ရင်းနှီးမြုပ်နှံမှု မလိုချင်တာ သေချာပြီလား
Vol. 88 Ch. 1306
" ငါလည်း မသိသေးဘူး …. ဒါပေမယ့် ငါတို့ကောင်တွေ ရနိုင်မယ်လို့တော့ မထင်ဘူး… သူ့ရဲ့ အသေးဆုံး ပရောဂျက်ကတောင် ယွမ်သန်း ရာချီတာဟ..”
“ စွန်းကြီး… မင်းညီကိုကလည်း ငါ့ညီကိုပဲ… ငါ ဒီနေ့ အတူထမင်းစားဖို့ စီစဉ်လိုက်မယ်… မင်း ဘယ်လိုထင်လဲ….”
“ ဟမ့်… မင်းက စီစဉ်မယ်.. ဟုတ်လား.. မင်းက ငါ့ဘော့စ်ကိုတောင် မသိတာ စီစဉ်ပြီး ဘာလဲလုပ်မှာ…”
“ ငါတို့ ကုမ္ပဏီရဲ့ အနာဂတ်အလားအလာတွေက ခု သောက်ရမ်းတွေ မိုက်နေပြီလေ… လိုတာက ရန်ပုံငွေပဲ… ငါတို့ ဒီ အခွင့်အရေးကို အသုံးချပြီး မင်း ဘော့စ်နဲ့ ချိတ်လိုက်ရင် ရင်းနှီးမြုပ်နှံခိုင်းလို့ ရရင်ရမှာပေါ့ကွ…”
“ တော် တော် တော်… ဒီ အကြောင်းပြောမယ်ဆို မင်း တော်လိုက်တော့…” စွန်းကျန်း ပြောလိုက်ပြီး “ ငါတို့ အဲ့လိုလုပ်လိုက်ရင် ငါ့ဘော့စ်နား ပိုက်ဆံ လက်ဖြန့်တောင်းတာနဲ့ တူမနေဘူးလား…”
“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ… ဒီနှစ်ခုက မတူဘူးလေ..” လီချင်းယွမ် ပြောလိုက်ပြီး “ အချိန်ကျလာရင် ငါ သူ့ကို စကားခေါ်ကြည့်မယ်… သူက အဆင်ပြေတယ်ထင်ရင် ရင်းနှီးမြုပ်နှံပေးလိမ့်မယ်…. အဆင်မပြေဘူးထင်လည်း ထားလိုက်ပေါ့… မင်းက ဒီတိုင်း ကြားပွဲစား သဘောမျိုး နေလိုက်… ကျန်တာ ငါ့ဘက်က ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုင်တွယ်သွားပေးမယ်…”
စွန်းကျန်း ခေတ္တမျှ စဉ်းစားကြည့်လိုက်၏။ သူ့စိတ်ထဲ ဤအကြံက မဆိုးဟု ခံစားနေရသည်။
ကုမ္ပဏီက မကြီးမားဘူး ဆိုသော်လည်းပဲ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာက အမှန်ပင် ကောင်းမွန်လှသည်။ အကယ်၍ ဘော့စ်ကသာ ရင်းနှီးမြုပ်နှံမည်ဆိုပါက သူ့အတွက်လည်း အရှုံးမရှိနိုင်ချေ။
“ ငါ ဖန်တီးပေးမယ်… ဒါပေမယ့် မင်းဘက်ကနေတော့ ကူပြောပေးမှာ မဟုတ်ဘူးနော်…”
“ အဲ့ကိစ္စ မင်း ပူစရာ မလိုပါဘူး… ငါတို့ အစွမ်းအစနဲ့ ငါတို့ စကားပြောမယ်… ငါတို့ ဘာမရိုးမသားတာမှ မလုပ်ဘူး…” လီချင်းယွမ် ရင်ဘက်ကို ပုတ်၍ ကတိပေးလိုက်သည်။
“ အင်း ငါစီစဉ်လိုက်မယ်.. ဒါပေမယ့် ဒီနေ့ စားပွဲမှာတော့ မင်းတို့ ဝင်မပါနဲ့… မဟုတ်ရင် မင်းက သူ့ပိုက်ဆံတွေ လိုချင်တဲ့ ပုံစံ ပေါက်သွားလိမ့်မယ်…”
“ ဒါပေါ့ ဒါပေါ့… ညီကိုကျန်းရဲ့ စကားပဲ… နားထောင်ရမှာပေါ့…. ဟဲဟဲ…”
ကလင် ကလင် ကလင်…
သုံးယောက်သား စကားပြောဆိုနေကြစဉ် စွန်းကျန်း၏ ဖုန်းသံ မြည်ဟီးလာသည်။
“ ဘော့စ်… မင်း ရောက်နေပြီလား…”
“ အေး… ငါ မင်းရုံးရှေ့ ရောက်နေပြီ… မြန်မြန် ဆင်းခဲ့တော့…”
“ အိုကေ… ခုပဲ ဆင်းလာနေပြီ…”
စွန်းကျန်း လက်ထဲမှ ဆေးလိပ်ကို ချ၍ လီချင်းယွမ်နှင့် လျိုကွမ်းမင်အား ကြည့်လျက် “ မင်းတို့နဲ့ နောက်မှ ဆက်ပြောမယ်… မွန်းလွဲပိုင်းလည်း ပြန်လာဖြစ်ချင်မှ ပြန်လာဖြစ်မယ်…”
“ စောင့်ပါဦးဟ… အတူသွားကြစို့… ငါတို့လည်း မြို့ကြီးပြကြီးက ဒိတ်ဒိတ်ကျဲကြီးကို မြင်ဖူးချင်လွန်းလို့…”
“ ငိုးမသားတွေ … မင်းတို့အကြံ မသိခက်မယ်..”
သုံးယောက်သား အောက်သို့ ဆင်းလာခဲ့ကြပြီး ကုမ္ပဏီ ဝင်ပေါက်ဝတွင် ထိုးရပ်ထားသည့် လင်းရီ၏ ကားကို မြင်တွေ့သွားခဲ့ကြသည်။
တစ်ချိန်တည်းတွင် လင်းရီသည်လည်း ကားထဲမှ ထွက်လို့လာသည်။
လင်းရီကိုမြင်တော့ စွန်းကျန်း ဝမ်းသာအားရဖြင့် အပြေးလေးလာခဲ့၏။
သို့သော်လည်း လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့ကတော့ စတင်ပြီး တိုးတိုးတွတ်တွတ်နှင့် အတင်းတုပ်ကြတော့သည်။
“ ဟေ့ကောင်… စူပါသူဌေးကြီးက Lexus ပဲ မောင်းတာတဲ့လား…” လီချင်းယွမ်က ပြောလိုက်သည်။
“ နည်းနည်းတော့ ထူးဆန်းတယ်… ယုတ္တိရှိရှိ ပြောကြေးဆို သူ့အဆင့် သူ့အတန်းနဲ့ Rolls Royce ဒါမဟုတ် ဘန်ထလေလောက် ကိုင်သင့်တာ… ပြီးတော့ ဒရိုင်ဘာလည်း မပါဘူး… မြင်မြင်ချင်း သုံးသပ်ကြည့်ရသလောက်တော့ သူ့အနေအထားက မင်း အဖေနဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိမယ်…” လျိုကွမ်းမင်က ပြန်ပြောလိုက်ပြီး
“ စွန်းကြီး ဒီကောင် ငါတို့ကို ကြွားလုံးထုတ်သွားတာများလား…”
“ သူ့ အခန်းဖော် တစ်ယောက်က သူ့မျက်စိနဲ့ မြင်ခဲ့တယ် ဆိုတော့ အလိမ်အညာတော့ မဟုတ်လောက်ပါဘူး…..၊ ဟုတ်တယ်မလား…” လီချင်းယွမ်သည်လည်း အနည်းငယ်တော့ သံသယများနေလေသည်။
“ ဒါပေမယ့် သူ့ကိုယ်နေဟန်ထားကို ကြည့်ရသလောက်တော့ တစ်ဘီလီယမ်တန်တဲ့ ဗီလာကြီးမှာ နေတဲ့သူနဲ့လည်း မတူသလိုပဲ…”
“ အမှန်ပဲ… မင်း အခု မောင်းနေတဲ့ ကားကတောင် ယွမ်တစ်သန်းကျော် တန်တယ်… သူ့ Lexus ထက် ဈေးမပေါဘူး…”
“ ကဲပါ… ကောက်ချက်ချ မစောစမ်းပါနဲ့ဦး… အရင်သွားကြည့်ကြတာပေါ့…”
နှစ်ယောက်သား ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြပြီး စွန်းကျန်းထံ မှီလာသည်။
“ ဘော့စ်… ငါမင်းကို မိတ်ဆက်ပေးမယ်..” စွန်းကျန်းမှနေ၍ “ ဒါ ငါတို့ ကုမ္ပဏီရဲ့ သူဌေး…လီချင်းယွမ်… ၊ ဒါကတော့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် .... လျိုကွမ်းမင်…”
“ မင်္ဂလာပါ..”
လင်းရီ လက်ဆန့်တန်းလျက် သူတို့နှစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ၏ ခင်မင်ရင်းနှီးမှုကို ပြသလိုက်သည်။
“ ဘော့စ်…. မင်းလည်း ဒီကို သိပ်ပြီး ရောက်ဖြစ်လှတာ မဟုတ်ဘူး… ရောက်တုန်းတော့ ကြာကြာနေသွား… ငါ မင်းကို လိုက်ပြပေးမယ်…”
“ ဒီတစ်ခေါက်တော့ ကြာမှာ… ငါလည်း အချိန်တစ်ခုလောက်အထိ ပြန်ဖြစ်ဦးမှာ မဟုတ်ဘူး…”
“ ဟုတ်လား ... ပရောဂျက်က ဘယ်လောက်တောင် ကြီးနေလို့…“
“ မဟုတ်ဘူး… ငါ ဒီတစ်ခေါက်လာတာ ပရောဂျက်ကိစ္စနဲ့ မဟုတ်ဘူး… ငါဒီကို နွမ်းပါးမှု တိုက်ဖျက်ပေးဖို့ ရောက်လာတာ…”
“ ဟင်… နွမ်းပါးမှု တိုက်ဖျက်ပေးမယ်.. ဟုတ်လား…”
သုံးယောက်သားလုံး ကြက်သေသေသွားခဲ့ကြသည်။ လင်းရီ မည်သည်ကို ဆိုလိုချင်နေမှန်း သူတို့ နားဝေတိမ်တောင် ဖြစ်သွားခဲ့ကြ၏။
“ တုံးစန်းကောင်တီကလည်း ယွီဟန်မြို့ထဲမှာပဲမလား… ငါက အဲ့ဒီမှာ နွမ်းပါးမှုတိုက်ဖျက်ရေးဌာနရဲ့ ဒါရိုက်တာ အဖြစ်နဲ့ ရောက်လာခဲ့တာ… ဒါကြောင့်မို့ ယွီဟန်မြို့မှာ နည်းနည်းကြာမယ်…”
“ ဟင်…. နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနရဲ့ ဒါရိုက်တာ ဟုတ်လား…”
“ ဘော့စ်…. မင်းက စီးပွားရေး သမား မဟုတ်ဘူးလား… ဘာလို့ နိုင်ငံရေးတွေ တက်ကြွလှုပ်ရှားနေတာ…”
“ စီးပွားရေး လုပ်တာက ဒီလောက် စိတ်ဝင်စားစရာမှ မကောင်းတာ… ငါသာ အောင်မြင်သွားခဲ့ရင် ငါ့နာမည်ဆိုတာ သမိုင်းမှတ်တမ်းထဲမှာ ထင်ကျန်ရစ်ခဲ့တော့မှာလေ…. သေရင် ကိုယ့်နောက်ပါမှာဆိုလို့ ဒါလေးရှိတာကို…”
စွန်းကျန်း၏ နှုတ်ခမ်းသည် အနည်းငယ် ကတုန်ကယင် ဖြစ်သွားခဲ့၏။
ဧကန္တ ဘော့စ် စီးပွားရေး လုပ်ရင်းနဲ့ အရှုံးပေါ်သွားလို့များလား…
မဟုတ်ရင် ပိုက်ဆံတွေ စုဆောင်းနေမယ့်အစား ဒီလာပြီး နွမ်းပါးသူတွေကို ကူညီပေးနေမှာ မဟုတ်ဘူး..
လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့သည်လည်း အလားတူ တွေးတောနေခဲ့ကြသည်။
တကယ်လို့ သူ့ စီးပွားရေးကသာ အခြေအနေကောင်းနေတယ်ဆိုရင် သူ့ရဲ့ အနေအထားကြီးနဲ့ ယွမ်တစ်သန်းကျော်တန်ကားဆိုတာ ကိုင်ကြည့်ဖြစ်မှာတောင် မဟုတ်လောက်ဘူး… ပြီးတော့ သူ့မှာ ဒရိုင်ဘာလည်း မရှိ… ဒါကြီးက သောက်ရမ်း ရိုးစင်းလွန်းတယ်….
“ ဘော့စ်… မင်း တယ်မိုက်(လန်း)တဲ့ ကောင်ပဲ… စီးပွားရေး လုပ်ပြီးတော့ နွမ်းပါးသူတွေကိုတောင် လာပြီး ကူညီပေးနေတယ်… ငါ ဒီစကား ဘယ်သူ့ကိုမှ မပြောဖူးဘူး… မင်းကိုပဲ ပြောဖူးတာနော်…”
“ ငါလည်း လုပ်စရာမရှိတာနဲ့ ဒီတိုင်း လျှောက်လုပ်နေတာပါကွာ… မင်းလည်း မဆိုးပါဘူး… ကုမ္ပဏီ တစ်ခုရဲ့ ပါတနာတောင် ဖြစ်နေပြီ… ရင်းနှီးမြုပ်နှံပေးဖို့ လိုသေးလား… ငါ ပိုက်ဆံတစ်ချို့ ထုတ်ပေးလို့ရတယ်..”
“ ဟေ့ကောင်… မင်းနား ပိုက်ဆံတောင်းနေရင် ငါ့မျက်နှာ ဘယ်နားသွားထားရတော့မှာ…” စွန်းကျန်း အရှက်ရစွာဖြင့် ပြောလိုက်၏။
“ ဒါပေမယ့် ငါတို့ ကုမ္ပဏီရဲ့ အနာဂတ်အလားအလာက တကယ် ဆိုးတော့ မဆိုးဘူး… အချိန်ကျလာရင် ငါသူတို့နှစ်ယောက်ကို အဆိုပြုလွှာ လုပ်ခိုင်းလိုက်မယ်… မင်း တစ်ချက်ကြည့်ပြီး သင့်သလောက် ရင်းနှီးပေါ့ကွာ…”
“ စွန်းကြီး…. ထားလိုက်ပါကွာ…” လီချင်းယွမ် ပြောလိုက်ပြီး “ ငါတို့က အပြင်လူတွေလည်း မဟုတ်ဘဲနဲ့ကို ရင်းနှီးမြုပ်နှံခိုင်းဖို့ တခြားတစ်ယောက်ပဲ ရှာလိုက်တော့မယ်…”
“ ဟင်… မင်းတို့နှစ်ကောင် ခုနကပြောတော့ ဒီစကား မဟုတ်ပါဘူး… ငါ့ကိုတောင် ကြားနေပွဲစားလုပ်ပေးဖို့ ပြောနေတာ မဟုတ်ဘူးလား… ဘာလို့ ရုတ်ချည်း စိတ်ပြောင်းသွားခဲ့တာ…”
“ အခြေအနေတွေ မတူတော့လို့ပေါ့ကွာ…. တကယ်လို့ မင်းဘော့စ်ကသာ အရင်လို အခြေအနေမျိုးနဲ့ဆိုရင် ငါ ကျိန်းသေပေါက် ယဉ်ကျေးနေမှာ မဟုတ်ဘူး… ဒါပေမယ့် ခု ငါတို့နဲ့ အတူ စွန့်စားခိုင်းလို့ အဆင်မပြေတော့ဘူး… သူ့ဖို့ ပိုက်ဆံ ထပ်ရှုံးသွားရင် ကောင်းမှာ မဟုတ်ဘူး..”
စွန်းကျန်း “ ??? “
“ မင်း ဘာတွေ လာပြောနေတာ…”
လီချင်းယွမ် စွန်းကျန်းအား ဘေးသို့ ဆွဲခေါ်ယူ၍ လေသံတိုးတိုးလေးဖြင့် “ ဘာလို့ အဲ့လောက် ပိန်းနေရတာ… မင်း ဘော့စ် ခု ဘယ်လို အနေအထား ဖြစ်နေလဲ မင်း မပြောနိုင်ဘူးလား…”
“ တော်တော်ကြီးကောင်းပါတယ်… မဟုတ်ဘူးလား.. ဘာလဲဖြစ်လို့…”
“ မင်း ခုနက ပြောတဲ့အတိုင်း တကယ်လို့ မင်းဘော့စ်ကသာ ယွမ် တစ်ဘီလီယမ်ကျော်တန်တဲ့ ဗီလာကြီးမှာနေပြီး ဆိပ်ကမ်းတစ်ခု ပိုင်ထားတယ်ဆိုရင် ဘာလို့ တစ်သန်းကျော်လောက်ပဲ ပေးရတဲ့ ကားစီးနေတော့မှာလဲ… နောက်ပြီး သူ့မှာ ဒရိုင်ဘာတောင် မရှိရှာဘူး… မင်းပြောတဲ့ အခြေအနေနဲ့ နည်းနည်း ကွဲတယ် မထင်ဘူးလား…” လီချင်းယွမ် ပြောလိုက်သည်။
“ အဟုတ်ပဲ… နောက်ပြီး မင်းပြောတော့ မင်း ဘော့စ်မှာ Rolls Royce တို့ ဘန်ထလေတို့လို ကားတွေ ရှိတယ်ဆို… ခု အဲ့ကားတွေလည်း မောင်းမလာဘူး… ဧကန္တ သူ့ကုမ္ပဏီ အော်ပရေးရှင်းတွေမှာ ပြဿနာတက်လို့ အကြွေးပေးနိုင်အောင် ကားတွေ ထုတ်ရောင်းလိုက်တာပဲ ဖြစ်မယ်… ငါတို့ခုချိန် ရင်းနှီးမြုပ်နှံပေးဖို့ ပိုက်ဆံတောင်းရင် ဘယ်လိုလုပ်ပြီး ကောင်းမှာ…” လျိုကွမ်းမင်လည်း ပြောလိုက်ပြီး “ ပြီးတော့ မင်းသူ့ကို ကြည့်လိုက်စမ်း… နွမ်းပါးမှု တိုက်ဖျက်ရေးဌာနရဲ့ ဒါရိုက်တာလုပ်ဖို့ ဆိုပြီး ဒီရောက်လာတယ်… သဘောက တည်ငြိမ်တဲ့ အခြေအနေမျိုးကို လိုချင်ပြီး မစွန့်စားချင်ဘူးဆိုတဲ့ သဘောပဲ…. တကယ်လို့ ငါတို့ ကုမ္ပဏီသာ အနာဂတ်ကျ ထင်သလို ဖြစ်မလာဘူးဆိုရင် သူ့ပိုက်ဆံ အလကား ဖြစ်သွားမယ် မဟုတ်ဘူးလား… သူ့နား တောင်းရမှာ ငါရှက်တယ်… “
စွန်းကျန်း ဘာမျှ ပြန်မပြောချေ။ သူ့ကောင်နှစ်ယောက် ပြောသည်မှာလည်း အဓိပ္ပာယ် ရှိသည်ဟု သူခံစားနေရ၏။
ယွမ် တစ်သန်းကျော်တန် ကားက ပေါပေါပဲပဲ မဟုတ်သော်လည်း ဘော့စ်၏ အဆင့်အတန်းနှင့် အမှန်ပင် ကိုက်ညီမှု ရှိမနေချေ။ ထို့ကြောင့် ဖြစ်နိုင်သည်မှာ ဘော့စ်၏ လုပ်ငန်းတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
သို့ဆိုလျှင် သူ ဘော့စ်အား အရမ်းကာရော ရင်းနှီးမြုပ်နှံခိုင်းလိုက်လို့ မဖြစ်တော့ချေ။
“ မင်းတို့ပြောတာ မှန်တယ်…”
ထို့သို့ ပြန်ပြောပြီးနောက် စွန်းကျန်း လင်းရီထံသို့ ပြန်သွားကာ “ ဘော့စ်… မင်း ခုနက ငါပြောသွားတာ မကြားခဲ့ဘူးပဲ ထားလိုက်… ခု ထမင်းအရင်သွားစားကြစို့.. ဘာဘီကျူးဆိုင် အသစ်က စောက်ရမ်းနဲ့ကို အရသာရှိတာ…”
“ အာ… ၊ မင်းတို့ မလိုဘူးဆိုတာ သေချာလို့လား… ပုံမှန်ဆို မင်းတို့ ကုမ္ပဏီ အနေအထားလောက်ဆို ပြင်ပ ရင်းနှီးမြုပ်နှံသူတွေကို ဝင်လာခိုင်းချိန် တန်နေပြီနော်…”