← Chapters

ထပ်ပြီးတော့ မာစတာဝူလား

Vol. 88 Ch. 1316

ထပ်ပြီးတော့ မာစတာဝူလား

Vol. 88 Ch. 1316

“ ဟင် ခုထိ နှစ်တိုင်း ရေတွင်းတူးရတုန်းပေါ့…”

လီစီကျင်းတို့မိသားစု ကောင်တီသို့ ရွေ့ပြောင်းသွားသည်ကပင် ၂ နှစ်တင်းတင်း ပြည့်တော့မည်။

သူမ ထင်ထားသည်မှာ နှစ်နှစ်ကြာပြီးနောက် ရေတွင်းပြဿနာသည် ဖြေရှင်းရှင်းပြီးပြီ ဟူ၍ပင်။ သို့သော် ဒုံရင်းက ဒုံရင်း ဖြစ်နေလိမ့်မည်လို့ မည်သူက ထင်ထားလိမ့်မည်နည်း။

“ ပြောကို မပြောချင်တော့ပါဘူးကွာ… နှစ်တိုင်း ရေတွင်းတူးပေးမယ်ဆိုပြီး ပိုက်ဆံတွေ လာကောက်တယ်… ဒါပေမယ့် ရေက အများကြီး မထွက်ဘူး… အပင်တွေဆို ရေမဝလို့ သေကုန်တာတွေ အများကြီး…”

“ မင်းတို့ ဘယ်လိုတွေ စီစဉ်ထားလဲ ငါလဲမသိဘူး… ဒါပေမယ့် ဒီနှစ်တော့ ငါ ပေးမှာ မဟုတ်ဘူး..” ထိပ်ပြောင်နှင့် ဦးလေးကြီးတစ်ဦးမှ ပြောလိုက်ပြီး “ အဲ့လောက် ရေလေးကတော့ ကိုယ့်ဘာကိုယ် တူးတောင် ရတယ်… တို့တွေ ပိုက်ဆံစုပြီး အပြင်က ရေတွင်းတူးတဲ့ အဖွဲ့သပ်သပ်ငှားကြရင်ကော.. ဟိုလူတွေထက်တော့ သာမှာ ကျိန်းသေတယ်…”

“ အေး အဲ့အကြံမဆိုးဘူး…” ပေါက်တူးနှင့် လူမှ ပြန်ပြောသည်။

“ ငါတို့ နှစ်တိုင်း ပိုက်ဆံထည့်ရတယ်… တစ်ခါထည့် ယွမ် ၃၀၀ … ဒီနှစ်လည်းသာ ပေးရလို့ကတော့ ငတ်ရုံပဲဗျ… လုပ်မယ့်လုပ် တခြားလူပဲ ငှားကြစို့…”

“ ဒါဆိုလည်း အဲ့အတိုင်းပဲ လုပ်စို့….”

ရွာသူရွာသားများက တစ်ယောက်တစ်ပေါက် ပြောကြသည်။ သို့သော် လင်းရီနှင့် လီစီကျင်းတို့မှာမူ ပြန်ဖြေရန် စကားက ကင်းမဲ့နေသည်။

ဤကိစ္စက သူတို့ ဝင်စွက်ဖက်နိုင်သည့် ကိစ္စရပ်တစ်ခု မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ပိုက်ဆံယူသူက သူတို့လည်း မဟုတ်ပါချေ။

“ ဦးလေးဝမ်… အချိန်ခဏလောက်ရလား… ကျွန်မ စစ်တမ်းကောက်ချင်လို့ပါ… ကျွန်မနဲ့ ပူးပေါင်းပေးလို့ရလား…” လီစီကျင်း ဖော်ရွေစွာ ပြုံးပြလျက် ပြော၏။

“ ငါ့တူမက ပြောလာပြီ ဆိုမှတော့ ဦးလေးလည်း ဘယ်ငြင်းကောင်းတော့မှာ… မင်း ဆန္ဒရှိတာကို ပြောလေ… ဦးလေးတို့ဘက်က ပူးပေါင်းပေးမယ်…”

ရွာသူရွာသားများ၏ မျက်လုံးထဲ၌ လီစီကျင်းသည် သူတို့လူဖြစ်၏။ ထို့ကြောင့် အင်မတက် အားတက် တက်ကြွနေခဲ့ကြသည်။

“ ကျွန်မ ဖောင်တစ်ချို့ ပါလာတယ်… ဒီထဲ အမှန်အတိုင်းသာ ဖြည့်ပေးရင် ရပြီ…”

“ ရတယ်… ဒါပေမယ့် ငါက စာမတတ်ဘူးနော်.. ငါပြောတဲ့ အတိုင်းသာ ရေးလိုက် .. ရတယ်မလား…”

“ အဲ့လိုလည်း ရတယ်…”

ခရိတ်ခ်…..

လီစီကျင်း အလုပ်စတော့မည့် အချိန်မှာပဲ ဂျက်တာ စီဒင် တစ်စင်းက သူမတို့ရှေ့ ထိုးရပ်လာပြီး နေရာကို ဖုန်မှုန့်အပြည့် ဖြစ်သွားစေသည်။

လူတိုင်း စိတ်ရှုပ်သွားခဲ့ကြ၏။ ဤကားက ဘယ်သူ့ကားမှန်းလည်း သူတို့မသိ။ သို့သော် ရွာထဲသို့ အမြန်ကြီး စီးဝင်လာသည်ကတော့ အမြင်ကတ်ဖို့ကောင်း၏။

ကားရပ်တန့်သွားခဲ့ပြီးနောက် လူလေးယောက်သည် အထဲမှ ထွက်လာခဲ့သည်။ သူတို့ထဲက တစ်ယောက်မှာ အသက်လေးဆယ် အရွယ်ဟု ထင်ရ၏။ ကျန်သူတို့ကတော့ လူငယ်လေးများပင်။ ၂၀ စွန်းစွန်းလောက်သာ ရှိလိမ့်ဦးမည်။ သို့‌သော် ကမ္မဌာန်း ရုပ်များနှင့် ကြည့်ရဆိုးလှပေသည်။

“ အိုးဟိုး… လူစုံတက်စုံနဲ့ပါလား…”

ရွာသူရွာသားများအားလုံး စုစည်းနေကြသည်ကို မြင်တော့ ဦးဆောင်လာသည့် သက်လတ်ပိုင်းလူကြီးမှ ဖော်ရွေစွာ ပြုံးလျက် ပြောလိုက်သည်။

“ မင်းက ဘယ်သူတုန်း…”

ရွာသူရွာသားများမှ သူ့အား သုံးလေးကြိမ်ခန့် အကဲခတ်ကြည့်သော်လည်း တစ်ခါမျှ မမြင်ဖူးသည်ကို သတိပြုမိလိုက်ကြသည်။ ရွာမှတော့ ဖြစ်တန်မတူပေ။

“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ… ငါ့နာမည်က လျိုရွှီလု… ကောင်တီရဲ့ ရေရရှိရေး ကော်မတီက … ဒီနှစ် ရေတွင်းတူးဖို့ တာဝန်ယူထားတဲ့ လူပါ…”လျိုရွှီလုမှ ပြောလိုက်သည်။ ထို့နောက် သူက ဆက်လက်၍

“ ဒီကိစ္စကို လူတိုင်းလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ… ဒီတော့ ငါ ပျင်းဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အက်ကြောင်းထပ်အောင် မပြောပြတော့ဘူး… ဒါပေမယ့် တစ်ခုတော့ ပြောစရာရှိတယ်… ဒီနှစ် ငါတို့ ကိရိယာ အသစ် ဝယ်ထားတယ်… နိုင်ငံခြားထုတ်… တွင်းကိုသာ နက်နက်တူးနိုင်ရင် ရလဒ်ကလည်း ပိုကောင်းမှာပဲ… ဒါပေမယ့် ကုန်ကျစရိတ်ကတော့ ပိုမြင့်သွားမှာပေါ့.. ရွာက လူတိုင်းရဲ့ စိုက်ပျိုးမြေကလည်း အတူတူလောက် ရှိတာဆိုတော့ ဘယ်သူ့ကို ဘယ်လောက်ပါဆိုပြီး အထူးတလှယ်တွေ ပိုတောင်းမနေတော့ဘူး… တစ်အိမ်ကို ယွမ် ၄၈၀ ပေးရမယ်… ပိုက်ဆံ အသင့်ရှိတဲ့သူတွေက ခုချက်ချင်း ပေးထားလို့ရတယ်…”

ရေတွင်းအတွက် ပိုက်ဆံ လာကောက်သည်ကို ကြားတော့ ရွာသူရွာသားများ၏ မျက်နှာအမူအရာသည် သိပ်မလှကြတော့ချေ။ အနည်းငယ်ပင် ရန်လိုလာသည်။

“ အဲ့တာ မင်းတို့ မနှစ်က ရေတွင်းတူးတုန်းက ပြောခဲ့တဲ့ စကားတွေပဲ… နောက်ဆုံးကျတော့ ရေက ဘယ်လောက်မှလည်း ထွက်တာမဟုတ်ဘူး… အလိမ်အညာတွေ…” ပေါက်တူးနှင့် လူမှ ပြောလိုက်သည်။

“ မနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စကို ငါလည်း ကြားပြီးပါပြီ…” လျိုရွှီလု အပြုံးလေးဖြင့် ပြော၏။ သူသည် ဒေါသထွက်ခြင်း လုံးဝ မရှိချေ။

“ အဲ့လူတွေက တကယ့်ကို မကောင်းတာ အမှန်ပဲ… ပိုက်ဆံသာ ယူသွားခဲ့တယ် ဘာမှလည်း မလုပ်ပေးသွားကြဘူး… ဒါကြောင့်မို့ ဒီနှစ် သူတို့ကို အစားထိုးလိုက်မှာ… ငါ ဒီကိစ္စကို အပြည့်အဝ တာဝန်ယူပေးမှာပါ… ဒါကြောင့်မို့ စိတ်မပူကြပါနဲ့… အားလုံးပဲ… ဒီကိစ္စကို ကောင်းကောင်း စီမံပြီးမှ ရွာကို ရေလုံလုံလောက်လောက် ရရှိစေရမယ်…”

“ ထားလိုက်တော့… မနှစ်ကလူလည်း ဒီအတိုင်း ပြောသွားခဲ့တာပဲ… ငါတို့ကို လာလိမ်မနေနဲ့..” ပေါက်တူးနှင့် လူမှ ပြောလိုက်ပြီး “ တခြား ကိစ္စ မရှိတော့ဘူးဆိုရင် အမြန် လစ်လိုက်တော့… မင်းတို့ကို ဒီနှစ် နောက်ထပ် ရေတွင်း တူးခွင့်ပြုမှာ မဟုတ်ဘူး… နှစ်တိုင်းလည်း ဒီလို ပုံပြင်တွေ ပြောပြီး ရေက တစ်သက်လုံးလည်း လောက်ငှမလာဘူး…”

“ ဒီနှစ် ကိရိယာ အသစ် ဝယ်ထားတယ်လို့ ငါမပြောခဲ့ဘူးလား… ရေတွင်းက ကျိန်းသေပေါက် အဆင်ပြေစေမှာပါ…”

“ မင်းဘာမင်း အသစ် မကလို့ အော်လဂျင်နယ်ပဲ ဖြစ်ဖြစ် စိတ်မဝင်စားဘူး… ငါတို့ဘာငါတို့ ပိုက်ဆံ စုပြီး တခြား နေရာမှာပဲ ရေတွင်းသွားတူးတော့မယ်… မင်း ဒီလာစရာ မလိုတော့ဘူး .. ပြန်သွားလိုက်တော့…”

ခွမ်းဟော် ကျေးရွာသူ ကျေးရွာသားတို့မှ ရေတွင်းတူးရန်အတွက် အခြားတစ်ယောက် ရှာတော့မည်ကို ကြားသိတော့ လျိုရွှီလု၏ အမူအရာသည် မည်းမှောင်သွားခဲ့တော့သည်။

“ မင်းတို့ သိထားရမှာ ငါက ကောင်တီရဲ့ ရေရရှိရေး ကော်မတီကနော်.. ဒါက အထက်လူကြီးတွေရဲ့ တောင်းဆိုချက်ပဲ… မင်းတို့ လုပ်နေတာတွေက တရားမဝင်ဘူး… ဖမ်းလို့ရတယ်… တစ်ခုခုဆို မင်းတို့ အကျိုးဆက်တွေကို တာဝန်ယူနိုင်လို့လား…”

“ ငါတို့ကို အရူးလုပ်လို့ရမယ်များ ထင်နေလား… ရေရရှိရေး ကော်မတီဆိုတာ တခြားသူတွေနဲ့ စာချုပ်ချုပ်ပြီးမှ ရေတွင်းလိုက်တူးပေးဖို့ သပ်သပ် ဖွဲ့ထားတာကိုများ… ဘာမှ အစိုးရနဲ့ မဆိုင်ဘူး… “ ပေါက်တူးနှင့် လူမှ ပြောလိုက်ပြီး “ မင်းခု ထွက်သွားလိုက်တာ ပိုကောင်းမယ်… ငါတို့ကို ဒီနှစ် ဘာရေတွင်းမှ လာတူးပေးစရာ မလိုဘူး…”

ထိုအချိန်၌ လျိုရွှီလု၏ အမူအရာသည် လုံးဝ အတိ အေးစက်တင်းမာသွားခဲ့တော့၏။

“ ငါမင်းတို့ကို ပြောလိုက်မယ်… ကောင်တီရဲ့ ရေရှိရေး ကော်မတီက မာစတာဝူနဲ့ စာချုပ်ချုပ်ထားတာနော်… မင်းတို့ ပိုက်ဆံ ပေးကိုရမယ်… ဒါစည်းမျဉ်းပဲ…”

‘ လုပ်ပြန်ပြီ… ထပ်ပြီးတော့ မာစတာဝူပဲလား… ဒီ ‘ဝူ’ တွေကတော့ သောက်ကျိုးနည်း ဒုက္ခပေးတဲ့ ကောင်တွေပဲ….’

လင်းရီ ထိုသို့ ရေရွတ်လိုက်သည်။

စောနတင် တရားမဝင် သဲတူးဖော်နေသူများကလည်း မာစတာဝူနှင့် ကြံရာပါ။

ယခုလည်း အခြားတစ်အုပ်စု ရောက်လာပြီး သူ့လူများပင် ဖြစ်နေသေးသည်။

ဒီ’ဝူ’က တုံးစန်းကောင်တီမှာ ဆရာကြီးလား…

ရေကော်မတီကိုတောင် အပိုင်ကိုင်ထားနိုင်တယ်ဆိုတော့…

“ မာစတာဝူရော မာစတာပူရော စိတ်မဝင်စားဘူး… ဘာပဲပြောပြော ငါတို့ ဒီနှစ် မင်းတို့ ရေတွင်းတူးပေးမှာကို မလိုဘူး… မင်းလာခဲ့တဲ့ နေရာကို ပြန်လှည့်လိုက်တော့….”

ဖြောင်း…

လျိုရွှီလုသည် ပေါက်တူးနှင့် လူကို ပါး ဖြတ်ရိုက်လိုက်သည်။

တစ်ဖက်သူလည်း သတိလက်လွတ်ဖြစ်နေသဖြင့် အံ့အားသင့်သွားခဲ့၏။

“ မင်း ဒါ ဘာလုပ်တာလဲ… ငါတို့က ရေတွင်း မတူးခိုင်းတာနဲ့ပဲ လူကို ရိုက်တယ်ပေါ့… ဘာဥပဒေမှ မရှိတော့ဘူးလား…”

လျိုရွှီလု ထိုလူ၏ နှာခေါင်းအား လက်ညိုးထိုး၍ အားရပါးရ ကျိန်ဆဲတော့သည်။

“ ငါ ပြောလိုက်မယ်… တုံးစန်းကောင်တီမှာ မာစတာဝူက ဥပဒေပဲ… မင်းဘာမင်း ကြိုက်တဲ့ နေရာသွားတိုင်… ဒီနှစ် ယွမ် ၄၈၀ တည်း တောင်းတာတောင် သက်ညှာလှပြီ… ရေက သေးပေါက်သလောက်ပဲ ရတယ်ဆိုရင်တောင် မင်းတို့ လက်ခံရမယ်…”

လျိုရွှီလု၏ တရားလွန်သည့် အပြုအမူနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် ခွမ်းဟော် ကျေးရွာသူ ကျေးရွာသားများကလည်း ရေငုံနှုတ်ပိတ် မနေကြချေ။

“ မင်းတို့ အရမ်း တရားလွန်နေပြီ… ငါတို့ ရွာကို အနိုင်ကျင့်လို့ရတိုင်း အနိုင်လာကျင့်နေတယ် ဟုတ်လား…”

ပေါက်တူးနှင့် လူမှ လူတိုင်းကို ဆော်ဩလိုက်ပြီး “ အတူတက်ကြစို့… ငါတို့ ဒီကောင်တွေ အနိုင်ကျင့်တာ မခံနိုင်တော့ဘူး…”

ရွာသူရွာသားများမှာ သွေးစည်းညီညွှတ်ကြသည်။ ကျယ်လောင်စွာ အော်ဟစ်၍ အတူရှေ့တက်လာခဲ့ကြ၏။ မိန်းမဖြစ်စေ၊ လူအိုဖြစ်စေ၊ နှပ်တွဲလောင်းနှင့် ကလေးသူငယ်ပင် ဖြစ်စေ၊ ခွေးပါမကျန် လျိုရွှီလုအား ဒေါသတကြီးဖြင့် ကြည့်လျက် ဝိုင်းပြီး ဆွမ်းကြီးလောင်းမည့် ပုံစံများ ဖြစ်နေကြလေသည်။

“ ညစ်ပတ်နံစော်နေတဲ့ လယ်သမားတွေကများ ငါ့ကို ဆန့်ကျင်ဝံ့နေတယ် ဟုတ်လား… ငါတို့ကို သားသတ်လွတ် သမားများ ထင်နေလား…”

ထိုအချိန်၌ လျိုရွှီလုနောက်တွင် ရပ်နေသည့် လူငယ် သုံးယောက်သည် ကားထဲမှ ဘော့စ်ဘော တုတ်တံများ ထုတ်လာကြပြီး ရွာသူရွာသားများရှေ့တွင် ရပ်တန့်လိုက်ကြ၏။

“ မနက်တုန်းက ဟုန်ကျားရွာက လူတွေလည်း မပေးချင်ကြဘူး… နည်းနည်းပါးပါး ရိုက်နှက်ပေးလိုက်တော့ နာနာခံခံလေးတွေ ဖြစ်ကုန်ကြတာပဲ… မင်းတို့လို လူတွေက အသားနာမှ မှတ်တဲ့ဟာတွေ…” လျိုရွှီလု လူတိုင်းကို လက်ညိုးဖြင့် ဝှေ့လျက် “ ငါ တစ်ဖန် ပြန်ပြောမယ်… မင်းတို့ မပေးဘူးဆိုရင် အကုန်လုံးကို ရိုက်စုတ်ပစ်မယ်… ဆေးဖိုးက ငါတောင်းတဲ့ ယွမ် ၄၈၀ ထက် ပိုများမများ ကြည့်ကြတာပေါ့..”

ခွမ်းဟော်ကျေးရွာဘက်မှ လူဦးရေ အသာစီး ရထားသည်ဆိုသော်လည်းပဲ တစ်ဖက် အုပ်စုက လူမိုက်ဂိုဏ်းသားများ ဖြစ်နေသည်မှာ ကျိန်းသေသည်။ သူတို့က တိုက်ခိုက်ရန် အသင့်ပြင်သည်နှင့် ၎င်းတို့ထံမှ ထွက်ပေါ်လာသည့် လေထုအဟုန်က လူတိုင်းအား နစ်မွန်းသွားစေခဲ့တော့၏။

ရွာသူရွာသားများလည်း အရမ်းကာရော ဘာမျှ မလုပ်ဝံ့တော့ကာ စူးစူးဝါးဝါး စိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။

“ မင်းတို့ ပေးမှာလား မပေးဘူးလား…” လျိုရွှီလု တံတွေးစင်မတတ် အော်ဆဲလိုက်ပြီး “ ငါ့မှာ အချိန်မရှိဘူး… နောက်တစ်ရွာသွားပြီး ပိုက်ဆံသွားကောက်ရဦးမှာ… ငါ့အချိန်တွေ လာမဖြုန်းနဲ့…”

“ နင်တို့ အရမ်းမလွန်နဲ့.. လူတိုင်းက နင်တို့လို လူစားမျိုး ဖြစ်နေတာ မဟုတ်ဘူး..” လီစီကျင်းမှ ပြောလိုက်သည်။

All Chapters