ကျိုးဟိုင်မှာ ခဏသွားပုန်းနေ
Vol. 88 Ch. 1318
“ အပြောသပ်သပ်ပဲလား… အလုပ်နဲ့ သက်သေမပြတော့ဘူးလား…”
လင်းရီ အဓိပ္ပာယ်ပါစွာ ပြောလိုက်၏။
“ ဘယ်လို ပြရမှာလဲ… နင်ကိုက စိတ်သာရှိပြီး သတ္တိမရှိတဲ့လူလေ…”
“ အရေးမပါတာတွေ…”
“ တကယ်... နင်ဆို ငါ့အိမ်မှာ အကြိမ်အများကြီးလည်း နေဖူးတယ်… ငါ့ဘက်က အခွင့်အရေး ပေးခဲ့တာတောင် နင်က ယူမှ မယူတာ… ငါ့ကို အဲ့တာ လာအပြစ်တင်နေတာလား…”
“ ဘာတွေ လာပြောနေတာ… မင်း ဘယ်တုန်းက မင်း အိမ်မှာ နေခိုင်းဖူးလို့…”
“ အမှန်ပဲလေ..” လျန်ရူရွှယ် လေးလေးနက်နက်ဖြင့် “ ငါက မိန်းမသားတစ်ယောက်… တကယ်ဆို နင့်ကို မနိုင်ဘူး… နင်သာ အတင်းအကြပ်လုပ်လာရင် ငါကရော ခုခံနိုင်မှာလား…. နင်ပြောကြည့် … ငါ ပြောတာ မဟုတ်လို့လား…”
“ သေစမ်း… ဒါဆို မင်းက အဲ့လိုပုံစံမျိုးကို ကြိုက်တယ်ပေါ့.. အဲ့ဒါဆိုလည်း ငါ့ကို ဘာလို့ စောစီးမပြောလဲ…”
“ လဲသေလိုက်ပါလား... ”
လျန်ရူရွှယ် မျက်လုံးလှန်ကြည့်လိုက်ပြီး “ ငါ အတည်မေးနေတာ… အဲ့မှာ အခြေအနေ ဘယ်လိုလဲလို့…”
“ ထွေထူးမရှိပါဘူး… ဆင်းရဲတာကလွဲရင် ကျန်တာလည်း ဆိုးရွားနေတာပဲ… ဒေသတွင်း စက်မှု လုပ်ငန်း အားသာချက်လည်း မရှိ….. အကူအညီပေးမယ့် ပြင်ပ အင်အားစုတွေသာ မရှိဘူးဆိုရင် ဒီကလူတွေ ဆင်းရဲတွင်းကလွတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ…”
“ ထိချက် မိချက်….” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ ဒီကိစ္စကို အကြီးအကဲလုနဲ့ ဆွေးနွေးကြည့်တော့ တခြား အကြောင်းအရင်းတွေလည်း အများကြီး ပါနေတယ်..”
“ ဘယ်လိုမျိုးလဲ…”
“ ယွီဟန်မြို့ရဲ့ အပြိုင်အဆိုင် ဖြစ်မှုကို သေချာအောင်လို့ဆိုပြီး စီရင်စုရော မြို့ရောက တုံးစန်းကောင်တီမှာ ရင်းနှီးမြုပ်နှံဖို့ ငွေပိုငွေလျှံ မရှိဘူး… သူတို့က တစ်နှစ်ကို ယွမ် သန်း ၂၀၀ နွမ်းပါးမှု ထောက်ပံ့ကြေးပေးတယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် တုံးစန်းကောင်တီက အဓိက ဌာနတွေ အကုန်လုံး… ဆေးရုံ၊ ကျောင်း စတဲ့ ဌာနတွေ အကုန်လုံးက ဒီ သန်း ၂၀၀ ပေါ်မှာ မှီခိုနေကြတာ… ပြီးတော့ ငွေက လောက်လည်း မလောက်ငှဘူးဟာ.. ဒါကြောင့်မို့ တခြား အခြေခံ အဆောက်အဦးတွေပေါ် ရင်းနှီးမြုပ်နှံနိုင်မှု မရှိတော့တာ…”
“ ငါ ဒါကို နားလည်တယ်..” လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ဆို ပြည်နယ်ကိုပဲ မှီခိုနေလို့တော့ ဘယ်ရမှာ… မဟုတ်ရင် ဒီလို အခြေအနေတွေ ဖြစ်လာမှာ မဟုတ်ဘူး.. အားကောင်းတဲ့ ပြင်ပ အထောက်အပံ့တွေကို မှီခိုသင့်တာ..”
“ နင်က လင်းယွင်အုပ်စုရဲ့ အင်အားကို အသုံးချဖို့ စဉ်းစားနေတာလား…”
“ အစီအစဉ်တော့ရှိတယ်… ဒါပေမယ့် မဆုံးဖြတ်ရသေးဘူး… ငါ ဒီရောက်လာတာကလည်း တစ်ရက်တည်း ရှိသေးတာလေ… အခြေအနေ ဘယ်လိုတွေရှိလဲ ဆိုတာ အတိအကျ မသိရသေးဘူး… ဘာတွေ ဖြစ်နေလဲ အရင်ကြည့်လိုက်ဦးမယ်…”
“ နင် မှန်တယ်… ဆက်ပြီးတော့ စုံစမ်းနေလိုက်… ငါက ကျိုးဟိုင်က ဆိုပေမယ့် ဒါရိုက်တာလင်း အောင်မြင်ဖို့ ဆုတောင်းပေးမယ်နော်…”
လင်းရီ ပြုံးလိုက်သည်။ လျန်ရူရွှယ်မှာ ထုံးစံအတိုင်း သူ့ကို ရွှတ်တီးရွှတ်နောက် လာလုပ်နေသည်။
ဖုန်းချပြီးနောက် လင်းရီ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ သူ့ရှေ့ရှိ ကိစ္စကို ဆင်ခြင် သုံးသပ်သည်။
လင်းရီ၏ ရှုထောင့်မှ ကြည့်လျှင် လင်းယွင်အုပ်စု၏ အင်အားကို အသုံးပြုရမည်က မလွဲမသွေပင်။
လင်းယွင်အုပ်စု၏ လွှမ်းမိုးမှုဖြင့် ဆိုပါက အခြား ကုမ္ပဏီများကို တုံးစန်းကောင်တီသို့ ပြောင်းရွှေ့ အခြေချလာရန် ဆွဲဆောင်နိုင်လိမ့်မည်။
အချိန် လုံလုံလောက်လောက်ပေးလိုက်သည်နှင့် ဤပြဿနာအား အသာအယာ ဖြေရှင်းလိုက်၍ရ၏။
သို့သော် လင်းယွင်အုပ်စုသည်လည်း စီးပွားရေး လုပ်ရန် လိုအပ်သေးလေသည်။ ဤ အစီအစဉ်က အလုပ်ဖြစ်နိုင်သော်လည်း သူတို့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာတော့ ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ချေ။
ဦးစွာ အနေဖြင့် လင်းယွင်အုပ်စုအား အကျိုးယုတ်စေမည်။ ဒုတိယ တစ်ချက် အနေဖြင့် ထိုသို့သော အခြေအနေမျိုးအား ရှည်ကြာစွာ ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။ နှစ်အနည်းငယ် အတွင်း အရင်လို အခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။
ထို့ကြောင့် မစ်ရှင် ပြီးမြောက်ရုံ သပ်သပ်မျှနှင့် သူ လျှောက်မလုပ်သင့်ချေ။
“ စနစ်… လင်းယွင်အုပ်စုရဲ့ အင်အားကို အသုံးချပြီးမှ ကောင်တီကို ဆင်းရဲတွင်းကနေ လွတ်အောင် လုပ်တာက စည်းမျဉ်းတွေကို မဆန့်ကျင်နေဘူးမလား…” လင်းရီ စိတ်ထဲ မေးကြည့်လိုက်သည်။
[ စနစ်ရှင်က တုံးစန်းကောင်တီကို ဆင်းရဲတွင်းကနေ အစစ်အမှန် လွတ်မြောက်စေမယ်ဆိုရင် မစ်ရှင် ပြီးပြည့်စုံတယ်လို့ သတ်မှတ်နိုင်ပါတယ် ]
လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်၏။ နောက်ဆုံးတော့ စနစ်၏ စည်းမျဉ်းစည်းကမ်းများကို နားလည်သဘောပေါက်သွားခဲ့လေပြီ။
နည်းလမ်းကျသည့် သုံးစွဲမှုများမှတဆင့် မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်၍ရသည်။
ဥပမာ - သူ့ဘက်က အကြောင်းပြချက်မရှိ ငွေကို ဗုန်းဗေါလအော သုံးစွဲခြင်းမျိုး မပြုဘဲ ရေရှည်ကို ရှေးရှု၍ ဆင်းရဲတွင်းမှ အစစ်အမှန် လွတ်မြောက်စေပြီး နောင်အခါတွင် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝကို ထိန်းသိမ်းပေးနိုင်မည် ဆိုလျှင် အကျုံး၀င်သည်။
ဤသည်က အရေးကြီးဆုံး အချက်ပင်။
ထို့ကြောင့် ဤအချက်ကို အာမခံနေနိုင်သရွေ့ သူ မည်သို့ပင် ပြုစေ၊ စည်းကမ်းများအား ချိုးဖောက်ရာ ကျလိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းတွေးမိတော့ လင်းရီသည် မေးစေ့ကို ပွတ်သပ်နေရင်းဖြင့် စီးပွားရေး အခွင့်အလမ်းတစ်ခုကို အာရုံရလာခဲ့သည်။
ထို့နောက် သူ ကျီချင်းရန်ကို ဝီချက်မှတဆင့် ဖုန်းဆက်လိုက်၏။
“ မစ္စတာလင်း… ကျွန်မတို့ ရှေ့ တစ်နာရီကပဲ ဖုန်းပြောခဲ့ပြီးတာ မဟုတ်ဘူးလား.. ကျွန်မကို သတိရနေပြန်ပြီလား…”
ဗွီဒီယို ထဲတွင် ကျီချင်းရန်သည် ညအိပ်ဝတ်စုံနှင့် မျက်မှန်ကို တပ်ဆင်ထားပြီး လင်းရီကို ညုတုတု ပြုနေသည်။
“ ဟုတ်တယ်… တစ်ရက်လောက် ခွဲခွာရတာ သုံးနှစ် သုံးမိုးလောက်ကို ကြာညောင်းသွားသလိုပဲ..”
ကျီချင်းရန် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်၏။
“ ငါတော့ နင် ငါ့ကို အကြောင်းရှိလို့ ဖုန်းဆက်လိုက်တယ်ဆိုပြီး ခံစားနေရတယ်… အမှန်အတိုင်း ပြောစမ်းပါ… ငါ ပြောတာ မှန်တယ်မလား…”
“ အဟွတ် အဟွတ် အဟွတ်…”
“ ဥက္ကဌကျီ… စကားကို ကျေးဇူးပြုပြီး ယဉ်ယဉ်ကျေးကျေး ပြောပါ… ဒါ မင်း ဖောက်သည်ကို ဆက်ဆံတဲ့ ပုံစံလား…”
“ ဟင်… ဖောက်သည်လား…” သူမ ခေတ္တမျှ ကြောင်အမ်းသွားခဲ့၏။ “ နင် ငါ့ကို ပရောဂျက်တစ်ခုနဲ့ မိတ်ဆက်ပေးချင်နေတာလား…”
“ ငါမိတ်ဆက်ပေးချင်တဲ့ ပရောဂျက်တစ်ခု ရှိတယ်.. ဒါပေမယ့် မင်းရဲ့ အပြုအမူက သိပ်မကောင်းတော့ ကြည့်ရတာ ငါနဲ့အတူ အလုပ်လုပ်ချင်တဲ့ပုံလည်း မပေါ်ပါဘူးလေ… ထားလိုက်ပါ… တခြား ကုမ္ပဏီတွေလည်း ရှိနေတာကိုပဲ…”
“ အိုက်ယား အိုက်ယား… ဥက္ကဌလင်း… မသွားပါနဲ့လို့… ကျွန်မ တောင်းပန်ပါတယ်… ထပ်ပြောကြရအောင်လေ..”
ကျီချင်းရန်သည် မျက်နှာငယ်လေး လုပ်၍ တောင်းပန်တိုလျှိုးလိုက်၏။ လင်းရီ သဘောအတိုင်း လိုက်ပါ သရုပ်ဆောင်ပေးနေသည်။
“ မဟုတ်ဘူး… မင်း အခုတောင်းပန်တဲ့ ပုံစံက စစ်မှန်မှု မရှိဘူး…”
“ ဒါဆို ဘယ်လိုလုပ်ပြမှ စစ်မှန်မှု ရှိမှာလဲတဲ့…” ကျီချင်းရန်သည် ညအိပ်ဝတ်စုံမှ ကြယ်သီးတစ်လုံးဖြုတ်၍ နှင်းကဲ့သို့ ဖြူစင်လှသည့် ပခုံးသားလေးများအား လှစ်ဟာပြလာသည်။ ထို့နောက် အောက်သို့ တဖြည်းဖြည်း လျှောချလိုက်ရာ…..
“ ဒီလောက်ဆို အိုကေပြီလား…”
“ ဟမ်… လူကို ဒီလိုမျိုး နည်းလမ်းနဲ့ လာပြီး ဆွဲဆောင်နေတယ် ဟုတ်လား… အလုပ်ဖြစ်ပြီသာ မှတ်လိုက်…”
“ ခစ်ခစ်…”
ကျီချင်းရန်သည် အင်္ကျီကို ပြန်ဆွဲတင်လိုက်၏။
“ ကောင်းပြီ… ခု ဘာပရောဂျက်လဲ ပြောတော့ … အစိုးရနဲ့ သက်ဆိုင်တာလား..”
“ မဟုတ်ဘူး… မဆိုင်ဘူး..” လင်းရီ ပြောလိုက်ပြီး “ ငါ အခု တုံးစန်းကောင်တီမှာမလား… ဒီမှာ စီးပွားရေး အခွင့်အလမ်း တစ်ချို့ရှိတယ်..”
“ ဘယ်လိုမျိုးလဲ… ပိုပြီး အသေးစိတ်ကျကျပြောလေ…”
“ ငါ ဒီနေရာကို အရင်ဆုံး စူးစမ်းကြည့်ဖို့ ဆုံးဖြတ်ထားတယ်… ပြီးရင် စက်မှုဇုန်တစ်ခု တည်ဆောက်မယ်.. အဲ့လိုဆိုရင် အလုပ်သမားတွေ အများကြီးကို ခေါ်ယူရမယ်… အဲ့ဒီ အလုပ်သမားတွေ နေဖို့အတွက်လည်း အိမ်ယာတွေ လိုအပ်မယ်… ဒီလိုဆို မင်း ပိုက်ဆံ ရှာလို့ရပြီလေ…”
ကျီချင်းရန် ခေတ္တမျှ စဉ်းစားလိုက်ပြီး “ ဒီလို ပရောဂျက်က စွန့်စားမှု များတယ်နော်… နင်သာ လူမှုဖူလှုံရေးကို လယ်ဗယ်တစ်ခုလောက်အထိ ထောက်ပံ့မပေးနိုင်ရင် အိမ်ခြံမြေ ပရောဂျက်လည်း အောင်မြင်မှာ မဟုတ်ဘူး…”
“ ဒါကြောင့်မို့ ငါမင်းကို ကြိုတင် အသိပေးထားတာ… မျက်ခြေမပြတ် စောင့်ကြည့်ထား..”
“ ဟင်… နားလည်ပြီ မစ္စတာလင်း… မွမွ..”
ကျီချင်းရန်နှင့် စကားပြောပြီးနောက် လင်းရီသည် ဖုန်းကိုချ၍ အညောင်းဆန့်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ ဒီတစ်ကြိမ်တော့ ငါတို့ကောင်တွေ အကြီးကြီး လှုပ်ရှားကြမယ်…”
ကလင် ကလင် ကလင်…
လှပသည့် ပုံစံပြာလေးတစ်ခုအား မျှော်လင့်နေစဉ် လင်းရီ၏ ဖုန်းသံ မြည်ဟီးလာသည်။
သူ ကောက်ကိုင်ကြည့်လိုက်တော့ လီချင်းခိုင် ဖြစ်နေသည်ကို သတိမူမိလိုက်သည်။
“ အစ်ကိုလီလား…”
“ လင်းလေး… မင်း အခု ဘယ်မှာလဲ…”
“ ဟိုတယ်မှာလေ…”
“ ငါ မင်းကို တစ်ခု မေးချင်လို့…” လီချင်းခိုင် ရင်တုန်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ မင်းနဲ့ လီလေးတို့ ကောင်တီထဲမှာ စစ်တမ်းသွားကောက်တော့ တစ်စုံတစ်ယောက်နဲ့များ အချင်းများခဲ့ကြသေးလား..”
“ ဟင်… အစ်ကိုလီက ဒီကိစ္စ ဘယ်လိုသိသွားတာ…..”
“ တစ်စုံတစ်ယောက် ငါ့ဆီ ဖုန်းဆက်လာပြီး မင်းရဲ့ အချက်အလက်ကို စစ်ဆေးကြည့်ချင်တယ်ပြောတယ်… သူက ငါ့ကို ဖုန်းဆက်ပြီးမှ မင်း ဘယ်မှာ ရှိလဲတောင် မေးခိုင်းလိုက်သေးတယ်..” လီချင်းခိုင် ပြောလိုက်ပြီး “ အထုပ်အပိုးတွေ အရင်ပြင်ထား… ပြီးရင် ကျိုးဟိုင်သွားပြီး ခဏလောက် ပုန်းနေလိုက်… သုံးလေးလလောက်ကြာမှ ဒီ ပြန်လာခဲ့…”
“ ကျွန်တော်က ဒီတိုင်း လူနည်းနည်းလောက် ရိုက်နှက်ခဲ့တာကို ဘာကိစ္စ သွားပုန်းနေရမှာလဲ..”
“ မင်းက ခုမှ ရောက်လာတဲ့လူဆိုတော့ ကောင်တီက အခြေအနေတွေကို သိဦးမှာ မဟုတ်ဘူး..” လီချင်းခိုင် ပြောလိုက်ပြီး “ မင်း ရိုက်ခဲ့တဲ့ လူတွေ အကုန်လုံးက ချိန်လောင်ဝူရဲ့ လူတွေကွ… သူက တုံးစန်းကောင်တီမှာ နာမည်ကြီး … မင်း အပြစ်ပြုနိုင်တဲ့လူမဟုတ်ဘူး… ခု သူတို့က မင်းကို မြေလှန်ရှာကြတော့မယ်… ငါ အကြံပေးတာကို နားထောင်… ကျိုးဟိုင်ကို မြန်မြန်ပြန်ပြီး သွားပုန်းနေလိုက်တော့…”
“ ဟက်… ကျွန်တော်က ဘာများလဲလို့…”
လင်းရီ ပြောလိုက်ပြီး “ ချိန်လောင်ဝူ အခု ဘယ်မှာလဲ…”