← Chapters

ပြိုလဲယိမ်းယိုင်နေသော

Vol. 88 Ch. 1313

ပြိုလဲယိမ်းယိုင်နေသော

Vol. 88 Ch. 1313

“ အမ်… မင်းက ဘယ်လို စမ်းချင်တာ…”

လင်းရီ ဝမ်ထင်ကို ငကြောင်တစ်ကောင်နှယ် ပေစောင်းစောင်း ကြည့်လိုက်သည်။

“ ငါ ဘယ်လိုစမ်းမလဲဆိုတာ နင့်အပူမပါဘူး… ငါ ဒီနေ့ နင့်ကို သေအောင် ရိုက်သတ်ပြမယ်…”

“ အိုက်ယား… တော်တော့လို့ဆိုနေ…” လီစီကျင်း စိုးရိတ်တကြီးဖြင့် ခြေကို ဆောင့်အောင့်လိုက်တော့၏။

ခဏနေကျရင် အလုပ်လုပ်ဖို့ ရှိသေးပါတယ်ဆိုမှ သူတို့က ဘယ်လိုတောင် ရန်ဖြစ်နေကြတာ…

တကယ်ကြီးလား…

“ နင် ဝင်မပါနဲ့…” ဝမ်ထင် ပြောလိုက်ပြီး “ ငါ မနေ့က ရဲဖမ်းခံလိုက်ရတာ အကုန်သူ့ကြောင့်ပဲ…”

“ ကိုယ့်ကိုယ်ကို ပိန်းတယ်လို့ကျတော့ ဝန်မခံဘူးနော်..”

“ တော်ပြီ… ရပ်တော့လို့…” လီစီကျင်း လင်းရီကို ကြည့်လိုက်ပြီး “ သူက တကယ်ကြီး တိုက်ကွမ်ဒို သင်ထားတာ… ငါနင့်ကို ညာနေတာ မဟုတ်ဘူး… ပြီးတော့ တက္ကသိုလ်တက်တုန်းကလည်း ကျောင်းရဲ့ တိုက်ကွမ်ဒို ကလပ် ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်.. ကျောင်းက ကောင်လေးတွေတောင် သူ့ကို မနိုင်ဘူး… ဒီမှာ ရန်မဖြစ်နဲ့…”

“ ဟေ့ နင် ယောက်ျားမလား… ယောက်ျားဆို မပြေးနဲ့… မဟုတ်ရင် ငါနင့်ကို အထင်သေးပစ်လိုက်မှာနော်…”

ထိုစကားကြားပြီးနောက် လင်းရီ ထွက်ပြေးသွားမည်ကို စိုးရွံ့သည့်အတွက် ဝမ်ထင် တမင်တကာ ထေ့ငေါ့ ရန်စလိုက်သည်။

“ လာခဲ့ လာခဲ့ … ငါ ဒီတိုင်းလေးပဲ ရပ်နေမယ်… မရွေ့ဘူး… မင်း ဘယ်အဆင့်ရှိလဲဆိုတာ ကြည့်ကြသေးတာပေါ့..”

ဝမ်ထင် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လင်းရီထံ တိုးဝင်လာသည်။ သူမ သူ၏ လက်မောင်းကို ပခုံးထက်တင်၍ ခြေကို ယိုင်နဲ့အောင် ပြုကာ ကိုင်ပေါက်ရန် ဟန်ပြင်လိုက်၏။

မူလကတော့ သူမ စိတ်ထဲကအတိုင်း ဤသည်က ပြီးပြည့်စုံသည့် ကိုင်ပေါက်မှုပင်။ သို့သော် တစ်ဖက်သူက သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မလှုပ်မယှက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။

ဟင်…

ဝမ်ထင် ကြက်သေသေသွားခဲ့၏။ သူမ အရင်ဆို ဒီလိုမျိုး ကိုင်ပေါက်ရင် အောင်မြင်နေကြပါ… ဘာလို့ ခုကျမှ ကျရှုံးနေတာလဲ…

လင်းရီ မနေနိုင်ပဲ ရယ်သွမ်းမိသွားခဲ့သည်။ လျန်ရူရွှယ်ပင် သူ့ကို ဘာမျှ မလုပ်နိုင်လေရာ ဤကောင်မလေးဆိုလို့ကတော့….ဟွင်းဟွင်း။

ဝမ်ထင် ယုံကြည်နိုင်ခြင်း မရှိသေးချေ။ သူမ တစ်ဖန် ပခုံးပေါ်မှ ကိုင်ပေါက်သည့် လှုပ်ရှားမှုကို ထပ်မံပြုလုပ်လိုက်၏။ သို့တိုင် တစ်ဖက်သူမှာ မလှုပ်မယှက်ပင်။

သူမ၏ လှုပ်ရှားမှုတို့က မည်သည့်အကျိုးသက်ရောက်မှုတို့မျှ မရှိသည့်ပုံပင်။

“ မင်း အဆင့်လောက်နဲ့ သူများကို တိုက်ကွမ်ဒို လေ့ကျင့်ထားပါတယ်လို့ လိုက်လိုက်ပြီး ပြောမနေနဲ့ ဟုတ်ပြီလား… ရှက်စရာကြီး… “

“ ရှက်စရာ…. အား…….၊ “

သတိလက်လွတ်ဖြစ်သွားသည်နှင့် ဝမ်ထင်သည် သူမ၏ လက်မောင်းမှာ တင်းကြပ်သွားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ထိန်းချုပ်မှုမှ လွတ်ကင်းသွားခဲ့တော့၏။

ဝှစ်…

မည်သည့် ငဲ့ညှာမှုတို့မျှ ပြသမနေဘဲ လင်းရီသည် ဝမ်ထင်ကို သူ့ပခုံးထက်မှ ကိုင်ပေါက်ပစ်လိုက်၏။

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး နာကျင်မှုကြောင့် ညည်းညူမိသွားခဲ့လေသည်။

“ သေစမ်း… ငါ့ဖင်တော့ ကွဲပါပြီ…”

လီစီကျင်း၏ မျက်လုံးလှလှလေးများဆို ပြူးကျယ်သွားခဲ့သည်။ ဤသည်က ထင်ထင် တစ်ယောက် တစ်စုံတစ်ယောက်ထံ ရှုံးနိမ့်သွားသည်အား ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။

လင်းရီ ဝမ်ထင်၏ တင်ပါးကို ဆောင့်ကန်လိုက်ပြီး “ လစ်စမ်း… သူများ အလုပ်လုပ်မှာကို လာမနှောင့်ယှက်နဲ့….”

“ နင် … ၊ သူများ တင်ပါးကို ဘယ်လိုတောင် ကန်ဝံ့နေတာ…”

“ ပြားချပ်နေတာပဲ… ငါလည်း မင်းကို ကန်လို့ သက်တောင့်သက်သာ ဖြစ်မသွားပါဘူး…” လင်းရီ ပြောလိုက်ပြီး “ တိုက်ကွမ်ဒိုဆိုတာ သာမန် ဒီတိုင်း လေ့ကျင့်လို့ရတဲ့ ကိုယ်ခံပညာ တစ်ခုပဲ… တကယ်လို့ အလေ့ကျင့်လွန်သွားခဲ့ရင် ယောက်ျားရှာ ဖြစ်သွားတတ်တယ်.. အဲ့တော့ ရှေ့ရော နောက်ရော ပြားချပ်သွားရော… နောင်ကျ မင်းကောင်မလေးဆီကနေ များများ သင်ယူ… ဟုတ်ပြီလား…”

ဝမ်ထင် မသိစိတ်အလျောက် လီစီကျင်းထံ လှည့်ကြည့်လိုက်မိ၏။ ထို့နောက် သူမကိုယ်သူ ပြန်လည်ငုံ့ကြည့်လိုက်လေရာ………

သူမ ဘဝကြီးတစ်ခုလုံး လမ်းပျောက်သွားသည့်နှယ် ခံစားလိုက်ရလေသည်။

“ ကဲပါ ထင်ထင်ရယ်… ထတော့…”

လီစီကျင်း သူမကို ဖေးမပေး၍ ဖုန်များ ခါခပ်ပြုပေးလိုက်သည်။

“ မနေ့က ပြီးခဲ့တာတွေကို ပြီးပြီလို့ပဲ သဘောထားလိုက်တော့… ထပ်ပြီး ငြင်းခုန်မနေနဲ့တော့… မွန်းလွဲပိုင်းကျရင် ငါတို့ လုပ်စရာ ရှိသေးတယ်… နင့်ကို အဖော်မလုပ်ပေးနိုင်ဘူး… သွား သွား ပြန်လိုက်တော့…”

“ ပြီးတာပဲလေ… ငါလည်း ပြန်ရင် ဘာလုပ်စရာမှ မရှိတာ ဘာပဲပြောပြော နင်တို့ အလုပ်က လွတ်လပ်ပြီး အေးဆေးတယ်မလား… ငါလည်း နင်တို့နဲ့ အတူ လိုက်ကြည့်ချင်တယ်..” ဝမ်ထင် ပြောလိုက်သည်။

“ ဖြစ်ချင်တော့ ငါ အန်ကယ်နဲ့ အန်တီဖို့ လက်ဆောင်တွေ ယူလာသေးတယ်… ခဏကျ ပေးလိုက်မယ်လေ…”

“ အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာလဲ… နင် ဝယ်ခဲ့တာတွေ နင့်ဘာနင် ယူ…”

“ ဘယ်လောက်မှ မပေးရတာကို နင်က ဘာတွေ အားနာနေတာ…” ဝမ်ထင်ပြောလိုက်ပြီး “ အခု သွားကြစို့…”

လီစီကျင်း ဤအကြောင်းကို ထပ်မပြောတော့ချေ။

“ ငါတို့က အောက်က ရွာဆီ သွားမှာနော်.. လမ်းအခြေအနေက နင့်ကားနဲ့ဆို ဖြစ်မှာ မဟုတ်ဘူး… လိုက်ချင်ရင် ငါတို့ကားနဲ့ လိုက်ခဲ့…”

“ ဝူလင်းဟုန်ကွမ်းကြီးလား… ချာလိုက်တာအေ…. နင်တို့ အဲ့ Lexus မောင်းကြပါလား..”

ဝမ်ထင် အထင်သေးစွာဖြင့် ပြော၏။

“ ငါ့ Lexus နဲ့ မင်းနဲ့က တန်လို့လား…”

“ လစ်စမ်း…” ဝမ်ထင် အော်ဟစ်လိုက်ပြီး “ ငါ ပြန်ရောက်ရင် နင့်ကားမှန်တွေ ရိုက်ခွဲပြမယ် ကြည့်နေ…”

“ မင်း အဲ့လိုလုပ်ရဲရင် ငါလည်း မင်းကို ချီးထွက်အောင် ပြန်ရိုက်ပြမယ်…”

“ နင်….”

“ တော်ကြတော့ တော်ကြတော့… ရန်မဖြစ်ကြနဲ့တော့… ၊ ဆယ့်နှစ်မတ်တင်းနေပြီ.. ခုသွားကြမယ်… အရေးကြီးကိစ္စ လုပ်စရာတွေ ကျန်နေသေးတုန်းပဲ…”

လီစီကျင်းမှ နှစ်ယောက်လုံးကို ဆွဲ၍ ဝူလင်းဟုန်ကွမ်း သေးသေးလေးထံ ဝင်ရောက်လာခဲ့ကြသည်။

“ ကောင်တီနဲ့ အနီးဆုံး ချင်းရန်မြို့ကို အရင်သွားကြမယ်..” လီစီကျင်း ပြောလိုက်၏။

“ သွားစို့…”

ဝမ်ထင်သည်လည်း သူမ လင်းရီကို အနိုင်မယူနိုင်ဘူးဆိုတာကို သိ၏။ ထို့ကြောင့် ဆက်လက်ပြီးမှ ဟိတ်ဟန်မများဝံ့တော့ချေ။ သူမ တင်ပါးဆို ခုထက်ထိပင် နာကြင်နေသေးလေသည်။

လီစီကျင်း၏ မိဘများကို ပေးရန် ပစ္စည်းတစ်ချို့ ရှိသောကြောင့် သူတို့ မထွက်ခွာမီ BMW ထဲမှ ပစ္စည်းများအား ဝူလင်းဟုန်ကွမ်းထဲသို့ ပြောင်းရွေ့လိုက်သည်။ ထို့နောက် ချင်းရန်မြို့သို့ မောင်းနှင်လာလေသည်။

မိနစ် နှစ်ဆယ်ကြာပြီးနောက် သုံးယောက်သား ချင်းရန်မြို့သို့ ရောက်ရှိလာခဲ့ကြ၏။

လင်းရီ ပတ်ပတ်လည်ကို စူးစမ်းလေ့လာရင်း ဤနေရာက လီချူးဟန်၏ မွေးရပ်ဌာနေ ၊ ပေချောင်မြို့နှင့် နင်လား ငါလား ဖြစ်နေပြီကို သတိပြုမိလိုက်သည်။

“ ဒါက မြို့ဆိုတာ သေချာပါတယ်နော်…. ငါ ဘာလို့…..” ဝမ်ထင် စကားမဆုံးမီ လီစီကျင်းမှ ဖြတ်ပြောလိုက်၏။

“ ချာတယ်လို့ ခံစားနေရတယ် ဟုတ်တယ်မလား…”

“ ချာရုံတင် ချာတာမဟုတ်ဘူး… ငါ စိတ်ကူးထားတာထက်ကို ကျော်လွန်နေတာ…”

“ တုံးစန်းကောင်တီအောက်မှာ ရှိတဲ့ မြို့လေးခုလုံးက ဒီလိုတွေချည်းပဲ….” လီစီကျင်း ပြောလိုက်ပြီး “ အောက်က ကျေးရွာတွေဆို သည်ထက်တောင် ပိုဆိုးသေး.. စိုက်ပျိုးရေးက ရတဲ့ ဝင်ငွေဆိုတာလည်း အိမ်ထောင်စုတွေအတွက်ကျ တစ်နှစ်စာ ဖူလှုံရုံပဲ ရှိတယ်… ပိုလျှံတယ်ဆိုတာ မရှိသလောက်ပဲ.. “

“ တကယ်လို့ ဖျားတယ် နာတယ်ဆိုရင် ဘယ်လိုလဲ လုပ်ကြမှာ…” ဝမ်ထင် သူမစိတ်ထဲ ပေါ်ပေါက်လာသည့် မေးခွန်းကို မေးလိုက်၏။

“ အဲ့တာက ပြဿနာပဲ..” လီစီကျင်း ပြောလိုက်ပြီး “ နင် နေမကောင်းဘူးဆိုရင် ဆေးမြီးတိုတွေ သောက်ပြီးကုကြတယ်… တကယ်လို့ ပြင်းပြင်းထန်ထန် ဝေဒနာခံစားရပြီဆိုရင်တော့ ဘုရားသခင် အလိုတော်ကျပဲ…”

လီစီကျင်း အသက်ပြင်းပြင်း ရှူသွင်းလျက် “ ငါ့ အဘိုးဆိုလည်း အရင်တုန်းက အဲ့ဒီအတိုင်းပဲ…. ICU မှာ တစ်ရက်နေပြီးတော့ မိသားစုရဲ့ စုငွေဆောင်းငွေတွေ အကုန်လုံးကို ဗလာကျင်းပစ်လိုက်တာပဲ…”

“ အဲ့တာကြောင့် နင် ဘွဲ့ရပြီးတော့ နိုင်ငံခြား ကုမ္ပဏီတစ်ခုကို သွားမယ့်အစား ရွာပြန်လာပြီး ဥက္ကဌလာလုပ်နေတာက နင့်မွေးရပ်မြေကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ ဟုတ်လား…”

“ အမှန်ပဲ..” လီစီကျင်း ဆံပင်ကို ဖြီးသင်လျက် “ စကားတစ်ခု ရှိတယ်… ငါတို့ စာတွေကြိုးစားကြတယ်ဆိုတာ ဆင်းရဲနွမ်းပါးလွန်းတဲ့ မွေးရပ်မြေကနေ လွတ်မြောက်ဖို့ မဟုတ်ဘဲ မွေးရပ်မြေကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကူညီပေးဖို့ပဲ….. ငါတော့ အဲ့လို မြင်တယ်…”

“ ဒါပေမယ့် နင်က တချို့ အရာတွေကို ပြုပြင်လို့မရတာ..” ဝမ်ထင် နှုတ်ခမ်းကို ဖိကိုက်ထားလျက် “ နင့်ကိုယ်နင် အရင် ဂရုစိုက်စမ်းပါဟယ်… နင်က ငယ်တော့တာမဟုတ်ဘူး… ခုထိ လက်တွဲဖော်လည်း မရှိသေးဘူး… ငါ နင့်ကို ဒီကမ္ဘာကြီးရဲ့ အပြင်ဘက် ခေါ်သွားပြီး ကောင်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်…”

“ အမ်ဟမ့် အမ်ဟမ့်… ခုလောလောဆယ် အဲ့အကြောင်း မတွေးသေးဘူး..” လီစီကျင်း မျက်နှာနီရဲလျက် ပြောလိုက်၏။

သူတို့နှစ်ယောက်၏ စကားဝိုင်းထဲသို့ လင်းရီ ဝင်မပါချေ။ ထိုအစား ကားထဲမှ ထွက်၍ လှည့်ပတ်ကြည့်ရှုနေလိုက်၏။

မြို့က ခြောက်ကပ်ပြီး အသက်ကင်းမဲ့နေသည်။ ဝူလင်းဟုန်ကွမ်း မောင်းလာ၍သာ အခြေအနေနှင့် ကိုက်ညီနေလျက် ရှိသည်။

ဖွံ့ဖြိုးတိုးတက်မှုချင်းယှဉ်လိုက်မည်ဆိုလျှင်ပင် ပေချောင်မြို့နှင့် အလှမ်းကွာဟနေသေး၏။

လမ်းဘေးဝဲယာတွင် လမ်းလျှောက်နေကြသူများကလည်း သက်ကြီးရွယ်အိုများနှင့် ကလေးပေါက်စနလေးများ ဖြစ်ကြ၏။ အရွယ်ကောင်းသည့် လူငယ်လေးများကတော့ ရေကြည်ရာ မြက်နုရာသို့ ရွေ့ပြောင်းသွားခဲ့ကြလေပြီ။

ချင်းရန်မြို့အောက်ရှိ နေရာက ပိုင်ဖုန်းဟု ခေါ်သည့် ကျေးတောရွာလေး တစ်ရွာပင်။

လင်းရီ ရွာထဲသို့ တန်းဝင်မောင်းမသွားချေ။ ထိုအစား လမ်းဘေးတစ်နေရာ၌သာ ထိုးရပ်လိုက်၏။

ရွာ၏ အိမ်ခြေမှာ လေးဆယ်ခန့်မျှ ရှိပြီး ထိုအနက် တစ်ဒါဇင်ကျော်ခန့်မှာ မိုးလေမလုံသည့် ခေါင်မိုးနှင့် တစ်ဝက်တစ်ပျက် ယိုယွင်းပျက်စီးနေလေပြီ။ လူမနေတော့ပြီ ဖြစ်ကြောင်းကို အတိအလင်း ပြောပြနေလျက် ရှိကြသည်။

ကျန်သည့် အိမ်ယာများမှာမူကား သက်ကယ်အမိုးနှင့် တဲကုပ်လေးများ ဖြစ်ကြ၏။ အုတ်နီနှင့် ဆောက်ထားသည့် အိမ်ဟူ၍ လင်းရီ တစ်လုံးတည်းကိုသာလျှင် မြင်တွေ့မိလေသည်။

ဝမ်ထင်သည် ဆေးလိပ်တစ်လိပ်ကို မီးညှိရင်း ဘာမျှ မပြောဘဲ ပတ်ဝန်းကျင်အား ကြည့်ရှုနေလျက် ရှိ၏။

လင်းရီသည် ရွာနှင့် မျက်နှာခြင်းဆိုင်ရှိ လယ်တောထဲသို့ ဦးတည်လျှောက်လှမ်းသွားသည်။

သီးပင်များကလည်း ခက်ခက်ခဲခဲ ရုန်းကန် ကြီးထွားနေဟန်ရပြီး ဟွမ်ရှီးကျေးရွာရှီ သီးပင်များထက် သုံးပုံတစ်ပုံလောက်သာ ထွား၏။

သူ ဒူးထောက်၍ မြေစိုင်မြေခဲ တစ်ချို့အား ကောက်ယူပြီး လက်ထဲတွင် ချေမွကြည့်လိုက်သည်။ မြေက ခြောက်သွေ့ပြီး မာကြောနေသည်။

လျှာဖြင့် အရသာခံကြည့်လိုက်တော့ ငံကြွပ်သည့် အရသာ ဖျော့တော့တော့ကို ခံစားရလိုက်သည်။

မြေဆီလွှာအတွင်းရှိ ဆားပါဝင်မှုနှုန်းက အင်မတန်ကို မြင့်မားနေသည့်ပုံပင်။ သီးနှံပင်များ ကောင်းစွာ မကြီးထွားနိုင်သည်မှာလည်း အံ့ဩစရာ မဟုတ်တော့ချေ။ ကောင်းစွာ ရိတ်သိမ်းနိုင်ခဲ့မည်ဆိုပါက အံ့ဖွယ်သရဲပင် ဖြစ်သွားပေလိမ့်ဦးမည်။

All Chapters