ရှုံးရင် ငါ့ဘော်ဒါကို နမ်းရမယ်
Vol. 88 Ch. 1308
“ ဟိုက်… လိုင်စင် နံပါတ်က သောက်လွင့်ကြီးပါလား… ဒါနဲ့ စိတ်ထဲ ဘာလို့ ရင်းနှီးနေသလို ဖြစ်နေတာပါလိမ့်..” စွန်းကျန်း ရေရွတ်လိုက်သည်။
“ အဲ့တာ ငါ့ကားလေ… မင်း မရင်းနှီးမှပဲ ထူးဆန်းနေလိမ့်မယ်… “ လင်းရီ မတ်တပ်ရပ်လိုက်ပြီး “ ဘာဖြစ်လဲ သွားကြည့်လိုက်ဦးမယ်…”
“ ငါလည်း သွားမယ်..”
လင်းရီ လက်ဝှေ့ယမ်း၍ စားပွဲထိုးအား လှမ်းခေါ်လိုက်၏။
“ ညီ… အဲ့တာ ငါ့ကားပဲ… ဘာဖြစ်လို့လဲ…”
“ မင်္ဂလာပါခင်ဗျ… ကားကို တစ်ချက်လောက် ရွေ့ပေးလို့ရမလားဗျ.. သူများရဲ့ ကားကို ပိတ်နေလို့ပါ..”
“ ဟမ်… ငါတို့ရပ်ထားတာလည်း ကားပါကင်မှာပါဟ… ဘယ်လိုဖြစ်ပြီး သူများကားကို သွားပိတ်ရမှာ…” စွန်းကျန်း ပြောလိုက်သည်။
“ ဒီလိုပါဗျ… လူကြီးမင်းတို့ မျက်နှာချင်းဆိုင်မှာ တခြား ကားတစ်စင်း ရှိနေပါတယ်… လမ်းကလည်း ကျဉ်းတယ်ဆိုတော့ ထွက်မယ့်ကားက ထွက်လို့မရ….. အဲ့တာကြောင့်…..”
“ ကောင်းပြီ… ငါသွားပြီး တစ်ချက် ကြည့်လိုက်မယ်…”
“ ဟုတ်ကဲ့… အနှောင့်အယှက်ပေးမိပြီ…”
“ ရပါတယ်… ငါတို့ ခဏဆို ပြန်လာမှာနော်…. ဝိုင်းသိမ်းလိုက်မနေနဲ့ဦး…”
နှစ်ယောက်သား အပြင်သို့ အတူထွက်လာခဲ့ပြီး ကားနှစ်စင်းကြားတွင် ထိုးရပ်ထားသည့် BMW 7 စီးရီးတစ်စင်းကို မြင်တွေ့လိုက်ရသည်။ ထိုကား၏ တန်ဖိုးက လင်းရီ၏ Lexus နှင့် တန်းတူပင်။
ထို့ပြင် ၎င်းက ပြန်လည် မွန်းမံထားပုံရ၏။
ကားထဲတွင်တော့ အမျိုးသမီးနှစ်ယောက်က ထိုင်နေလျက်သားရှိပြီး ဒရိုင်ဘာခုံတွင် ထိုင်နေသူ အမျိုးသမီးမှာ နားထင်လောက်သာရောက်သည့် ဆံပင်အတိုနှင့် သာမန်လျှံကာ ရုပ်ရည်ရှိသည်။
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသူမှာတော့ ပန်းပုံစံ ၀တ်စုံနှင့် ကြည့်ကောင်းသည့် မျက်နှာသွင်ပြင်ရှိသည်။ အနည်းဆုံးတော့ မြင်သူတကာ၏ မျက်လုံးတွင် လှသည်ဟု တံဆိပ်ကပ်ရလောက်သည့် ရုပ်ရည်မျိုးဖြစ်၏။
လင်းရီနှင့် စွန်းကျန်းတို့ ထွက်လာသည့်အခါ မိန်းကလေး နှစ်ယောက်၏ အကြည့်က လင်းရီပေါ်တွင် တစ်လျှောက်လုံး ကပ်ညှိလာသည်။
သူမတို့၏ မသိစိတ်က ကားပိုင်ရှင်မှာ လင်းရီဖြစ်သည်ဟု ပြောပြနေတော့၏။
တစ်ချိန်တည်းတွင် လင်းရီ၏ အနေအထားကိုပါ ချက်ချင်း အကဲဖြတ်လိုက်ကြသည်။
သူက ငယ်ရွယ်သည်။ သို့တိုင် ထိုမျှ ကောင်းမွန်သည့် ကားကို မောင်းနေသည့်အတွက် ကျိန်းသေပေါက်ကို ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားသာ ဖြစ်ပေရမည်။
“ နေရာက အလွတ်ကြီးပဲ မဟုတ်ဘူးလား…” စွန်းကျန်းမှ စောဒကတက်လိုက်ပြီး “ ဒီကားလောက် မပြောနဲ့.. ငါ SUV ပါ ခေါ်ပြီး ထွက်ပြလိုက်ဦးမယ်…”
“ သာမန်ပါပဲ… မိန်းကလေးဒရိုင်ဘာလေ….”
လင်းရီ ရယ်သွမ်းလျက် ကားထဲသို့ဝင်ကာ ရွေ့ပေးရန် ဟန်ပြင်လိုက်သည်။
“ ဟေ့ ဟေ့… ဒီမှာ နင် ဘာစကားတွေ ပြောနေတာလဲ…. မိန်းကလေး ကားမောင်းတော့ ဘာဖြစ်လဲ…”
အမျိုးသမီး ဒရိုင်ဘာမှ ပြောလိုက်ပြီး “ လူကို လာပြီး အထင်သေးသလို ကြည့်မနေနဲ့…”
“ ငါ မင်းကို အထင်သေးပြီး ကြည့်နေတာ မဟုတ်ဘူး…. ဒါပေမယ့် ငါပြောတာ အမှန်ပဲ မဟုတ်ဘူးလား..”
“ ဘာကို အမှန်တွေ လာပြောနေတာ… နင် လူကို အထင်သေးပြီး လာကြည့်နေတာပဲ…” အမျိုးသမီး ဒရိုင်ဘာမှ ပြန်ဟစ်ပြီး “ ဒါ ပြင်းထန်တယ်… ပုဂ္ဂိုလ်ရေး ထိခိုက်တာပဲ…”
“ မင်းက မိန်းကလေး မဟုတ်ဘူးလား… မင်းက ဒရိုင်ဘာရော မဟုတ်ဘူးလား…”
လင်းရီ၏ နှစ်ဆင့်မေးခွန်းက အမျိုးသမီး ဒရိုင်ဘာကို ကြက်သေသေသွားစေခဲ့သည်။
“ နင် ဘယ်သူကပိုစွာလဲ လာပြိုင်နေတာလား… မြန်မြန် လမ်းဖယ်ပေးတော့…”
“ စိတ်လျှော့စမ်းပါ…. ဒေါသထွက်စရာ မလိုပါဘူး…” ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ကောင်မလေးမှ သူမအား ဖြောင်းဖြပြောသည်။
“ သူ့ကို ဒီတိုင်း လမ်းပဲ ဖယ်ခိုင်းလိုက်…”
“ ငါ စိတ်မတိုဘူး..” အမျိုးသမီး ဒရိုင်ဘာမှ ပြောလိုက်ပြီး “ သူက တော်တော်လေး ကြည့်ကောင်းတယ်… ဒီတိုင်း စကားပြောက အမြင်ကတ်စရာ ကောင်းလိမ့်မယ်လို့ ထင်မထားရုံလေးပဲ…”
“ မိန်းကလေး.. မင်း လူကို ဘာတွေလျှောက်ပြောနေတာ…” စွန်းကျန်းမှ ပြောလိုက်ပြီး “ ကိုယ်တိုင်ကျ အရည်အချင်း မရှိဘဲနဲ့ သူများကို လိုက်အပြစ်တင်နေတယ်… ငါ ပြောပြမယ်… မင်းကို ပေးထွက်တယ်ဆိုတာ ကူညီပေးလိုက်တာ … လုပ်ပေးသင့်တဲ့ ဝတ္တရားလို့ မထင်လိုက်နဲ့… မင်းမှာ အစွမ်းအစရှိရင် ကိုယ့်ဘာကိုယ် ထွက်လာခဲ့…. ငါ့ဘော့စ်ကားသာ ထိခိုက်သွားရင် ရဲစခန်းမှာ စကားပြောရုံပဲ..”
“ ဘာလို့ လာအော်နေတာလဲ… “ ဒရိုင်ဘာ ထိုင်ခုံရှိ မိန်းကလေးမှ ပြောလိုက်ပြီး “ နင်တို့က ကိုယ့်ကိုယ်ကို Lexus မောင်းနိုင်တိုင်းနဲ့ ဟုတ်လှပြီ ထင်နေတာလား… ချမ်းသာပြီး တုံးတဲ့လူတွေပဲ အဲ့လိုကားမျိုး ဝယ်စီးမယ််… နင်တို့က ဘာမှ မသိတဲ့ စာအုပ်ဟောင်းကြီးတွေ…”
“ အမ်… မင်းတို့က ရူးနေတာလား… လမ်းဖယ်ပေးတာတောင် ကြင်နာလှပြီကို လူကို လာဆဲနေတယ်..” စွန်းကျန်းမှ ပြောလိုက်၏။
“ ငါ ပြောတာ အမှန်မဟုတ်လို့လား… နင်တို့လို ကျိုးဟိုင်က လူတွေပဲ ပိုက်ဆံ ရှိတဲ့ချိန် မသုံးတတ် မဝယ်တတ်နဲ့ ဒီလိုကားမျိုး ဝယ်လိမ့်မယ်..” ဒရိုင်ဘာ ထိုင်ခုံရှိ ကောင်မလေးမှ ပြောလိုက်ပြီး “ ငါတို့ ယွီဟန်သူတွေကို ကြည့်စမ်း… ငါတို့ ဘယ်နှစ်ယောက်ကများ ဒီလိုကားမျိုး မောင်းတာ နင်မြင်ဖူးလဲ… ငါတို့သာ ပြိုင်မောင်းရင် ငါ့ကား နောက်မီးတောင် မြင်လိုက်ရမှာ မဟုတ်ဘူး..”
“ မင်း အဲ့လို ပြောလိုက်တာကြီးကတော့ နည်းနည်းလေး များသွားပြီ…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ ပြိုင်မောင်းမယ်… တကယ်လို့ မင်းရှုံးရင် ငါ့သူငယ်ချင်းကို နမ်းရမယ်… ဘယ်လိုလဲ…”
စွန်းကျန်း ‘ သဘောကောင်းလိုက်တဲ့ ဘော့စ်… အသက်ရှည်ပါစေ ဘော့စ်….’
“ လုပ်လေ လုပ်လေ… မလုပ်ရဲဘူးမလား..”
ဒရိုင်ဘာ ထိုင်ခုံရှိ မိန်းကလေးသည် စွန်းကျန်းကို ကြည့်လိုက်၏။ သကောင့်သားက ရွက်ကြမ်းရေကျိုရုပ်ဆိုပေမယ့် သူမ ဂရုမစိုက်ချေ။
သူမက မွမ်းမံပြင်ဆင်ထားသည့် BMW 7 စီးရီးကို ကိုင်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော လမ်းကြမ်းမောင်းသည့် ကားမျိုးဖြင့် သူမအား မည်ကဲ့သို့ အနိုင်ပိုင်းနိုင်လိမ့်မည်နည်း။
“ နင်တို့ရှုံးရင် ငါ့ကို တောင်းပန်ရမယ်…”
“ သဘောတူတယ်…” လင်းရီ ပြုံးလိုက်ပြီး “ ငါ ရှုံးရင် မင်းကို ဒီကားပါ ပေးလိုက်မယ်…”
“ ဒါဆိုလည်း လီဖုန်းလမ်းကနေ ပေါ်အောင်းလမ်း..၊ ပြီးမှ ကျင်းကျီးလမ်းကနေ ဒီပြန်လှည့်လာမယ်… “ ဒရိုင်ဘာ ထိုင်ခုံရှိ မိန်းကလေးမှ ပြောလိုက်ပြီး “ ပိုမြန်တဲ့သူက အနိုင်…”
“ ရတယ်လေ…. အစာချေပြီးမှ ပြန်လာစားရတာပေါ့…”
“ သားရီး.. ကားထဲဝင်..”
လင်းရီ ကားလှည့်၍ စွန်းကျန်းလည်း ကားထဲဝင်လာသည်။
သူတို့ ဘာဘီကျူးဆိုင် ဝင်ပေါက်ဝမှတဆင့် အရှိန်တင်၍ မိန်းလမ်းမကြီးထက် ဝင်ရောက်လိုက်သည်။
ဤနေရာရှိ လမ်းများနှင့် မရင်းနှီးသော်လည်းပဲ စွန်းကျန်းတစ်ယောက်လုံး ရှိနေသဖြင့် အဆင်ပြေသွား၏။
“ ဘော့စ်.. ဖြစ်ပါ့မလား… နေ့ခင်းကြီး ကားပြိုင်မောင်းတာ တရားမဝင်ဘူးနော်…” စွန်းကျန်းက စိုးရိမ်စိတ် ကြီးစိုးနေသည့် အသံဖြင့် ပြောသည်။
“ ဘာကြောက်စရာရှိလို့.. ဒါက ကျိုးဟိုင်မဟုတ်ဘူးဆိုရင်တောင် ငါ့ကို ဖမ်းရဲတဲ့ကောင် ရှိမယ်ထင်လား…”
“ အာ….”
စွန်းကျန်း လုရန်မင်ကို သတိရသွားခဲ့သည်။
ထိုသို့သော ဒိတ်ဒိတ်ကျဲကြီး တစ်ယောက်အား အပိုင်ကိုင်ထားသည် ဖြစ်လေရာ မည်သူကမျှ သူတို့အား ထိပါးဝံ့မည် မဟုတ်သည်မှာ သေချာသည်။
“ သေစမ်း…. ဘော့စ်… ငါတို့ကောင်တွေ ဖုန်ရှူလိုက်ရပြီ…. မြန်မြန်လိုက်စမ်းပါဟ….”
“ သူ့ 7 စီးရီးက ပြန်ပြင်ထားတာဆိုမှတော့ စစချင်း ငါတို့ထက် မြန်နေတာ မဆန်းပါဘူး… ငါတို့နောက်မှ အေးဆေး ကျော်တက်လို့ရတယ်…”
“ ဘော့စ်… မင်း နိုင်အောင်လုပ်မှ ရမှာနော်.. အဲ့ကောင်မလေး ငါ့ကို နမ်းအောင်လုပ်ပေး… ဒါမှ ဒင်း နောက်ဆို မစွာရဲတော့မှာ…”
“ အသေးမွှားလေးပါ…”
တစ်ချိန်တည်းတွင် ရှေ့ရှိ 7 စီးရီးကားအတွင်း၌။
“ ထင်ထင်… အရှိန်လျှော့…. ငါတို့ သတ်မှတ်ထားတဲ့ အမြန်နှုန်းကို ကျော်နေပြီလို့…”
ပြောလိုက်သူမှာတော့ လီစီကျင်းဟု အမည်တွင်သည့် မိန်းကလေးပင်။ သူမက ရိုးရှင်းသည့် ပန်းပွင့်ပုံစံ ဂါဝန်ကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် မိတ်ကပ်ပါးပါး ပုတ်ထား၏။ သူမ၏ ရင့်ကျက်သည့် အလှတရားက ကျက်သရေရှိပြီး ထူးကဲစွာ ဖြူစင်ဝင့်ဝါလှပေသည်။
သူမဘေးရှိ အမျိုးသမီး ဒရိုင်ဘာ မိန်းကလေးကိုတော့ ဝမ်ထင်ဟု ခေါ်သည်။ သူမ မိသားစုက အဝတ်အစား လုပ်ငန်း လုပ်ကိုင်ပြီး ယွမ် သန်းရာချီ ပိုင်ဆိုင် ကြွယ်ဝသည်။
ယွီဟန်မြို့တွင်တော့ သူမက ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသမီးလေးဟု ဆိုစမှတ် ပြုရလောက်၏။
နှစ်ယောက်သားမှာ တက္ကသိုလ် ကျောင်းတက်စဉ်မှ ဘွဲ့ရသည်အထိ စိတ်တူကိုယ်တူ သူငယ်ချင်းများ ဖြစ်ကြပြီး ရင်းနှီးဆက်ဆံရေးမှာလည်း အင်မတန်ခိုင်မာသည်။
“ နင် စိတ်ချ… ငါ ဒီလမ်းကို မောင်းနေတာ ဖန်တရာထေနေပြီ… ဒီလမ်းက ကင်မရာတွေက ဝါးတားတားရယ်… ငါတို့ကို ဖမ်းမမိနိုင်ပါဘူး..”
ဝမ်ထင် မောင်းနေရင်းဖြင့် လက်တစ်ဖက်မှ စတီယာရင်ကို ကိုင်လျက် တခြားလက်တစ်ဖက်ဖြင့် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပါသေးသည်။ သူမ၏ အသွင်မှာ အေးဆေးပေါ့ပါးနေပြီး စိတ်ကျေနပ်ဖွယ် ကောင်းနေတော့၏။
“ ဒါပေမယ့် နင်သူ့ကို အနိုင်ယူနိုင်တယ်ဆိုတာ သေချာလို့လား..” လီစီကျင်း မေးမြန်းလိုက်ပြီး “ ပုံမှန်ဆို ကောင်လေးတွေက ကားမောင်းတာ မိန်းကလေးတွေထက် ပိုတော်တယ်နော်…”
“ အဲ့တာက အများစုတော့ မှန်တယ်… ဒါပေမယ့် ငါက ကျောင်းပြီးကတည်းကရင် ကားတွေနဲ့ လက်ပွန်းတသီး ရှိလာတဲ့လူလေ… အက်စီးဒင့် ဖြစ်မှာနဲ့ ငါ့ကား ထိခိုက်မှာကိုသာ မကြောက်ရင် အစောကြီးကတည်းကရင် အပြတ်သတ် ချန်ထားခဲ့လိုက်လို့ရတယ်..” ဝမ်ထင် ပြောလိုက်ကာ “ ပြီးတော့ သူ့ကားက လမ်းကြမ်းမောင်း အကြီးစား… ကျော်တက်တာနဲ့ လမ်းပြောင်းရတာ နည်းနည်း ခက်တယ်… စွမ်းဆောင်ရည်ပိုင်းဆိုရင်လည်း ငါ့ရဲ့ 7 စီးရီးကို မယှဉ်နိုင်ပါဘူးဟာ… သူသာ ငါ့ကို ကျော်တက်နိုင်ရင် အံ့ဖွယ်တပါးတောင် ဖြစ်နေဦးမယ်..”
“ ဒါပေမယ့် သူ့ကြည့်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် တော်တော်ရှိနေတဲ့ပုံပဲနော်… အရည်အချင်း ရှိလို့ပဲ ဖြစ်ရမယ်..”
“ ကြည့်… ဒီတစ်ခေါက် အတွေ့အကြုံကွာဟမှုကို နင် မြင်နိုင်သွားပြီ….” ဝမ်ထင် ပြောလိုက်ပြီး “ ကျိုးဟိုင်ဆိုတာ ဟွာရှရဲ့ သူဌေးကြီးတွေ ပေါတဲ့နေရာ…. ဒါကြောင့်မို့ အဲ့ကလူတွေက သိပ် ဟန်ထုတ်ကြတယ်.. ငါ အဲ့ကို သုံးလေးခေါက်ရောက်ဖူးနေတော့ သူတို့ရဲ့ ပုံစံကို နားလည်နေပြီးသား…” ဝမ်ထင်ပြောလိုက်သည်။
“ ခုပဲကြည့်လေ… ငါသူ့ကို ကျော်တက်ခဲ့ပြီမလား.. သူက ကားဆိုရင် လိုရာခရီးရောက်အောင်ပဲ မောင်းတတ်တဲ့ လူစားမျိုး … ဘာမှသိတာမဟုတ်ဘူး… ဒီတစ်လိပ်ကုန်ရင် သူ ငါ့နောက်မီးတောင် မမြင်စေရဘူး…”
“ ဟေ့ … အလှလေး… ဆေးလိပ်ကြီးသောက်နေတာလား…. ပြီးရင် သွားသေချာတိုက်ထားနော်… ခဏနေကျရင် မင်း ကတိကို တည်ရဦးမှာ… တို့က ပါးစပ်ထဲကနေ ဆေးလိပ်နံ့ထွက်နေတဲ့ မိန်းကလေးဆို စိတ်မဝင်စားဘူးဗျ… အဟားဟား…”
ဘေးဘက်မှ ထွက်လာသည့် အသံဗလံများကို ကြားတော့ ဝမ်ထင်နှင့် လီစီကျင်းတို့သည် ဘေးနေရာသို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြ၏။
ထိုအချိန်မှာပဲ လင်းရီတို့ အမှီလိုက်လာနေသည်ကို သတိပြုမိလိုက်လေသည်။