နောက်ဆုံးစစ်မေးမှု
Vol. 11 Ch. 40
အာတိတ်စက်ဝန်းဒေသက ရေခဲချပ်ကြီးတစ်ခုပေါ်မှာ ဖြစ်ပါတယ်။
အညိုရောင်ဖျော့ဖျော့ဆံပင်နဲ့ ကြည့်ကောင်းတဲ့ လူငယ်လေးက ရေခဲစိုင်ကြီးပေါ်မှာတရားထိုင်နေပြီး သူ့မျက်လုံးတွေကို မှိတ်ထားပါတယ်။ သူ့နဖူးမှာတော့ အပြာရောင်မီးတောက်တစ်ခုရှိနေပြီး အအေးငွေ့တွေကို ထုတ်လွှင့်နေလေရဲ့။ မီးတောက်ဖြစ်ပေမဲ့ ပူလောင်ရမဲ့အစား အေးစိမ့်နေတဲ့ လိပ်နက်မီးတောက်ပါ။
“.....”
လူငယ်လေးက သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ မျက်လုံးတွေက မီးတောက်အရောင်နဲ့ဆင်တူဖြစ်နေပြီး သူက လက်ကိုဖြည်းဖြည်းချင်းမြှောက်လိုက်ပါတယ်။ အနီးအနားက ရေခဲစိုင်ကြီးတွေက သူ့ရဲ့ဆန္ဒအတိုင်း ရွေ့လျားလာပြီး အရွယ်အစားတွေ ပိုမိုကြီးမားလာကြပါတယ်။
“ကောင်းတယ်ကောင်လေး၊ ဒီအတိုင်းဆိုရင် မင်းက ဒီကမ္ဘာရဲ့ရေခဲစိုင်တွေ ပျော်ကျနေတဲ့ကိစ္စကို လွယ်လွယ်လေးရှင်းပေးနိုင်မှာသေချာတယ်။ ကမ္ဘာ့အပူချိန်ကိုသာ လျော့ချပေးနိုင်ရင် မင်းကို နံပါတ်တစ်သူရဲကောင်းလို့ ခေါ်ကြမှာ။”
လေ့ကျင့်နေတုန်း ရုတ်တရက်အရွန်းထဖောက်တဲ့ လိပ်နက်ကြောင့် ဖရန့်မနေနိုင်ဘဲ ပြုံးမိသွားတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြုံးနေရာကနေ ရပ်သွားပြီး သူ့မျက်လုံးတွေက ကောင်းကင်ပေါ်ကို ကြည့်လိုက်တယ်။ ငွေရောင်အလင်းတန်းတစ်ခုက တိမ်ကင်းစင်တဲ့ကောင်းကင်ကို ဖြတ်သန်းလာနေပြီး အတော်လေးမြန်ပါတယ်။
“ဒီအချိန်တောင် ရောက်လာပြီလား။” ဖရန့်က ပြောလိုက်ပါတယ်။
“ဟားဟားဟား...” လိပ်နက်ကတော့ ရယ်မောလိုက်ရင်း
“ကြည့်ရတာ မင်းက ငါ့ရဲ့ပိုင်ရှင်တွေထဲမှာ အသက်ရှင်လျက်နဲ့ ငါ့ဆီကနေ ထွက်ပြေးနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တော့မယ်ထင်တယ်။”
လိပ်နက်က ဖရန့်ကို ချီးကျူးသလိုပြောလိုက်ပေမဲ့ ဖရန့်ကတော့ ပျော်နေပုံမရဘူး။ လိပ်နက်ရဲ့သန်းချီတဲ့ သက်တမ်းတစ်လျှောက်မှာ ပိုင်ရှင်တွေအများကြီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့အများစုက ကံမကောင်းခဲ့ကြဘူး။
“မင်းပျော်သင့်တယ်နော်၊ ကလေးမလေးတစ်ယောက်ဆိုရင် ကမ္ဘာပျက်ကပ်ဘေးကို ရှောင်လွဲနိုင်ဖို့ သူ့အစ်ကိုက ပြန်သတ်တာကိုခံလိုက်ရတယ်။ အဲဒီအစ်ကိုဆိုတဲ့ ငနှဲကလည်း ငါ့ပိုင်ရှင်ဖြစ်လာပြီးမကြာဘူး၊ ငါ့ကိုချိပ်ပိတ်တာ ကျရှုံးပြီး တစ္ဆေဘဝရောက်သွားတယ်။ မင်းမတိုင်ခင် နောက်ဆုံးကောင်လေးကတော့ စကြဝဠာအက်ကွဲကြောင်းကို ချိပ်ပိတ်ဖို့အတွက် သူ့ဝိညာဥ်ကို စတေးလိုက်ရတယ်။” (Note: Only Loyal Suchende Fans will know)
ဖရန့်ကတော့ ရေခဲစိုင်ကြီးကို ငုံကြည့်ရင်း တိတ်ဆိတ်လို့။
“ဒါကြောင့် ငါလိုဂြိုဟ်ဆိုးကို ငြိမ်းငြိမ်းချမ်းချမ်း လက်လွှတ်နိုင်တာ မင်းအတွက်ကံကောင်းခြင်းပဲ မဟုတ်လား။”
တစ်ဖက်မှာတော့ ဖရန့်က ခေါင်းကိုထပ်ပြီး ခါယမ်း ပြန်တယ်။ ဒီတစ်ခါတော့ လိပ်နက်က အံ့ဩသွားပြီး
“မင်း.....”
“ဟုတ်တယ်...” ဖရန့်က အဖြေကိုသေချာမပေးသလို လိပ်နက်ကလည်း ဆက်မမေးတော့ဘူး။ သူတို့နှစ်ဦးမှာ သူတို့ကိုယ်တိုင်သာ နားလည်နိုင်မယ့် ခံစားချက်တွေ ပြည့်လို့ပါ။
ဘုတ်...
အဆင့်မြှင့်တင်ထားတဲ့ ငွေရောင်စစ်သည်က ရေခဲစိုင်ပေါ်မှာ ဆင်းသက်လိုက်ပါတယ်။ ဝတ်စုံရဲ့အလေးချိန်ကြောင့် ရေခဲစိုင်မျက်နှာပြင်မှာ အက်ကွဲရာတချို့ ပေါ်လာပါတယ်။
“အေမီက မင်းလျှို့ဝှက်နေရာတစ်ခုမှာ လေ့ကျင့်နေတယ်ပြောလို့ ရှာရခက်မယ်ထင်နေတာ။ မင်းက အာတိတ်စက်ဝန်းမှာ တစ်ကိုယ်တည်းလေ့ကျင့်နေတာပဲ။”
ငွေရောင်စစ်သည်က ပြောလိုက်တယ်။ မက်ဒါနာက ဝတ်စုံထဲမှာဆိုရင် တကယ့်အလယ်ခေတ်စစ်သည်လို ပြုမူတယ်။ ဖရန့်ကတော့ ထိုင်နေရာကနေ ထရပ်လိုက်ပါတယ်။ သူက သာမန်အားကစားဝတ်စုံကိုသာ ဝတ်ထားပြီး သာမန်လူတွေကို မိနစ်ပိုင်းအတွင်း ခဲသေစေနိုင်တဲ့ နေရာမှာ သာသာယာယာပဲရှိနေတယ်။
“ဒီဂြိုဟ်ပေါ်က အရာရာတိုင်းကို ထိုးထွင်းသိမြင်နိုင်တဲ့ မင်းလက်ကနေ ပုန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ဒီနေရာမှာ မင်းလာတာကို ထိုင်စောင့်နေတာ။”
ဖရန့်က မက်ဒါနာရဲ့စွမ်းအားကို ချီးကျူးလိုက်ပေမဲ့ သူ့လေသံက အကောင်းမြင်တဲ့ လေသံမျိုးမဟုတ်ဘူး။
မက်ဒါနာကတော့ မျက်မှောင်ကြုတ်လိုက်မိပေမဲ့ သူတို့က ရန်သူတွေမဟုတ်တဲ့အတွက် သာမန်လေသံနဲ့ပဲ ပြန်မေးတယ်။
“အဲဒါတွေက ထားပါ။ အခုဆိုရင် ပိုးကောင်ဘုရင်မက အရွယ်ရောက်လာတော့မယ်။ အိုမီဂါအဆင့်ရဲ့သော့ချက်ကို သိရဖို့အတွက် လိပ်နက်ရဲ့စွမ်းအားကိုလိုတယ်။ သူ့ကို နောက်ဆုံးစစ်မေးမှု စတင်ဖို့အတွက် ပြောပေးပါ။”
ဖရန့်က အဲဒီစကားကို စကားနဲ့ပြန်မဖြေဘူး။ အဲဒီအစား တိုက်ပွဲဝင်တော့မယ့်ပုံစံနဲ့ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ရေခဲတွေက ဖုံးလွှမ်းသွားတယ်။ မကြာခင်မှာပဲ သူ့ကိုယ်ကို အလွန်ထူထဲတဲ့ရေခဲချပ်ဝတ်တွေက ဖုံးအုပ်သွားပြီး လက်ထဲမှာတော့ ရေခဲချပ်ဝတ်ဒိုင်းနဲ့လှံကို ကိုင်ဆောင်ထားတယ်။
“ငြင်းပယ်တယ်...” သူက စကားတစ်ခွန်းကို ပြောလိုက်တယ်။ မက်ဒါနာကတော့ မျက်မှောင်ကြုတ်လိုက်ပါပြီ...
“ဖရန့်... ဒါဘာသဘောလဲ... ကမ္ဘာကြီးကို ကယ်တင်မယ့်ကိစ္စက နောက်စရာမဟုတ်ဘူးနော်...”
မက်ဒါနာက ပြောလိုက်တော့ လိပ်နက်ဆီကနေ ရယ်သံထွက်လာတယ်။ ဖရန့်ကတော့ ငွေရောင်စစ်သည်ကို လှံနဲ့စတင်တိုက်ခိုက်လိုက်ပြီး ငွေရောင်စစ်သည်က လှံကိုဆုပ်ကိုင်ကာ ချိုးဖဲ့ဖို့ ကြိုးစားလိုက်ပေမဲ့ လှံက ကျိုးမသွားတာကြောင့် မျက်လုံးပြူးသွားတယ်။
“ဘာ....”
ဖရန့်ကတော့ ငွေရောင်စစ်သည်ရဲ့ရင်ဘတ်ကို ကန်လိုက်ပြီး ပြောလိုက်တယ်။
“အာတိတ်ဒေသက ရေခဲစိုင်တစ်ခုရဲ့သိပ်သည်းဆက 840–910 kg/m3 ကြားမှာရှိတယ်။ သံမဏိထက်တောင် မာတယ်ဆိုတဲ့သဘောပဲ။ ငါ့ရဲ့ချပ်ဝတ်တွေနဲ့လှံက တစ်ကီလိုမီတာရှိတဲ့ ရေခဲစိုင်တစ်ခုလုံးကို အရွယ်အစား သေးသေးလေးဖြစ်တဲ့အထိ သိပ်သည်းထားတဲ့လက်နက်ပဲ။ မင်းရဲ့ဇက်သတ္တုတွေထက် ပိုကောင်းတယ်။”
ဖရန့်က လှံကိုလိုသလိုကစားပြီး မက်ဒါနာကို စတင်တိုက်ခိုက်တယ်။ လှံက မြွေတစ်ကောင်လိုမျိုး လှုပ်ရှားနေပြီး အသင့်မဖြစ်သေးတဲ့ မက်ဒါနာဟာ အန္တရာယ်ကနေ လွတ်ဖို့အတွက် မြေဆွဲအားကို လျှော့ချပြီး ပျံသန်းလိုက်ရတယ်။ ဒါပေမဲ့ ဖရန့်ကလည်း ကြိုတွေးမိပြီးသားပါ။
“မင်းလှုပ်ရှားမှုတွေကို ငါမြင်နေရတယ်။” ဖရန့်က မက်ဒါနာကို ကျောခိုင်းလိုက်တယ်။ ဒါပေမဲ့အစီအစဥ်တကျ ကျောခိုင်းတာဖြစ်ပြီး သူ့ကျောနောက်ကနေ လိပ်နက်ရဲ့အမြီးသုံးခွထွက်လာကာ လေထုထဲက မက်ဒါနာကို တိုက်ခိုက်လိုက်တယ်။
ထန်း... ထန်း... ထန်း...
ပြီးပြည့်စုံနေပြီဖြစ်တဲ့ မက်ဒါနာရဲ့ဝတ်စုံဉာဏ်ရည်တုက သတိပေးချက်ကြောင့် မက်ဒါနာက ဓားကိုမြှောက်ပြီး အမြီးတွေကို ရိုက်ချပစ်လိုက်တယ်။ ဒါပေမဲ့ မြေဆွဲအားကို လျှော့ချထားမိတဲ့အတွက် အမြီးရိုက်ချက်ကြောင့် ဖြစ်လာတဲ့သက်ရောက်အားက ပိုကြီးသွားပြီး မက်ဒါနာအဝေးကို လွင့်ထွက်သွားတယ်။ နောက်တော့ ရေခဲစိုင်ပေါ်ပြန်ကျလာပြီး တရွတ်တိုက်ဆွဲပါကာ ရေခဲစိုင်အဆုံးက ရေပြင်နားကို ရောက်လာနေပြီ။
“ကောင်မလေး၊ ရေခဲမကျစေနဲ့။” နဂါးပြာက သတိပေးလိုက်တာကြောင့် မက်ဒါနာက ရေခဲစိုင်ကို ဓားနဲ့ထိုးစိုက်ပြီး ဟန်ချက်ထိန်းလိုက်တယ်။ နောက်ဆုံး ရပ်သွားတော့မှ သူသက်ပြင်းချနိုင်တော့တယ်။
“လိပ်နက်နဲ့ဖရန့်က မင်းလာမယ်ဆိုတာကို ကြိုသိတယ်။ သူတို့က တမင်သက်သက် ဒီနေရာကိုရွေးလိုက်တာ။ ဒီလောက်အေးစိမ့်နေတဲ့နေရာက သူတို့ရဲ့ပိုင်နက်ပဲ။ မင်းက ပိုအစွမ်းထက်ရင်တောင် သူတို့က သူတို့ပိုင်နက်ထဲမှာ ကြိုက်သလိုကစားလို့ရတယ်။”
အဆင့်မြှင့်တင်ထားပြီး ဝတ်စုံထဲမှာ ရှိနေပေမဲ့ လိပ်နက်ရဲ့စကားကြောင့် မက်ဒါနာကျက်သီးထသွားတယ်။ ဖရန့်ကတော့ အပြာရောင်မီးတောက်လောင်နေတဲ့လှံကိုကိုင်ထားပြီး ပြောလိုက်တယ်။
“အခွင့်အရေးတစ်ခုကို ဆုံးရှုံးသွားတာပဲ။”
မက်ဒါနာကလည်း ဉာဏ်ရည်တုရဲ့သတိပေးချက်ကို ဖတ်လိုက်မိပြီး အံ့ဩသွားတယ်။ ဖရန့်က မက်ဒါနာကို ရေထဲတွန်းချပြီး အဲဲဒီရေပြင်ကို ချက်ချင်းအေးခဲပစ်ဖို့ ကြိုစီစဥ်ထားတာ။
“ငါ့ဝတ်စုံက ဘယ်လောက်သန်မာသန်မာ လိပ်နက်က သမုဒ္ဒရာရဲ့အစိတ်အပိုင်းတစ်ခုလုံးကိုခဲပြီး ငါ့ကိုချိပ်ပိတ်လိုက်ရင် ပြန်ထွက်လို့ရတော့မှာမဟုတ်ဘူး။”
မက်ဒါနာကတွေးလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပဲ တန်ပြန်တိုက်စစ်ကိုစတင်တယ်။ သူ့ကျောနောက်က သေနတ်ပျံခြောက်ခုက အလိုလိုလှုပ်ရှားလာပြီး အလင်းဒြပ်စင်တွေနဲ့စပစ်ခတ်တယ်။ ဖရန့်ကတော့ ဒိုင်းနဲ့သာသာလေးကာလိုက်ပြီး လှံကိုရေခဲစိုင်ထဲ ရိုက်ချလိုက်တယ်။
ဘုန်း...
မက်ဒါနာရပ်နေတဲ့ ရေခဲကြမ်းပြင်က ရုတ်တရက်မြင့်တက်လာပြီး ဧရာမရေခဲလက်ကြီး ပေါ်ထွက်လာတယ်။ လက်ကြီးက မက်ဒါနာကို ဖမ်းဆုပ်ဖို့ ကြိုးစားပေမဲ့ မက်ဒါနာက ဝတ်စုံရဲ့မြေဆွဲအားကို လျှော့ချပြီး ဒုံးကျည်တစ်စင်းလို လေထုထဲ ထိုးတက်တယ်။
“သေစမ်း...” ဒါပေမဲ့ ဖရန့်က လေပေါ်မှာ ကြိုစောင့်နေပြီး သူ့မှာအတောင်ပံတွေမရှိပေမဲ့ ရေခဲချပ်တွေကို လေထုထဲမှာဖန်တီးကာ လှေကားထစ်လိုသုံးပြီး မက်ဒါနာရောက်လာမယ့်နေရာမှာ ကြိုစောင့်နေခဲ့တာပါ။
“ပြဿနာပဲ....” မက်ဒါနာက ဓားကိုမြှောက်လိုက်တယ်။ ဓားရဲ့မြေဆွဲအားကို ရုတ်တရက်မြှင့်လိုက်ပြီး ဖရန့်ရဲ့လှံကို ရင်ဆိုင်လိုက်ချိန်မှာတော့။
ဖျောင်း...
ဖရန့်ရဲ့ရေခဲလှံက တစ်စစီကျိုးပဲ့သွားပြီး ရေခဲမှုန်တွေပ ပတ်ဝန်းကျင်ကိုပြန့်နှံသွားတယ်။ ကြီးမားတဲ့ဖိအားနဲ့ ရေခဲတွေကို ဖိသိပ်ထားခဲ့တာဖြစ်လို့ လှံအချိုးခံရချိန်မှာ ရေခဲမှုန်တွေက အားပြင်းပြင်းနဲ့ပြန်ကန်ထွက်လာပြီး နှစ်ယောက်လုံး ပေါက်ကွဲမှုထဲ ညပ်ပါသွားတယ်။
ဝေါ့....
ဖရန့်က မြေပြင်ပေါ်ကိုပြန်ကျလာပြီး သွေးတွေအန်ထုတ်လိုက်ရတယ်။ မက်ဒါနာကိုယ်တိုင်လည်း မျက်လုံးပြူးနေပြီး အက်ကွဲနေတဲ့ အလင်းဒိုင်းကို ကြည့်လိုက်ပါတယ်။ ပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်တစ်ခုရဲ့အပိုင်းတစ်ခုစာ အလိုကမှ ဉာဏ်ရည်တုရဲ့သတိပေးချက်ဝင်လာလို့ ဝတ်စုံရဲ့လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ အလင်းဒိုင်းကို အသက်သွင်းလိုက်တာ။ အခုမက်ဒါနာဝတ်စုံက အလင်းဒိုင်းက မြို့တွေကို အကာအကွယ်ပေးနေတဲ့ ဒိုင်းတွေနီးပါးလောက်ကောင်းပေမဲ့ ပေါက်ကွဲဒဏ်လေးတစ်ခုကြောင့်နဲ့တင် ပျက်စီးလုမတတ်ဖြစ်သွားပြီ။
“ပိုဆိုးတာက ငါ့ဝတ်စုံရဲ့နောက်ဆုံးပေါ် စွမ်းအင်ဗဟိုချက်ကတောင် မြို့တံတိုင်းအဆင့် အလင်းဒိုင်းကို အကြာကြီးမထိန်းနိုင်တာပဲ။”
မက်ဒါနာက တစ်စက္ကန့်တိုင်းမှာ ရာခိုင်နှုန်းတစ်ခုစီလျော့နေတဲ့ စွမ်းအင်ပြဘားကို ကြည့်ပြီးတဲ့နောက် ဒိုင်းကိုဖျောက်လိုက်တယ်။ ဖရန့်ကတော့ ဟန်ချက်ပြန်ထိန်းနိုင်ပြီဖြစ်ပေမဲ့ လက်ထဲမှာ လှံရှိမနေတော့ဘူး။
“သူ့ကို အနားကပ်ခွင့် ထပ်ပေးလို့မဖြစ်ဘူး။”
မက်ဒါနာက သုံးသပ်လိုက်ပြီး သေနတ်ပျံတွေနဲ့ ဖရန့်ကို ဖိအားပေးပစ်ခတ်တယ်။ ဖရန့်ကတော့ အလင်းတန်းတွေကို ဒိုင်းနဲ့ကာလိုက် ရှောင်လိုက်နဲ့ ရေခဲစိုင်ပေါ်မှာ ပတ်ပြေးနေတယ်။ သူက လှံကိုပြန်ဖွဲ့တည်ဖို့ ကြိုးစားနေပေမဲ့ မက်ဒါနာက လုံးဝ အခွင့်အရေးမပေးပါဘူး။
“ဒါကစစ်မေးမှုလား... ဒါပေမဲ့ ဖရန့်ကိုယ်တိုင်က စိတ်လိုလက်ရတိုက်နေသလိုပဲ။ လိပ်နက်အမိန့်ဖြစ်မယ့်ပုံမပေါ်ဘူး။”
မက်ဒါနာက ပြောလိုက်တယ်။ တိုက်ပွဲကို စောင့်ကြည့်နေတဲ့ တခြားသားရဲတွေဆီကနေ သက်ပြင်းချသံ ထွက်ပေါ်လာတယ်။ နဂါးပြာကတော့
“ကြည့်ရတာ နှစ်ခုလုံးဖြစ်မယ့်ပုံပဲ။ လိပ်နက်နဲ့ဖရန့်ပဲ အကြောင်းပြချက်ကို သိလိမ့်မယ်။ မင်းသိချင်တယ်ဆိုရင်တော့ သူတို့ကိုနိုင်အောင်လုပ်ပြီးမေးပေါ့။”
“ကောင်းပြီလေ။” မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး သေနတ်တွေနဲ့ပစ်နေရင်းကနေ ဝတ်စုံရဲ့မြေဆွဲအားကို မြှင့်တင်လိုက်ပြီး ဖရန့်ဆီကို တည့်တည့်ပြေးဝင်တယ်။
[Ultimate Skill: Gravity Kick]
မက်ဒါနာက လမ်းတစ်ဝက်မှာခုန်လိုက်ပြီး အလင်းတန်းတွေကြောင့် ချောင်ပိတ်မိနေတဲ့ ဖရန့်ရင်ဝကို ခြေစုံဆောင့်ကန်တယ်။ ဖရန့်ကလည်း ဒိုင်းကိုမြှောက်ပြီးကာလိုက်တယ်။
ဖျောင်း....
မြို့တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ ခြေကန်ချက်ကြောင့် ဖရန့်ရဲ့ဒိုင်းက ကွဲကြေသွားပြီး နောက်ထပ်ရေခဲမှုန်တွေ ပေါက်ကွဲထွက်လာပြန်တယ်။ ဒီတစ်ခါတော့ နှစ်ယောက်လုံးက ပြင်ဆင်ထားပြီးပြီမလို့ သူတို့ကို သက်ရောက်လှိုင်းမထိခင် မြန်မြန်ဆန်ဆန်ပဲ အသံမြန်နှုန်းအထက်ကိုသွားပြီး ရှောင်လိုက်ကြတယ်။
“ဒီနေ့မင်းကို အရှုံးမပေးနိုင်ဘူး။” ဖရန့်က နောက်ကို ခုန်ဆုတ်ပြီး သူ့ညာလက်ထဲမှာ အပြာရောင်မီးတောက်ကို ဖော်ဆောင်လိုက်တယ်။ အနီးအနားလေထုက ရုတ်တရက် သိပ်သည်းသွားပြီး ရေခဲချွန်အမြောက်အများ လေထုထဲမှာပေါ်လာတယ်။
“ဘယ်ကြောင့် သူမှာ ဒီလောက်ထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချင်စိတ်ရှိနေတာလဲ။ ငါတို့က ရန်သူတွေတောင် မဟုတ်ဘဲနဲ့။”
မက်ဒါနာက တွဲလောင်းကျနေတဲ့ ဖရန့်ရဲ့ဘယ်လက်ကို ကြည့်လိုက်တယ်။ ဒိုင်းပေါက်ကွဲသွားတုန်းက သူ့လက်ကို ထိသွားပြီး အရိုးတွေကြေမွကုန်တာ။ ဒါပေမဲ့ ဖရန့်က နာကျင်မှုကို လစ်လျူရှုပြီး ဆက်တိုက်နေတုန်းပဲ။
“နောက်ဆုံးကျန်ခဲ့တဲ့ မိတ်ဆွေကို လက်မလွှတ်နိုင်ဘူး။”
ဖရန့်က လက်ကိုဝေ့ယမ်းလိုက်တယ်။ ရေခဲချွန်တွေက ငွေရောင်စစ်သည်ဆီပြေးဝင်လာတယ်။ သိပ်သည်းဆ များလွန်းလို့ ဇက်သတ္တုကိုသာသာလေး ဖြတ်ပစ်နိုင်တဲ့ လက်နက်တွေပါ။ မက်ဒါနာက မြေဆွဲအားဓားကို နှစ်ခြမ်းဆွဲဖြတ်လိုက်ပြီး အလင်းဒြပ်စင်အားကို ဓားထဲဖြတ်စီးဆင်းစေတယ်။ အဲဲဒီနောက်တော့ ဓားနှစ်လက်ကိုကိုင်ပြီး ရေခဲချွန်တွေကို အနားအရောက်မခံဘဲ လေထုထဲမှာ စတင်ပိုင်းဖြတ်တယ်။ တစ်ချိန်တည်းမှာပဲ ဖရန့်ရဲ့မျက်လုံးတွေက နီရဲပြီးမျက်ရည်တွေနဲ့ ပြည့်နေတာကို မြင်လိုက်ရတယ်။
“ဘာလို့... သူ့ပုံစံက..သိပ်ကိုကြေကွဲဝမ်းနည်းနေသလို ဖြစ်နေတာလဲ။” မက်ဒါနာ တွေးလိုက်တယ်။
...
ဖရန့်ရဲ့အတွေးတွေက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကို ပြန်ရောက်သွားတယ်။
သူ့လက်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် ဓားကိုကိုင်ဖူးတဲ့ အချိန်ပေါ့။
“သား ဖရန့်၊ အဖေတို့ ဗျူရိုးမိသားစုက မျိုးရိုးစဥ်ဆက်် စစ်သူရဲကောင်းတွေပဲ။ သာသနာစောင့်ရောမအင်ပါယာရဲ့ ဧကရာဇ်အော့တိုရဲ့မင်းဆက်တစ်လျှောက် အမှုထမ်းခဲ့တဲ့ သူတွေပဲ။ ဒါကြောင့် မျိုးရိုးဂုဏ်ဖြစ်တဲ့ ဓားပညာကို မင်းသင်ကြားရမယ်။”
ဖရန့်ရဲ့အဖေက သူငါးနှစ်သားအရွယ်မှာ ဒီစကားကိုပြောပြီး ဓားပညာကို လေ့ကျင့်ပေးခဲ့တယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းသာ ဒီစကားပြောခံရပြီး လေ့ကျင့်ပေးတာ ခံခဲ့ရတာမဟုတ်။ ဗျူရိုးမိသားစုရဲ့ ဆယ့်ခြောက်ယောက်သော လူငယ်မျိုးဆက်မှန်သမျှဟာ တူညီတဲ့စကားတွေနဲ့ လေ့ကျင့်ပေးခြင်းခံခဲ့ရတာ။
ဖရန့်ဟာ သူ့အသက် ဆယ့်လေးနှစ်ရောက်တဲ့အထိ ဓားပညာကို အခြေခံအဆင့်ကနေ တက်မလာခဲ့တဲ့ နောက်မှာတော့....
“ဒီကလေးက ဘယ်တုန်းကမှ ဗျူရိုးမိသားစုမှာ ရှိမလာသင့်တဲ့သူပဲ။”
“ဘာလို့သူ့စွမ်းအားက အသုံးမဝင်တဲ့အရာတွေကို ဆင့်ခေါ်နိုင်တာ ဖြစ်နေရတာလဲ။”
“ဖရန့်က ငါတို့နဲ့မောင်နှမမတော်တာ ဖြစ်နိုင်တာပဲ။”
တခြားသွေးချင်းတွေရဲ့ပစ်ပယ်ခြင်းကို ခံလာရပြီး သမားရိုးကျ သူကောင်းမျိုးမိသားစုက ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့တာပါပဲ။
ဒါပေမဲ့ ဖရန့်က အထီးမကျန်ခဲ့ဘူး။ သူ့မှာ အပေါင်းအဖော်တွေ အများကြီးရှိခဲ့တယ်။ နေ့တိုင်း ကျောင်းမှာ သူငယ်ချင်းတွေအများကြီးနဲ့ စကားပြောဖြစ်ပြီး သူဆင့်ခေါ်တဲ့ ကောင်မလေးနဲ့လည်း စကားပြောဖြစ်တယ်။ သိပ်မကြာခင်မှာ မြင်းပျံကြီး တစ်ကောင်ကို ထပ်ဆင့်ခေါ်နိုင်ခဲ့ပြီး မိသားစုထဲက တခြားမောင်နှမတွေရဲ့ပါးစပ်ကို ပိတ်ပစ်လိုက်နိုင်တယ်။
“ငါက ဖရန့်ကွ၊ အခုငါ့မှာ မြင်းပျံကြီးရော မင်းသမီးချောလေးရောရှိတယ်။ ဓားမကိုင်တတ်တော့ ဘာဖြစ်လဲ။ ငါက မင်းတို့ထက် သူရဲကောင်းပိုဆန်လို့ ဒီအစွမ်းကို ရထားတာကွ။”
မောင်နှမတွေရဲ့မနာလိုတဲ့အကြည့်ကို ရလေလေ ဖရန့်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှုက တက်လာလေလေပဲ။ ဒါတွေအားလုံးက သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ဆင့်ခေါ်ကောင်တွေကြောင့်လို့ သူယုံကြည်တယ်။ ဒါကြောင့် သူသူတို့ကို တန်ဖိုးထားတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူ့ရဲ့မိတ်ဆွေတွေက သူ့ဘဝ လမ်းကြောင်းကနေ ထွက်ခွာသွားကြပြီ။ အခုလောလောဆယ် သူ့မှာကျန်တာဆိုလို့ လိပ်နက်တစ်ကောင်ပါပဲ။
“ဖရန့်၊ သတိထား....” လိပ်နက်ရဲ့သတိပေးစကားကြောင့် ဖရန့်သတိပြန်ဝင်လာတယ်။ ငွေရောင်စစ်သည်က သူ့ရဲ့ရေခဲချွန်အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်ပြီး သေနတ်ပျံခြောက်ခုကို စုစည်းလိုက်ပြီး
[Ultimate Skill: Seraphim’s Wrath]
အလွန်အားကောင်းတဲ့ အလင်းတန်းတဲ့ပစ်ခတ်လိုက်တဲ့အတွက် ဖရန့်က ရေခဲစိုင်ကို လက်သီးနဲ့ထိုးချပြီး ရေခဲတံတိုင်းကြီးတစ်ခုကို ဆင့်ခေါ်လိုက်တယ်။
ဘုန်း...
အလင်းတန်းက ရေခဲတံတိုင်းနဲ့ရိုက်မိပြီး ခတ္တတုန့်နှေးသွားပေမဲ့ အပြီးတိုင်တားဆီးနိုင်တာတော့ မဟုတ်ပါဘူး။
“ရေခဲကိုခုန်ချလိုက်တော့...” လိပ်နက်က အကြံပေးတဲ့အတိုင်း ဖရန့်က အရိုးခိုက်လုမတတ် အေးခဲနေတဲ့ ပင်လယ်ရေထဲကို ခုန်ဆင်းသွားလိုက်တယ်။ ငွေရောင်စစ်သည်ကို မြေပြင်ပေါ်မှာ ရင်ဆိုင်ဖို့အတွက် သူ့မှာခွန်အားမရှိပါဘူး။ ဒါကြောင့် လိပ်နက်ရဲ့ပိုင်နက် ပိုနက်ရှိုင်းတဲ့နေရာအထိ ဆုတ်ပြေးရမယ်။
ဖရန့်က သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်တယ်။
“စိတ်မပူပါနဲ့မိတ်ဆွေကြီး၊ ငါတို့က နောက်ဆုံးအချိန်အထိ အတူရှိနေမှာပါ။”
ဟုတ်တယ်၊ တစ်ချိန်တုန်းက ဖရန့်ဟာ လိပ်နက်ကို မုန်းခဲ့ဖူးတယ်။ ကြမ်းတမ်းလွန်းပြီး သူမထိန်းချုပ်နိုင်တဲ့ အရာအဖြစ်ပေါ့။ ဒါပေမဲ့ အခုတော့ သူက သူ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုရင်တောင် တခြားတစ်ယောက်ဆီ သူမပေးလိုက်နိုင်ဘူး။
“ဟားဟားဟား... ကြိုက်ပြီလေ၊ ဒါကြောင့် ဒီကောင်မလေးရဲ့နောက်ဆုံးစစ်မေးမှုကို မင်းအဖြစ် ရွေးချယ်ခဲ့တာ။ အဲဒီကောင်မလေး မင်းကိုဖျောင်းဖျနိုင်မှ ငါ့ကိုရမယ်။”