← Chapters

မှီစရာ ပခုံးတစ်ခု

Vol. 11 Ch. 41

မှီစရာ ပခုံးတစ်ခု

Vol. 11 Ch. 41

“ငါခန့်မှန်းသာတာမမှားရင် လိပ်နက်ရဲ့စမ်းသပ်မှုက အဲဒီကောင်လေးပဲ။ အဲဒီကောင်လေး​က မင်းလက်ထဲ လိပ်နက်ကို ထည့်မပေးချင်ဘူးနဲ့တူတယ်။ ဒီကမ္ဘာ ဆက်လက်တည်တံ့ဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်နေတာတောင်မှပေါ့။”

နဂါးပြာဆီက ကောက်ချက်ကိုကြားပြီးနောက် မက်ဒါနာက ရေခဲစိုင်ကြီးရဲ့အစွန်းမှာ ရပ်လိုက်တယ်။ ရေခဲစိုင်က သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကြောင့် ပြိုကျ အက်ကွဲနေသင့်ပြီဆိုပေမဲ့ မအက်ကွဲသေးပုံထောက်ရင် လိပ်နက်က ဒီရေခဲစိုင်ကို တစ်ခုခုလုပ်ထားခဲ့ပုံပဲ။

“ရေခဲစိုင်ရဲ့သိပ်သည်းဆက ပုံမှန်ရှိသင့်တာထက် အဆပေါင်းများစွာများနေတယ်။ အခုလိပ်နက်ပိုင်ရှင်က ရေထဲခုန်ချသွားပြီ။ ရေဆိုတာက လိပ်နက်ရဲ့ပိုင်နက်ပဲ၊ ဒီအတိုင်းလိုက်သွားမယ်ဆိုရင် သိပ်ကိုအန္တရာယ်များလိမ့်မယ်။”

ဖီးနစ်က ဝင်ပြောတယ်။ မက်ဒါနာလည်း အမှန်တရားကို သိနေနှင့်ပြီးသားပါ။ ရန်သူ့နယ်မြေထဲမှာ ရှိနေတာဖြစ်လို့ တခြားစောင့်ရှောက်သူသားရဲတွေရဲ့စွမ်းအားကို သုံးမယ်ဆိုရင်တောင် လိပ်နက်ကို အသာစီးရဖို့ခက်ပါတယ်။ အစောပိုင်းကလည်း လိပ်နက်သာ အတွေးပြန့်မနေခဲ့ဘူးဆိုရင် မက်ဒါနာ တန်ပြန်တိုက်ဖို့ အခွင့်အရေးရခဲ့မှာမဟုတ်ဘူး။

“ဒါဆိုရင် ဒီအတိုင်းပဲ အရှုံးပေးပြီးတော့ ပြန်ဆုတ်ရမှာလား။ ဒီလိုတော့ မလုပ်နိုင်ဘူး။”

မက်ဒါနာက သားရဲတွေကိုပြောလိုက်ပြီး ဝတ်စုံစနစ်အပေါ် အာရုံစိုက်လိုက်တယ်။ ငွေရောင်စစ်သည်က မူရင်းဗားရှင်းမှာကတည်းက ရေငုပ်နိုင်စွမ်းရှိတယ်။ အဆင့်မြှင့်တင်ပြီးနောက်မှာ ရေအနက်ပိုင်း အတိုင်းအတာတစ်ခုအထိငုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီးပြီ။ ဒါပေမဲ့ ရေအောက်တိုက်ပွဲဆိုတာက ခန့်မှန်းရခက်တဲ့အရာပါ။ လက်ရှိမက်ဒါနာဟာ မြေပေါ်မှာတောင် လိပ်နက်ကို ပြတ်ပြတ်သားသား မနိုင်သေးပါ။

“ကျားဖြူ... နင့်စွမ်းအားကိုသုံးပြီး ပင်လယ်ပြင်တစ်ခုလုံးကို ရှော့တိုက်လို့ရမလား။”

မက်ဒါနာက တခြားစောင့်ရှောက်သူသားရဲတွေရဲ့အကူအညီနဲ့ လိပ်နက်ကို ​ဖြေရှင်းဖို့အကြံထုတ်ပေမဲ့ ကျားဖြူက ငြင်းလိုက်တယ်။

“ဒါက ဂုဏ်သိက္ခာမရှိတဲ့လုပ်ရပ်။ စောင့်ရှောက်သူတစ်ယောက်က တခြားစောင့်ရှောက်သူတစ်ယောက်ရဲ့စစ်မေးမှုမှာ ဝင်မရှုပ်သင့်ဘူး။”

မက်ဒါနာက သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ရေမျက်နှာပြင်မှာ ပုံရိပ်ထင်ဟပ်နေတဲ့ ငွေရောင်စစ်သည်ရဲ့ပုံရိပ်ကို ပြန်ငုံကြည့်လိုက်တယ်။

“ကြည့်ရတာ ကိုယ့်အားကိုယ်ကိုးရတော့မယ့်ပုံပဲ။ ဘယ်တတ်နိုင်မလဲ။”

မက်ဒါနာက ဉာဏ်ရည်တုကိုသုံးပြီး ဖြစ်နိုင်ခြေတွေကို တွက်ချက်လိုက်တယ်။ ဉာဏ်ရည်တုအဆိုအရ ဖရန့်ရဲ့ ဖြစ်နိုင်ခြေအမြင့်ဆုံးတိုက်ခိုက်မှုက မက်ဒါနာကို ရေထဲမှာ ချုပ်ထားပြီး ရေနစ်တဲ့အထိစောင့်တာပါပဲ။

“တစ်နည်းအားဖြင့် ငါတို့သူ့ကို အချိန်ဆွဲမနေဘဲ အနိုင်တိုက်ရမယ်။”

မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ပြီးတဲ့နောက် ငွေရောင်စစ်သည်က ရေအောက်ကို ဒိုင်ပင်ပစ်ဝင်တယ်။

ရေအနက်ပိုင်းတစ်နေရာမှာတော့ ဖရန့်က အသက်ရှု အောင့်ထားပြီး ပင်လယ်ရေပြင်ထက်ကို မော့ကြည့်နေတယ်။ အပြာရောင်အလင်းတန်းတွေက သူ့မျက်နှာပေါ်ကို ​အနည်းငယ်ဖြာကျနေပေမဲ့ ပတ်ဝန်းကျင်ဟာ အနည်းငယ်မှောင်မိုက်နေတယ်။ ပင်လယ်ငါးတချို့ သူ့အနားကနေ ဖြတ်သွားပေမဲ့ ကျန်တာအားလုံးက တိတ်ဆိတ်နေပါတယ်။

ပလုံ...

ရုတ်တရက် ပင်လယ်ထဲကို လေးလံတဲ့တစ်စုံတစ်ခု ကျလာသံထွက်လာပြီးနောက် ဖရန့်ရဲ့နားတစ်ဖက်က လှုပ်ရှားသွားတယ်။

“သူရောက်လာပြီ...”

“ဖရန့်၊ အရမ်းစိတ်မလှုပ်ရှားနဲ့။ ငါတို့က ရေထဲမှာ နာရီနဲ့ချီပြီးနေနိုင်တယ်။ တစ်ဖက်ကတော့ နည်းပညာ ဘယ်လောက်ကောင်းကောင်း နာရီဝက်ထက် ပိုနေနိုင်မှာမဟုတ်ဘူး။ ဒီတော့ သူ့ကိုရေထဲကနေ ထွက်လို့မရအောင်လုပ်ပြီး တဖြည်းဖြည်းချင်း ညှင်းပန်းပြီး အနိုင်ယူရမယ်။”

လိပ်နက်ဆီကဗျူဟာက အတော်လေးအသုံးတည့်ပြီး လက်တွေ့ကျတယ်။ ဖရန့်ကလည်း ခေါင်းညိတ်ပြီး လိပ်တစ်ဝက်ပုံစံကိုကူးပြောင်းကာ ရေထဲဝင်လာတဲ့ ငွေရောင်စစ်သည်ဆီကို စတင်ကူးခတ်တယ်။

“လာပြီလား...” မက်ဒါနာကလည်း သူ့ဆီလာနေတဲ့ လိပ်နက်ကို လက်ညိုးညွန်ပြီး သေနတ်ပျံတွေနဲ့ချိန်ပစ်တယ်။ ဒါပေမဲ့ ကံမကောင်းတာက ရေထုက သိပ်သည်းဆ ပိုများတဲ့အတွက် အလင်းဒြပ်စင်တွေရဲ့မြန်နှုန်းက လေထုထဲမှာထက် သိသိသာသာပိုနှေးသွားပြီး တိကျမှုလည်းနည်းနေတယ်။ တစ်နည်းအားဖြင့် ရေကိုကျွမ်းကျင်တဲ့လိပ်နက်က လွယ်လွယ်လေး ရှောင်နိုင်ပြီး မြန်မြန်ဆန်ဆန်ပဲ သူ့အနားကိုရောက်လာတယ်။

ဝူး....

လိပ်နက်က မက်ဒါနာနားကိုရောက်လာပြီး လက်သည်းတွေနဲ့ ချပ်ဝတ်ရင်ဘတ်ကိုကုတ်တယ်။ ငွေရောင်စစ်သည်က ဓားကိုမြှောက်ပြီးကာပေမဲ့ ဓားက ရေကြောင့်လေးလံနေပြီး နှေးကွေးတာကြောင့် လက်သည်းစာမိသွားတယ်။

ဘောင်...

မသဲမကွဲအသံတစ်ချက်နဲ့အတူ ငွေရောင်စစ်သည်ရဲ့ရင်ဘတ်ချပ်ဝတ် အနည်းငယ်ချိုင့်ဝင်သွားတယ်။ အဆင့်သာမြှင့်မထားရင် သူ့ခန္ဓာကိုယ် ထက်ပိုင်းပိုင်းနေလောက်ပါပြီ။

“ရေအောက်မှာတိုက်ရတာ တော်တော်ခက်တာပဲ။”

မက်ဒါနာကပြောလိုက်ပြီး ဝတ်စုံရဲ့မြေဆွဲအားကို ထိန်းချုပ်လိုက်တယ်။ ဝတ်စုံက ရုတ်တရက်လေးလံသွားပြီး ဒြပ်ထုကြောင့် ရေထဲမှာ နည်းနည်းပိုမြန်မြန် လှုပ်ရှားလို့ရသွားတယ်။ အဲဒီနောက်တော့ ဖရန့်ရဲ့လည်ပင်းကို ခြေနှစ်ဖက်နဲ့ညှပ်ဖမ်းပြီး ခေါင်းကို ဓားနောင့်နဲ့စထုတယ်။

“ဝူး....” မထင်မှတ်ထားတဲ့ တိုက်ကွက်ကြောင့် ဖရန့် ထိတ်လန့်သွားပြီး မက်ဒါနာကိုခါချဖို့လုပ်တယ်ဆိုပေမဲ့ ငွေရောင်စစ်သည်က သူ့ကိုမြဲမြဲချုပ်ထားတဲ့အတွက် အလကားပါပဲ။ ပြီးတော့ ရုန်းကန်နေရတဲ့အတွက် အသက်အောင့်ထားတဲ့ဖြစ်စဥ်ကလည်း ကမောက်ကမဖြစ်လာပြီး ပါးစပ်ထဲကို ပင်လယ်ရေတွေ ဝင်လာနေတယ်။

“နင်က လိပ်အသက်ရှုနည်းကိုသုံးနေရင်တောင်မှ လူကလူပဲ။ အသက်ရှုနည်းအတိုင်းဆက်လုပ်လို့မရတော့ရင် မိနစ်ပိုင်းအတွင်း သတိလစ်သွားမှာပဲ။”

မက်ဒါနာက သူ့ဘာသာရေရွတ်လိုက်တယ်။ ဖရန့်မှာ မက်ဒါနာလိုမျိုး ဝတ်စုံရဲ့အကာအကွယ်မရှိနေပါဘူး။ ဒီအားနည်းချက်ကို မက်ဒါနာရဲ့ဝတ်စုံဉာဏ်ရည်တုက လျင်လျင်မြန်မြန်ပဲ ဖော်ထုတ်နိုင်သွားတယ်။ ဒီလိုနည်းနဲ့ပဲ မက်ဒါနာက လိပ်နက်ကို အသာစီးရနေတာဖြစ်ပြီး ခွန်အားချည်း သက်သက်ကြောင့်မဟုတ်ပါဘူး။

“ဒီကောင်မလေးက ထင်ထားတာထက် ဉာဏ်ပြေးတယ်။ ပုံစံအပြည့်ပြောင်းတော့....”

ဘုန်း...

ရုတ်တရက် ဖရန့်ရဲ့ခန္ဓာကိုယ်က ဖောင်းကားလာပြီး ဆူးတောင်အပြည့်နဲ့မီတာသုံးရာအရွယ်ရှိ လိပ်နက်ကြီး အဖြစ်ကိုပြောင်းလဲသွားပါတယ်။ မက်ဒါနာကို ဝတ်စုံစနစ်က အကြီးအကျယ်သတိပေးလာပြီး ထွက်ပြေးဖို့ကြိုးစားပေမဲ့ ဧရာမလိပ်နက်ကြီးက ပါးစပ်ကိုဟလိုက်ပါပြီ။

ဝေါ....

မက်ဒါနာရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ ရေတွေအားလုံးက လိပ်နက်ကြီးဆီကို စတင်စီးဆင်းတယ်။ လိပ်နက်ကြီးက အနားမှာရှိနေတဲ့ ရေတွေအားလုံးကို စုပ်ယူနေတာပါ။ အကျိုးဆက်အနေနဲ့ ငွေရောင်စစ်သည်လည်း စက်ကွင်းထဲပါသွားပြီး မကြာခင် လိပ်ဗိုက်ထဲရောက်တော့မယ့်ဘေးနဲ့ ကြုံနေရတယ်။

“မကောင်းတော့ဘူး။” မက်ဒါနာက မြေဆွဲအားကို ပြောင်းပြန်လှန်ဖို့လုပ်ပေမဲ့ အချည်းအနှီးပါပဲ။ စုပ်ယူအားက အားကောင်းလွန်းပြီး သေမယ့်ဘေးနဲ့ နီးကပ်လာပါပြီ။

“ဒီအတိုင်းဆိုရင် တစ်နည်းပဲရှိတော့တယ်။” မက်ဒါနာက ရုတ်တရက် သူ့ဝတ်စုံနဲ့ဓားကို အမြင့်ဆုံးအလေးချိန်အထိတင်ပြီး အလင်းဒြပ်စင်စွမ်းအင်ကို အမြင့်ဆုံးအထိတင်ဖို့ စဥ်းစားမိလိုက်တယ်။ ပြေးလို့မရတဲ့အဆုံး သူကိုယ်ကိုယ်သေတိုက်ဖို့ပါ။ ဒါပေမဲ့ ခဏနေတော့ လိပ်နက်ရောဖရန့်ရောက သူ့ရဲ့ရန်သူတွေမဟုတ်မှန်း ပြန်သတိရလာတယ်။

“နေဦး၊ သူတို့က ငါ့ရန်သူတွေမဟုတ်သလို ငါ့မှာ သူတို့ကိုသတ်ဖို့ အကြောင်းပြချက်မရှိဘူး။ တခြားနည်းလမ်း တစ်ခုခုရှိရမယ်။”

မက်ဒါနာက အဲဲဒီနောက်တော့ အကြံတစ်ခုရလာပြီး စိတ်ထဲကနေ နာမည်တစ်ခုကို အကျယ်ကြီးအော်ခေါ်လိုက်တယ်။

“အေမီ.....”

ဝုန်း....

ရုတ်တရက် ပင်လယ်ရေပြင်ထက်က ကောင်းကင်မှာ စစ်သင်္ဘောပျံကြီးပေါ်လာတယ်။ စစ်သင်္ဘောရဲ့ဝမ်းဗိုက်က ပွင့်လာပြီး အေမီနဲ့ခွေးစက်ရုပ်ကြီး စေဘာစတိန်းတို့က ဒေါသူပုန်ထနေတဲ့ရေပြင်ကို ငုံကြည့်နေပါတယ်။

“စေဘာစတိန်း... နင့်သခင်ကို ကူညီဖို့အချိန်ရောက်ပြီ။”

ဝုတ်... ဝုတ်...

ခွေးနက်ကြီးက ရေပြင်ကို ထိုးဟောင်လိုက်ပြီး ဝဲကတော့ထိုးနေတဲ့ရေထဲ ခုန်ချသွားတယ်။ အဲဒီနောက် ရေအောက်မှာရုန်းကန်နေတဲ့ ငွေရောင်စစ်သည်ဆီ ခက်ခက်ခဲခဲကူးခတ်သွားပြီး ပေါင်းစပ်လိုက်ပါတယ်။

[Booster Form: Cerberus Armour]

ငွေရောင်စစ်သည်က ခွေးစက်ရုပ်နဲ့ပေါင်းစပ်သွားပေမဲ့ ဒါက ပထမအဆင့်ပဲရှိပါသေးတယ်။ ခွေးစက်ရုပ်ကြီးရဲ့ မျက်လုံးတွေက ရုတ်တရက်ခရမ်းရောင်မီးတောက်တွေနဲ့ တောက်လောင်လာပြီး နောက်ထပ်ပုံစံတစ်ခုကို ထပ်ပြီးပြောင်းလဲသွားပြန်တယ်။

[Booster Form: Abyss Knight]

တစ်ချိန်တည်းမှာပဲ စစ်သင်္ဘောပျံပေါ်မှာရှိနေတဲ့ ​အေမီက သူ့ညာဖက်မျက်လုံးကို နာကျင်စွာနဲ့ ဆုပ်ကိုင်လိုက်တယ်။ စက်ရုပ်မျက်လုံးက ခရမ်းရောင် မီးတောက်တစ်ချက်နဲ့အတူ အရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားတယ်။

“ဒီမုန်းစရာကောင်းတဲ့မှတ်ဉာဏ်တွေက တော်တော် နာကျင်ရတာပဲ။ မမလေးသာ ငါ့ကိုကြားခံအဖြစ်မထားဘဲ အဲဒီစွမ်းအားကို သုံးခဲ့ရင် ရူးသွားလောက်တယ်။”

ဖုတ်ကောင်မလေး၊ အေမီနဲ့စေဘာစတိန်က ပျက်စီးခြင်းသားရဲမြွေနဂါးရဲ့စွမ်းအားတွေကို မက်ဒါနာ အသုံးပြုနိုင်ဖို့အတွက် ကြားခံတွေအဖြစ်ဆောင်ရွက်ပါတယ်။ ပျက်စီးခြင်း မြွေနဂါးက သူစုပ်ယူခဲ့သမျှလူသေတွေရဲ့မှတ်ဉာဏ်ဆိုးတွေကို ပြန်ပြသပေးပြီး အသုံးပြုသူကိုထိခိုက်စေတဲ့ ဆိုးကျိုးရှိတယ်။ ဒီဆိုးကျိုးက အေမီလိုဉာဏ်ရည်တုအတွက်တောင် အတော်ပြင်းထန်ပါတယ်။

“အောင်ပွဲကိုဆောင်ယူလာလော့ မမလေး။ ကျွန်မရဲ့ပေးဆပ်မှုတွေ အလကားမဖြစ်စေနဲ့....”

...

“စောင့်ရှောက်သူသားရဲတွေက တခြားစောင့်ရှောက်သူသားရဲရဲ့စစ်မေးမှုမှာ ဝင်ပါလို့မရဘူးမလား။ ဒါပေမဲ့... ဖျက်ဆီးခြင်းသားရဲဆိုရင်ရော...”

မက်ဒါနာက ဝင့်ကြွားမှုအပြည့်နဲ့ ခရမ်းရောင်မီးတောက် ဓားကြီးကို ဆွဲမြှောက်လိုက်တယ်။ လိပ်နက်က သူနဲ့ ပိုပြီးနီးကပ်လာပေမဲ့ ကြောက်ရွံစိတ်ဆိုတာ ရှိမနေပါဘူး။

“နင့်ရဲ့ဝမ်းနည်းမှုတွေကို ငါ့ကိုမြင်ခွင့်ပေး။ အနည်းဆုံးတော့ မှီခိုရာပခုံးတစ်ဖက်ကို ရမှာပါ။”

မက်ဒါနာက ပြောလိုက်ပြီး လိပ်နက်ကြီးရဲ့ခေါင်းကို ဓားပြားနဲ့ရိုက်ချလိုက်တယ်။ အဲဒီနောက်တော့ မူးဝေသွားတဲ့ လိပ်နက်ကြီးနဲ့နဖူးချင်းထိလိုက်ပြီး သူ့ရဲ့စိတ်အစဥ်က ဖရန့်ရဲ့မသိစိတ်နယ်ပယ်ထဲကို ဝင်ရောက်သွားတော့တယ်။

ဟုတ်တယ်... ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မှာအတွေ့အကြုံတွေ ရှိနေပြီးသား....

...

“ဟမ်... ဒီတော့ သူ့ရဲ့မသိစိတ်နယ်ပယ်က ကျောင်းဆောင်ကြီးပေါ့။”

မက်ဒါနာက ချက်ချင်းပဲ ဒီနေရာကို မှတ်မိသွားတယ်။ မကြာခဏ ရုပ်ရှင်တွေထဲမှာပါတတ်တဲ့ ဥရောပသမဂ္ဂရဲ့ဟီးရိုးကျောင်းပါ။ ကျောင်းထဲမှာ သွားလာနေတဲ့ ကျောင်းသားတွေရှိပေမဲ့ အားလုံးက ရုပ်ထုတွေလိုမျိုးငြိမ်သက်နေတယ်။ တကယ်တော့ အရာရာက ဒီနေရာမှာငြိမ်သက်နေတာဖြစ်ပြီးတော့ ကျောင်းဆောင်ပေါ်က နာရီလက်တံတောင်မှ မလှုပ်ရှားဘူး။ သစ်ပင်က ကြွေကျနေတဲ့ သစ်ရွက်တွေက လေထုထဲမှာတင်ရပ်နေပြီး ပျံသန်းနေတဲ့ ငှက်တွေကလည်း လေထဲမှာတန့်နေတယ်။

“အချိန်က ရပ်နေတာလား။” မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ကျောင်းအနှံကို စတင်စူးစမ်းတယ်။ ပန်းခြံတစ်နေရာကိုရောက်တော့ ခုံတန်းလေးမှာ အတူထိုင်နေတဲ့ လူသုံးယောက်ကို သူစပြီးမြင်လိုက်ရတယ်။

“လူကန်၊ ဖရန့်နဲ့ ပန်းသီးလေးပါလား။”

လူကန်က လက်ထဲမှာ စပျစ်သီးခြောက်တစ်လုံးကို ကိုင်ထားပြီး ပန်းသီးလေးကို ခွံကျွေးဖို့ကြိုးစားနေတယ်။ ပန်းသီးလေးကတော့ လူကန်ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေပြီး နှာဘူးကောင်လို့မြင်နေပုံပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်က မလှုပ်ရှားဘဲ တခြားသူတွေလိုပဲ ရပ်တန့်နေတဲ့အချိန်အတွင်းမှာ ရှိနေတာပါ။

တခြားတစ်ဖက်မှာတော့ ဖရန့်က လှုပ်ရှားနေပြီး သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေတယ်။

“အမှတ်တရတွေကို အမြဲတမ်းအေးခဲထားချင်တာက နင့်ရဲ့ဆန္ဒလား...” မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကို ​ဖျောက်လိုက်ပြီး မေးလိုက်တယ်။ ဖရန့်က မက်ဒါနာကို လှည့်ကြည့်လိုက်တယ်။

“ကိုယ်ပျော်ခဲ့ရတဲ့အချိန်တွေကို ပြန်တမ်းတတာ ဘာမှားလို့လဲ။” လို့ပြန်မေးတယ်။

“မမှားပါဘူး... ဒါပေမဲ့ အဲဒီအမှတ်တရတွေကို စွဲလမ်းလွန်းတဲ့အခါ မကြာခင်မှာပဲ အတိတ်ကပျော်စရာတွေက နင့်အတွက်အဆိပ်အတောက် ဖြစ်လာလိမ့်မယ်။ ပစ္စုပ္ပန်နဲ့မစီးမျောနိုင်တော့ဘဲ အမြဲထာဝရ အတိတ်မှာပဲ ပိတ်မိနေတော့မှာ။”

“ဒီလိုဆိုရင်တောင် အဲဒီအချိန်တွေက ထိုက်တန်တယ်။ ဒီအခိုက်အတန့်တွေကို ငါမကုန်ဆုံးသွားချင်ဘူး။ ပြီးတော့ ငါက အရာအားလုံးကို ဆုံးရှုံးခဲ့ပြီးပြီ။ ငါ့ရဲ့နောက်ထပ်ကျန်တဲ့အရာတစ်ခုကို မဆုံးရှုံးချင်တော့ဘူး...”

ဖရန့်က ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့အနားမှာ အဖြူရောင်ဆံပင်တွေရှိတဲ့ ပိန်ပိန်ရှည်ရှည် လူငယ်တစ်ယောက်ပေါ်လာတယ်။ နဖူးပေါ်မှာတော့ အပြာရောင်မီးတောက်ရှိလို့ရယ်။

“လိပ်နက်ရဲ့လူသားအသွင်လား...” မက်ဒါနာက မေးလိုက်တော့ လူငယ်က ခေါင်းညိတ်လိုက်ပြီး ဖရန့်ရဲ့ပခုံးကို ပုတ်ပေးလိုက်ပါတယ်။

“ငါက ဒီလူငယ်လေး ကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့သူမလို့ နှစ်သန်းချီပြီးရှင်သန်ပြီးသွားတာတောင် သူ့ကိုသံယောဇဥ်ဖြစ်မိသွားတယ်။ ဒါကြောင့် သူ့ဆန္ဒကို လိုက်လျောပြီး ဒီစစ်မေးမှုကို ရွေးချယ်ခဲ့တာ။”

မက်ဒါနာက ဖရန့်ကိုနားလည်သွားတယ်။ လိပ်နက်ကိုသာ မက်ဒါနာယူခဲ့ရင် ဖရန့်က ဘာမှမကျန်တော့တဲ့ သာမန်လူ တစ်ယောက်ပဲဖြစ်သွားတော့မှာ။ ဒါပေမဲ့ တစ်ဖက်မှာလည်း...

“ဖရန့်... လိပ်နက်ကို ငါယူလိုက်တာက အားလုံးရဲ့အဆုံးသတ်မဟုတ်ပါဘူး။ နင့်မိတ်ဆွေက ငါ့ဆီမှာ ရှိနေဦးမှာလေ။”

“ဟုတ်တယ်... ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ မဟုတ်တော့ရုံလေးပဲ မဟုတ်လား...”

ဖရန့်က သူ့နဖူးကိုသူဆုပ်ကိုင်ပြီး ခေါင်းကိုဝှက်ထားလိုက်တယ်။

“ငါက အတ္တကြီးလွန်းတယ်မဟုတ်လား။ လူတစ်ယောက်ကို ငါ့ဘေးနားမှာ အမြဲရှိနေချင်ရုံလေးနဲ့တင် ကမ္ဘာကိုကယ်တင်မယ့်ကိစ္စကို တားဆီးချင်နေတာ။”

နောက်တော့ ဖရန့်ဆီကနေ ငိုသံသဲ့သဲ့ထွက်လာတယ်။ “လိပ်နက်ကြောင့် ထာဝရအေးခဲခြင်းနိယာမကို ငါပိုင်ဆိုင်ခဲ့တယ်။ အရာအားလုံးကို အေးခဲနိုင်တယ်ဆိုတဲ့အရာပေါ့။ ဒါပေမဲ့ ဘာလို့ပျော်စရာအချိန်တွေကိုကျတော့ အမြဲတမ်းအေးခဲပြီး ထိန်းသိမ်းထားလို့မရတာလဲ။”

မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်တယ်။ ပြီးနောက် ခုံတန်းအစွန်မှာ ဝင်ထိုင်လိုက်ပြီး ဖရန့်ကို ဘေးတိုက် ကြည့်လိုက်ပါတယ်။

“နှလုံးသားဆိုတာ စီးဆင်းနေတဲ့ မြစ်တစ်စင်းလို ဖြစ်နေသင့်တယ် ဖရန့်။ ငါတို့ရဲ့အမှတ်တရတွေကလည်း စီးဆင်းနေတဲ့မြစ်ထဲက ရေတွေလိုပဲ အမြဲတမ်းအသစ်တွေအသစ်တွေက အစားထိုးနေရမှာ။ ဒါမှ အမှတ်တရအဟောင်းတွေရောအသစ်တွေကပါ အမြဲသစ်လွင်တောက်ပနေမှာ။ ဒီလိုမှမဟုတ်ဘဲ မစီးဆင်းဘဲရှိနေရင် ကြာလာတဲ့အခါ မင်းမှာရှိနေတဲ့ အမှတ်တရတွေက မင်းကိုယ်မင်းရော တခြားသူတွေအဖို့ပါ အဆိပ်သင့်စေလိမ့်မယ်။”

“ငါကြိုးစားခဲ့ပြီးပြီ...” ဖရန့်က ပြောလိုက်တယ်။

“အခုဆိုရင် ငါ့ရဲ့သွေးစွန်းနေတဲ့လက်တွေအကြောင်း မေ့ပစ်ပြီး လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ငါအမှတ်တရတွေကို မေ့ပစ်လို့မရဘူး။ အဲဒီအချိန်တွေကို ပြန်လိုချင်မိတယ်။ နင်ပြောသလိုပဲ အဲဒါတွေက အဆိပ်အတောက်ဆိုရင် ငါက အခုအဆိပ်သင့်နေပြီးသား။ ကုသဖို့တောင် နောက်ကျနေပြီလားမသိဘူး။”

အဲဒီနောက်တော့ ဖရန့်က သူ့ရဲ့အမှတ်တရတွေအကြောင်း ဆက်ပြောဖြစ်တယ်။ နေရောင်ခြည်အောက်မှာ တောက်ပနေတဲ့ ပန်းသီးလေးရဲ့ဆံနွယ်တွေကို သူထိတွေ့ရတာ သဘောကျတဲ့အကြောင်းတွေ။ လူကန်နဲ့အတူ စွန့်စားခဲ့ရတဲ့ကိစ္စတွေ။ အခက်အခဲတွေ၊ ကျော်ဖြတ်ခဲ့တဲ့ ရယ်စရာအချိန်တွေ။ နာရီပေါင်းများစွာများစွာ.... နောက်ဆုံးသူမှာဘာမှပြောစရာမရှိတော့တဲ့အချိန်ကျမှ ရပ်လိုက်ပြီး အဝေးကို ရီဝေဝေနဲ့ကြည့်နေခဲ့တယ်။

“အခုဆိုရင် ငါ့ဝိညာဥ်က အပိုင်းပိုင်းအစစဖြစ်နေသလိုပဲ။” ဖရန့်က သူ့စကားကို နိဂုံးချုပ်လိုက်တယ်။ မက်ဒါနာကတော့ ပြုံးလိုက်ပြီး ညင်သာစွာပြောလိုက်တယ်။

“အစက နင်လိပ်နက်ရဲ့စွမ်းအားတွေကို သိမ်းထားချင်တယ်ဆိုလို့ ငါ့မှာစိုးရိမ်လိုက်ရတာ။ နင်များ လောဘတက်ပြီး အတ္တကြီးနေခဲ့တာလားလို့။ အခုတော့ ဘယ်ဟုတ်မလဲ၊ နင်က ဒီအတိုင်း မရင့်ကျက်သေးရုံပါ။”

မက်ဒါနာက ဖရန့်ရဲ့ခေါင်းကို သူ့လက်မောင်းနဲ့ ညင်သာစွာ ပွေ့ဖက်လိုက်တယ်။ အဲဲဒီနောက် ဖရန့်ကမု ရင်ခွင်ထဲမှာ နားခိုခွင့်ပေးလိုက်ပြီး...

“ငါ့ကို နင့်အစ်မကြီးလို့သဘောထားပြီး အခုနေငိုမယ်ဆို ငိုလို့ရတယ်နော်။ အဲဒီလိုငိုပြီးသွားတဲ့အခါကျရင် ဒီနာကျင်မှုတွေကို နင်မေ့ပျောက်သွားမှာပါ။ ဒီအစ်မကြီးမှာ အဲဲဒီအဆိပ်အတောက်တွေကို မေ့ပျောက်သွားအောင် လုပ်နိုင်စွမ်းရှိတာမလို့လေ။”

အဲဲဒီနောက်တော့ ဖရန့်လည်း ကိုယ့်ကိုယ်ကိုယ်ထိန်းမထားနိုင်တော့ဘဲ မျက်ရည်တွေကြားမှာ ပျောက်ဆုံးသွားတော့တယ်။

...

ပြင်းထန်လွန်းတဲ့ နေရောင်ကြောင့် ဆံပင်အညိုနဲ့ကောင်လေး သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူ့ကျောပြင်က သဲသောင်ပြင်ကို ကျောခင်းထားပြီး ပင်လယ်ရေလှိုင်းတွေကတော့ သူ့ကိုယ်ကို မကြာခဏထိတွေ့နှုတ်ဆက်လို့။ သူ့မျက်လုံးတွေက အပြာရောင်ကောင်းကင်ကြီးကို မြင်နေရပြီး သူ့ကို စိတ်ဝင်တစားကြည့်နေတဲ့ ကလေးတစ်သိုက်နဲ့အကြည့်တွေနဲ့ ဆုံမိသွားတယ်။

“အယ်... ငါဘယ်ကိုရောက်နေတာလဲ။” ဖရန့် သူ့ကိုယ်သူ ငုံကြည့်လိုက်တယ်။ ကလေးတွေကတော့ သူ့ရဲ့ရယ်စရာပုံစံကိုကြည့်ပြီး ရယ်မောရင်းနဲ့ပေါ့။ ဖရန့်မှာ လောလောဆယ်အပေါ်ပိုင်းကိုယ်ဗလာဖြစ်နေပြီး ဘောင်းဘီလေးတစ်ထည်ပဲရှိတာ။ သူလည်း ရှက်ရှက်နဲ့ ထလိုက်တော့ အိတ်ကလေးတစ်လုံးအနားမှာရှိနေတာ တွေ့တယ်။ အထဲမှာတော့ စားစရာတချို့၊ အဝတ်တချို့နဲ့ စာတစ်စောင်။ စာကိုဖတ်ကြည့်တော့...

“ဖရန့်၊ မင်းရဲ့ဆန္ဒအတိုင်း ကမ္ဘာကြီးကနိုင်ငံတိုင်းနေရာတိုင်းကို ခရီးထွက်ပြီး လိုအပ်နေသူတွေကို ကူညီပေးနိုင်ပါပြီ။ မင်းကို ဘယ်လိုအဆိပ်အတောက်ဆိုးမျိုးကမှ ချုပ်နှောင်မထားတော့ပါဘူး။” လို့ပဲရေးထားတယ်။ ရေးသူနာမည်မပါ၊ နေ့စွဲလဲမပါ။

“ဘာလားဟ။” ဖရန့်က တခြားကိစ္စတွေကို ပြန်စဥ်းစားပေမဲ့ ဘာကိုမှမမှတ်မိတော့။ သူ့နာမည် ဖရန့်ဆိုတာတောင် စာထဲမှာပြောထားလို့ သိရတာ။ ဒါပေမဲ့ ခဏနေတော့ပြုံးလိုက်တယ်...

“မိုးနဲ့မြေကြားလှည့်ပတ်သွားလာရင်း လိုအပ်သူတွေကို အကူအညီပေးဖို့တဲ့။ ဘယ်လိုတောင် ကောင်းလိုက်တဲ့ စိတ်ကူးလဲ။”

အဲဒီနောက်တော့ ဖရန့်က သောင်ပြင်ပေါ်ကနေ ထရပ်လိုက်ပြီး နေလုံးကြီးကိုကျောခိုင်းကာ ကောင်းကင်ကို မော့ကြည့်တယ်။ လေးလံတဲ့ သက်ပြင်းတစ်ချက်ကိုချလိုက်ရင်း သူ့ရဲ့အိတ်ကို ကျောမှာပိုးလို့ ဘယ်အရပ်မှန်းမသိတဲ့နေရာဆီ စတင်ထွက်ခွာတယ်။ လူငယ်လေးနဲ့အပြာရောင် မိုးသားပြင်က တစ်သားတည်းအလား။

အဝေးတစ်နေရာမှာတော့ သူ့ကို ငွေဖြူရောင်ဆံပင်နဲ့ မိန်းကလေးတစ်ယောက်က စောင့်ကြည့်လို့။

“ မြွေနဂါးကိုသုံးပြီး သူ့ရဲ့မှတ်ဉာဏ်တွေအားလုံးကို ပယ်ဖျက်လိုက်တာလား။ ဒါပေမဲ့ ဖရန့်က သူ့ရဲ့အမှတ်တရတွေကို ဒီလောက်တန်ဖိုးထားတာ၊ သူ့အတွက် မတားဘူးလို့မထင်ဘူးလား။”

ကောင်မလေးရဲ့လက်ထဲမှာ အပြာရောင်မီးတောက်လေး တောက်လောင်နေပြီး မီးတောက်က စကားပြောနေတယ်။ ဆံဖြူမလေးကတော့ ခေါင်းခါလိုက်ပြီး သူ့ရင်ဘတ်ပေါ်ကို လက်တင်ကာ ​ပြောလိုက်ပါတယ်။

“သူ့ရဲ့အမှတ်တရတွေက ပျောက်ကွယ်မသွားသေးပါဘူး။ ကျွန်မရဲ့နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေဆဲပါ။”

​

All Chapters