← Chapters

ချင်မူ ထူးဆန်းလာသည့်အခါ

Vol. 94 Ch. 1224

ချင်မူ ထူးဆန်းလာသည့်အခါ

Vol. 94 Ch. 1224

ချင်မူသည် ဘဝပြန်ဝင်စားလမ်းစဉ်နှင့်ပတ်သက်၍ စတင်လေ့လာခဲ့သည်မှာ မကြာသေးသော်လည်း တာအိုစစ်စစ်အား နားလည်ထား၏။ ကောင်းကင်ယင်သားတော်အနေဖြင့် မည်သည့်အတွက်ကြောင့် ‌ကောင်းကင်နတ်အရှင် မဖြစ်နိုင်ဘဲ ကောင်းကင်သားတော်အဆင့်သာ ရှိနေကြောင်း သူ သိထားလေသည်။

အဘယ်ကြောင့်ဆိုသော် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်အစစ်အတွက် သိုင်းပညာရှင်တစ်ယောက်သည် ယိုတုမဟာတာအို၊ ကောင်းကင်ယင်ကမ္ဘာမဟာတာအို၊ ဖန်ဆင်း‌ပညာတာအိုများကို အမြင့်ဆုံးအထိ ကောက်နုတ်ပြီး ပြီးပြည့်စုံသော အခြေအနေထိပ်ဆုံးသို့ မြှင့်တင်ထားရလိမ့်မည်။ ထိုမှသာ တာအိုအစစ်အမှန်ကို အမိအရဖမ်းဆုပ်ကာ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာပေလိမ့်မည်။

၎င်းတို့အနက် ယိုတုမဟာတာအို ၆၄ ခု၊ ကောင်းကင်ယင်တာအို ၁၂ခုနှင့် ကောင်းကင်နတ်အရှင်လင် ဖန်တီးခဲ့သော ဖန်ဆင်းကောင်းကင်နတ်သိုင်းတာအိုများလည်း ရှိကြသည်။ ချိမင်ခေတ်၏ ဧကရာဇ်နှစ်ပါးက ၎င်းတို့ကို အဆင့်မြှင့်တင်ခဲ့သေးသောကြောင့် မတူကွဲပြားသည့် တာအိုစနစ်များ ကျန်သေးလေသည်။

ချိမင်ဧကရာဇ်နှစ်ပါးထဲမှ တစ်ပါးသည် မူလဝိညာဉ် ဖန်ဆင်းကောင်းကင်နတ်သိုင်းကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီး ကျန်တစ်ပါးကတော့ ရုပ်ခန္ဓာ ဖန်ဆင်းကောင်းကင်နတ်သိုင်းတွင် ကျွမ်းကျင်ခဲ့သည်။ သူတို့သည် ဧကရာဇ်ပလ္လင်အဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိထားပြီးသား ဖြစ်၏။ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာ ဖန်ဆင်းကောင်းကင်နတ်သိုင်းများအပြင် အဆင့်မမြှင့်ရသေးသော အခြားဖန်ဆင်းကောင်းကင်နတ်သိုင်း အမျိုးအစားများလည်း ရှိလေသည်။

ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ဖွင့်လှစ်နိုင်ခဲ့သည့် ကောင်းကင်ယင်သားတော်သည် အမှန်တကယ် ထူးချွန်သော်လည်း ထိုမဟာတာအိုများကို နားမလည်ဘဲ ဖန်ဆင်းလမ်းစဉ်အစစ်အမှန်ကို ဖွင့်ရန်မှာ မဖြစ်နိုင်လောက်ပေ။

‘ကောင်းကင်ယင်သားတော်ရဲ့ ပါရမီက သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးဖို့ မလုံလောက်ဘူး…. ဒါပေမဲ့ ကောင်းကင်ယင်သားတော်မှာ ဒီလိုပါရမီမျိုး ရှိနေမယ်ဆိုရင် ကောင်းကင်နတ်အရှင်ဆယ်ပါးကရော…”

ချင်မူ့ရင်မှာ လေးလံလာသည်။ ကောင်းကင်ယင်သားတော်ပင် ဤသို့ဆိုပါက သူ့ထက် ပိုမိုတတ်ကျွမ်းသော ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုလျှင် မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ယခင်က တိုက်ခိုက်ခဲ့ဖူးကြသော်လည်း တစ်ဦးတစ်ယောက်မှ အင်အားအပြည့် မသုံးခဲ့ကြသလို၊ လုပ်နိုင်စွမ်းများကိုလည်း မပြသခဲ့ပေ။ နှစ်တစ်သန်းကြာပြီးနောက်တွင် သူတို့ မည်သည်တို့ကို အောင်မြင်ခဲ့နေမည်နည်း။

အထူးသဖြင့် ကောင်းကင်နတ်အရှင်ဟောင်ပင်။ ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်ယင်သားတော်၏ ဆရာဖြစ်သည့်အလျောက် ကောင်းကင်ယင်သားတော်သည် သူ့အပေါ် သစ္စာရှိ၏။ ကောင်းကင်နတ်အရှင်ဟွေ့ကလည်း ကောင်းကင်နတ်အရှင်ဟောင်အပေါ် အလွန်အမင်း သစ္စာစောင့်သိသည်။

ကောင်းကင်နတ်အရှင်ဟောင်ကား နဂါးဟန်ခေတ်တုန်းက ရှားရှားပါးပါး ကောင်းကင်နတ်ရှင်ကိုးပါးထဲမှ တစ်ပါး ဖြစ်၏။ သူမ မည်မျှအစွမ်းထက်မည်နည်း။

“ငါ ကောင်းကင်နတ်အရှင်ဆယ်ပါးကို ပြန်လေ့လာဖို့ လိုအပ်နေပြီ… အထူးသဖြင့် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အရည်အချင်းပဲ”

ချင်မူက ရပ်၍ အိပ်မက်ထဲတွင် အဖြေထုတ်ရန် လူသူကင်းရှင်းသော နေရာတစ်ခု ရှာလိုက်သည်။

သူ၏ ယိုတုတာအို၊ ဖန်ဆင်းခြင်းတာအိုနှင့် ကောင်းကင်ယင်တာအိုများမှာ ကောင်းကင်ယင်သားတော်ထက် များစွာအဆင့်မြင့်သည့်အပြင် ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းတာအိုကိုပါ အဖြေထုတ်ထားသည့်တိုင် အိပ်မက်ကမ္ဘာထဲတွင် ဘဝပြန်ဝင်စားခြင်းမဟာတာအိုကို ခွဲခြားစိတ်ဖြာရခြင်းမှာ ပြဿနာကြီးတစ်ခုဖြစ်နေသေး၏။

သူ၏အိပ်မက်ကမ္ဘာထဲတွင် ချင်မူပိစိလေးများစွာမှာ သေလိုက်၊ ဘဝပြန်ဝင်စားလိုက်ဖြင့် အဆုံးမရှိ သံသရာလည်နေသည်။ သူတို့၏တိုးတက်မှုမှာ နှေးကွေးသော်လည်း အနည်းဆုံးတော့ အောင်မြင်မှုတချို့ ရှိသေးသည်။

သူ မသိသည်မှာ သူ၏ ကောင်းကင်ရတနာအတွင်းရှိ မိစ္ဆာလမ်းစဉ် ကောင်းကင်နန်းဆောင်၊ ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်၊ ကောင်းကင်ယင်ကောင်းကင်နန်းဆောင်တို့ အချင်းချင်း ထိတွေ့ဆက်ဆံနေကြသည်ကိုပင်။ အမှောင်မူလဝိညာဉ်၊ ဖန်ဆင်းခြင်းမူလဝိညာဉ်နှင့် ကောင်းကင်ယင်မူလဝိညာဉ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အာရုံခံနေကြ၏။ မဟာတာအိုများက ထိတွေ့ဆက်ဆံရင်း စုဝေးပေါင်းစည်းနေကြသည်။

တဖြည်းဖြည်း ကောင်းကင်နန်းဆောင်အသစ်တစ်ခု ဖွဲ့တည်လာကာ မူလဝိညာဉ်အသစ်တစ်ခုသည် တဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲလာနေ၏။

အချိန်တစ်ခု ကြာသွားပြီးနောက် ဤကောင်းကင်နန်းဆောင်အသစ်၏ အုတ်မြစ်ကား အခြေမာသွားချေပြီ။ သူ၏ ဘဝပြန်ဝင်စားခြင်းတာအို ပိုမိုနက်နဲလာသည်နှင့်အမျှ ထောင်ချီသော နန်းဆောင်များနှင့် ခန်းမများမှာ အုတ်ခဲများ၊ ကျောက်ပြားများဖြင့် အလိုအလျောက် တည်ဆောက်ခံနေရသည်။ တောင်ကောင်းကင်မုခ်၀၊ မြောက်ကောင်းကင်မုခ်၀၊ အရှေ့ကောင်းကင်မုခ်၀၊ အနောက်ကောင်းကင်မုခ်၀တို့သည်လည်း ဖြည်းဖြည်းချင်း ပြိုင်တူ မြင့်တက်လာကြချေပြီ။

ကောင်းကင်နတ်မြစ်က ကောင်းကင်ရတနာများအကြား ကွေ့ကောက်ဖြတ်သန်းလျက် ဤကောင်းကင်နန်းဆောင်အသစ်ဆီ စီးဆင်းသွားသည်။

ဤကောင်းကင်နန်းဆောင်၏ တာအိုသင်္ကေတများလည်း ပိုမိုထင်းလင်းလာပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်နှင့်ပင် နှိုင်းယှဉ်လာနိုင်ကာ ပို၍ပင် သန်မာလာနေ၏။

မဟာလေဟာနယ်နှင့် ယိုတုထဲရှိ ဆာလောင်နေသော သရဲများမှာ ညှို့ယူခံလိုက်ရသကဲ့သို့ သူ့အနားတွင် စုဝေးလာကြသည်။ သူတို့သည် အရေအတွက် တိုးသထက် တိုးလာကြသော်လည်း သူ့အနားမကပ်ရဲချေ။

အနက်ရောင်လေပွေများက ချင်မူ့ကို ရစ်သိုင်းလျက် တဟူးဟူးလှည့်ပတ်လာကာ ဆာလောင်နေသော သရဲများအား လွင့်ထွက်သွားစေသည်။

အနက်ရောင်လေပွေများသည် တစ်ခုနှင့်တစ်ခု ရစ်ပတ်ရင်း ဝါးမြိုကာ ပို၍ကြီးမားလာကြ၏။ အဝေးမှာကြည့်လျှင် အနက်ရောင်လေပွေတစ်ရာကား ကောင်းကင်သို့ပင် ထိနေပြီး နှိုင်းယှဉ်မရလောက်အောင် သိပ်သည်းအံ့ဆိုင်းနေ၏။ ၎င်းတို့က နေရာတစ်ခုတည်းတင် ရစ်ပတ်တိုက်ခတ်နေကြပြီး အင်မတန် ကြောက်မက်ဖွယ်ကောင်းနေသည်။

ဟူမုန့်ဒဲ့နှင့် ကျန်နတ်တပ်မှုးများမှာ ဤနေရာသို့ ပထမဦးဆုံး ရောက်လာကြ၏။ သူတို့သည် အနက်ရောင် လေပွေများကို မြင်သည့်အခါ မျက်မှောင်ကြုတ်ကုန်ကြလေသည်။

အနက်ရောင်လေပွေတို့၏ စွမ်းအားမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည်။ လျှပ်စီးများ တဖျစ်ဖျစ် လက်၍ မိုးထစ်ချုန်းနေပြီး လေဆင်နှာမောင်းထဲရှိ မြင်ကွင်းကို မြင်နေရသည်။ လေဆင်နှာမောင်းထဲတွင် ဆာလောင်နေသည့် သရဲများ ရှိနေပြီး လေနှင့်အတူ လွင့်မျောလည်ပတ်နေကြ၏။

‘အဲဒီကောင်းကင်နတ်အရှင်မူက ဒီအနားမှာပဲ…. ငါတို့ရောက်လာတာကို အာရုံခံမိလို့ ဒီအန္တရာယ်များတဲ့နေရာမှာ ပုန်းနေတာများလား’

ဟူမုန့်ဒဲ လက်အောက်ရှိ နတ်တပ်မှူးများမှာ နတ်မျက်စိများဖွင့်၍ အမှောင်ဖုံးနေသော နယ်မြေထဲသို့ ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မမြင်ရချေ။ သူတို့အကြည့်များသည် အပြင်ရှိ အမှောင်ထုကိုသာ ထိုးဖောက်နိုင်ပြီး အတွင်းရှိ ထူးဆန်းသော အရာတစ်ခုက သူတို့မြင်ကွင်းကို ကာဆီးထားသည်။

ဟူမုန့်ဒဲ့သည် သိုင်းအခြေခံအမြင့်ဆုံး ဖြစ်သည့်အ‌လျောက် နတ်ကောင်းကင်အဆင့် ရောက်နေပြီ။ သူမမှာ နတ်မျက်စိဖွင့်၍ အမှောင်ထုအလယ်သို့ ကြည့်လိုက်ရာ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။

အမှောင်ထုထဲတွင် ကမ္ဘာများသည် ပူစီဖောင်းများကဲ့သို့ ထွက်ပေါ်လာနေပြီး ဖောက်ခနဲ ပေါက်ကွဲကာ အစအနမကျန် ပျောက်ကွယ်ကုန်ကြ၏။ ထို့နောက် ကမ္ဘာအသစ်များ ထပ်ထွက်လာသည်။ ၎င်းမှာ အင်မတန်မှ ထူးဆန်းပေသည်။

အထဲရှိ မည်သည့်အရာက ထိုမျှ ကြောက်စရာကောင်းနေမှန်း သူမပင် မသိချေ။

ဟူမုန့်ဒဲ့က လက်ကို အသာအယာ လွဲရမ်းလိုက်သည့်အခါ နတ်တပ်မှူးအချို့က သူမကို သယ်ဆောင်၍ အမှောင်ထုထဲသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြသည်။

မကြာမီ အမှောင်ထုထဲ ရောက်ရှိလာခဲ့ချေပြီ။ နတ်တပ်မှူးအချို့၏ မူလဝိညာဉ်များက သူတို့ခန္ဓာကိုယ်ထဲမှ ထွက်လာကြပြီး ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်လိုက်ကြသည်။ သူတို့၏ မူလဝိညာဉ်များက ကျောက်စိမ်းမြို့တော် သို့မဟုတ် နတ်ကောင်းကင်ခန်းမ အရှေ့တွင် ရပ်လျက် အမှောင်ထုကို ဖိနှိပ်နေကြသည်။

သို့သော် ဤနေရာရှိ အမှောင်ထုမှာ အားကောင်းသိပ်သည်းလွန်း၏။ အနက်ရောင်သဲမှုန်များက ဖြည်းဖြည်းချင်း ရွေ့လျားနေရာ သူတို့၏အမြင်ကို ဝေဝါးလာစေသည်။ အရှေ့တွင် ရှိသည့်အရာကို မြင်ရရန် ခက်ခဲလာ၏။

သူတို့အားလုံး အမှောင်ထုထဲတွင် အချိန်အတော်ကြာ လျှောက်လာခဲ့ပြီးနောက် ရုတ်တရက် ဖိအားပေါ့သွားသည်။ ပူဖောင်းတစ်ခုထဲမှ ဖြတ်သန်းလိုက်သကဲ့သို့ ခံစားရပြီး အလင်းတန်းများက သူတို့မျက်လုံးများရှေ့တွင် တောက်ပလာကြသည်။

ဟူမုန့်ဒဲနှင့် ကျန်သူများ ဟိုဟိုသည်သည် ကြည့်လိုက်ရာတွင် လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များကို တွေ့လိုက်ရသည်။ နေမင်းနှင့် လမင်းသည် ကြည်လင်လျက် ရှိ၏။ ဤကမ္ဘာမှာ မကြီးမားသော်လည်း ထူးဆန်းစွာဖြင့် သက်တံ့ရောင်ခြည်များက ကမ္ဘာတစ်ဖက်မှတစ်ဖက်သို့ အဆက်မပြတ် ကူးလူးဖြတ်ပြေး‌နေသည်။

ဤသို့ဖြင့် ရှေ့ဆက်လျှောက်လာနေရင်း ရုတ်တရက် အလောင်းတစ်လောင်းအပေါ် တက်နင်းမိသည်။

ဟူမုန့်ဒဲ့က ခေါင်းငုံ့ကြည့်လိုက်သည်။ အရိုးစုမှာ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက သေဆုံးခဲ့ပြီးဖြစ်သည်။ သူမက နောက်လူများဆီ ကြည့်ကာ ဂရုစိုက်ရန် သတိပေးလိုက်၏။

ထို့နောက် သူတို့အရှေ့ရှိ မြင်ကွင်းကို မြင်လာရသည့်အခါ အကုန်လုံး အံ့ဩမှင်သက်သွားကြလေသည်။

မရေမတွက်နိုင်သော အရိုးဖြူများကား သူတို့အရှေ့တွင် တောင်လိုပုံနေပြီး လူများစွာမှာ နေရာပေါင်းစုံမှ လျှောက်လာနေကြ၏။ သူတို့က အလောင်းများ သယ်၍ တောင်အောက်သို့ ပစ်ချနေသည်။ အလောင်းများသည် တောင်အောက်သို့ လိမ့်ဆင်းကျလာနေပြီး လမ်းတလျှောက်တွင် အသွေးအသားတို့က အရည်ပျော်ကာ အရိုးဖြူများအဖြစ် ပြောင်းလဲသွား၏။

အားလုံးမှာ ကြက်သေသေနေကြသည်။ ဟူမုန့်ဒဲ့က ပစ်ချခံလိုက်ရသည့် အလောင်းများဆီ ကြည့်လိုက်သည်။ ယင်းတို့ကား ချင်မူပင်။

“ကောင်းကင်နတ်အရှင်မူက သေသွားပြီလား”

သူမမှာ အနည်းငယ် ကြောင်အနေမိသည်။ အလောင်းများကို ရွှေ့နေသည့် လူများအား မြင်လိုက်ရသည့်အခါ သူမမှာ ရင်တဒိန်းဒိန်းခုန်သွား၏။ ထိုလူများကလည်း ချင်မူသာဖြစ်သည်။

“အားလုံးပဲ သတိထားကြ…. ဒီနေရာက အင်မတန် ထူးဆန်းတယ်”

သူမ ထိုသို့ပြောလိုက်သည်နှ‌င့် အလင်းတန်းနောက်တစ်တန်းက မိုးကုပ်စက်ဝိုင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။

“ထူးဆန်းတယ်တဲ့လား”

သူမဘေးရှိ နတ်တပ်မှူးတစ်ယောက်က ပြုံးလျက် ပြော၏။ “ကျုပ်တို့မင်တုက အထူးဆန်းဆုံးဆိုတာ မသိတဲ့သူ ရှိပါ့မလား… ကျုပ်တို့မင်တုရဲ့ ကောင်းကင်နတ်သိုင်းတွေက ကမ္ဘာလောက ထောင်ပေါင်းများစွာမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်စေခဲ့တာပါ…. ဒီနေရာက ထူးဆန်းမှုလေးကို ဘာလို့ ကြောက်နေရမှာလဲ”

ဟူမုန့်ဒဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း သတိပေးသည်။ “သတိထားစမ်း… ငါတို့…”

ရုတ်တရက် သူမမှာ ဆွံအသွားပြီး သူမဘေးရှိ နတ်တပ်မှူးအား ငေးကြောင်ကြည့်နေမိ၏။ တပ်မှူး၏မျက်နှာမှာ ရှုံ့မဲ့ပြောင်းလဲနေချေသည်။ သူ့မျက်နှာအောက်တွင် မျက်နှာတစ်ခု ရှိနေသည့်အလား ထင်ရပြီး ယင်းမျက်နှာသည် သူ့မျက်နှာအောက်မှ ထိုးထွက်ရန် ကြိုးစားနေ၏။ မျက်နှာနှစ်ခုမှာ ခန္ဓာကိုယ်ကို ရရှိရန် တိုက်ခိုက်နေကြသည်။

ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားမှာ သတိထားမိပုံမရဘဲ ဟိုဟိုသည်သည် ကြည့်နေ၏။

ထိုမျှသာမက သူ့ကောင်းကင်နန်းဆောင်ထဲရှိ မူလဝိညာဉ်၏ မျက်နှာပင်လျှင် ပြောင်းလဲနေသည်ကို ဟူမုန့်ဒဲ့ တွေ့နေရသည်။

ရုတ်တရက် ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရား၏ မူလဝိညာဉ်မှာ ချင်မူ့မျက်နှာအဖြစ် ပြောင်းလဲသွားပြီး သူ့ရုပ်ခန္ဓာမှာလည်း ချင်မူဖြစ်လာတော့သည်။

“မင်းက ဘယ်သူလဲ”

ထိုနတ်ဘုရားက လူတိုင်းကို ကြည့်ကာ ပြုံးလိုက်သည်။ “ဘာလို့ ငါ့အိမ်မက်ကမ္ဘာထဲ ရောက်လာကြတာလဲ…. အာ… ဟုတ်သားပဲ… ကောင်းကင်သားတော်ယင်က ငါ့ကို သတ်ဖို့ မင်းတို့ကို လွှတ်လိုက်တာကိုး”

ဟူမုန့်ဒဲ့မှာ သွေးများအေးခဲသွားသလို ခံစားလိုက်ရ၏။ ထိုစဉ်မှာပဲ ထိုနတ်ဘုရားက သူတို့ကို ချက်ချင်း တိုက်ခိုက်လာသည်။

အားလုံး အငိုက်မိသွားသော်လည်း အရေအတွက်အရ အားသာသောကြောင့် ပူးပေါင်းကာ ထိုနတ်ဘုရားကို ရှင်းလင်းသုတ်သင်လိုက်သည်။

ဟူမုန့်ဒဲက ခပ်မာမာ ပြော၏။ “ဒီထူးဆန်းတဲ့နေရာကို ဖန်တီးထားတာ ကောင်းကင်နတ်အရှင်မူပဲ…အားလုံးပဲ အာရုံစိုက်ပြီး တာအိုနှလုံးသားတွေကို ကာကွယ်ကြ…. တစ်ချက်လေးမှ အာရုံလွတ်မသွားစေနဲ့”

All Chapters