← Chapters

ဆက်လျှောက်ရဦးမယ့် လမ်းတွေရယ်

Vol. 88 Ch. 1311

ဆက်လျှောက်ရဦးမယ့် လမ်းတွေရယ်

Vol. 88 Ch. 1311

“ ရောက်ရှိကြောင်း တင်ပြဖို့ပေါ့….” လင်းရီ ပြန်ပြောလိုက်၏။

“ နင်လည်း နွမ်းပါးမှုတိုက်ဖျက်ရေးဌာနကလို့ လာမပြောနဲ့နော်…”

လင်းရီသည် လီစီကျင်းအပေါ်၌ ကောင်းသည်ဆိုးသည် မည်သည့် ခံစားချက်တို့မျှ ရှိမနေခဲ့ချေ။ သူသည် ဤအတိုင်း တိုက်ဆိုင်လွန်းသည်ဟုသာ ခံစားနေရ၏။

အခြားတစ်ဖက်ရှိ လီစီကျင်းမှာမူ အနည်းငယ် ခါးသီးစွာ ခံစားနေရ၏။

ကံကောင်းစွာဖြင့် ထင်ထင်၏ မိသားစုမှ ကိစ္စအား ကြေအေးပေးရန်အတွက် တစ်စုံတစ်ယောက်ကို အကူအညီတောင်းနိုင်ခဲ့၍ပင်။ မဟုတ်ပါက သူမ၏ အလုပ်အပေါ်၌ တစ်စုံတစ်ရာ ဖြစ်ပျက်လာနိုင်သည်။

အကယ်၍ ထိုသို့ ဖြစ်လာခဲ့မည် ဆိုပါက သူမ၏ ယခင်ကြိုးပမ်းမှုများလည်း ပျက်စီးသွားပေလိမ့်မည်။

“ အင်း…”

ယခု မြင်ကွင်းကို မည်သို့ ပုံဖော်ပြရမှန်း လီစီကျင်း မသိတော့။ သူမ ယမန်နေ့က တွေ့ခဲ့သည့် အနှီ စိတ်တိုဖို့ကောင်းသည့် ကောင်သည် အမှန်ပင် သူမ၏ လုပ်ဖော်ကိုင်ဖက် လာဖြစ်လို့နေသည်။

အကယ်၍ ထင်ထင်သာ ဤအကြောင်း သိရှိသွားမည်ဆိုပါက ဒေါသ ငယ်ထိပ်သို့တိုင် ဆောင့်တက်လာခဲ့လောက်သည်။

“ မင်းတို့နှစ်ယောက်က လင်းရီနဲ့ လီစီကျင်းပဲ ဖြစ်ရမယ်…”

သက်လတ်ပိုင်း အမျိုးသား တစ်ယောက်မှ လျှောက်လှမ်းလာခဲ့ပြီး သူတို့နှစ်ယောက်ကို အပြုံးလေးဖြင့် ပြောသည်။

အမျိုးသားက အသက်ငါးဆယ်အရွယ်ဟု ထင်ရ၏။ သူ၏ အရည်ပြားက ညိုညစ်နေပြီး မျက်လုံးထောင့်စွန်းတွင်လည်း အရေးအကြောင်းတို့ ရှိနေလေပြီ။ အနက်ရောင် ဘောင်းဘီရှည်နှင့် မိုးပြာရောင် လီနင် ရှပ်ကို ဝတ်ဆင်ထားသည်။ ကတ္တီပါ ညှပ်ဖိနပ် တစ်ရံအားလည်း စီးနင်းထားပြီး ခါးတွင်တော့ သော့တွဲတစ်စုံအား ချိတ်ဆွဲထား၏။ သူ့ကြည့်ရသည်မှာ ရိုးရှင်းသည့် ဦးလေးကြီး တစ်ယောက်ကဲ့သို့ပင်။

အမျိုးသား၏ နာမည်က လီချင်းခိုင်ဖြစ်ပြီး နွမ်းပါးမှု တိုက်ဖျက်ရေးဌာန ဒါရိုက်တာတစ်ယောက်နှင့် သူတို့၏ အထက်လူကြီးလည်း ဖြစ်လေသည်။

“ ကျွန်မပါပဲ…” လီစီကျင်း ခေါင်းညိမ့်လိုက်သည်။

လင်းရီသည်လည်း တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိမ့်ပြလိုက်၏။

“ အထဲအရင်ဝင်ခဲ့ကြလေ…”

လီချင်းခိုင် တံခါးဖွင့်ပေးလိုက်သည်။ ရုံးခန်းက အရမ်းမကြီး၊ နှစ်ဆယ် စတုရန်းမီတာမျှသာ ကျယ်ဝန်း၏။ အထဲတွင် စားပွဲသုံးလုံး ရှိလို့နေသည်။

နှစ်လုံးမှာ သန့်ရှင်းတောက်ပြောင်နေလျက်ရှိကာ လင်းရီနှင့် လီစီကျင်းအတွက် ပြင်ဆင်ထားမှန်း သိသာလှ၏။

“ ဒါ မင်းတို့ရဲ့ စားပွဲပဲ… ကြိုက်တဲ့နေရာမှာ ထိုင်ကြ..”

“ ဟုတ်ကဲ့ပါ…”

လီချင်းခိုင်နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် စားပွဲတစ်လုံးကို လင်းရီရွေးချယ်လိုက်၏။ ဤနေရာက သူအလုပ်တွင် ရေသာခိုချင်ပါက အဆင်လည်း ပြေသည်။

“ ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးမယ်… ငါ့နာမည်က လီချင်းခိုင်… ငါကဒီမှာ ခေါင်းဆောင်… မင်းတို့နှစ်ယောက်ကတော့ လက်ထောက်ပေါ့… ဒါပေမယ့် အထက်လူကြီးနဲ့ လက်အောက်ငယ်သားဆိုပြီးလည်း ပြောလို့မရပြန်ဘူး… ငါက မင်းတို့ထက် အသက်ကြီးတယ်… တကယ်လို့ စိတ်မရှိဘူးဆိုရင် ငါ့ကို အစ်ကိုလီဆိုပြီး ခေါ်လို့ရတယ်… တစ်သင်းတည်း အတူနေပြီး အလုပ်လုပ်ရမှာဆိုတော့ အတူတူ ကြိုးစားကြတာပေါ့…” လီချင်းခိုင်မှ ပြောလိုက်သည်။

လီချင်းခိုင်မှာ အင်မတန် ရိုးသားဖြောင့်မတ်ပြီး သူ၏ စကားလုံးတို့ကလည်း အင်မတန် စစ်မှန်လှသည်။ ချက်ချင်းဆိုသလို လင်းရီစိတ်ထဲရှိ သူ၏ ပုံရိပ်မှာ အမှတ်ကောင်းများ ရရှိသွားခဲ့တော့၏။

“ ကျွန်မတို့က ငယ်သေးတယ်.. လုပ်တတ်တာလည်း သိပ်မရှိသေးတော့ ကျေးဇူးပြုပြီး သင်ပြပေးပါဦးနော်..” လီစီကျင်းမှ ပြောလိုက်သည်။

“ မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး…” လီချင်းခိုင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ တကယ်တော့ စစချင်းတုန်က မင်းတို့နှစ်ယောက်က ငါနဲ့ အလုပ်အတူ လုပ်ဖို့ တာဝန်ပေးခံထားရတာ မဟုတ်ဘူး… ငါကိုက တောင်းဆိုလိုက်တာ… ငါ့အသင်းထဲမှာ လူငယ် တစ်ချို့ ရှိချင်လို့လေ.. ငါကလည်း အသက်က ကြီးလာပြီ…. အတွေးအခေါ်က လူငယ်တွေလို ဘယ်ဟုတ်နိုင်တော့မှာ… ခုခေတ် ငါတို့ အလုပ်မှာ မင်းတို့လို လူငယ်လေးတွေရဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို လိုအပ်တယ်… လူငယ်တွေရဲ့ လတ်ဆတ်တဲ့ အတွေးအခေါ်နဲ့ ပညာရှိတဲ့ အတွေ့အကြုံနဲ့ ရောစပ်ပစ်ရမယ်… ပိုပြီး ထိတွေ့ဆက်သွယ်ကြပြီးတော့ အလုပ်ကောင်းကောင်း လုပ်ရင်း နွမ်းပါးမှုကို မြန်နိုင်သမျှ မြန်မြန် တိုက်ဖျက်ကြတာပေါ့…” လီချင်းခိုင် ရှင်းပြလိုက်လေသည်။

“ နားလည်ပါပြီရှင့်…”

“ ငါ့မှာ ကောင်တီနဲ့ ပတ်သက်ပြီး အချက်အလက် တစ်ချို့ ရှိတယ်… အရင်ဆုံး တစ်ချက်ကြည့်ပြီး အခြေအနေကို နားလည်အောင် လုပ်ထားလိုက်…” လီချင်းခိုင် စာရွက်စာတမ်း တစ်ချို့ ထုတ်ပေး၍ ပြောလိုက်ပြီး “ စကားမစပ် လီလေး….၊ ငါ မင်းရဲ့ ဖိုင်ထဲမှာ မြင်မိတာ မင်းက အန်းခုံမြို့နားမှာ နေပြီး တက္ကသိုလ် တက်ရင်းနဲ့လည်း နှစ်နှစ်လောက် ရွာမှာ ဥက္ကဌအဖြစ် တာဝန်ထမ်းဖူးတယ် ဟုတ်လား… နောက်မှ ဒီကို ပြောင်းရွေ့ဖို့ စာမေးပွဲ ဖြေခဲ့တယ်နော်..” လီချင်းခိုင် စပ်စုကြည့်လိုက်သည်။

“ ဟုတ်ကဲ့.. အမှန်ပဲရှင့်…”

“ အဲ့တာကောင်းတယ်… မင်းကို နယ်ခံလို့ ပြောလို့ရတယ်… လင်းလေးက ကျိုးဟိုင်ကဆိုတော့ ဒီက အခြေအနေတွေနဲ့ တရင်းတနှီး ရှိမှာ မဟုတ်ဘူး.. နောင်ကျ မင်းတို့နှစ်ယောက် ပိုပြီး ထိတွေ့ပြီးတော့မှ အချင်းချင်း ပူးပေါင်းသင့်တယ်..” လီချင်းခိုင် ပြောလိုက်၏။

“ ကောင်းပြီ... ငါ့မှာ အစည်းအဝေးက ရှိသေးတယ်… ဒီတော့ မင်းတို့နဲ့ ဆက်မပြောတော့ဘူး… ရုံးပစ္စည်းတွေကိုတော့ တစ်ယောက်ယောက်နဲ့ ပို့ပေးလိုက်မယ်… ရှိတာနဲ့ ခုလောလောဆယ် လုပ်ထားလိုက်ဦး…”

“ အိုး အိုး … ဟုတ်ကဲ့ပါ…”

လီချင်းခိုင် ထွက်ခွာသွားပြီးနောက် လင်းရီနှင့် လီစီကျင်းတို့သာလျှင် ရုံးခန်းထဲ ကျန်ရစ်ခဲ့တော့သည်။

မည်သူကမျှလည်း စကားမပြော။ စားပွဲပေါ်ရှိ စာရွက်စာတမ်းအား ကောက်၍ စတင်ဖတ်ရှုလိုက်၏။

အခြားတစ်ဖက်ရှိ လင်းရီမှာတော့ လီစီကျင်း၏ အတွေ့အကြုံအား ကြားသိပြီး အနည်းငယ် အံ့အားသင့်မိသွားခဲ့သည်။

သူမ၏ အသွင်အပြင်အား ကြည့်ရှု၍ ဆုံးဖြတ်ကြည့်ရသလောက်တော့ တက္ကသိုလ်ကျောင်းတက်နေရင်း ရွာလူကြီး တစ်ယောက် ဖြစ်လာသည်က အတော်လေးကို အံ့အားသင့်ဖို့ ကောင်းလေသည်။

ဤတစ်မနက်ခင်းလုံးကို နှစ်ယောက်လုံးက စာရွက်များ လှန်လောရင်းဖြင့် အချိန်ကုန်သွားခဲ့၏။

လင်းရီသည်လည်း တုံးစန်းကောင်တီ၏ ယေဘုယျ အခြေအနေကို နားလည်သဘောပေါက်သွားခဲ့တော့သည်။

သူ၏ လျန်ရူရွှယ်နှင့် ပြောဖူးခဲ့သည့် စကားဝိုင်းအရဆိုပါက ယခု လင်းရီတွင် ရှင်းလင်းသည့် ရည်မှန်းချက် တစ်ခု ရှိသွားချေပြီ။

ဆင်းရဲတွင်းမှ လွတ်မြောက်ပြီဟု သတ်မှတ်နိုင်ရန် လူတစ်ယောက်၏ တစ်နှစ်ဝင်ငွေသည် အနည်းဆုံး ယွမ် လေးထောင်အထိ ရှိရန် လိုအပ်၏။ ထိုအထဲ ကျန်းမာရေးနှင့် ပညာရေး လိုအပ်ချက်များလည်း ပါဝင်ပြီး ဖြစ်ရပေမည်။

သို့သော် လက်ရှိ တုံးစန်း ကောင်တီ၏ အခြေအနေဖြ့် ဤသည်က နည်းနည်းလေး စိန်ခေါ်မှုများ၏။

လူငယ်အားလုံးက ထွက်ခွာသွားကြပြီး ကျန်ရစ်သည့် မိသားစုများ၌လည်း စိုက်ပျိုးမြေက သိပ်မရှိ။ မိုးရွာသွန်း၍ ရေတက်လာသည့် အခါ နှစ်စဉ်နှစ်တိုင်း ရေကြီးသည့် ဘေးဒဏ်ကိုလည်း အလူးအလဲ ခံစားကြရသေးသည်။

ထို့ပြင် စိုက်ပျိုးမြေကလည်း ဆားများသဖြင့် ထွန်ယက်ရန် သိပ်မသင့်လျော်ကာ သီးနှံ ရိတ်သိမ်းနိုင်မှုကလည်း ပြောပလောက်သည်အထိ မရှိချေ။

အဆိုပါ ပြဿနာ အတွဲလိုက်ကြီးက ဤနေရာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြဿနာ တက်နေစေသည်။

လင်းရီ စားပွဲခုံကို တတက်တက် ခေါက်ရင်း ဖုန်းမှတဆင့် ကောင်တီသုံးခု၏ မြေပုံကို စူးစမ်းလေ့လာနေကာ ပထဝီမြေနေရာ အားသာသည့် နေရာတစ်နေရာ ရှိမရှိ စစ်ဆေးကြည့်နေသည်။

နောက်ဆုံး၌ တုံးစန်းကောင်တီသည် ယွဲ့ကျိုးမြို့၏ နယ်နိမိတ်၌သာ တည်ရှိသည် မဟုတ်ဘဲ ကျင်းရွှေမြို့နှင့်လည်း အတော်လေး နီးကပ်လျက် ရှိသည်။ ယင်းက မည်သည့် စီရင် အုပ်ချုပ်မှုအောက်တွင်မှ မရှိသည့် နေရာတစ်နေရာ ဖြစ်လေသည်။

မူလတုန်းကတော့ ဤဧရိယာသည် ယွဲ့ကျိုးမြို့နှင့် သက်ဆိုင်သည်။ သို့သော် နှစ်များစွာ ကြာသည်အထိ ပြောစမှတ်ပြုလောက်သည့် တိုးတက်ဖွံ့ဖြိုးလာမှုများ မရှိသဖြင့် ယွီဟန်မြို့လက်အောက်ခံဟု ပြန်လည် သတ်မှတ်ပေးလိုက်၏။

ယွီဟန်ကလည်း လိုချင်သလားဆိုတော့ မလိုချင်။ သို့သော် ရွေးချယ်စရာက မရှိ။ ဖျစ်ညစ်၍သာ လက်ခံလိုက်ရ၏။ သို့သော် ကောင်တီသေးသေးလေးအား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်မည့် ရည်ရွယ်ချက်က သူတို့ထံ ရှိလို့ မနေချေ။

ကုန်းတွင်းပိတ်လည်းဖြစ်။ ကုန်းတွင်းမြစ်များလည်း မရှိ။ သင်္ဘော သယ်ယူပို့ဆောင်ရေးအတွက်လည်း သဘာဝ၏ အားသာချက် အလုံးစုံက ကင်းမဲ့နေလျက် ။

ထို့ပြင် ရှုပ်ထွေးပွေလီသည့် ဧရိယာ တစ်ခုလည်း ဖြစ်သည်။ ပထဝီမြေနေရာ အားသာချက်ကို မဆိုထားနှင့်၊ ၎င်းတို့က သဘာဝအလျောက် အားသာချက် ကင်းမဲ့နေသည့် နေရာဒေသ ဖြစ်လို့နေသည်။

ဤတစ်ကြိမ် စနစ်မှ ပေးအပ်လာသည့် မစ်ရှင်က တော်တော်ကြီးကို ခက်ခဲလှ၏။

အကယ်၍ လင်းရီမှ သူ၏ လွှမ်းမိုးမှုအား အသုံးချပြီး စက်ရုံတစ်ချို့အား ဤနေရာတွင် တည်ဆောက်ခိုင်းလျှင်ပင် ရင်းနှီးမြုပ်နှံသူများကိုတော့ လက်တွေ့ကျသည့် အကျိုးအမြတ်တစ်ချို့ကို ထုတ်ပြရလိမ့်မည်။

အကယ်၍ သူတို့ မမြင်နိုင်ဘူးဆိုပါက လင်းယွင် အုပ်စုသည် အနစ်နာခံရုံသာ ရှိတော့၏။

မဟုတ်ပါက မည်သူကမျှ လှုပ်ရှားချင်လိမ့်မည် မဟုတ်ပေ။ သို့သော် စိန်ခေါ်မှုက ပိုများနေသဖြင့် ထိုသို့ လုပ်စရာ အကြောင်းတော့ မရှိချေ။

ချလပ် …

ရုံးခန်းတံခါးသည် တွန်းပွင့်လာခဲ့ပြီး လီချင်းခိုင် အထဲသို့ ဝင်လာသည်။

“ အစ်ကိုလီ…”

နှစ်ယောက်လုံး ပြိုင်တူ နှုတ်ဆက်လိုက်ကြ၏။

“ အခြေအနေ….၊ ဘယ်လို အိုင်ဒီယာတွေ စဉ်းစားမိပြီလဲ…”

လီချင်းခိုင် အပြုံးလေးဖြင့် မေးသည်။

“ ကျွန်မကတော့ တုံစန်းကောင်တီရဲ့ အားသာချက်ကို ရှာဖွေပြီးမှ အဲ့နေရာကို ပစ်မှတ်ထားသင့်တယ်လို့ထင်တယ်… ဒါမှလည်း မျှော်လင့်ချက်ရှိလာမှာ…”

လီချင်းခိုင် ပြုံးလိုက်မိသည်။ “ မင်းလည်း ဒီကပဲ… တုံးစန်း ကောင်တီက ဘယ်လိုနေရာမျိုးလဲဆိုတာ သိမှာပါ…. ငါတို့မှာ ဘယ်လို အားသာချက်တွေ သွားရှိနေလို့….”

လီစီကျင်း၏ စကားလုံးများက လုံးလုံးလျားလျား အကျိုးကြောင်း ကင်းမဲ့နေသည်။

အကယ်၍ လမ်းတစ်ခုသာ ရှိခဲ့မည် ဆိုပါက သူ ရှေးယခင်ကတည်းကရင် အသုံးချပြီးလေပြီ။ ယခုအချိန်ထိ အဘယ်ကြောင့် စောင့်နေလိမ့်ဦးမည်နည်း။

“ မင်းရော လင်းလေး… ဘာစဉ်းစားမိသေးလဲ…”

“ မစဉ်းစားမိဘူး…” လင်းရီ သူ့လက်ထဲရှိ စာရွက်စာတမ်းများအား ဘေးသို့ ပစ်လိုက်ပြီး အကြောဆန့်ကာ အပြုံးလေးဖြင့် “ ကျွန်တော်ကတော့ တုံးစန်းကောင်တီက ဒီလို အခြေအနေမျိုးမှာ ဒီလောက်အခြေအနေထိ ဖွံ့ဖြိုးနေတာကိုပဲ အံ့ဩလှပြီ… ဒါမှမဟုတ် ကျွန်တော်တို့ သုံးယောက် အတူ အိပ်မက်မက်ကြရင်ကော… အိပ်မက်ထဲမှာဆိုရင် ဘာမဆို ဖြစ်နိုင်တယ်လေ… “

သုံးယောက်လုံးက အထက်လူကြီးနှင့် အောက်လက်ငယ်သား ဆက်ဆံရေးဟု မသတ်မှတ်ထားလေရာ လင်းရီသည်လည်း သူ စကားပြောနေစဉ် အလေးအနက် ထားမနေခဲ့ချေ။

“ ပေါက်တတ်ကရ လျှောက်မပြောနဲ့ ကောင်လေး… တကယ်လို့ တခြားသူတွေ ကြားရင် မကောင်းဘူး ဖြစ်မယ်..”

“ နားလည်ပါပြီ…”

“ ဒါပေမယ့် မင်းပြောတာ မှန်တယ်…. ကောင်တီထဲက အခြေအနေတွေက တကယ့်ကို မလွယ်ကူဘူး…” လီချင်းခိုင် ပြောလိုက်ပြီး “ ငါတို့ အလုပ်က ပြောရရင် လုပ်စရာက သိပ်ရှိတာ မဟုတ်ဘူး.. မင်းတို့ မွန်းလွဲပိုင်း ဘာလုပ်စရာမှ မရှိဘူးဆိုရင် အောက်ခြေလူတန်းစားတွေနား တစ်ချက် သွားကြည့်ပြီး အခြေအနေကို နားလည်ကြည့်လို့ ရတယ်… ဒီလိုမျိုး စာရွက်တွေ ထိုင်ဖတ်နေတာထက်စာရင် ပိုကောင်းတာပေါ့..”

“ ကျွန်တော်လည်း အဲ့တာ စဉ်းစားနေတာ…. ကွင်းဆင်းလေ့လာခြင်းပေါ့…”

“ အိုးဟုတ်သား… နောက်တစ်ခု ရှိသေးတယ်…” လီချင်းခိုင် လင်းရီကို ကြည့်လိုက်ပြီး “ အပြင်ဘက်က နံပါတ် 99887 က မင်းရဲ့ ကားမလား…. “

“ ဟုတ်တယ်လေ… ဘာလဲဖြစ်လို့… စာကပ် ပေးချင်လို့လား..”

“ စာကပ် ဟုတ်လား… ဘယ်နားကသာ..” လီချင်းခိုင် ရယ်သွမ်းလိုက်ပြီး “ မင့်ကားက မျက်စိထင်းလွန်းတယ်… ဖြစ်နိုင်ရင် နည်းနည်း မကောင်းမကန်းလေး စီးကွာ… မဟုတ်ရင် မင်း တစ်ပတ်တောင် ကြာလိုက်မှာမဟုတ်ဘူး တုံးစန်းကောင်တီထဲ ဟိုးလေးတကြော်ကြော် ဖြစ်နေလိမ့်မယ်…”

All Chapters