ဝက်ဝံတစ်ကောင်လို
Vol. 88 Ch. 1312
“ အစ်ကိုလီ ပြောချင်တာကို နားလည်တယ်… ဒါပေမယ့် ကောင်တီထဲမှာ ကားရောင်းတဲ့ဆိုင်က ရှိလို့လား…. ဘာပဲဆိုဆို ဟိုဒီသွားရင် လိုမှာပဲလေ…”
“ ဌာနပိုင်တဲ့ ဝူလင်းဟုန်ကွမ်း တစ်စင်းတော့ ရှိတယ်.. တကယ်လို့ မင်း စိတ်မရှိဘူးဆို အဲ့တာ ယူမောင်းလိုက်… ဘယ်လိုပဲဖြစ်ဖြစ်ကွာ… ကောင်တီထဲမှာ တတ်နိုင်သမျှ ကားသိပ်မမောင်းနဲ့…”
“ နားလည်ပြီ..” လင်းရီ ပြောလိုက်၏။ “ ကျွန်တော်ကလည်း ဇီဇာမကြောင်တတ်ပါဘူး… ဘီးလေးဘီးပါရင် ပြီးရော…”
လီချင်းခိုင် ကားသော့ကို ယူ၍ လင်းရီလက်ထဲ ထည့်ပေးလိုက်၏။
“ ဒါ ခဏယူမောင်းထားလိုက်…”
“ ကောင်းပါပြီဗျ…”
လီချင်းခိုင် နာရီအား ငုံ့ကြည့်၍ “ နေ့လည်တောင် ရောက်နေပြီ… မင်းတို့နှစ်ယောက်လည်း ထမင်းသွားစားသင့်ပြီ… မွန်းလွဲပိုင်းကိုတော့ မင်းတို့ ကြိုက်သလိုသာ သုနေသနပြုကြ… ဒီက အခြေအနေကို နားလည်သဘောပေါက်ပြီးရင် နွမ်းပါးမှုဘေးကို ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာ ဆက်ပြီးမှ အစည်းအဝေးလုပ်ကြမယ်…”
“ ဟုတ်ကဲ့ပါ… “
နှုတ်ဆက်ပြီးနောက် နှစ်ယောက်သား ကိုယ်စီ ပစ္စည်းပစ္စယတို့အား သိမ်းဆည်း၍ အောက်ထပ်သို့ ဆင်းလာခဲ့ကြ၏။
“ ဟိုလမ်းနားမှာ စားသောက်ဆိုင် တစ်ဆိုင်ရှိတာပဲ… စားလို့လည်း ကောင်းမယ့်ပုံပဲ… အဲ့သွားပြီး အတူသွားစားကြစို့လေ…” လင်းရီက ပြောလိုက်သည်။
“ ငါ မသွားဘူး…. “ လီစီကျင်း တစ်ဖက်သို့လှည့်ပြီး ပြောလိုက်၏။
“ ဘာလို့… စိတ်ကောက်နေတာလား… ငါ မင်းကို ဘာများ လုပ်မိထားလို့….”
“ နင့်ကြောင့်လေ… ငါ ဒီအလုပ်တောင် ပြုတ်တော့မလို့ သိရဲ့လား… အဲ့တာကို ငါက စိတ်မကောက်တော့ ပျော်နေရမှာလား..”
လီစီကျင်းမှာ ပွင့်ပွင့်လင်းလင်း သမားဖြစ်၏။ သူမ ရင်ထဲ ရှိသည်များကို တည့်တိုးသာ ပြောချလိုက်သည်။
“ အဲ့တာ ငါနဲ့ ဘာဆိုင်လို့…”
“ နင် ငါတို့ကို ရည်ရွယ်ချက် ရှိရှိ ချောက်ချခဲ့တယ်လေ.. ထင်ထင်ရဲ့ မိသားစုကြောင့်သာ မဟုတ်ရင် ငါတို့ အဖမ်းခံရပြီး အလုပ်လည်း ပြုတ်ပြီ…”
“ အဲ့ဒါ ငါနဲ့ ဘာမှမဆိုင်ဘူး…နော်….မင်း သူငယ်ချင်းရဲ့ အိုင်ကျူ(ဉာဏ်ရည်)ကိုက စံချိန်မမှီတာ…. မြို့ထဲမှာ ကားပြိုင်မောင်းနေပြီးမှ ယာဉ်ထိန်းရဲရှိမရှိ မစူးစမ်းဘူး… ဘာလို့ ငါ့လာပြီး အပြစ်နေရတာ…”
“ ဒါဆိုလည်း နင်နဲ့ မသွားဘူး..”
“ သဘောပါ … သဘောပါ…”
လင်းရီသည် ဆန့်ကျင်ဘက်ရှိ စားသောက်ဆိုင်သို့ တန်းမတ်စွာ ဦးတည်လိုက်၏။ ထိုစဉ် လီစီကျင်းကတော့ ဘေးရှိ ခေါက်ဆွဲဆိုင်ထဲ ဦးတည်သွားခဲ့လေသည်။
စားသောက်ဆိုင်ဆိုသော်လည်းပဲ ဖောက်သည်မှာမူ များများစားစား မရှိ။ ဧည့်သည်ရှိသည့် စားပွဲက နှစ်လုံးသာလျှင် ရှိလေသည်။
လင်းရီ ဆိုင်ရှင် သူဌေးမကို ကျပန်း ဟင်းတစ်ချို့မှာ၍ ထမင်းလိုက်ပွဲ တစ်ပွဲပါ ကြိုတင်မှာယူထားလိုက်သည်။ ဤသည်ကတော့ သူ၏ နေ့လည်စာပင်။
စားသောက်နေစဉ် ကျီချင်းရန်မှ ဝီချက်ဗွီဒီယိုကော ခေါ်ဆိုလာခဲ့၏။
“ ဒါရိုက်တာလင်း.. ဒီနေ့ အလုပ်လုပ်တာ ဘယ်လိုရှိလဲ…”
ကျီချင်းရန်သည်လည်း သူမ၏ ရုံးခန်းထဲ၌ နေ့လည်စာ စားနေခြင်း ဖြစ်လေသည်။ စားရင်းနှင့်မှ လင်းရီ၏ အလုပ်အကြောင်း မေးမြန်းလိုက်ခြင်းပင်။
“ ပြောမနေစမ်းနဲ့… ဒီကောင်တီရဲ့ တစ်နှစ်စာ GDP က လင်းယွင်အုပ်စုရဲ့ နှစ်ဝက်စာ အမြတ်ငွေနဲ့တောင် မယှဉ်နိုင်လောက်ဘူး..”
“ အဲ့လောက်တောင် ဆိုးတယ်ပေါ့…”
“ ဒီတိုင်း ခန့်မှန်းကြည့်တာပါ…”
“ ငါတို့တတ်နိုင်တာလည်း ဘာရှိလို့… တချို့ ဒေသတွေက ကြမ်းတမ်းတဲ့ အခြေအနေကို ကြံ့ကြံ့ခံရုံပဲ ရှိတယ်လေ…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါတော့ နင် ဒေသတွင်း စက်မှုလုပ်ငန်းတွေကို ပစ်မှတ်ထားရင် ကောင်းမယ်လို့ ထင်တယ်… မဟုတ်ရင် နင် ဘယ်သူ့ကိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး..”
“ ငါလည်း စဉ်းစားမိတယ်.. ဒါပေမယ့် ဘာ စက်မှုလုပ်ငန်းမှ မရှိတာ ခက်တာ… “
“ ငါ မနက်ခင်း အားတုန်းက မြေပုံကို စစ်ဆေးကြည့်တော့ တုံးစန်းကောင်တီက မြို့သုံးမြို့ရဲ့ လမ်းဆုံမှာ ရှိနေတာ… သီအိုရီအရဆိုရင် လမ်းပန်းဆက်သွယ်ရေး အားသာချက်နဲ့ ကောင်းကောင်းကြီး ဖွံ့ဖြိုးသင့်တာကို ဘာလို့ ဒီလို အခြေအနေမျိုး ဖြစ်နေလဲ မသိဘူးနော်…”
“ ဟင်…”
ကျီချင်းရန်၏ စကားလုံးများက လင်းရီကို လင်းခနဲ ရှင်းခနဲ ဖြစ်သွားစေသည်။ ပြောလေ့ရှိသည်မှာ ' သင်က ချမ်းသာချင်သည်ဆိုလျှင် လမ်းအရင် ဖောက်ပါ' ဟူ၍ပင်။
ခိုင်မာသည့် လမ်းပန်းဆက်သွယ်မှုက ဧရာမ အားသာချက်ကြီး တစ်ခု ဖြစ်၏။
“ မင်းရဲ့ အကြံက မဆိုးဘူးပဲ… ထင်ထားတဲ့အတိုင်း ဥက္ကဌကျီကတော့ အဆင်းလည်းလှသလို အချင်းလည်းလှနေတာပဲ…”
ကျီချင်းရန် ဘဝင်ခိုက်စွာ ပြုံးသွားခဲ့၏။ “ အဲ့တာ နင် ဘယ်သူနဲ့ နှိုင်းနေလဲ ဆိုတဲ့ အပေါ် မူတည်နေတယ်လေ.. ငါက နင်နဲ့ စာရင် ပိုပြီး ထက်မြက်တယ်..”
“ အဲ့ဒါဆို မင်းကို ဝတယ်ပြောရင် လူကို ဘာလို့ လာအော်လဲ…”
“ ဟေ့ မဆိုင်တာတွေ ဘာလာပြီး ပြောနေတာလဲ…”
နေ့လည်စာ စားနေစဉ်အတွင်း နှစ်ယောက်မှာ ပုံမှန်အတိုင်း စကားများ ပြောကြ၏။ နာရီဝက်မျှ ကြာပြီးနောက် လင်းရီ ဖုန်းချလိုက်ကာ စားလို့လည်း ပြီးသွားခဲ့လေပြီ။ ထို့နောက် သူ ကောင်တာသို့ သွား၍ ဘေလ် ရှင်းလိုက်၏။ ကျသင့်ငွေက စုစုပေါင်း ၂၃ ယွမ်ပင်။
ဝီချက်ပေါ်ရှိ နံပါတ်ကို မြင်တော့ လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားခဲ့၏။
အကယ်၍ ကျိုးဟိုင်တွင်ဆိုပါက ဤပုံစံ ထမင်းတစ်နပ်ကို အနည်းဆုံး ယွမ် ၅၀ပင်။
ခေတ္တမျှ သက်မချပြီးနောက် လင်းရီ ဘေးရှိ ခေါက်ဆွဲဆိုင်သို့ သွားလိုက်ရာ အလုတ် သေးသေးလေးများ ကိုက်နေသည့် လီစီကျင်းကို မြင်တွေ့လိုက်ရ၏။
လင်းရီကို မြင်တော့ သူမ စားသောက်နေသည်ကို ချက်ချင်းဆိုသလို ရပ်တန့်ပစ်လိုက်သည်။
“ ငါပြီးပြီ…သွားစို့…”
“ နည်းနည်းကျန်သေးတာပဲ… ဆက်စားလေ… အလျင်လိုစရာ မလိုပါဘူး… “
“ ငါ ဝပြီ…”
လီစီကျင်း ဘားကောင်တာထံသွား၍ ပိုက်ဆံ ရှင်းလိုက်၏။ သူမ၏ ခေါက်ဆွဲတစ်ပန်းကန်က ၆ ယွမ်ပင်။
စားသောက်ကုန်ဈေးနှုန်း နိမ့်ပါးနေမှုကြီးက လင်းရီထင်ထားသည်ထက်ကို ကျော်လွန်နေတော့သည်။ သို့ဖြစ်သည့်တိုင်အောင် တစ်ဆိုင်လုံး၌ စားသုံးသူဟူ၍ လီစီကျင်းတစ်ယောက်သာလျှင် ရှိနေခြင်းက ပို၍ပင် အံ့အားသင့်ဖို့ ကောင်းနေသေးသည်။
ကလင် ကလင် ကလင်…
ပိုက်ဆံရှင်းပြီး၍ ထွက်ခွာတော့မည့် အချိန်တွင် လီစီကျင်း၏ ဖုန်းသံသည် အသံမြည်လာသည်။
“ အေး ထင်ထင်… ဘာကိစ္စလဲ…”
“ ငါ ခုတင် စားပြီးတာလေ…”
“ နင်လည်း ဒီရောက်နေတာလား… ဒါဆို အပြင်မှာ စောင့်နေနော်…”
ဖုန်းချပြီးနောက် နှစ်ယောက်သား အပြင်ဘက်သို့ အတူထွက်လာခဲ့ကြသည်။
လီစီကျင်း၏ အကြည့်များနောက် လိုက်ပါကြည့်ရှုသည်တွင် ယမန်နေ့က BMW 7 စီးရီး အဖြူရောင် တစ်စင်းမှာ ရုံးဝင်ပေါက်၌ ရပ်တန့်ထားသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
“ ထင်ထင်…”
လမ်းဖြတ်ကူးရင်း လီစီကျင်းမှ လှမ်းအော်ခေါ်လိုက်၏။
ဝမ်ထင် ကားထဲမှ ထွက်လာခဲ့ပြီး လင်းရီလည်း လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
“ နင် ဘာလို့ ဒီရောက်လာတာလဲ…” လီစီကျင်း ရောက်လာပြီး မေးသည်။
“ မနက်ခင်းတုန်းက နင်တို့နှစ်ယောက်က တစ်ရုံးခန်းတည်းတွေလို့ နင်မပြောခဲ့ဘူးလား… တွေးကြည့်လေလေ လူက ဒေါသထွက်လာလေလေမို့ ဒီကို ပြေးလာခဲ့တာပဲ…”
လီစီးကျင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရ၏။ သူမ သူငယ်ချင်းက သူမကို ခိုးဝှက်ပြီး သတင်းပေးသူတစ်ယောက် ပုံစံ ဖြစ်အောင် ပြုလုပ်နေလေသည်။
“ ငါက ဒီတိုင်း ပြောပြလိုက်တာပါဟာ… အဲ့တာကို နင်က ဘာလို့ အပြေးအလွှား ရောက်လာခဲ့တာလဲ…”
“ ဒီတိုင်း အရမ်း စိတ်တိုလို့ပေါ့… သူ ငါ့တို့ကို လှည့်စားသွားရုံတင် မကသေးဘူး…. မနေ့က အိမ်ပြန်ရောက်တော့ ငါ့အဖေဆိုတာလေ... ဆူလိုက်တာ ဆူလိုက်တာ ညဘက်တောင် ကောင်းကောင်း မအိပ်ရဘူး…”
ထိုသို့ပြောပြီးနောက် ဝမ်ထင်သည် လင်းရီကို မကျေမနပ်ဖြစ်စွာ ကြည့်လိုက်၏။
“ ကမ္ဘာကြီးက တကယ့်ကျဉ်းကျဉ်းလေးပဲ… ငါ့အိမ်သားက နင်နဲ့ တစ်နေရာတည်း အလုပ်လုပ်ရလိမ့်မယ်လို့ ဘယ်သူက တွေးထားမိမှာ… ဘယ်လိုတောင် ကံဆိုးချက်လဲ…”
“ မင်းရဲ့ ‘အိမ်သား’ ဆိုတာက ဘာစကားကြီးတုန်း… မင်းက ဂေးလား… “ လင်းရီ ပြောလိုက်ပြီး “ ငါ မနေ့က မိန်းကလေး ဒရိုင်ဘာလို့ ပြောတုန်းက မင်း သဘောမကျတာ မဆန်းတော့ပါဘူး… လက်စသတ်တော့ ဒီလိုမျိုးကိုး…”
“ နင် ပေါက်တတ်ကရ မပြောနဲ့… ငါ့လိင်တိမ်းညွှတ်မှုက သာမန်ပဲ…”
“ သိတဲ့သူတွေကတော့ သိကြမှာပဲလေ …”
“ နင်…”
“ တော်ပြီ.. ထင်ထင်… နင် သူနဲ့ ရန်ဖြစ်မနေနဲ့တော့… ငါ မွန်းလွဲပိုင်း တခြား လုပ်စရာတွေ ရှိသေးတယ်… နင့်ကို အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူးနော်…”
“ ရတယ်… နင် လုပ်စရာရှိတာလုပ်… ငါလည်း အားနေတာနဲ့ အတော်ပဲ… နင်သွားတဲ့နောက် ငါလိုက်ခဲ့မယ်…”
“ ငါတို့က မြို့ထဲသွားမှာ.. အဲ့က အခြေအနေက သည့်ထက် ပိုဆိုးတယ်နော်.. လိုက်လာခဲ့ရင် နင်ပဲ ခံစားရမှာ.. လိုက်ချင်လို့လား…”
“ ငါတို့မိသားစုလည်း အရင်က ဆင်းရဲခဲ့တာကိုပဲ… ငါ့ကို အဲ့လို လာမပြောစမ်းပါနဲ့…” ဝမ်ထင် ပြောလိုက်ပြီး “ ပြီးတော့ ငါ့စိတ်ထဲ သူက နည်းနည်းလေး ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရတယ်… သူ လမ်းမှာ နင့်ကို ထိကပါး ရိကပါး ပြုလာရင် ဘယ်လိုလုပ်မှာလဲ… ငါ နင့်ကို ကာကွယ်ပေးမယ်ဟာ…”
“ ဟက်….”
“ အဲ့တာ ဘာသဘောတုန်း… နင် ငါ့ကို အထင်လာသေးနေတာလား…”
“ ဘာတွေလာပြောနေတာ… ငါ မင်းကို ဘယ်တုန်းကမှ အထင်မကြီးဖူးပါဘူး…”
“ နင်…၊ ငါ နင့်ကို ပြောမယ်.. နင် ငါ့ရှေ့မှာ ဆင်ဆင်ခြင်ခြင်နေ… ငါက အထက်တန်းကျောင်းတုန်းကတည်းကရင် တိုက်ကွမ်ဒို ခါးပတ်နတ်ရထားတဲ့သူ.. နင့်လို အရိုးပဲ ရှိတဲ့ ကောင်လေးလောက်ကတော့ တစ်ချက် ကိုင်ပေါက်စာပဲ ရှိတယ်… “ ဝမ်ထင် ပြောလိုက်ပြီး “ ဒီခုက လမ်းမကြီးထက်မို့ ငါ နင့်ကို အရှက်ကွဲအောင် မလုပ်ချင်ဘူး… ဒီတော့ စီကျင်းအပေါ် ဘာ မဟုတ်တဲ့ အတွေးတွေမှ ရှိမနေဖို့ သတိပေးလိုက်မယ်.. မဟုတ်ရင် ကြမ်းပြင်ကို ကုန်းနမ်းသွားရမယ် မှတ်…”
“ ဟုတ်လား…. ငါတော့ မယုံပေါင်… မင်းက ပိန်းပြီး ဗလရှိတယ် ထင်ရပေမယ့် အမြင်ကန်းနေတဲ့ ဝက်ဝံကြီးလိုမျိုးပဲလေ.. ငါက ယောက်ျားလေး … မင်းကို ခြိမ်းခြောက်မှုလို့ မြင်ကို မမြင်တာ…”
ဝမ်ထင် အင်္ကျီလက်တွေ ဆွဲတင်လိုက်ပြီး “ နင်က လူကို လာ အထင်သေးနေတယ် ဟုတ်လား… လာစမ်း လာစမ်း… ငါတို့နှစ်ယောက် စမ်းကြည့်ကြမယ်…”