ကျီးအာသီး
Vol. 94 Ch. 1222
ချင်မူမှာ ချင်ဖုန်းကျင့်၏ လက်တုတ်တုတ်ကြီးများကြားတွင် အသက်ရှူကြပ်နေပြီး အရိုးများပင်လျှင် တဂျွတ်ဂျွတ် မြည်လာသည်။ သူ့မှာ နှစ်ကြိမ်တိတိ ရုန်းသော်လည်း မလွတ်နိုင်သဖြင့် ငြိမ်ခံနေရုံသာ တတ်နိုင်တော့သည်။
ချင်ဖုန်းကျင့်က သူ့ကို လက်ဖဝါးထဲတွင် သယ်ထားရင်း ထိန်းမနိုင်သိမ်းမရအောင် ပျော်နေသည်။ သူ အသက်ရှူထုတ်လိုက်တိုင်း မုန်တိုင်းတိုက်သွားကဲ့သို့ လေတဝေါဝေါ တိုက်သွားတတ်ပြီး မိုးကြိုးလျှပ်စီးများလည်း တဝင်းဝင်း လက်သွားတတ်၏။ သူ ပြုံးဖီးနေသော မျက်နှာဖြင့် ပြောလေသည်။ “ညီဆိုးလေးက နောက်ဆုံးတော့ အစ်ကိုကြီးဆီ လာတွေ့ပြီပဲ… ငါ ဒီနေ့ သိပ်ပျော်တယ်… ငါ မင်းရှေ့မှာ ကောင်းကင်ယင်သားတော်ကို အနိုင်ယူပြမယ်”
ချင်မူမှာ ကပျာကယာ တားလိုက်ရင်း ပြုံးလိုက်သည်။ “ကောင်းကင်ယင်သားတော်က အစွမ်းထက်လွန်းတယ် အစ်ကိုကြီး... သူ့ကို ဘယ်လိုလုပ် လွယ်လွယ်လေး သတ်လို့ရမတုံး.... ငါတို့ညီအစ်ကိုနှစ်ယောက် ပေါင်းသတ်မှပဲ ရမှာ”
“ဒါဆိုလည်း ပေါင်းသတ်ကြမယ်ကွာ”
ချင်ဖုန်းကျင့်က စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။ “အဲဒီပေါက်စလေးက ငါ့ကို အမြဲအနိုင်ကျင့်နေတာ…. ညီလေး၊ မင်း ငါ့ဘက်က ရပ်တည်ပေးရမယ်”
ချင်မူမှာ တဟားဟား ရယ်လိုက်မိသည်။ “ကောင်းကင်ယင်သားတော်က ကောက်ကျစ်စဉ်းလဲတယ်..… အစွမ်းလည်း ထက်တယ်… ဧကရာဇ်ပလ္လင်အဆင့်မှာ ဆိုပေမယ့် သူ့အစွမ်းတွေက အဲဒီမှာတင် ရပ်မနေဘူး… မင်တုကောင်းကင်မုခ်၀နဲ့ဆို သူက ကောင်းကင်နန်းဆောင်ရှစ်ဆောင်ကို တစ်ပြိုင်တည်း အသက်သွင်းနိုင်တယ်…. ဒါပေမဲ့ မဟာလေဟာနယ်နဲ့ ယိုတုရဲ့ မြေအောက်ဘုံအရှင်သခင်ဖြစ်တဲ့ အစ်ကိုကြီးအနေနဲ့ သူ အနိုင်ကျင့်တာ ခံနေရတယ်ဆိုရင် ဘယ်ကြားလို့ ကောင်းမလဲ.... ငါ အစ်ကိုကြီးနဲ့ ပေါင်းသတ်ပေးလို့မရပေမယ့် သူ့ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို အစ်ကိုကြီးနားလည်အောင် ကူညီပေးလို့ရတယ်”
သူသည် ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းများအား ချိုးဖျက်နိုင်ရန် တိရီယွဲ့နှင့်အတူ လေ့လာခဲ့သည်များအား ချင်ဖုန်းကျင့်ဆီသို့ လွှဲပြောင်းပေးလိုက်၏။ “အစ်ကိုကြီး သူနဲ့ နောက်တစ်ကြိမ် တွေ့တဲ့အခါ အောက်မကျတော့ဘူးပေါ့ဗျာ”
ချင်ဖုန်းကျင့်သည် ပါရမီထက်သန်သော်လည်း သိုင်းကျင့်သည့်နေရာ၌ ထိုမျှမတော်ပေ။ ချင်မူ့ကိုယ်မှ ခွဲထွက်မလာခင်တုန်းက ချင်မူ ဖန်တီးခဲ့သည့် လောကသခင်ခန္ဓာကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ ချင်မူမှာ နတ်ဘုရားအဆင့်အထိသာ နားလည်ခဲ့လေသည်။
ချင်မူက မဟာလေဟာနယ်၏ ယိုတုထဲတွင် ရက်အနည်းငယ်ကြာ နေထိုင်ရင်း ချင်ဖုန့်ကျင့်အား သင်ပေးသည်။ သူ၏ လက်ရှိ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ ယခင်ထက် များစွာတိုးတက်ပြောင်းလဲသွားခဲ့ပြီး ကွဲပြားခြားနားသွားသောကြောင့် ချင်ဖုန်းကျင့်အား တိုက်ရိုက်လွှဲပြောင်းမပေးနိုင်ချေ။
အခြားတစ်ဖက်တွင် ချင်ဖုန်းကျင့် ဤအတောအတွင်း ကျင့်ကြံထားခဲ့သည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ အကြမ်းထည်သာ ရှိနေသေးသည့်အပြင် ပေါ့ပျက်ပျက်လည်း နိုင်လွန်းသည်။
ချင်မူမှာ ဤနေရာတွင် နေ,နေစဉ်အတွင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား ယခင်လမ်းစဉ်အတိုင်း ဆက်လက်ကျင့်ကြံခဲ့ပါက မည်သို့ တိုးတက်ပြောင်းလဲခဲ့မည်ကို ဦးစွာ အဖြေထုတ်ရသည်။ ခြောက်ရက်ကြာပြီးနောက်တွင်တော့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား နတ်ကောင်းကင်ခန်းမအဆင့်အထိ တိုးမြှင့်ခဲ့ပြီး ချင်ဖုန်းကျင့်၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုလည်း မွမ်းမံကာ သူ့ဆီ လွဲပြောင်းပေးခဲ့သည်။
ဧကရာဇ်ပလ္လင်အဆင့်အထိ အဆင့်မြှင့်နိုင်သော်လည်း အချိန်အတော်ကြာမည်ဖြစ်ကာ ချင်ဖုန်းကျင့်၏ တိုးတက်မှုကို ထိခိုက်နစ်နာစေလိမ့်မည်။
ချင်ဖုန်းကျင့်သည် ယခုတွင် သာမန်မဟုတ်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း မည်သို့အသုံးပြုရမှန်း မသိချေ။ စွမ်းအားကို ရှေးဟောင်းနတ်ဘုရားသဖွယ် အသုံးမချတတ်ပေ။
နတ်ကောင်းကင်ခန်းမအဆင့်မှ ဧကရာဇ်ပလ္လင်အဆင့်သို့ တက်လှမ်းခြင်းသည် ဧရာမအတားအဆီးကြီးတစ်ခု ဖြစ်၏။ ကိုယ်ပိုင်ကျင့်စဉ်အား နားလည်ပြီးမှသာလျှင် စွမ်းအားကို အထွတ်အထိပ်အထိ ထုတ်လွှတ်နိုင်ပေလိမ့်မည်။ ထိုမှသာ နောင်တစ်ချိန် စစ်ပွဲများဖြစ်လာပါက အသက်ရှင်နိုင်မည့် အခွင့်အရေးရှိပေလိမ့်မည်။
ချင်မူက လုပ်စရာရှိသည်များ လုပ်ပြီးသည်နှင့် ခပ်သွက်သွက်ပင် ထွက်သွားသည်။ ချင်ဖုန်းကျင့် တရားထိုင်နေရာမှ နိုးလာသောအခါ ချင်မူကား ကောင်းကင်ယင်သားတော်၏ စခန်းသို့ ရောက်ရှိနေပြီဖြစ်၏။
“တာအိုမိတ်ဆွေ မဟူရာနတ်မင်း” ချင်မူ နှုတ်ဆက်လိုက်သည်။
ကောင်းကင်ယင်သားတော်လည်း ကမန်းကတန်း ပြန်လည်နှုတ်ဆက်၍ အပြုံးလေးဖြင့် ချီးကျူးသည်။ “ကောင်းကင်နတ်အရှင်မူက သိပ်ကို ရိုကျိုးလွန်းတာပဲဗျာ... မင်းက ဝါစဉ်ကြီးတဲ့သူဆိုတော့ ငါကပဲ နှုတ်ဆက်သင့်တာပါ… မဟူရာနတ်မင်းဆိုတာ တခြားသူတွေ ငါ့ကို လှောင်ပြောင်ဖို့ ပေးထားကြတဲ့ နာမည်သက်သက်ပါပဲ… ကောက်ကျစ်လွန်းလို့ မည်းနေတဲ့ ငါ့နှလုံးသားကို လှောင်ကြတာမျိုးပေါ့လေ... ကောင်းကင်နတ်ဘုံက ငါ့ရဲ့ တကယ့်ရာထူးကတော့ ငရဲနတ်မင်းပါ”
ချင်မူမှာ အံ့ဩမှင်သက်စွာ မေးလိုက်မိသည်။ “အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်း၊ တောင်ကောင်းကင်ရဲ့ အနီနတ်မင်း (ဇာမဏီနတ်မင်း) ၊ အနောက်ကောင်းကင်ရဲ့ အဖြူနတ်မင်း၊ မြောက်ကောင်းကင်ရဲ့ မဟူရာနတ်မင်းဆိုပြီး နတ်မင်းလေးပါးကို အရောင်နဲ့ ခွဲထားတာလေ… ဘာလို့ ကောင်းကင်ယင်သားတော် အလှည့်ကျမှ ငရဲနတ်မင်းဖြစ်သွားရတာလဲ”
ကောင်းကင်ယင်သားတော်က သူ့ကို နွေးထွေးစွာ ကြိုဆိုရင်း ပြောသည်။ “ကောင်းကင်နတ်အရှင်၊ မင်းကတော့ သိလောက်မှာမဟုတ်ဘူး…ဒါပေမဲ့ မဟူရာနတ်မင်းဘူး နာမည်ကောင်းတစ်ခု မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟောင်က ငါ့ကို သဘောကျလို့ မဟူရာဆိုတဲ့ စာလုံးကို မင် လို့ ပြောင်းပေးခဲ့တာ… ငါ့ရဲ့ မင်တုကလည်း အတူတူပဲ.. အရင်က ဟေးတုလို့ ခေါ်ခဲ့ပေမဲ့ မင်တုလို့ နာမည်ပြောင်းလိုက်တာပါ….. ကောင်းကင်နတ်အရှင်၊ မင်းက မဟာလေဟာနယ်ရဲ့ မြေအောက်ဘုံအရှင်လေးဆီကနေ ဒီ ရောက်လာတာလား”
ချင်မူရုပ်သွင်သည် ဖြောင့်မတ်တည်ကြည်နေ၏။ “အဲဒီကို သွားပြီး လက်နက်ချဖို့ နားချခဲ့ပေမယ့် ချင်ဖုန်းကျင့်က အမှားကို လက်မခံဘဲ ကောင်းကင်နတ်ဘုံကို ပုန်ကန်ချင်နေတယ်လေ…. အဲဒီသူပုန်က ကောင်းကင်ကို လုံးဝဆန့်ကျင်နေတာပဲ”
ကောင်းကင်ယင်သားတော်က နားလည်သွားပြီး အပြုံးလေးဖြင့် နှစ်သိမ့်သည်။ “စိတ်အေးအေးထားပါ ကောင်းကင်နတ်အရှင်…. အဲဒီသူခိုး ချင်ဖုန်းကျင့်ကြောင့် ဒေါသထွက်ဖို့ မတန်ပါဘူးဗျာ…. အဲ့သူခိုး ချင်ဖုန်းကျင့်က အရင်က တစ်ကြိတ်တည်းတစ်ဉာဏ်တည်း…. အဟမ်း အဟမ်း…. သူက ယိုတုထဲက ကောင်းကင်နတ်ဘုံရဲ့ အင်အားတွေကို ဖယ်ရှားပစ်ခဲ့သေးတယ်.... အခု သူ့ရဲ့အစွမ်းအစတွေက အားကောင်းလာပြီဆိုတော့ လောကကို ဒုက္ခပေးလိမ့်မယ်…. အဲဒီအတွက် သူလည်း အနှေးနဲ့အမြန် ဝဋ်ပြန်လည်မှာပဲ”
ချင်မူက သက်ပြင်းချလိုက်၏။ “ကျွန်တော်က အားနည်းလွန်းနေတော့ အဲဒီလူရမ်းကားကြီး ချင်ဖုန်းကျင့်ကို လက်ဗလာနဲ့ မသတ်နိုင်တာ နှမြောစရာကောင်းပါတယ်...၊ မဟူရာနတ်မင်းပ မင်တုကောင်းကင်မုခ်၀ကို ပြုပြင်ပြီးနေပြီလား”
သူက ခေါင်းမော့၍ ကောင်းကင်ယင်သားတော်၏ မင်တုကောင်းကင်မုခ်၀အသစ်ကို အကဲခတ်လိုက်သည်။
ကောင်းကင်ယင်သားတော်သည် ချင်ဖုန်းကျင့် အလစ်ဝင်မတိုက်နိုင်အောင် ဤမင်တုကောင်းကင်မုခ်၀အား မဟာလေဟာနယ်၏ ယိုတုတွင် နေရာချထား၍ မိစ္ဆာချီများကို ဖိနှိပ်ထား၏။ ကောင်းကင်မုခ်၀မှာ ဧကရာဇ်ပလ္လင်အဆင့် အရှိန်အဝါတို ထုတ်လွှတ်လျက် အင်မတန် ရှိန်စဖွယ်ကောင်းနေသည်။
ရုတ်တရက် ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ ဤမင်တုကောင်းကင်မုခ်၀ကား တီရီယွဲ့လက်ထဲရှိ မုခ်၀နှင့် အနည်းငယ် ကွဲပြားနေသည်။
သူ့မှာ အကဲခတ်ရင်း တုန်လှုပ်သွားမိသည်။ မင်တုကောင်းကင်မုခ်၀တွင် မဟာကောင်းကင်နန်းဆောင် လေးဆောင်အသွင် ဖွဲ့တည်နေသော ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်လေးခု ရှိသည်။ တိရီယွဲ့က သူ့လက်ထဲရှိ မင်တုကောင်းကင်မုခ်၀အား ပြန်ယူသွားခဲ့သောကြောင့် ကောင်းကင်ယင်သားတော်သည် အသစ်တစ်ခု သွန်းလုပ်ခဲ့၏။
သို့သော် ထိုကောင်းကင်မုခ်ဝနှစ်ခုကြားရှိ ဧကရာဇ်ပလ္လင်ကျင့်စဉ်များမှာ မတူကြပေ။
‘ကောင်းကင်ယင်သားတော် မင်တုကောင်းကင်မုခ်၀ကို ပြုပြင်နေတုန်းက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်အချို့ကို ပြောင်းလဲခဲ့တာပဲ… သူက သတိထားတတ်တဲ့ အကျင့်ရှိတော့ တိရီယွဲ့ သူ့အမှားတွေကို မသိနိုင်အောင် တားဖို့ ဒီလိုလုပ်ခဲ့တာ ဖြစ်မယ်… ဒီမြေနိုး မြေခွေးအိုကြီးကတော့…”
ချင်မူ့မျက်နှာသည် ပြုံးထားသော်လည်း သူ့သွားများက အသံပင် ထွက်တော့မတတ် အံတင်းတင်းကြိတ်ထားသည်။
ကောင်းကင်ယင်သားတော်ကား အမှန်တကယ်ပင် ကောက်ကျစ်ယုတ်မာလေသည်။ အဆင်းလှသလောက် အချင်းမရှိသော ကျီးအာသီးလို အတန်းအစားပင်။ တိရိယွဲ့အနေဖြင့် မင်တုကောင်းကင်မုခ်၀ကို စေ့စေ့စပ်စပ် လေ့လာထားလျှင်တောင်မှ သူ့ကို သတ်နိုင်ဦးမည်မဟုတ်ပေ။ သူ့လက်ထဲတွင်သာ ဒုက္ခခံသွားရလိမ့်မည်။
‘ဒါတင်မကသေးဘူး…. ကောင်းကင်ယင်သားတော်ရဲ့ အစွမ်းတွေက ထင်ထားသလို မဆိုးဘူး…. သူ့ရဲ့ မင်တုကောင်းကင်မုခ်၀မှာ ဘဝပြန်ဝင်စားကျင့်စဉ်ကိုပဲ အစားထိုးမရတာ... ကျန်တဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်သုံးခုကို ပြောင်းလဲလို့ရတော့ သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး’
‘ဒါပေမဲ့ သူ့ရဲ့ ဘဝပြန်ဝင်စားလမ်းစဉ်က ငါ့ကြောင့် ပျက်စီးသွားပြီးပြီ…. မင်တုကောင်းကင်မုခ်၀ရဲ့ အရေးအကြီးဆုံးအပိုင်းက ဘဝပြန်ဝင်စားခြင်းပဲ… ငါ ဒီဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ကို ဖျက်စီးလိုက်ရင် မင်တုကောင်းကင်မုခ်၀က သိပ်ပြီး အသုံးဝင်တော့မှာမဟုတ်ဘူး’
သူ ထိုသို့တွေးနေစဉ် ကောင်းကင်ယင်သားတော်က လက်ဝှေ့ရမ်းလိုက်ရာ မင်တုကောင်းကင်မုခ်၀သည် မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွား၏။ သူက ခပ်ဟဟ ရယ်လျက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒါက သေးနုပ်သိမ်ဖွဲတဲ့ လမ်းစဉ်လေးရယ်ပါ…. ကောင်းကင်နတ်အရှင် အာရုံစိုက်ရလောက်တဲ့အထိ မထိုက်တန်ပါဘူး”
ချင်မူက တဟားဟား ရယ်လိုက်ရာ ကောင်းကင်ယင်သားတော်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
‘‘ကောင်းကင်နတ်အရှင်၊ မင်းက ငါ့ကို လက်နက်ချဖို့ ဖြောင်းဖျချင်နေတာလား…. ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို သွားတွေ့ဖို့ ပြင်ဆင်နေတာလား’’
ကောင်းကင်ယင်သားတော်က စကားလမ်းကြောင်း လွှဲလိုက်ပြီး စိုးရိမ်ပူပန်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ကတော့ သိမှာမဟုတ်ဘူး… ဒါပေမဲ့ ဒီမဟာလေဟာနယ်က ခက်ထန်ကြမ်းတမ်းလွန်းတဲ့နေရာပဲ…. ဒီမှာ ဓားပြတွေရှိတယ်… တစ်ယောက်တည်းဆိုရင် ရန်သူတွေ ဓားပြတိုက်တာ ခံရလိမ့်မယ်… ကောင်းကင်နတ်အရှင်က အနှိုင်းမဲ့လောက်အောင် ဂုဏ်သရေကြီးမြတ်တဲ့သူလေ…. ဘယ်လိုလုပ် တစ်ယောက်တည်း စွန့်စားရဲရတာလဲ…. ငါ ကောင်းကင်နတ်အရှင်ကို လိုက်ပို့ပေးဖို့ သိုင်းပညာရှင်တချို့ ထည့်ပေးလိုက်ပါမယ်”
ချင်မူက သဘောပေါက်၍ ပြုံးသည်။ “မဟူရာနတ်မင်း…”
“ကောင်းကင်နတ်အရှင်၊ ငါ့ကို ငရဲနတ်မင်းလို့ ခေါ်ပါ” ကောင်းကင်ယင်သားတော်က ပြုံးလျက် တုံ့ပြန်သည်။
ချင်မူက ခေါင်းညိတ်လိုက်၏။ “မဟူရာနတ်မင်းက တွေးပေးတတ်တာပဲ…. ဒါပေမဲ့ ဒီနယ်နိမိတ်က ကျယ်ပြောရှည်လျားလွန်းတယ်… တပ်သားတွေကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူး…. ကျွန်တော် တပ်သားတချို့ ခေါ်သွားလို့ မဟာလေဟာနယ်နဲ့ ယိုတုမှာ သေသွားခဲ့ရင် ကျွန်တော့်မှာ အပြစ်ရှိမယ်မဟုတ်လား…. တစ်ယောက်တည်း သွားနိုင်ပါတယ်”
ကောင်းကင်ယင်သားတော်က တည်ကြည်လေးနက်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်ရဲ့ ကောင်းကင်နတ်ဘုံအင်ပါယာအပေါ် သစ္စာရှိမှုကို ငါ လေးစားအားကျမိပါတယ်… ဒါဖြင့် ကောင်းကင်နတ်အရှင်ကို ထပ်ပြီး အချိန်ဆွဲမနေတော့ပါဘူး… သွားလို့ရပါပြီ ကောင်းကင်နတ်အရှင်”
သူက ချင်မူ့ကို မဟာလေဟာနယ်၏ ယိုတုနယ်မြေအပြင်သို့ ကျိုးကျိုးနွံနွံ လိုက်ပို့သည်။ ထို့နောက် မျက်ရည်များ စီးကျလာပြီး ရှိုက်လျက် ပြောလေသည်။ “သေခြင်းရှင်ခြင်းဆိုတာ စစ်မြေပြင်မှာ မှန်းဆလို့မရဘူး..… ချောင်ကျင့် ကောင်းကင်နတ်အရှင်ရဲ့ သင်ကြားပြသမှုတွေကို နားထောင်ဖို့ အသက်ရှင်ပါ့ဦးမလား တွေးမိတယ်… ဝမ်းနည်းကြေကွဲမိပါတယ်ဗျာ”
ချင်မူက နှစ်သိမ့်ပေးနေ၏။ “စိတ်မပူပါနဲ့ မဟူရာနတ်မင်းရယ်…. ခင်ဗျားရဲ့ စေတနာကို ကျွန်တော် တန်ဖိုးထားပါတယ်… ကျွန်တော် ပြန်ရောက်ရင် ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ရှုတို့နဲ့ ဆွေးနွေးပြီးတော့ ခင်ဗျားက မဟာလေဟာနယ်ကနေ ပြန်ခေါ်ပြီး ယိုတုမှာပဲ ပျော်ပျော်ရွှင်ရွှင် အနားယူခိုင်းသွားဖို့ တိုင်ပင်ကြည့်ပါ့မယ်… မြေအောက်ဘုံအရှင်နဲ့ ကောင်းကင်နတ်အရှင်ရုံက မဟူရာနတ်မင်းကို သိပ်သတိရနေတာ”
ကောင်းကင်ယင်သားတော်သည် ချင်မူ့ကို ထပ်မံကျေးဇူးတင်၍ သူ ထွက်ခွာသွားသည့်အား ကြည့်နေ၏။ သူက မျက်ရည်အဝိုင်းသားဖြင့် လက်ပြနှုတ်ဆက်နေသည်။
ချင်မူ သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ယင်သားတော်သည် မျက်နှာကြီးမည်းသွားပြီး အော်ဟစ်လိုက်၏။ “ဟူမုန့်ဒဲ၊ ကျို့ရှန့်ယင်၊ ယွီဝူဖေး... ကောင်းကင်နတ်အရှင်မူကို သတ်ပြီး သူ့ခေါင်းကို ငါ့ဆီယူလာခဲ့”
ဟူမုန့်ဒဲသည် သူ၏တပည့် ဖြစ်၏။ ကျို့ရှန့်ယင်က သူ၏ သားအကြီးဆုံး ဖြစ်ကာ ယွီဝူဖေးဆိုသည်မှာ သူ၏ မိဖုရားဆောင်မှ မိဖုရားခေါင်ကြီး ဖြစ်သည်။ သူတို့အားလုံးက အနောက်ကောင်းကင် မင်တုထဲတွင် ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ကြသလို၊ စစ်သူကြီးများဆိုလည်း မမှားပေ။ သူတို့က သူ့အမိန့်ကို ကြားသည်နှင့် ရှေ့ထွက်လာကြပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
ကောင်းကင်ယင်သားတော်၏ မျက်ဝန်းများက မီးဝင်းဝင်းတောက်နေသည်။ “မင်းတို့မျက်နှာကို ဖုံးသွားကြ.. သရုပ်မှန်ကို သိစေမယ့် ဘယ်လိုသဲလွန်စမှ မဖော်မိစေနဲ့…. သူ့ကို သတ်ပြီးရင် မင်းတို့ကောင်းကင်နတ်သိုင်းအကြွင်းအကျန် မှန်သမျှ ဖျောက်ပစ်ခဲ့”
သူတို့သုံးယောက်လုံးသည် သရုပ်မှန်ကို သိသာစေမည့် အရာအားလုံးချွတ်ထားပစ်ခဲ့ပြီး မင်တုတပ်မှူးအချို့ ခေါ်ကာ ထွက်ခွာသွားကြ၏။