာဆို လူစိမ်း… သူ့မှာ အဆက်အသွယ်တွေ ရှိတယ်ဆိုရင်တောင် သုံးနိုင်မှာ မဟုတ်ဘူး… အချိန်ကျလာရင် ငါက မီးထဲ လောင်စာထပ်ထည့်ပေးလိုက်မယ်…. အဲ့လိုဆို သူတို့နှစ်ယောက်လည်း အထိနာသွားလောက်တယ်… သူတို့ကို ဆယ်ရက် ကနေ လဝက်လောက်အထိ ချုပ်ခိုင်းထားပစ်မယ်… ဟီးဟီး… တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ…”
“ ဒါ နည်းနည်းလေး မလွန်လွန်းဘူးလား…”
သူမ ရင်ထဲ၌ လင်းရီကို မကျေမချမ်း ဖြစ်နေသော်လည်း လီစီကျင်းမှာ နှလုံးသား နူးညံ့သည့် ကောင်မလေး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကို ဒုက္ခရောက်အောင် မပြုလုပ်ချင်ပေ။
“ နင်က အရာရာမှာ တော်တယ်… ဒါပေမယ့် သိပ် ကြင်နာတတ်လွန်းတယ်… စဉ်းစားကြည့်… သူဆို ငါတို့ကို လှည့်ဖျားသွားခဲ့တာနော်… နည်းနည်းလေးမှတောင် မညှာတာပေးသွားဘူး…” ဝမ်ထင်ပြောလိုက်ပြီး “ ဒီကိစ္စ အဆင်ပြေသွားတာ ငါ့မိသားစု အဆက်အသွယ်တွေကို ကျေးဇူးတင်ရမယ်.. မဟုတ်ရင် နင်လည်း အလုပ်ပြုတ်ပြီ…”
“ ပြီးရောဟာ… ဒါဆိုလည်း နင့်စိတ်ကြိုက်သာ လုပ်တော့…”
“ စိတ်ချစမ်းပါ… ငါ ဦးဆောင်တဲ့နောက်သာ လိုက်ခဲ့…”
ဘွန်း ဘွန်း ဘွန်း…..
နှစ်ယောက်သား စကားပြောဆို နေတုန်းမှာပဲ ကျယ်လောင်သည့် အင်ဂျင်ဟိန်းသံကို ကြားလိုက်ရသည်။
အသံလားရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ လင်းရီ မောင်းထွက်သွားသည်ကို မြင်တော့ သူမတို့နှစ်ယောက် အံ့အားသင့်သွားခဲ့တော့၏။
ဝမ်ထင်၏ မျက်လုံးများဆို ပြူးကျယ်လို့နေပြီး ဤမြင်ကွင်းက သူမ စိတ်ကူးယဉ်ထားသည်နှင့် တလွဲတချော်များ ဖြစ်လို့နေသည်။
ပုံမှန်ဆို သူတို့ လင်းရီကို လက်ထိပ်နဲ့ စခန်းခေါ်သွားရမှာ မဟုတ်ဘူးလား… ဘာလို့ ဒီတိုင်း လွှတ်ပေးလိုက်တာလဲတဲ့….
“ အရာရှိကြီး… ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ… သူ အရှိန်လည်း အမြန်ကြီး မောင်းသွားခဲ့တာနော်…” ဝမ်ထင် ပြောလိုက်၏။
“ ဘယ်မှာ အမြန်ကြီး မောင်းလို့…”
“ ခုလေးတင် မောင်းသွားတာပဲလေ… ခုနက သူ ဝန်ခံတာရော မကြားလိုက်ဘူးလား..”
“ သူ အမြန်ကြီး မောင်းသွားတယ်ဆိုတာကို သက်သေပြဖို့ စာရွက်စာတမ်းတွေ လိုတယ်.. ငါတော့ သူ အမြန်ကြီး မောင်းသွားတာ မမြင်မိပေါင်… ဒီတော့ ငါ့မှာ သူ့ကို အရေးယူပိုင်ခွင့် မရှိဘူး… ပြီးတော့ သူ့ ယာဉ်မောင်း လိုင်စင်နဲ့ ခွင့်ပြုချက်လိုင်စင်ကလည်း ဘာပြဿနာမှ ရှိမနေဘူး… နှစ်တိုင်းလည်း သက်တမ်းတိုးထားတယ်… အာမခံချက်လည်း ရှိတယ်… မင်းက ငါ့ကို ဘာလုပ်စေချင်နေတာ…”
“ အဲ့ဒါက…….”
ဝမ်ထင် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တော့၏။ ယခုလို ရှုထောင့်မှ ကြည့်ပြန်တော့လည်း သူမ ပြောသွားသည်များက မှားယွင်းနေပြန်နေသည်။
“ မင်းတို့နှစ်ယောက်ကတော့… ငါတို့နဲ့ စခန်းလိုက်ခဲ့ကြ….”
ဝမ်ထင် အော်ငိုချင်မိသွားခဲ့၏။ သို့သော် မျက်ရည်များက စီးကျမလာခဲ့ချေ။
ဘာတွေ ဖြစ်နေတာလဲ..
အခြားတစ်ဖက်ရှိ လင်းရီနှင့် စွန်းကျန်းတို့ကတော့ ဘီးကို အေးဆေးလေး လှိမ့်နေခဲ့ကြသည်။
သူတို့နှစ်ယောက်မှာ ဘာဘီကျူးဆိုင်သို့ ပြန်သွားပြီး ဆက်လက်စားသောက်ရန် ဟန်ပြင်နေကြလေသည်။
“ နှမြောစရာပဲ… ငါ့ခါးပတ်က ချွတ်ပြီးပါပြီဆိုမှကွာ…”
“ အဲ့လောက်ဖြစ်နေ ဒီည ငါမင်းဖို့ ကောင်းကောင်း စီစဉ်ပေးမယ်…”
“ ကျစ် ကျစ် ကျစ်… ကျေးဇူးတင်လိုက်တာ ဘော့စ်ရာ…”
မွန်းလွဲပိုင်း ထမင်းတစ်နပ်စားသောက်ပြီးနောက် နှစ်ယောက်သား ယွီဟန်မြို့သို့ ခဏတဖြုတ် လျှောက်လည်ကြသည်။ ထို့နောက် ရေပူစမ်းသို့သွား၍ ခရီးစဉ်အား အဆုံးသတ်လိုက်ကြ၏။
“ ဘော့စ်… ဒီည ငါ့ဆီလာနေလှည့်.. ငါ မင်းဖို့ အိပ်ရာ ပြင်ထားပြီးပြီ…”
“ မနေဖြစ်လောက်ဘူး… ငါ အစက တုံးစန်း ကောင်တီ သွားမလို့ လုပ်ထားတာ ခုတောင် နှောင့်နှေးသွားပြီ…”
လင်းရီ သူ၏ နာရီအား ကြည့်၍ “ ငါမင်းကို အခု လိုက်ပို့ပေးမယ်… ပြီးရင် ဟိုတယ်တစ်ခု ရှာပြီး နေလိုက်မယ်… မဟုတ်ရင် နောက်တစ်နေ့ မနက် မင်းအိပ်တာကို အနှောင့်အယှက်ပေးသလို ဖြစ်နေလိမ့်မယ်…..”
“ ဘာတွေ အကဲပိုနေတာ… ငါ့နေရာမှာပဲနေ… ငါတို့ မတွေ့ဖြစ်တာ ဘယ်လောက်ကြာပြီတုန်း… ငါ့မှာ မင်းကို ပြောပြစရာ လျှို့ဝှက်ချက်တွေမှ အများကြီးပဲ…”
“ လစ် လစ် လစ်… ငါယီးတွေ တိုးတိုးလေး လာပြောနေတာလား…” လင်းရီ ပြောလိုက်ပြီး “ ငါက မနက်ဖြန်ဆို မြေမြုပ်ခံရတော့မယ့် ကောင်လည်း မဟုတ်…. နောင်လည်း အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်ကွာ… ပူးတိကပ်တိ လာလုပ်မနေနဲ့.. ကိုယ့်ကိုယ်ကို သောက်ရမ်းချောလှနေတဲ့ စော်လေးများ မှတ်နေလား…”
“ ဒါဆိုလည်း မင်း တစ်ယောက်တည်းသာ နေပေတော့…”
“ မင်း ပူစရာ မလိုပါဘူး..”
စွန်းကျန်းနှင့် ခေတ္တမျှ ငြင်းခုန်နေပြီးနောက် လင်းရီသူ့ကို အိမ်ပြန်ပို့ပေးလိုက်သည်။
ထို့နောက် ဟိုတယ်တစ်ခုတွင် ဝင်၍ အိပ်စက်လိုက်၏။
နောက်တစ်နေ့နံနက် ခြောက်နာရီဝန်းကျင်လောက်တွင် သူ တုံးစန်းကောင်တီသို့ မောင်းနှင်လာသည်။
တုံးစန်းကောင်တီသည် ယွီဟန်မြို့နှင့် အရမ်းကြီး မဝေးပေ။ ၂၀ ကီလိုမီတာမျှတာ ရှိပြီး ယွဲ့ကျိုးမြို့၏ နယ်နိမိတ်နားလေးတွင် ရှိ၏။
မြို့၏ ကြပ်တည်းသည့် ယာဉ်ကြောကြောင့် တုံးစန်းကောင်တီသို့ ရောက်ရန် တစ်နာရီကျော်ကြာမျှ မောင်းနှင်လိုက်ရသည်။
ရောက်ရှိကြောင်း တင်ပြရန်အတွက် လင်းရီ အဆောတလျင် ဖြစ်မနေချေ။ ထိုအစား ဟိုဒီ ဝေ့ဝိုက် လျှောက်ကြည့်နေလိုက်သည်။
လူသူ လေးပါး ယောက်ယပ်ခတ်နေသည့် မြို့ပြနှင့် နှိုင်းစာလျှင် တုံးစန်းကောင်တီက ပို၍ ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်ရ၏။
မနက်ခင်း ရှစ်နာရီမတ်တင်း(၇:၄၅) ရှိပြီ ဆိုသော်လည်း ကောင်တီတွင်း လူအများအပြား သိပ်မတွေ့ရချေ။ ကျိုးဟိုင်ကဲ့သို့သော မြို့နှင့်သာ သွားရောက်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ………..
ယခုလို အချိန်တွင် တုံးစန်းကောင်တီအတွင်း၌ လူတစ်ချို့သည် အလုပ်သို့ ဦးတည်နေကြသည်။ လူတစ်ချို့သည် နံနက်စာ ထွက်ဝယ်နေကြပြီး တချို့သော လူများကတော့ ကလေးသူငယ်များအား ကျောင်းသို့ လိုက်ပို့နေသည်။
အကယ်၍ ကျိုးဟိုင်တွင် ဖြစ်မည်ဆိုပါက လူတစ်ချို့၏ အလုပ်သိမ်းချိန်သာလျှင် ဖြစ်ပေလိမ့်မည်။
ဆင်းရဲနွမ်းပါးသည့် ကောင်တီတစ်ခု ဖြစ်နေသော်လည်းပဲ နေထိုင်သူများ၏ နေ့စဉ်ဘဝကတော့ အတော်လေး စိတ်ကျေနပ်ဖို့ ကောင်းပါသည်။
ရှော့ပင်းစင်တာများ၊ ဆေးရုံများနှင့် ကောင်တီ၏ လူမှု အင်္ဂါရပ်များဖြင့် တော်တော်လေးကို ပြည့်ပြည့်စုံစုံ ရှိလှသည်။
သို့သော် တမူထူးခြားပြီး အရောင်သွေးစုံစုံလင်လင်နှင့် စွဲလမ်းနှစ်သက်ဖွယ်အရာများကတော့ ဤနေရာတွင် မရှိ။ လက်ဇရီ အိုင်တမ်းများအတွက်တော့ မေ့ထားရုံသာ တတ်နိုင်သည်။
ထို့ပြင် ယခုလို အချိန်၌ အပြင်သို့ ထွက်လာသူ အများစုကလည်း သက်လတ်ပိုင်းလူကြီးများ သို့မဟုတ် သက်ကြီးပိုင်းတို့ကသာ များသည်။ လူငယ်များများစားစားကို မမြင်တွေ့ရချေ။ ၎င်းကလည်း စီးပွားရေး ကောင်းစွာ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ရခြင်း၏ အရေးပါသည့် အကြောင်းအရင်း တစ်ချက်ဖြစ်၏။
စီးပွားရေးလည်း တိုးတက်ကောင်းမွန်မှု မရှိလေရာ ဤနေရာသည် နေထိုင်အခြေချရန် သင့်လျော်ခြင်း မရှိတော့ပဲ အသက်ရှင်နိုင်ရုံမျှသာ ဖြစ်တော့၏။
လင်းရီသည် ဧရိယာတစ်ဝိုက်ကို ကားဖြင့် လှည့်ပတ်စူးစမ်းနေလျက်ရှိ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤနေရာတွင် အလုပ်ရှာဖွေ၍ နေထိုင်ရှင်သန်မည်ဆိုပါက အလွန်အင်မတန်ကို ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် နွမ်းပါးမှု ကပ်ဘေးသည် လက်အောက်ခံ ကျေးရွာနှင့် မြို့များ၌ ပိုလို့ပင် ပျံ့နှံ့နေလောက်ပေသည်။
ပေချောင်မြို့နှင့် စစ်ဖန်းမြို့တို့နည်းတူ ဤနေရာသည်လည်း သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေသည်။
ထို့ပြင် ကောင်တီတွင်း အခြေအနေကလည်း သိပ်ပြီးတော့မှ ဟန်လို့မနေ။ အခြားသော ကောင်တီမြို့များနှင့် နှိုင်းစာပါက အများကြီး ကွာဟလို့နေသည်။
လင်းရီသည် မေးစေ့ကို ပွတ်သပ်ပြီး တစ်ချက် စုပ်သပ်လိုက်၏။ ဤမစ်ရှင်သည် ခက်ခဲတော့မည်ဟု သူ ခံစားနေရသည်။
ကောင်တီတွင်း ခေတ္တမျှ စူးစမ်းလေ့လာပြီးနောက် လင်းရီ သူ၏ ရောက်လာမှုအား တင်ပြရန် ထွက်လာခဲ့လိုက်သည်။
..........
နွမ်းပါးမှု တိုက်ဖျက်ရေးဌာန ရုံးခန်း၏ ကော်ရစ်ဒါတွင်။
လီစီကျင်းသည် သူမ၏ စာရွက်စာတမ်းများအား ယူဆောင်ပြီး ခေါင်းဆောင်ကို တင်ပြရန် စောင့်ဆိုင်းနေလျက် ရှိ၏။
တစ်ချိန်တည်း၌ လင်းရီသည် သူ၏ ပစ္စည်း ပစ္စယတို့ဖြင့် လှေကားထစ် အထက်သို့ တက်လာခဲ့၏။
သူတို့နှစ်ယောက်၏ မျက်ဝန်းအကြည့်နှစ်စုံမှာ စင်္ကြံလမ်းတွင် သွားရောက်တွေ့ဆုံပြီး နှစ်ဖက်လုံးမှ တစ်ယောက်ကိုတစ်ယောက် မှတ်မိသွားခဲ့ကြ၏။
“ နင် … နင် ဒီကို ဘာလာလုပ်တာလဲ…” လီစီကျင်း အံ့အားသင့်စွာ မေးမြန်းလိုက်လေသည်။