သူ အမှား ဝန်ခံဖို့ ရောက်လာပြီ
Vol. 88 Ch. 1319
“ မင်း ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ…” လီချင်းခိုင် ပြောလိုက်ပြီး “ မြန်မြန် ကျိုးဟိုင်ကို ပြန်ပြီး ခဏလောက် ရှောင်နေလိုက်… ငါ ဒီမှာ ကြည့်လုပ်ထားပေးလိုက်မယ်… ခု စတော့…”
လင်းရီ စိတ်ထဲ ကျေးဇူးတင်မိသွားခဲ့သည်။ သူက ယနေ့မှ ရောက်လာသည်ဆိုသော်လည်းပဲ ယခုလို မှီခို၍ရသည့် အစ်ကိုကြီး တစ်ယောက်နှင့် ဆုံတွေ့နိုင်သည်မှာ တော်တော်ကံကောင်း၍ပင်။
“ ဒီလို ကိစ္စမျိုးဆိုတာ တစ်သက်လုံး ရှောင်နေလို့ မဖြစ်ဘူးလေ… ကျွန်တော်က တစ်နေ့ကျ ပြန်လာရမယ့်လူ… အဲ့ခါကျလည်း သူတို့ ထပ်လာရှာကြဦးမှာပဲ…” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီးတော့ ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင် သူတို့ရဲ့ လုပ်ရပ်တွေက ကောင်တီရဲ့ ဖွံ့ဖြိုးမှုအတွက် အကြီးစား အနှောင့်အယှက်ကြီးပဲ… ဒီလိုလူစားမျိုးတွေက ကင်ဆာလိုမျိုး အချိန်မီ မကိုင်တွယ်ဘူးဆိုရင် တဖြည်းဖြည်းနဲ့ ထိန်းချုပ်လို့ရတော့မှာ မဟုတ်ဘူး…”
“ ငါ ကောင်တီမှာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး… အဲ့ဒီအချက်ကို မသိဘူးလို့များ မင်းထင်နေလား… တကယ်လို့ ငါသာ ဖြေရှင်းနိုင်ရင် ဒီအတိုင်းအတာထိ ကြီးထွားခွင့် ပေးပါ့မလားကွ….”
“ အဲ့ဒါကြောင့်မို့ ကျွန်တော် ပုန်းနေလို့ မဖြစ်တာလေ… သူတို့ ဘယ်မှာလဲဆိုတာသာ ပြောပြလိုက်…”
“ ကောင်လေး… မင်း လျှောက်မလုပ်နဲ့… ငါ မပြောဘူးကွာ…” လီချင်းခိုင်မှ ခိုင်မာစွာ ပြောလိုက်သည်။
“ အစ်ကိုလီ မပြောလည်း သူတို့က ကျွန်တော့်ဆီ အနှေးနဲ့အမြန် ရောက်လာကြမှာပဲ… ပြီးတော့ ချိန်လောင်ဝူဆိုတဲ့ ကောင်က ကောင်တီမှာ တော်တော်လေး နာမည်ကြီးတဲ့လူ… ကျွန်တော် ဒီတိုင်း တွေ့ရာလူကို မေးရင်တောင် သူ ဘယ်မှာလဲ ဆိုတာ သိတယ်… ဒီတော့ ကျွန်တော့်ကို လာတားလို့ မရပါဘူး…”
လီချင်းခိုင် တိတ်ဆိတ်သွားခဲ့သည်။ လင်းရီပြောသည်မှာ ယုတ္တိရှိသည်။
အကယ်၍ သူသာ ကျိုးဟိုင်သို့ ပြန်မသွားဘူးဆိုပါက ချိန်လောင်ဝူနှင့် ရင်ဆိုင်ရမည်မှာ အနှေးနှင့် အမြန်ပင်။
“ ကောင်းပြီလေ… ဒီလိုဆို မင်း ဒီလိုလုပ်လိုက်… သူ့နေရာကိုသွား… ထမင်းတစ်နပ်ဖိတ်ကျွေးလိုက်… တစ်ခွက်လောက် သောက်ပေးလိုက်…. ချီးမွမ်းစကားလေး နည်းနည်းလောက် ပြောလိုက်… ပြီးရင် ဒီကိစ္စ အဆင်ပြေပြီလို့ သတ်မှတ်လို့ရတယ်… ဘာပဲဆိုဆို မင်းကလည်း အဆင့်အတန်း တစ်ခုနဲ့လူလေ…. သူ မင်းကို လျစ်လျူမရှုဝံ့ပါဘူး..”
“ ကောင်းပြီ… အဲ့ဒါဆို သူ ဘယ်မှာလဲ… ကျွန်တော် သွားရှာလိုက်မယ်…”
“ သူပိုင်တဲ့ နိုက်ကလပ် တစ်ခု ရှိတယ်… မင်း အဲ့ကို သွားလို့ရတယ်…”
“ ကောင်းပြီလေ… ကျွန်တော် အခုပဲ သွားလိုက်မယ်…”
ပြောပြီးနောက် လင်းရီ ဖုန်းချ၍ မြေပုံတွင် တည်နေရာ ရိုက်ထည့်ကာ ကလပ်သို့ မောင်းထွက်လာခဲ့သည်။
တုံးစန်းကောင်တီရှိ တစ်ခုတည်းသော နိုက်ကလပ် ဖြစ်သည်နှင့်အညီ ‘နိုက်မြူးဇစ်’ ကလပ်မှာ အတော်ကို ရေပန်းစား၏။
ထိုနာမည် ပြောလိုက်သည်နှင့် မသိသူဟူ၍ မရှိပေ။
ထို့ပြင် သတင်းအဆက်အသွယ် ကောင်းသည့် လူတစ်ချို့ကတော့ ထိုနေရာက ချိန်လောင်ဝူ၏ ပိုင်နက် ဖြစ်ကြောင်းကိုလည်း သိရှိကြပေမည်။
ထိုနေရာအကြောင်း ပြောသည့် အခါတိုင်း သူတို့၏ အမူအရာသည် လေးစားကိုးစားမှုတို့ဖြင့် ပြည့်နှက်လို့နေ၏။
ဤသည်က ဘာကြောင့်လဲဆိုတော့ လူတိုင်းက ချိန်လောင်ဝူ၏ လေးစားဖွယ် မကောင်းသည့် သူဌေးဇာတ်လမ်းကို ကြားဖူးနားဝ ရှိကြသောကြောင့်ပင်။ သို့ဖြစ်သည့်တိုင် သူတို့ ထုတ်ပြောပြသည့် အကြိမ်တိုင်းလည်း မနေနိုင်ဘဲ လက်မထောင်ပြမိကြ၏။
ထို့နောက် ကိုယ့်ကိုယ်ကို သိမ်ငယ်စွာဖြင့် သက်ပြင်းချမိကြသည်။
ချိန်လောင်ဝူ အားအင်ပြည့်ဖြိုးသည့် ငယ်ရွယ်စဉ် အခါက သူသည် မော်တော်ဆိုင်ကယ် ဝပ်ရှော့ တစ်ခုတွင် အစိတ်အပိုင်း ပြုပြင်သူအဖြစ် အလုပ်လုပ်သည်။ ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းကြောင့်လည်း ဂုဏ်သတင်းမွှေး၏။
သူ၏ ခန့်ညားသည့် ရုပ်ရည်နှင့် ဩဇာတိက္ကမတို့ကြောင့် နောက်ဆုံးတွင် ကောင်တီ ဆေးရုံမှ နာ့စ်တစ်ယောက်နှင့် အကြင်လင်မယား ဖြစ်သွားခဲ့ပြီး ကလေးတစ်ယောက် ထွန်းကားခဲ့သည်။
သို့သော် ကလေး၏ အသက် တစ်နှစ်မျှပင် မရှိသေးသည့် အချိန်တွင် ချိန်လောင်ဝူသည် လူကုံထံ သူဌေးမကြီး တစ်ယောက်နှင့် ဆုံမိပြီး သူမနှင့်အတူနေရန် ဆုံးဖြတ်ခဲ့၏။
ဂရုတစိုက်နှင့် စဉ်းစားသုံးသပ်ပြီးနောက် ချိန်လောင်ဝူသည် ဇနီးနှင့် ကလေးကို စွန့်ပစ်၍ ချမ်းသာသည့် အမျိုးသမီးနောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့လေသည်။
တစ်စုံတစ်ယောက်၏ ကျောထောက်နောက်ခံပေးမှုနှင့် သူ၏ ကံဥာဏ်ဝီရိယ တို့ အတူပေါင်းစပ်ကာ တုံးစန်းကောင်တီတွင် နာမည်တစ်လုံး ရေးထိုးလာနိုင်ပြီး လူတော်တော်များများနှင့် အဆက်အသွယ်ချိတ်ဆက်နိုင်ခဲ့၏။
နှစ် ၂၀ ကျော်ကြာညောင်းပြီးနောက် သူသည် တုံးစန်းကောင်တီ၌ အထွတ်အထိပ်တွင် ရပ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။
ကောင်တီရှိ လူများက အင်မတန် ဆင်းရဲ နွမ်းပါးကြသော်လည်း သူကတော့ မသမာသည့် နည်းလမ်းတစ်ချို့ဖြင့် ဖြုန်းမကုန်သည့် ပိုက်ဆံများကို ရှာဖွေထားနိုင်ခဲ့သည်။
ယွမ်တစ်သန်းကျော် ပေးရသည့် မာစီးဒီးလည်း ဝယ်ထားပြီး ယင်းက ကောင်တီရှိ တစ်စင်းတည်းသော မာစီးဒီးလည်း ဖြစ်သည်။
ထိုကား မြင်လိုက်သည်နှင့် မည်သူ့ကားဆိုတာကို လူတိုင်းက တန်းသိကြသည်။
ကလပ်၏ အပြင်အဆင်က လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်ကကဲ့သို့ ပြုလုပ်ထားခြင်းပင် ။ စတိုင်နှင့် ဒီဇိုင်းက အလွန်အင်မတန်မှကို လွန်ကြူးထားပြီး အဆင့်အတန်းမြင့်လည်း မြင့်လှသည်။
ကလပ်၏ သုံးလွှာရှိ ရုံးခန်းထဲတွင် ချိန်လောင်ဝူ၏ လက်အောက်ငယ်သားများမှ ဘာမျှ လုပ်စရာ မရှိသည့်အခါတွင် စုဝေးတတ်ကြသည်။ မြို့သူမြို့သား တစ်ချို့ကတော့ ဤနေရာကို လူမိုက်များ၏ လူစုရာနေရာဟူ၍လည်း ခေါ်သည်။
“ မင်းတို့ကောင်တွေ အဲ့ လင်းရီကို ရှာမတွေ့ကြသေးဘူးလား…”
ရုံးခန်းထဲရှိ ဇိမ်ကျသည့် ဆုံလည်ထိုင်ခုံတွင် ချိန်လောင်ဝူသည် ထိုင်နေပြီး သူ၏ ခြေအစုံကို စားပွဲပေါ် တင်ထား၏။ နှုတ်ခမ်းတွင်လည်း ဆေးတံကြီးအား ကိုက်ထားရင်း အဆက်မပြတ် ဖွာနေသည်။
ရုံးခန်းထဲတွင် လူဆယ်ယောက်ကျော်မှာ မတ်တပ်ရပ်နေလျက် ရှိ၏။
သူတို့ထဲက တစ်ယောက်မှာ တရားမဝင် သဲတူးဖော်မှုဖြင့် ရိုက်နှက်ခံလိုက်ရသည့် မဲ့ခြောက်များဖြင့် လူပင်။
သူတို့နှစ်ယောက်ကို ရဲများက ခေါ်ဆောင်သွားပြီးနောက် ဆေးရုံသို့ ပို့လိုက်ကြ၏။ ဓားထိုးခံလိုက်ရသည့် လူကတော့ ဆေးရုံ၌သာ ရှိနေသေးတုန်းပင်။ ဂေါ်ပြားနှင့် အရိုက်ခံလိုက်ရ၍ နားအူသွားသည့် လူကတော့ ချိန်လောင်ဝူ၏ ချက်ချင်း ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည်။
ထို့ပြင် ခွမ်းဟော်ကျေးရွာ၌ ပိုက်ဆံလာကောက်သည့် လျိုရွှီလုလည်း ဤနေရာတွင် ရှိနေပြီး လူစုံတက်စုံ ရောက်ရှိနေကြသည်။
“ သူ ဘယ်မှာ အလုပ်လုပ်လဲ ဆိုတာတော့ သိပါပြီ.. ဘယ်မှာ နေလဲတော့ မသိသေးပါဘူး…” လျိုရွှီလု ပြောလိုက်သည်။
“ သေစမ်း… မနူးမနပ်တဲ့ ဝန်ထမ်းသစ်လေးတွေကများ သောက်ပြဿနာ လာရှာနေတယ်… ရုံးရောက်တာတောင် တစ်ရက်မပြည့်သေးတာ ငါ့ကိုတောင် လာပြီး ပစ်မှတ်ထားနေလိုက်သေးတယ် ဟုတ်လား... တစ်ခါမှ အရိုက်မခံဖူးသေးတဲ့ လူတွေမှန်း သိသာလိုက်တာ…”
“ သဘောတူပါတယ်…” လျိုရွှီလု အသံထွက်လာပြီး “ အဲ့သောက်ကလေးက တော်တော် မောက်မာတာ… ကျွန်တော်တို့ကို နေ့ခင်းတုန်းက ခြိမ်းလား ခြောက်လား လုပ်တုန်းကဆို သူဌေးရဲ့ နာမည် ထုတ်ပြောတာတောင် အဲ့ကောင်က အရေး မလုပ်ဘူး…”
“ သာမန်ပါပဲ… လူငယ်ဆိုတော့ သူရဲကောင်းကြီး သိပ်ဖြစ်ချင်တာလေ… ဒီတော့ ဘာမဆို လုပ်ရဲကိုင်ရဲ ရှိကြတယ်… ငါ သူ့ကို ရှာတွေ့ပြီဆိုတာနဲ့ စကား ကောင်းကောင်း ပြောပေးလိုက်မယ်… ငါ့ရှေ့မှာ ထပ်ပြီး မောက်မာရဲဦးမလားလို့….”
“ ဟားဟား……”
ရုံးခန်းထဲရှိ လူတိုင်း သဘောကျသွားခဲ့ကြတော့၏။ သူတို့စိတ်ထဲ ရှိသည်မှာ ချိန်လောင်ဝူအား မည်သို့ စိတ်ကျေနပ်အောင် ပြုလုပ်ရမလဲ ဆိုတာပင်။ ထို့ကြောင့် သူတို့ ဦးနှောက်က သိပ် သုံးစား မရကြတော့ချေ။
“ တကယ်လို့ မာစတာဝူတာ သူနဲ့ လူကိုယ်တိုင်တွေ့ပြီး စကားပြောလို့ကတော့ အရှိန်အဝါ တစ်ခုတည်းနဲ့တင် အဲ့ကလေး သေးထွက်ကျသွားလောက်တယ်…”
“ တော်စမ်းပါ တော်စမ်းပါ…” ချိန်လောင်ဝူ ပြုံးလိုက်ပြီး “ ကောင်လေးတွေကို ဆက်ရှာထားဖို့ ပြောလိုက်.. ဒါပေမယ့် မင်းတို့ ကိစ္စလုပ်ရင် ဂရုတစိုက်နဲ့လုပ်… ခေတ်တွေက တူတော့တာ မဟုတ်ဘူး… သူများကို အနိုင်ကျင့်မယ်ဆိုလည်း ပေါ်ပေါ်တင်တင်ကြီးတွေ မလုပ်ကြနဲ့…”
“ နားလည်ပါပြီ… မာစတာဝူ…”
ကလင် ကလင် ကလင်….
ချိန်လောင်ဝူ၏ ဖုန်းသံ မြည်ဟီးလာခဲ့သည်။ သူ ကျန်သူများအား တိတ်ရန် လက်ဟန်ပြလိုက်၏။
“ မင်းတို့ အသံတွေ လျော့ကြ…”
လျိုရွှီလုနှင့် အပေါင်းအပါများမှ ချက်ချင်း ငြိမ်ကျသွားခဲ့ကြပြီး အသံတစ်သံ မထွက်ဝံ့ကြတော့ချေ။
“ အေး ညီကိုတုံ…”
“……….”
“ သူ ငါ့စီးပွားရေးကို ဖျက်လို ဖျက်စီး လုပ်သွားခဲ့တာ ဒါပေါ့… သေချာပေါက် စကားပြောရမှာပေါ့…”
“……….”
“ ကောင်းပြီလေ… ငါ့ညီကိုက ပြောလာပြီဆိုမှတော့ ငါ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ…”
“ မင်း အလုပ်ရော ဘယ်လိုတုန်းကွ… အဆင်ပြေလား… “ ချိန်လောင်ဝူ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ ခြံကနေ သိုးတစ်ချို့တောင် ရထားသေးတယ်… အချိန်ကျရင် မင်းဆီ ပို့ခိုင်းလိုက်မယ်…”
“ …………. “
“ အေးအေး ဒါပဲ ဒါပဲ… နောက်မှ ဆက်ပြောကြတာပေါ့….”
စကားအနည်းငယ် ပြောပြီးနောက် ချိန်လောင်ဝူ ဖုန်းချလိုက်သည်။ လျိုရွှီလုမှ သိချင်စိတ် ပြင်းပြစွာဖြင့် “ သူဌေး… ဘာဖြစ်တာလဲတဲ့..”
“ ကောင်တီက ဖုန်းဆက်လာတာ…” ချိန်လောင်ဝူ သူ့ဖုန်းကို ချလိုက်ရင်း “ သူပြောတာ ဟိုကောင်လေးဘက်က မှားသွားကြောင်း ဝန်ခံလိုက်ပြီတဲ့.. ဒီလာပြီး အမှားဝန်ခံရင်းနဲ့ တစ်ခွက်လောက် သောက်ပေးချင်တယ်တဲ့…”
“ ကျွန်တော် ပြောတယ်မလား..” လျိုရွှီလုမှ “ သူဌေး ဘယ်လောက် အင်အားကြီးလဲ ဆိုတာ ဒီကောင် သိသွားတာနဲ့ လန့်ဖြန့်ပြီးမှ ချက်ချင်းကို လာတောင်းပန်တော့တာပဲ…”
“ မာစတာဝူ… ကျွန်တော်တို့ သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား… သူက ကျွန်တော်တို့ အကြံအစည်တွေကို ဖျက်စီးသွားခဲ့တာနော်…”
“ အထက်ကြီးပိုင်းတွေက ပြောလာမှတော့ ဒီလောက်နဲ့ တော်လိုက်မယ်… သူတို့ကိုလည်း မျက်နှာသာပေးရမယ်လေ…”
ချိန်လောင်ဝူ ပြောလိုက်ပြီး “ ဒါပေမယ့် သူ ဒီရောက်လာတဲ့ အခါကျရင် စကားတစ်ချို့ပြောပြီး ငါက လာရှုပ်လို့ ကောင်းတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ သောက်ကလေးသိအောင် ပြောပြရမယ်…”
“ အမှန်ပဲ… နဂါးမှန်းသိအောင် အမောက်တော့ ထောင်ပြမှ…”
ဒေါက် ဒေါက် ဒေါက်….
“ ဝင်ခဲ့…”
လူတိုင်း စကားပြောနေကြစဉ် ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ချိန်လောင်ဝူ တုံ့ပြန်လိုက်၏။
ဆံပင် အဝါရောင် ဆိုးထားသည့် ကောင်လေး တစ်ယောက်သည် အထဲသို့ ဝင်လာပြီး “ မာစတာဝူ… လင်းရီလို့ ခေါ်တဲ့ လူ ဒီရောက်လာပါတယ်…”