← Chapters

တရားမဝင် သဲတူးဖော်မှု

Vol. 88 Ch. 1314

တရားမဝင် သဲတူးဖော်မှု

Vol. 88 Ch. 1314

“ တုံးစန်း ကောင်တီထဲက မြေတွေ အကုန်လုံးက ဒီလိုတွေချည်းပဲလား…” လင်းရီ ကိုယ်ကို ပြန်မတ်ပြီး မေးလိုက်၏။

“ အင်း ဆိုပါတော့..” လီစီကျင်း ပြောလိုက်ပြီး “ မြေဆီလွှာက မကောင်းရုံတင် မကသေးဘူး.. နှစ်တိုင်းလည်း ရေတွေကြီးတယ်… ရေကြီးရေလျှံမှု ကာကွယ်ပြင်ဆင်မှုတွေကလည်း မကောင်းဘူး… လူတွေက ဒီဘေးဒဏ်ကို နှစ်တိုင်းလိုလို ကြုံနေကြပဲ… အနာပေါ် ဆားထပ်ဖြူးတာပေါ့…”

“ ဒီနားမှာ မြစ်ရှိတာလား…”

“ ရှိတယ်….” လီစီကျင်း ပြောလိုက်ပြီး “ ဒီနဲ့ ဆယ်မိနစ်လောက်ပဲ ဝေးတယ်… ဒါပေမယ့် မိုးရာသီ မရောက်သေးတော့ မြစ်ထဲ ရေသိပ်မရှိဘူး… ငါတို့ သွားလည်း သိပ်ပြီးမှ မြင်ရမှာ မဟုတ်ဘူး…”

မြေဆီလွှာနှင့် ပတ်ဝန်းကျင် မကောင်းမွန်မှု၊ ထိုအရာက သဘာဝ ဖြစ်စဉ် တစ်ခု ဖြစ်သဖြင့် မည်သူကမျှ ထိန်းချုပ်၍ မရချေ။ သို့သော် ရေကြီးရေလျှံမှု ပြဿနာကိုတော့ ကောင်းစွာ ကိုင်တွယ်၍ရ၏။ ဤသည်က လူကြောင့်ဖြစ်သည့် ကပ်ဘေးဟုလည်း ပြော၍ ရသည်။

“ သွားပြီး တစ်ချက်ကြည့်ကြတာပေါ့..”

“ အင်း….”

သုံးယောက်သား ကားထဲသို့ တစ်ဖန် ပြန်ဝင်လိုက်ကြပြီး လီစီကျင်းပြောသည့် ဦးတည်ရာဘက်သို့ မောင်းနှင်လိုက်သည်။

“ ငါတို့ရှေ့က တံတားကို စန်းယွမ်တံတားလို့ခေါ်တယ်… အောက်ကတော့ စန်းယွမ်မြစ်ပဲ…” လီစီကျင်း ရှင်းပြလိုက်၏။

လင်းရီ ခေါင်းညိမ့်၍ အနီးတစ်နေရာတွင် ကားထိုးရပ်လိုက်သည်။ ထို့နောက် အောက်သို့ဆင်း၍ တစ်ချက် သွားကြည့်၏။

စန်းယွမ်မြစ်သည်က သဲထူသည့် မြစ်တစ်စင်းပင်။ သုံးမီတာနက်ပြီး ခုနစ်မှ ရှစ်မီတာအထိ ကျယ်ဝန်းပါသည်။

မိုးရာသီ မဟုတ်သဖြင့် ခြောက်သွေ့သည့် အခြေအနေ၌ တည်ရှိ၏။ ထိုအချိန်၌ ရေမျက်နှာပြင်သည် နှစ်မီတာမျှသာ ကျယ်ဝန်းပြီး တစ်မီတာလောက်သာ နက်တော့သည်။

တိုးရစ်များအား ဆွဲဆောင်နိုင်မည့် နေရာတစ်ခုသို့ ပြောင်းလဲရန်ကလည်း မဖြစ်နိုင်ချေ။

“ အာ… ဟိုနားမှာ သဲတူးနေကြတဲ့လူ တစ်ချို့ရှိတဲ့ပုံပဲ..”

ဝမ်ထင်၏ အာမေဋိတ်သံက လင်းရီနှင့် လီစီကျင်းတို့၏ အာရုံကို ဖမ်းစားသွားခဲ့ပြီး နှစ်ယောက်လုံး ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။

ထရပ်ကားအရှည်ကြီး နှစ်စင်းမှ သူတို့နောက်ရှိ မြစ်ကြမ်းပြင်တွင် ထိုးရပ်ထားသည်ကို သူ မြင်တွေ့လိုက်ရသည်။ အောက်တွင်တော့ ဒါဇင်ချီသည့် လုပ်သားတို့မှ သဲများတင်ရင်း အလုပ်များနေသည်။

ရွှေ့လျား စက်ခါးပတ်များကိုပင် အသုံးပြုနေကြပြီး ကျွမ်းကျွမ်းကျင်ကျင်နှင့် တူးဖော်နေကြ၏။

“ ဒီ သဲတူးဖော်နေတဲ့လူတွေကရော ကောင်တီကပဲလား..” လင်းရီ မေးမြန်းလိုက်သည်။

လီစီကျင်း ခေတ္တမျှ အတွေးနက်သွားခဲ့ပြီး “ ငါတော့ မထင်ဘူး… ကောင်တီထဲမှာ သဲတူးဖော်နေတဲ့လူ ရှိတယ်လို့လည်း မကြားမိပါဘူး…”

“ ဘာတွေ အတွေးလွန်နေတာ… ငါတို့ သွားကြည့်လိုက်တာနဲ့ သိမှာပဲ မဟုတ်ဘူးလား… “ ဝမ်ထင် ပြောလိုက်၏။

“ ဒီကိစ္စက ငါတို့နဲ့ မသက်ဆိုင်ဘူး… ဒါက ရေအရင်းမြစ် ဌာနရဲ့ အာဏာစက်အောက်မှာ ရှိတာ… ငါတို့ ဝင်စွက်ဖက်လို့ သင့်ပါ့မလားနော်…” လီစီကျင်း ပြောလိုက်ပြီး “ ဒါက ငါတို့ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေပြီ…”

ယခင်က ကောလိပ်ကျောင်းတက်ရင်းနှင့် ရွာဥက္ကဌ ဖြစ်ခဲ့ဖူးသည့်အတွက် လီစီကျင်းသည် ဤကိစ္စနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှ နားလည်သဘောပေါက်ထားသည်။ ဤသည်က အကြံကောင်းတစ်ခုမဟုတ်ဟု သူမ ခံစားနေရလေသည်။

“ အရင်သွားကြည့်ကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ဒီကောင်တွေက မြစ်ကြမ်းပြင်ကြီးမှာ သဲလာတူးနေတာလေ… ဒါ သောက်ပြဿနာကြီးပဲ..”

ကိုယ်စီ စိတ်ပိုင်းဖြတ်ကြပြီးနောက် သုံးယောက်သား မြစ်ကမ်း နံဘေးသို့ လျှောက်လာကြပြီး အဆင်ပြေသည့် ဆင်ခြေလျှောတစ်ခုတွေ့တော့ ထိုမှတဆင့် မြစ်ကြမ်းပြင်သို့ ဆင်းသက်လာခဲ့ကာ သဲတူးဖော်နေသူများထံ လျှောက်လှမ်းလာခဲ့ကြသည်။

လင်းရီနှင့် ကျန်နှစ်ယောက်ကို မြင်တော့ တူးဖော်နေသည့် လူများမှ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ကြပြီး သူတို့ သုံးယောက်ဘက် လှည့်ကြည့်လာကြ၏။ လင်းရီတို့ ဘာလာလုပ်မှန်း သူတို့ နားမလည်ချေ။

“ မင်းတို့မှာ တူးဖော်ခွင့် လိုင်စင်ရှိလား..” လင်းရီ မေးမြန်းလိုက်၏။

တစ်ချိန်တည်းတွင် မလှမ်းမကမ်းမှ လူနှစ်ယောက် အနားရောက်လာသည်။ နှစ်ယောက်လုံးက လူငယ်လူရွယ်များ ဖြစ်ကြပြီး အသက် ၃၀ မျှသာ ရှိလိမ့်ဦးမည်။ နှုတ်ခမ်းတွင် ဆေးလိပ်တိုကိုက်ထားပြီး လမ်းဘေးလူမိုက် စတိုင်များနှင့် ဖြစ်နေတော့၏။

အနားသို့ ရောက်လာပြီးနောက် သူတို့၏ အကြည့်တို့က လီစီကျင်းနှင့် ဝမ်ထင်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ထို့နောက် ရမ္မက်လွှမ်းသည့် အကြည့်တို့ဖြင့် အချိန်အကြာကြီး ငေးကြည့်နေကြ၏။

“ ဘာကြည့်တာလဲ… နင်တို့ကို မေးနေတယ်လေ…ပါးစပ် မပါဘူးလား.... ”

ချမ်းသာ ကြွယ်ဝသည့် မိသားစုမှ ဆင်းသက်လာသည့် မိန်းကလေး ဝမ်ထင်သည် လူစိမ်းကို မကြောက်တတ်ပေ။ ဤလမ်းသရဲလိုလို လူမိုက်လိုလို အကောင်များအား ကြောက်ရွံ့ရန် ဝေးစွ၊ ခေါင်းထဲပင် မထည့်။

“ မင်းက အရွယ်ငယ်တယ်… ဒါပေမယ့် ဒေါသအိုးလေးကတော့ တကယ်ကြီးသကိုး… “ မဲ့ခြောက်များဖြင့် အမျိုးသားမှ ပြုံးလျက် ပြောလိုက်ပြီး “ ဒီနေရာက မင်းတို့နဲ့ မဆိုင်ဘူး… အမြန် လစ်လိုက်ကြ… မဟုတ်ရင် မာစတာဝူက မင်းတို့ကို သတ်လိမ့်မယ်…”

ထိုသို့ ပြောပြီးနောက် မဲ့ခြောက်များနှင့် လူမှ သူ့နောက်ရှိလူများအား အလုပ်ဆက်လုပ်ရန် အချက်ပြလိုက်လေသည်။

“ မင်းတို့ လေသံ နားထောင်ကြည့်ရသလောက်တော့ မင်းတို့မှာ ဘာ ခွင့်ပြုမိန့်မှ မရှိတဲ့ ပုံပါလား…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ ဒီလို တူးဖော်နေတာက သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိ ထိခိုက်ပျက်စီးစေလဲ မင်းတို့ သိလား…”

“ မင်းက သောက်ရူးလား… မင်းနဲ့ဆိုင်လား... ပါလေရာ ငါးပိ လာမလုပ်စမ်းနဲ့… ဒါက မာစတာဝူရဲ့ စီးပွားရေး… မသေချင်ရင် လစ်ကြ…”

“ ရဲခေါ်လိုက်တော့.. ငါဒီကောင်တွေနဲ့ အဓိပ္ပာယ် မရှိတာတွေ ဆက်မပြောချင်တော့ဘူး…” လင်းရီ လီစီကျင်းအား ပြောလိုက်သည်။

လီစီကျင်းလည်း ဖုန်းထုတ်၍ လင်းရီ ညွှန်ကြားသည့် အတိုင်း ရဲခေါ်ရန် ဟန်ပြင်သည်။

သို့သော် မဲ့ခြောက်များနှင့် လူမှ လင်းရီအား လက်ညိုးထိုးလိုက်ပြီး “ မင်းရဲခေါ်မယ်ဆို ငါမင်းကို ဒီနေရာမှာတင် မြေမြုပ်ပစ်လိုက်မယ်… “

လင်းရီသည် လက်ဆန့်တန်း၍ မဲ့ခြောက်များနှင့် လူ၏ လက်ညိုးကို နောက်ပြန် လိမ်ချိုးပေးလိုက်သည်။

အား….!

သကောင့်သားမှာ နာကျင်စွာ မြည်တမ်းမိသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်လည်း လိမ့်တွန့်နေပြီး မြေပြင်တွင် ကွေးညွှတ်နေသည်။

“ ငိုးမသား လွှတ်လိုက်စမ်း…”

အခြားသော အလုပ်သမား တစ်ယောက်မှ ဂေါ်ပြားတစ်လက် ယူလာပြီး လင်းရီကို ရိုက်မည်ပြုသည်။

လင်းရီသည် ဘက်လက်ကို ဆန့်တန်း၍ ဂေါ်ပြားအား ဆတ်ခနဲ ဆွဲယူလိုက်၏။

ထိုလူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တော့သည်။ လင်းရီသည် ထိုမျှသန်မာနေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။

သူ အတွေးများနေစဉ်မှာပဲ လင်းရီသည် သူ့အား ဆွဲ၍ ဆောင့်ကန်ပစ်လိုက်၏။

သကောင့်သားလည်း နောက်သို့ လွင့်စင်ထွက်သွားလေတော့သည်။ ဂေါ်ပြားကို လက်ထဲတွင် ရှေ့နောက်ဖလှယ်လိုက်ပြီး မဲ့ခြောက်နှင့် လူ၏ မျက်နှာအား ဖြတ်ရိုက်လိုက်၏။ မျက်နှာတစ်ပြင်လုံး ယောင်ကိုင်းသွားခဲ့ကာ သွေးများ ယိုစီးကျလာပြီး စုတ်ပြတ်သပ်နေသည့် အခြေအနေသို့ ကျရောက်သွားခဲ့တော့၏။

“ အား…..! “

လီစီကျင်းမှာ ငယ်သံပါအောင် အော်ဟစ်၍ နောက်သို့ ထွက်ပြေးသွားတော့၏။

သူမက သာမန် ရှေးရိုးဆန်သည့် မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ထိုကဲ့သို့သော သွေးထွက်သံယိုမြင်ကွင်းမှာ သူမအဖို့ တစ်ခါမျှ မမြင်ဖူးသည့် မြင်ကွင်းမျိုးပင်။ ရုပ်ရှင်နှင့် တီဗွီပေါ်မှလွဲ၍ ဤသည်က သူမ၏ ပထမဆုံးအကြိမ် ယခုလို မြင်ကွင်းမျိုးအား ကိုယ်တိုင်ကြုံတွေ့ဖူးခြင်း ဖြစ်ပေသည်။

သူမနှင့် နှိုင်းစာပါက ဝမ်ထင်မှာမူ အများကြီး တည်ငြိမ်နေလျက် ရှိသည်။ ငယ်ငယ်တုန်းကတည်းက လိမ္မာသည့် သမီးလေး တစ်ယောက် မဟုတ်သကဲ့သို့ ယောက်ျားလေးများနှင့်လည်း ယှဉ်ပြိုင်တု၍ ရန်ဖြစ်ခဲ့ဖူးသေးသည်။

သို့သော် လင်းရီ၏ လုပ်ရပ်ကတော့ နည်းနည်းလေး လွန်ကြူးသည်ဟု သူမ ခံစားနေရလေသည်။

မသိလိုက်စွာဖြင့် သူမ၏ ခန္ဓာကိုယ်လေးမှာ ဗြန်းကနဲ တုန်ယင်သွားခဲ့၏။ ကံကောင်းစွာဖြင့် စောနတုန်းက သူမ စိတ်မလွတ်သွား၍ပင်။

မဟုတ်ပါက သူ၏ လက်ရှိ လယ်ဗယ်ဖြင့် သူမ ကျိန်းသေပေါက် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအခိုက် နှစ်ကောင်သားလုံးမှာ မြေပြင်သို့ မှောက်သွားခဲ့ကြပြီး ပြန်မထနိုင် ဖြစ်နေကြသည်။

သဲတူးဖော်နေကြသည့် လုပ်သားများလည်း တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်သွားခဲ့ကာ မည်သူကမျှ မလှုပ်ရှားဝံ့ကြတော့ချေ။

“ ချမ်းသာပေးပါ… ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး… သူတို့က ငါတို့ကို ဒီလိုလုပ်ဖို့ ငှားထားတဲ့ လူတွေပါ… သဲတွေကို ခုပဲ ပြန်သွန်လိုက်ပါ့မယ်…”

“ မြန်မြန်လုပ်.. ငါ့မှာ အချိန်မရှိဘူး…”

ဒါဇင်ချီသည့် လုပ်သားတို့မှ ထရပ်ကားပေါ်သို့ တက်၍ သဲများအား အောက်သို့ ပြန်ချကြသည်။ သူတို့၏ ဂေါ်ပြားများဖြင့် ထရပ်ကားပေါ်မှ နည်းနည်းချင်းစီ ပြန်ဖယ်ရှားကြလေတော့သည်။

“ မာစတာဝူရဲ့ အစီအစဉ်တွေကို ဖျက်လိုဖျက်စီးလုပ်ရင် မင်း သေချာပေါက် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး…”

လင်းရီ ခြေတစ်လှမ်းချင်း လှမ်း၍ မဲ့ခြောက်နှင့် လူ၏ ခေါင်းပေါ် ခြေထောက်တင်လိုက်ကာ “ ဟုတ်လား... ဒါဆိုလည်း ငါ့ဆီ လာခဲ့ဖို့ ပြောလိုက်… ဘယ်သူအရင် လဲကျသွားမလဲ ငါ ကြည့်စမ်းမယ်..”

“ ငိုးပဲ…”

သူတို့နှစ်ယောက် စကားပြောနေသည့် အချိန်တွင်ပဲ လင်းရီကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သည့် လူမှာ ဓားမြောင်နှင့် ထိုးစိုက်ရန် ဟန်ပြင်လာသည်။

“ လင်းရီ …. သတိထား…”

လီစီကျင်း နှုတ်မှ လွှတ်ခနဲ အော်ဟစ်လိုက်၏။ စိုးရိမ် ထိတ်လန့်လွန်း၍ မျက်ဝန်းများထဲမှ မျက်ရည်တို့ပင် ထွက်ကျလာသည်။

လင်းရီ ကိုယ်ကို အသာအယာလေး တိမ်း၍ တစ်ဖက်သူ၏ ဓားမြောင်ကို ရှောင်ရှားလိုက်သည်။ ထို့နောက် လက်အောက်ဝတ်အား ဆွဲယူ၍ ကိုယ့်ဓားနှင့်ကိုယ် စီရင်ခိုင်းလိုက်သည်။

“ အား….”

ဤသည်ကတော့ နောက်ထပ် အခြားသော အော်သံတစ်သံပင်။ လင်းရီ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသည့် သူမှာ သူ၏ ဝမ်းဗိုက်အား ဖိထားရင်း ဒူးထောက်လျက်သား ဖြစ်သွားခဲ့၏။

လတ်ဆတ်သည့် သွေးတို့က မြစ်ကြမ်းပြင်ထံ စီးဆင်းသွားခဲ့ပြီး မြင်ကွင်းမှာ ထိတ်လန့်ဖွယ်ရာကြီးပင်။

“ ရဲခေါ်ပြီး ဒီနှစ်ယောက်ကို ခေါ်သွားခိုင်းလိုက်…”

“ အိုး… အိုကေ…”

လီစီကျင်းမှာ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေခဲ့၏။ သူမ၏ မျက်နှာလေးမှာ စက္ကူတစ်ရွက်နှယ် ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး ရဲအရာရှိနှင့် စကားပြောသည့် အခါ၌ပင် ကောင်းကောင်းမွန်မွန် မပြောဆိုနိုင်တော့ချေ။

“ မစိုးရိမ်နဲ့… နင်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာပဲ… အဆင်ပြေမှာပါ…”

All Chapters