← Chapters

သွေးခင်းသော ဝူဝမ်မြို့

Vol. 94 Ch. 1225

သွေးခင်းသော ဝူဝမ်မြို့

Vol. 94 Ch. 1225

ဟူမုန့်ဒဲနှင့် ကျန်သူများက စက်ဝိုင်းသဏ္ဍာန် နေရာယူလျက် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးထားရင်း အပြင်ရန်သူကိုလည်း မျက်ခြေမပြတ် အကဲခတ်ကာ ဤဆန်းကြယ်ကမ္ဘာ၏ အဆုံးဆီသို့ ဆက်လျှောက်သွားကြနေသည်။

ထိုအဆုံးနေရာသည် သက်တံ့အလင်းရောင် ထွက်ပေါ်လာခဲ့သောနေရာ၊ သက်တံ့အလင်းရောင်၏ အရင်းအမြစ် ဖြစ်၏။ ချင်မူများစွာက ထိုနေရာမှ အဆက်မပြတ် ပျံထွက်လာနေကြသည်။

ဟူမုန့်ဒဲတို့မှာ အင်မတန် အစွမ်းထက်ကြသူများဖြစ်သော်လည်း ဦးခေါင်းများ ထုံကျင်လာသည်ကို ခံစားလိုက်ရကြသည်။ ဤနေရာ၌ မည်သည့်အရာ ဖြစ်ပျက်နေပြီး ကောင်းကင်နတ်အရှင်မူ မည်သည့်အရာများ လုပ်နေသည်လဲ သူတို့ မသိကြချေ။

အလောင်းများကို သယ်နေသော ချင်မူများသည် သူတို့ကို လျစ်လျူရှုထားပုံရပြီး ဤကမ္ဘာထဲမှ ဖြတ်သန်းခွင့်ပေးထား၏။

ဟူမုန့်ဒဲမှာ ချင်မူအချို့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ထိုချင်မူများက အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။

“ဒါက သူ့ရဲ့ခန္ဓာကိုယ် အစစ် မဟုတ်ဘူး”

နောက်ဆုံးတော့ သူတို့အားလုံး ကမ္ဘာ၏အဆုံးဆီ ရောက်လာကြကာ တံခါးတစ်ချပ်ကို တွေ့လိုက်ရသည်။ ချင်မူများစွာသည် များပြားလှသောအလောင်းများကို သယ်၍ တံခါးထဲမှ ဝင်ထွက်နေကြ၏။

အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တံခါးထဲ ဝင်လိုက်ကြသည်။

ဟူမုန့်ဒဲ အံ့ဩမှင်သက်သွား၏။ သူတို့အားလုံး အခြားကမ္ဘာတစ်ခု၏ အဝင်ဝဆီသို့ ရောက်လာကြပြီး မြင်မြင်သမျှနေရာတိုင်းတွင် အဆောက်အဦးများ၊ လသာဆောင်များ၊ မြို့များက နေရာယူထားသည်။ သန်းနှင့်ချီသော လူပေါင်းများစွာသည် ဤနေရာတွင် နေထိုင်ကြသောကြောင့် စည်ကားသိုက်မြိုက်နေ၏။

မြို့တစ်မြို့ရှေ့သို့ ရောက်သည့်အခါ မြို့သူမြိုသားအားလုံးက ချင်မူဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်ကြရပြန်သည်။

ရုတ်တရက် ချင်မူအားလုံးက ထူးဆန်းသောအကြည့်များဖြင့် သူတို့ဘက်သို့ လှည့်ကြည့်လာကြသည်။

သူတို့အားလုံး ခေါင်းနပန်းကြီးသွားကြသော်လည်း ချင်မူများစွာ၏ အကြည့်တို့အောက်တွင် အားတင်းလျက် ရှေ့ဆက်လျှောက်နေကြသည်။

ထိုအခိုက်အတန့်တွင် နတ်တပ်မှူးတစ်ပါး၏ မျက်နှာအမူအရာမှာ ထူးဆန်းလာ၏။ သူ့မျက်နှာက ပုံပျက်ရှုံ့တွလာပြီး မျက်နှာနှစ်ဖက်သည် တစ်ခုကိုတစ်ခု တွန်းထုတ်နေသည့်အလား ထင်ရသည်။ မကြာမီ ယင်းမျက်နှာများက ချင်မူမျက်နှာအဖြစ် ပြောင်းလဲသွားလေသည်။

ဟူမုန့်ဒဲက ထိုနတ်ဘုရားကို အကြောင်းပြချက်မရှိ သတ်လိုက်ကာ ခက်ထန်ထန် အော်လိုက်သည်။ “သွားကြ”

ကျန်နတ်ဘုရားများလည်း သူမနောက်မှ အလျင်အမြန် လိုက်လာပြီး အဝေးရှိ ကမ္ဘာအဆုံးနေရာသို့ ပျံသန်းသွားကြသည်။ အောက်တွင် ချင်မူများစွာက ပျံတက်လာကြရင်း သူတို့အား တိုက်ခိုက်ကြသည်။

ဟူမုန့်ဒဲတို့မှာ ကမန်းကတန်း ခုခံရင်း အဝိုင်းခံထားရသည့် အခြေအနေမှ တိုက်ခိုက်ရင်း ထွက်ခွာနေကြသည်။ ကောင်းကင်ထတွင် သက်တံ့ရောင်အလင်းတန်းများက တရွှစ်ရွှစ် ဖြတ်ပြေးနေလေသည်။

ရုတ်တရက် တပ်မှူးနောက်တစ်ယောက်၏ အသွင်အပြင်မှာ ပြောင်းလဲသွားပြီး သူတို့ကို ရက်ရက်စက်စက် တိုက်ခိုက်နေသော ချင်မူဖြစ်သွား၏။

ဟူမုန့်ဒဲတို့မှာ နတ်ကောင်းကင်ခန်းမအဆင့် တပ်မှူးတစ်ပါးကြောင့် ဒဏ်ရာရသွားကြသော်လည်း နောက်ဆုံးတွင် ထိုသူအား သတ်ဖြတ်ရင်း ဤဆန်းကြယ်ကမ္ဘာမှ လွတ်မြောက်လာခဲ့သည်။

ဤသို့ဖြင့် တတိယကမ္ဘာဆီသို့ ရောက်လာ၍ အံ့ဩမှင်သက်မှုများ အရှိန်မသေသေးသည့်အချိန်မှာပင် ကောင်းကင်မှ မည်းမည်းအရိပ်များ ပြုတ်ကျလာသည်ကို တွေ့လိုက်ရ၏။

ဟူမုန့်ဒဲ့ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်အပြင်တွင် အနက်ရောင်လေဆင်နှာမောင်းတစ်လုံးအား တွေ့လိုက်ရသည်။ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် ဆာလောင်နေသော သရဲများကား တစ်ပိုင်းတစ်စဝိညာဉ်များမှ ဖွဲ့တည်လာသည့် အနက်ရောင်ဝိညာဉ်သဲမှုန်များ ဖြစ်ကြပေသည်။ ၎င်းတို့သည် လောဘ၊ ဒေါသ၊ မောဟ နှင့်‌ နောင်တတို့မှ မွေးဖွားလာကြခြင်းလည်း ဖြစ်၏။

သို့သော် ဆာလောင်နေသော သရဲများ ဤကမ္ဘာထဲ ပြုတ်ကျလာနေခြင်းက ထူးဆန်းလေသည်။ ဆာလောင်နေသော သရဲများသည် ပြုတ်ကျနေကြစဉ် မျက်နှာများ သိသိသာသာ ပြောင်းလဲနေကြပြီး သူတို့မျက်နှာများအောက်တွင် မရေမတွက်နိုင်သော မျက်နှာများက ရုန်းကန်ထိုးထွက်နေကြသည်။

ဘုန်း… ဘုန်း…. ဘုန်း…

ဆာလောင်နေသော သရဲများမှာ ဟူမုန့်ဒဲတို့၏အရှေ့ မြေပြင်ပေါ်သို့ အရှိန်နှင့် ကျလာသဖြင့် ပြန်မထနိုင်ကြပေ။ သို့သော် အသွေးအသားများက အလျင်အမြန် ပေါ်ထွက်လာကြပြီး ရုပ်ခန္ဓာများ ပိုင်ဆိုင်လာကြချေပြီ။

ဆာလောင်နေသော ‌သရဲများ ခေါင်းမော့လိုက်သည့်အခါ သူတို့မျက်နှာများမှာ ချင်မူ့မျက်နှာများ ဖြစ်နေပြီးလေပြီ။ သူတို့က ဟူမုန့်ဒဲတို့အား ထူးဆန်းစွာ ကြည့်နေကြသည်။

ဤသရဲတို့၏ ခန္ဓာကိုယ်များထဲရှိ အနက်ရောင် ဝိညာဉ်သဲမှုန်များမှာလည်း ထူးဆန်းစွာ ပြောင်းလဲသွားကြကာ ယင်ဝိညာဉ်သုံးခု ယန်ဝိညာ‌ဥ်ခုနစ်ခုဖြင့် ပြီးပြည့်စုံနေသည်။ သူတို့တွင် မူလဝိညာဉ်များ ရှိနေကြသည့်အပြင် ဝိညာဥ်တိုင်းက ချင်မူ၏ မျက်နှာကို ပိုင်ဆိုင်ထားကြသည်။

ဤကမ္ဘာကား အိပ်မက်ဆိုးတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းလှသည်။ ဟူမုန့်ဒဲတို့မှာ ကြောက်လန့်တကြား အော်ဟစ်ရင်း အသည်းအသန် ပျံသန်းကာ ဤအိပ်မက်ဆိုးမှ လွတ်မြောက်ရန် ကြိုးစားကြတော့သည်။

ထိုစဉ်မှာပဲ တပ်မှူးနောက်တစ်ယောက်မှာ ဤထူးဆန်းသောကမ္ဘာနှင့် တစ်သားတည်းဖြစ်သွားပြီး သူတို့ကို တိုက်ခိုက်လာ၏။

ဟူမုန့်ဒဲ ဤကမ္ဘာမှ လွတ်မြောက်လာခဲ့သည့်အချိန်တွင် သူမဘေး၌ မည်သူမှ မရှိတော့ချေ။ သူမတိုက်ခိုက်ခဲ့သည့် သိုင်းပညာရှင်အားလုံးသည် ထူးဆန်းစွာဖြင့် ချင်မူ ဖြစ်သွားကြပြီး လမ်းတလျှောက် သေဆုံးခဲ့ကြသည်။ ယခုတွင် သူမတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ကမ္ဘာတစ်ခုပြီးတစ်ခု ဖြတ်သန်းပြီးသည်နှင့်အမျှ သူမှနှလုံးသားထဲရှိ ကြောက်စိတ် ပျောက်ကွယ်သွားကာ သတ်ဖြတ်လိုစိတ်က ပိုအားကောင်းလာသည်။ ‘ငါ့ရဲ့သိုင်းအဆင့်က မြင့်တယ်… ကောင်းကင်နတ်အရှင်မူ ငါ့ကို မသတ်နိုင်ဘူး …. သူ အကြံကုန်နေပြီ’

သူမမှာ ကမ္ဘာမည်မျှ ဖြတ်သန်းလာသည်လဲပင် မသိတော့ချေ။ နောက်ဆုံးကမ္ဘာအား ဖြတ်သန်းပြီးနောက် အပြင်ကမ္ဘာသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။

ဟူမုန့်ဒဲ အရှေ့သို့ ကြည့်လိုက်သည့်အခါ သူမကို ကျောခိုင်းလျက် ရပ်နေသော ချင်မူကို တွေ့လိုက်ရသည်။

ချင်မူ့နောက်တွင် အိပ်မက်ကမ္ဘာများသည် စက်ဝိုင်းကြီးငယ်များသဖွယ် တစ်ခုပေါ်တစ်ခု ထပ်နေကြ၏။ အလွှာမည်မျှရှိမှန်း မသိရသော်လည်း ရောင်ခြည်များက ထိုကမ္ဘာများ၏ အပေါ်မှအောက်သို့ အဆက်မပြတ် ဖြာဆင်းလျက် အဆုံးမသတ်နိုင်အောင် လှည့်ပတ်နေသည်။

ယခုလေးတင် သူမမှာ ချင်မူ၏ အိပ်မက်ကမ္ဘာအား ဖြတ်သန်းခဲ့ရခြင်း ဖြစ်ပေသည်။

ဟူမုန့်ဒဲ၏ အသတ်အဖြတ်စိတ်ဆန္ဒက ချင်မူ့ကို မြင်လိုက်လျှင်ချင်း ပေါက်ကွဲထွက်လာသည်။ သို့သော် သူမမှာ ချင်မူ၏ အိပ်မက်ကမ္ဘာထဲ ထပ်မံကျရောက်သွားမည်ကို စိုးရိမ်သောကြောင့် သူ့အား အနောက်မှ မတိုက်ခိုက်ရဲချေ။

သူမက ခြေလှမ်းများကို တိတ်ဆိတ်စွာ ရွှေ့ရင်း ချင်မူအား ပတ်သွားရန် ကြိုးစားကြည့်သည်။

ထိုအခိုက်အတန့်တွင် ချင်မူကား ရုတ်တရက် နိုးလာကာ မျက်လုံးဖွင့်၍ သူမအား ပြုံးလျက် ကြည့်နေ၏။

“ကောင်းကင်နတ်အရှင်မူ”

ဟူမုန့်ဒဲမှာ အံကြိတ်လိုက်ရင်း ကောင်းကင်နန်းဆောင်များ ထုတ်လွှတ်လိုက်သည်။ သူမ၏ မူလဝိညာဉ်က နတ်ကောင်းကင်ခန်းမအရှေ့တွင် ရပ်နေချေသည်။

နတ်ကောင်းကင်အဆင့်အထိ တက်လှမ်းခဲ့သော နတ်ဘုရားတို့သည် နတ်ကောင်းကင်ခန်းမ အရှေ့ရှိ လှေကားထစ်များအား တစ်ထစ်ချင်း တက်ရလေသည်။ အထစ်တစ်ထစ်တိုင်းတွင် နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်သော ဧကရာဇ်အင်အားကို တောင့်ခံရ၏။ နတ်ကောင်းကင်ခန်းမ၏ လှေကားထစ်အားလုံး တက်နိုင်ကြသူများသာ စစ်မှန်သော အောင်မြင်မှုကို ရရှိမည့် ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

သူမကား ထိုသို့ပုဂ္ဂိုလ်မျိုး ဖြစ်၏။

ချင်မူက ထရပ်ကာ ပြုံးနေသည်။ “ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်…. ခင်ဗျားဘယ်သူလဲ ဆိုတာ မှတ်မိသေးရဲ့လား”

ဟူမုန့်ဒဲမှာ ကြောင်အသွားပြီး ဖြေလိုက်၏။ “ဒါပေါ့ ငါက…”

သူမ၏စိတ်မှာ ရုတ်တရက် ဗလာကျင်းသွားသည်။ သူမမှာ သူမကိုယ်သူမ မည်သူမှန်း မမှတ်မိတော့သလို ဤနေရာကို မည်သည့်အတွက်ကြောင့် လာခဲ့မှန်းလဲ မသိတော့ချေ။

ဟူမုန့်ဒဲက ခေါင်းရမ်းလိုက်ပြီး ရင်ထဲတွင် ကြောက်စိတ်တို့ လှိုက်တက်လာတောသည်။ “ငါက ဘယ်သူလဲ”

ချင်မူက ပြုံးသည်။ “ကျွန်တော် ဘယ်သူလဲဆိုတာ မှတ်မိသေးလား”

“နင်က ကောင်းကင်နတ်အရှင်မူလေ”

ဟူမုန့်ဒဲ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ထိုသို့ပြောလိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်မူနှင့် ပတ်သက်သည့် သူမ၏မှတ်ဉာဏ်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

သူမက အကြီးအကျယ် ကြောက်လန့်သွားပြီး လျှာကို ကိုက်ကာ အင်မတန် တုတ်ခိုင်လှသော သစ်သားချောင်းတစ်ချောင်းကို ထုတ်လိုက်သည်။ ၎င်းကို မြေပြင်တွင် ထိုးစိုက်၍ အော်ဟစ်လိုက်လေသည်။ “ဝူဝမ်မြို့”

သစ်သားချောင်း မြေကြီးထဲ စိုက်ဝင်သွားသည့်အခါ သစ်သားဆီမှ တချွင်ချွင် မြည်သံကြီးများ ထွက်ပေါ်လာသည်။ သစ်သားချောင်းအပေါ်ရှိ အသက်ရစ်ကွင်းများသည် အပြင်သို့ ပြန့်ကားကာ ကြီးသထက် ကြီးလာ၏။ ထို့နောက် အလွှာအထပ်လိုက် ရှိနေသော အဆောက်အအုံများသဏ္ဍာန် ဖွဲ့တည်သွားသည်။

ဟူမုန့်ဒဲက မှော်စွမ်းအင်အား လှုံ့ဆော်လျက် သူမ၏ ကောင်းကင်ရတနာစွမ်းအားကို ထုတ်ဖော်လိုက်သည်။ မကြာမီ သစ်သားချောင်းကား မိုင်ထောင်ပေါင်းများစွာတစ်လျှောက် ဖုံးအုပ်သွားသည့် နှိုင်းယှဉ်မရနိုင်အောင် ခမ်းနားတင့်တယ်သော နတ်ဘုရားမြို့တစ်မြို့အဖြစ် ပြောင်းလဲသွားချေပြီ။

၎င်းမြို့အတွင်းရှိ သစ်သားအိမ်များသည် စက်ဝိုင်းပုံသဏ္ဍာန် စီရီနေပြီး စုစုပေါင်း အတွင်းစက်ဝန်း ၃၆၅ ခုရှိနေ၏။ အိမ်များပေါ်တွင် ရှုပ်ထွေးသော သင်္ကေတများ ခတ်နှိပ်ခံထားရသည်။ ဤအခိုက်အတန့်တွင် သင်္ကေတများအားလုံး လင်းလက်‌တောက်ပလာကြလေသည်။

ဝူဝမ်မြို့မှာ ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းတစ်လက်ကို သုံး၍ သူမ တည်ဆောက်ထားသော အရာဖြစ်သည်။ အမိကမ္ဘာမြေ အသတ်ခံခဲ့ရစဉ်က ကောင်းကင်နတ်အရှင်ရှောင်သည် ကမ္ဘာဦးသစ်ပင်ကို သိမ်းပိုက်ခဲ့၏။ ထိုအခါတတုန်းက ကောင်းကင်ယင်သားတော်က ကောင်းကင်နတ်အရှင်ရှောင်ထံ သွားရောက်၍ ကမ္ဘာဦးသစ်ပင်သစ်ကိုင်းတချို့ တောင်းယူပေးခဲ့သည်။

ဟူမုန့်ဒဲသည် ပင်ကိုပါရမီနှင့် အရည်အချင်းတို့ မြင့်မားလွန်းသောကြောင့် တန်ဖိုးထားခံရသည်။ ကောင်းကင်ယင်သားတော်ကိုယ်တိုင်ပင် သစ်ကိုင်းတစ်ကိုင်း ယူလာကာ သူမဆီ ပေးခဲ့၏။ ထို့နောက် ဟူမုန့်ဒဲက ဤသစ်သားချောင်းကို သုံးလျက် ဝူဝမ်မြို့ကဲ့သို့သော အရေးပါသည့် လက်နက်တစ်ခု သွန်းလုပ်သန့်စင်ခဲ့သည်။

ဝူဝမ်မြို့အထဲရှိ အိမ်များမှာ အသက်ရစ်ကွင်းများအပေါ်တွင် သူမ ထွင်းထားခဲ့သော အရာများ ဖြစ်သည်။ မင်တုမဟာတာအို၏ အမှတ်အသားများအား ခတ်နှိပ်ထားသည့်အလျောက် အလွန်အသုံးဝင်ချေသည်။

ယခုအချိန်အထိ ဟူမုန့်ဒဲသည် ကမ္ဘာဦးသစ်ပင်ထက် ပိုမိုကောင်းမွန်သော ရတနာကို ရှာမတွေ့သေးချေ။ ထို့ကြောင့် သူမက ဝူဝမ်မြို့အား သူမ၏ နတ်လက်နက်အဖြစ် သုံးကာ ဧကရာဇ်ပလ္လင်အဆင့်အထိ တက်လှမ်းရန် ရည်ရွယ်ထားသည်။

ဤအခိုက်အတန့်၌ သူမက ဝူဝမ်မြို့၏ အလယ်ဗဟိုတွင် ရပ်နေသည်။ မြို့စွမ်းအားက အားကောင်းပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အတွင်းစက်ဝန်း ၃၆၅ခု ထဲရှိ သစ်သားအိမ်များအပေါ်တွင် ခတ်နှိပ်ထားသည့် မင်တုတာအိုသင်္ကေတများလည်း တောက်ပလာကြသည်။ သူမ၏ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော သင်္ကေတအမှတအသားများ ထွန်းလင်းလာကြ၏။

ဟူမုန့်ဒဲ၏ မှော်စွမ်းအားသည် သိသိသာသာ မြင့်တက်လာပြီး သူမ၏ သိုင်းကွက်တစ်ကွက်တည်းဖြင့် ချင်မူမှာ ပေါက်ကွဲသွားတော့သည်။

ချင်မူ အစိတ်စိတ်တ်အမွှာမွှာ ကွဲထွက်သွားသည့်အခါ မဟာလေဟာနယ်နှင့် ယိုတုမှာလည်း ပြိုကွဲသွားသည်။ မကြာမီ ကောင်းကင်နှင့် မြေကြီးမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။

ဟူမုန့်ဒဲမှာ ငေးငေးကြောင်ကြောင်ဖြင့် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်သည်။ မဟာလေဟာနယ်နှင့် ယိုတု ပြိုကွဲသွားပြီးနောက်တွင် ထွက်ပေါ်လာသည့် ကမ္ဘာမှာ မဟာလေဟာနယ်နှင့် ယိုတုဖြစ်နေသေးသည်ကို တွေ့လိုက်ရ၏။

သူမကား ထောင်ချောက်မိသွားချေပြီ။ ယခုလေးတင် တွေ့ခဲ့ရသည့် ချင်မူမှာ အစစ်အမှန်မဟုတ်ဘဲ အိပ်မက်ထဲမှ ချင်မူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

“ငါ သူ့အိပ်မက်ထဲမှာပဲ ရှိသေးတယ်… ဝူဝမ်မြို့”

သူမက ဝူဝမ်မြို့ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ကာ တစ်လောကလုံးကို တုန်ရီသွားစေသည့် ပေါက်ကွဲမှုကြီးတစ်ခု နောက်တစ်ကြိမ် ဖြစ်ပေါ်သွားသည်။ ဤအိပ်မက်ကမ္ဘာမှာလည်း ဖျက်ဆီးခံလိုက်ရလေပြီ။

ထို့နောက် သူမသည် ဝူဝမ်မြို့ကို အသက်သွင်း၍ အိမ်မက်ကမ္ဘာကို ဖျက်ဆီးလိုက်ပြန်သည်။ ဤသို့ဖြင့် အသက်သွင်းလိုက်၊ ဖျက်စီးလိုက်လုပ်နေရင်း ပင်ပန်းလွန်းသဖြင့် အသက်ကို မနည်းရှူနေရကာ ခွန်အားမရှိတော့ချေ။

နောက်ဆုံးတော့ နောက်ဆုံးအိပ်မက်ကမ္ဘာ ပြိုကွဲသွားခဲ့ပြီး ဟူမုန့်ဒဲ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားသည်။ သူမခေါင်းမော့လိုက်သည့်အခါ သူမအရှေ့တွင် ရပ်နေသည့် ချင်မူ့ကို တွေ့လိုက်ရ၏။

“နောက်ဆုံးတော့ ခင်ဗျား ထွက်လာနိုင်ခဲ့ပြီ… မဟူရာနတ်မင်းရဲ တပည့်ဆိုတဲ့အတိုင်း ပေါ့ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ” ချင်မူက ‌ပြောလိုက်၏။

ဓားရောင်တစ်ချက် လက်ခနဲ ပျံသန်းလာကာ ဟူမုန့်ဒဲ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်သွားသည်။

All Chapters