ယွီဝူဖေး
Vol. 94 Ch. 1227
ယွီဝူဖေးက ကြာပွတ်ကို ဆွဲထုတ်လိုက်ရာ ၎င်းသည် ချင်မူ့ထံသို့ ပြေးဝင်လာသော အဖြူရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် သူမအနောက်ရှိ ကောင်းကင်နန်းဆောင်ထဲမှ အမျိုးသမီးများကလည်း သူတို့၏ ကောင်းကင်ရတနာများကို အသက်သွင်းလိုက်ကြသည်။ နှင်းများက ကောင်းကင်တွင် တမုဟုတ်ချင်း ဖုံးလွှမ်းသွားပြီး နှင်းပွင့်တို့အတွင်းမှ ကောင်းကင်လက်နက်များက အဆုံးမရှိသော စွမ်းအားတို့ဖြင့် တိုက်ခိုက်လာကြသည်။
ဝုန်း…
ချင်မူ ရပ်နေသည့် မြေပြင် ပေါက်ကွဲသွားသည်။ ယွီဝူဖေး၏ သိုင်းကွက်မှာ ထူးဆန်းလှ၏။ ဤအမျိုးသမီးများကို ခေါ်လာရသည့် အကြောင်းမှာ အမြင်လှစေရန်သက်သက်သာ မဟုတ်ဘဲ သူမ၏သိုင်းကွက်မှာ ဤအမျိုးသမီးများ၏ စွမ်းအားကို တစ်သားတည်း ပေါင်းစည်းကာ သူမ၏ မှော်စွမ်းအင်အား တိုးမြှင့်ပေးနိုင်သောကြောင့်ပင်။
သူမမှာ ယခင်က နတ်ကောင်းကင်ခန်းမအဆင့်တွင်သာ ရှိခဲ့သည်။ ဤအမျိုးသမီးများက ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်ခန်းမအဆင့်သို့ ရောက်ရှိထားသူများ ဖြစ်ရာ သူမ၏ မှော်စွမ်းအင်ကို ဧကရာဇ်ပလ္လင်အဆင့်နှင့် နီးကပ်သွားစေသည်။
စောစောက သူမသည် သိုင်းကွက်ကို တန်းအသက်မသွင်းဘဲ ချင်မူ့အား အူလည်လည်ကောင်လေးသဖွယ် ထင်မှတ်ကာ ဖျားယောင်းခဲ့သည်။ ထို့အပြင် သူမ၏သိုင်းအဆင့်မှာ မမြင့်မားသဖြင့် ချင်မူ အနားကပ်လာသည်နှင့် လက်ညှိုးတစ်ချောင်းဖြင့် ထိုးဖောက်၍ သတ်ပစ်ရန် ကြံစည်ခဲ့သည်။ သို့သော် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက သူမ၏လက်ချောင်းကို ပေါက်ကွဲသွားစေကာ အရိုးသာ ကျန်ခဲ့စေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ယခုတွင် သူမမှာ ဒေါသူပုန်ထသွားသောကြောင့် ရှိသမျှစွမ်းအား အလုံးစုံ ထုတ်ဖော်ကာ ချင်မူ့အား ဖိတိုက်တော့သည်။
သို့သော် ဒေါသပြေသွားသည့်အချိန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာတွင် ချင်မူ့အား မတွေ့တော့ပေ။
“သူ လွတ်သွားတာလား”
ယွီဝူဖေးသည် နဂါးဖြူကို လှုပ်ခါလိုက်ရာ ၎င်းက သူမ၏လက်မောင်းတွင် ရစ်ပတ်သွား၏။ သူမက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ချင်မူ ထွက်ပြေးသွားသောဘက်အား ရှာရန်ပြင်လိုက်စဉ် တောက်ပသောအလင်းတန်းတစ်တန်းက ကောင်းကင်မှ ဖြာကျလာသည်။
ယွီဝူဖေး ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် မီးတောက်သဖွယ် အလင်းတန်းတစ်တန်း တွေ့လိုက်ရသည်။ ယင်းတို့ကား ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးဆီမှ အလင်းရောင် ဖြစ်၏။ ၎င်းအလင်းတန်း သူမခန္ဓာကိုယ်အပေါ် ဖြာကျလာသည့်အခါ သူမ၏ဝိညာဉ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
“သေခြင်းရှင်ခြင်းစာအုပ်လား”
ယွီဝူဖေးမှာ အံ့ဩမှင်သက်သွားတော့သည်။ သေခြင်းရှင်ခြင်းစာအုပ်သည် ကောင်းကင်နတ်ဘုံအတွက် ကောင်းကင်ယင်သားတော် ဖန်တီးပေးခဲ့သော စာအုပ်ဖြစ်ကာ ထောင်သောင်းချီသော ကမ္ဘာလောကများဆီမှ သက်ရှိသတ္တဝါတို့၏ သေခြင်းရှင်ခြင်းအား ထိန်းချုပ်ရာတွင် အသုံးပြုလေသည်။ သေခြင်းရှင်ခြင်းစာအုပ်ဖြင့် ကြည့်ခံလိုက်ရသည့် မည်သူမဆို သူတို့၏နာမည်နှင့် ရုပ်သွင်အား ထုတ်ဖော်ခံရမည်။ သူတို့ကို အမှတ်အသားပြုလိုက်ပါက မသေမျိုး ဖြစ်လာနိုင်သလို စုတ်ချက်တစ်ချက်တည်းဖြင့် သူတို့၏အသက်ကိုလည်း နှုတ်ယူနိုင်သည်။
သို့သော် သေခြင်းရှင်ခြင်းစာအုပ်အား ဖန်တီးရန် အင်မတန် ခက်ခဲသည်။ ကောင်းကင်ယင်သားတော်မှာ သေခြင်းရှင်ခြင်းစာအုပ်အား ဖန်တီးရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ သို့သော် ချင်မူသည် သေခြင်းရှင်ခြင်းစာအုပ်ဖြင့် သူတို့အပေါ် အလင်းတန်း ကျရောက်စေခဲ့ခြင်းမဟုတ်ဘဲ သူ၏ကိုယ်ပိုင်မျက်လုံးများကိုသာ သုံးခဲ့လေသည်။
‘သူ့မျက်လုံးတွေက သေခြင်းရှင်ခြင်းစာအုပ်လား…. ကောင်းကင်ယင်သားတော်တောင် ဒီအဆင့်အထိ ရောက်အောင် မကျင့်နိုင်ခဲ့ဘူး…. မျက်လုံးရဲ့ဗဟိုမှာ ရှိနေတာက ဘာများလဲ…. ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ’
ယွီဝူဖေးမှာ သေခြင်းရှင်ခြင်းစာအုပ်ကို တိုက်ခိုက်ရန် သူမ၏သိုင်းကွက်အား အလျင်အမြန် အသက်သွင်းလိုက်သည်။ သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။ သူမကောင်းကင်နန်းဆောင်ထဲရှိ ကျောက်စိမ်းမြို့တော်အဆင့် အမျိုးသမီးနှစ်ဦးမှာ အလင်းရောင်ဖြင့် ထိမှန်ခံလိုက်ရကာ မွေးစာရင်းဖျက်ခံလိုက်ရသည်။ နှစ်ယောက်လုံး စကားတစ်လုံးမှမပြောနိုင်ဘဲ သေဆုံးသွားကြ၏။
ယွီဝူဖေးက လေပေါ်ပျံတက်လိုက်ကာ အဖြူရောင်နဂါးကို စေလွှတ်လိုက်သည်။ ကြာပွတ်နဂါးကား ပိုမိုကြီးမားရှည်လျားလာပြီး အလုံးတုတ်လာသည်။ ၎င်းသည် မိုးခြိမ်းသံကဲ့သို့ ညံနေသော နဂါးတွန်သံများဖြင့် ချင်မူ့ဆီ ပြေးဝင်လာချေပြီ။
ချင်မူက တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သော်လည်း ယွီဝူဖေး၏ မှော်စွမ်းအင်က ဤမျှအားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နဂါးဖြူကြာပွတ်မှာလည်း အင်မတန်မှ အံ့ဩဖွယ်ကောင်းသည်။ ကြာပွတ်သည် နတ်ကောင်းကင်ခန်းမအဆင့် အဖြူရောင်နဂါးတစ်ကောင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်အပြင် အချိန်ပေးကာ သန့်စင်ခဲ့ရ၏။ ၎င်းက သူမဆန္ဒအတိုင်း ပြောင်းလဲနိုင်သည်။
ကြာပွတ် ကျရောက်လာသည့်အချိန်တွင် ချင်မူ၏လက်ဖဝါးများမှာ နဂါးဖြူ၏ ပြောင်းပြန်ကြေးခွံတို့ကြောင့် သွေးချင်းချင်း နီသွားတော့သည်။
ဤတိုက်ကွက်က ချင်မူ့ကို ကောင်းကင်မှ ဆွဲချနိုင်ခဲ့သောကြောင့် သူ့ခန္ဓာကိုယ်မှာ အရှိန်မထိန်းနိုင်ဘဲ ချာခနဲ လည်သွားသည်။
ဝှစ်…
သူ၏ခြေထောက်များ မြေပြင်ပေါ် သက်ဆင်းလိုက်သည့်အခါ မိုင်တစ်ရာပတ်ဝန်းကျင်ရှိ မြေပြင်မှာ ရုတ်တရက် တွန့်လိမ်ပုံပျက်သွားသည်။ မမြင်နိုင်သော အားတစ်ရပ်က ပတ်ဝန်းကျင်ရှိ ကျောက်တုံးမှန်သမျှအား မုန့်နှစ်သဖွယ် ကြော်ပစ်လိုက်သည့်အလားပင်။
တွန့်လိမ်နေသော မြေပြင်သည် ကောင်းကင်ကို ထိုးဖောက်တော့မည့် ဆူးချွန်တစ်ခုပမာ အလျင်အမြန် မြောက်တက်လာသည်။
ချင်မူက ဤထူးဆန်းသောနည်းလမ်းကို သုံးလျက် ယွီဝူဖေး၏ နဂါးဖြူကြာပွတ်မှ စွမ်းအားကို ချေဖျက်နေသည်။ ထိုစဉ် သူ့မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးညွှန်လိုက်ရာ နတ်ဓားတစ်လက်သည် သူ့အရှေ့တွင် လွန်သွားသဖွယ် လှည့်ပတ်လျက် ပေါ်လာ၏။
“ကပ်ဘေးဖွင့်ဓား…”
ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးသည် ပွင့်လာပြီး ကပ်ဘေးဖွင့်ဓားကား ယွီဝူဖေးဆီ ပြေးဝင်သွားချေပြီ။
တစ်ချိန်တည်းမှာပင် ဓားအနောက်မှ အလင်းတန်းတစ်တန်းလည်း ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ယွီဝူဖေးက အပေါ်မှ ငုံ့ကြည့်နေပြီး နဂါးဖြူသည် မိုင်ပေါင်းများစွာ ရှည်လျားလာ၏။ ၎င်းက သူမခန္ဓာကိုယ်ကို ရစ်ပတ်လိမ်ခွေလျက် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။ ကပ်ဘေးဖွင့်ဓား၏ ဓားရောင်မှာ ယွီဝူဖေးအား မထိမိလိုက်ဘဲ နဂါးကြီး၏ ရစ်ခွေထဲ ဝင်ရောက်သွားသည်။
ကပ်ဘေးဖွင့်ဓား နဂါးဖြူကြာပွတ်၏ အခွေထဲ ရောက်ရှိသည့်အခါ နဂါးဖြူ၏ အကြေးခွံများအပေါ်တွင် ရုတ်တရက် မရေမတွက်နိုင်သော သင်္ကေတများ ပေါ်လာပြီး ဓားရောင်အပေါ် ဖြာကျသွား၏။
နောက်တခဏတွင် ကပ်ဘေးဖွင့်ဓားက နဂါးဖြူ၏ အရစ်အခွေများကို ဖြတ်ကာ ယွီဝူဖေး၏ မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်ရှိသွားသည်။
ယွီဝူဖေးက ကျန်လက်တစ်ဖက်ကို မြှောက်၍ ကပ်ဘေးဖွင့်ဓားအား လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကိုင်လိုက်၏။ သူမက နှာခေါင်းရှုံ့သည်။ “ချိုးဖျက်လို့မရနိုင်တဲ့ ကပ်ဘေးဖွင့်ဓားက ငါ့ကြောင့် ကျိုးပျက်ရတော့မယ်…”
ထိုသို့ပြောလိုက်စဉ်မှာပဲ သူမ၏ ချောမောလှပသော မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ကပ်ဘေးဖွင့်ဓားနောက်မှ လိုက်ပါလာသည့် အလင်းတန်းက ချက်ချင်း ဓားကျိုး၏ စွမ်းအားကို အသက်သွင်းလိုက်၏။ ကပ်ဘေးဖွင့်ဓားက ထပ်မံ ဆန့်ထွက်လာကာ သူမ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်လိုက်တော့သည်။
ယွီဝူဖေးမှာ အလန့်တကြား အော်ဟစ်ကာ ကပျာကယာ ခေါင်းလှည့်လိုက်သည်။ ဓားရောင်သည် သူမ၏မျက်ခုံးနှစ်ဖက်ကြားမှ ညာဖက်နားထင်သို့ လှီးချလိုက်ကာ သူမဦးခေါင်းအား ပွင့်လုမတတ် ဖြစ်သွားစေသည်။
ယွီဝူဖေးမှာ အံ့သြ၍ ဒေါသထွက်နေ၏။ ဤအခိုက်အတန့်တွင် နဂါးဖြူကြာပွတ်က ချင်မူ့ထံ ပြေးဝင်သွားချေသည်။ နဂါးဖြူ၏ အရစ်အခွေများကြားမှ ယွီဝူဖေးသည် ချင်မူ၏လှုပ်ရှားမှုတိုင်းကို ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။
ထိုစဉ် သူ သူမအား ဦးညွှတ် အရိုသေပေးလိုက်သည်ကို တွေ့လိုက်ရသည်။
ယွီဝူဖေးမှာ ချက်ချင်း ကျောချမ်းသွားပြီး တစ်ခုခုလွဲမှားနေကြောင်း သဘောပေါက်သွားသည်။
ဤသည်က ကောင်းကင်ယင်သားတော်၏ နည်းလမ်းပင်။
ကောင်းကင်ယင်သားတော်သည် သူ့အပြုံးထဲတွင် ဓားတစ်ချောင်း ကွယ်ဝှက်ထားတတ်၏။ သူ ဦးညွှတ်အရိုအသေပေးလျှင် တစ်ဖက်လူ၏ ဝိညာဉ်ကို သတ်ပစ်ချင်သောကြောင့် ဖြစ်သည်။ တစ်ဖက်လူအနေဖြင့် အမှတ်မထင် ပြန်လည်ဦးညွှတ်မိပါက သူ၏ဝိညာဉ်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေ၍ သာမန်မဟုတ်သော သေဆုံးခြင်းဖြင့် သေဆုံးရမည်ဖြစ်သည်။
ချင်မူတွင်လည်း သိသာစွာပင် ဤစွမ်းရည်ကို ပိုင်ဆိုင်ထားချေသည်။
ချင်မူက ဦးညွှတ်အရိုအသေပေးလိုက်သည်နှင့် ယွီဝူဖေးမှာ ချက်ချင်းပင် မူးဝေလာသည်။ သူမ၏မူလဝိညာဉ်သည် ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အားတစ်ရပ်က သူမ၏ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်အတွင်းမှ ထွက်ပေါ်လာကာ ၎င်းတို့အား ဆွဲဖြဲပစ်နေသည်။
သူမအနေဖြင့် တောင့်ခံနိုင်သော်လည်း သူမ၏ကောင်းကင်နန်းဆောင်ထဲရှိ နတ်ဘုရားမများမှာမူ တောင့်ခံနိုင်မည်မဟုတ်ချေ။ ချင်မူ ဦးညွှတ်အရိုအသေပေးပြီးနောက်တွင် ကျောက်စိမ်းမြို့တော်အဆင့် အမျိုးသမီးငါးဦး၏ ယင်ဝိညာဉ်သုံးခုမှာ ကွဲထွက်သွားပြီး ယန်ဝိညာဉ်ခုနစ်ခုမှာ ကြေမွသွားသည်။
နတ်ကောင်းကင်အဆင့် အမျိုးသမီးများက သူတို့၏ မူလဝိညာဉ်များကို ကာကွယ်လိုက်သော်လည်း အပြင်းအထန် ဒဏ်ရာရထားကြပြီး ဖြစ်၏။
ယွီဝူဖေးမှာ ဒေါသထွက်လွန်းသဖြင့် တဟားဟား ရယ်ရင်း နဂါးဖြူအရစ်အခွေများကြားမှ ပြန်လည်ဦးညွှတ်လိုက်သည်။ ချင်မူ့ခန္ဓာကိုယ်မှ ဝုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အစိမ်းရောင်မီးခိုးငွေ့များက သူ၏ဦးခေါင်းမှ ထောင်းခနဲ ထွက်ပေါ်လာ၏။
ယွီဝူဖေး အံ့အားသင့်သွားသည်။ သူမသည် ကောင်းကင်ယင်သားတော်၏ နည်းလမ်းကို သုံးခဲ့သော်လည်း ချင်မူ့ကို သေသည်အထိ ဦးညွှတ်အရိုအသေမပေးနိုင်ချေ။ သူ၏ နှိုင်းယှဉ်၍မရလောက်အောင် သန်မာသော မူလဝိညာဉ်က ဤတိုက်ကွက်ကို ခုခံခဲ့လေသည်။
သို့သော် နောက်တခဏတွင် နဂါးဖြူကြာပွတ်၏ အရစ်အခွေများက ချင်မူ့အား တင်းတင်းကြပ်ကြပ် ချုပ်နှောင်ပြီးဖြစ်သည်။ သူ့အနေဖြင့် မလွတ်မြောက်နိုင်ချေ။
ယွီဝူဖေးက နှာခေါင်းရှုံ့၍ ချင်မူ ချုပ်နှောင်ခံထားရသည်ကို အခွင့်ကောင်းယူကာ ဆယ်ကြိမ်ကျော် ဦးညွှတ်အရိုအသေပေးလိုက်သည်။
“နင် အချိန်တိုင်း ခုခံနိုင်တာ ယုံကိုမယုံနိုင်ဘူး”
ဝုန်း…ဝုန်း… ဝုန်း…
ပေါက်ကွဲသံ ဆယ်ချက် ဆက်တိုက်ထွက်ပေါ်လာပြီး အစိမ်းရောင်မီးခိုးငွေ့များ ကောင်းကင်သို့ မြင့်တက်သွားသည်အထိ သူက ချင်မူ့အား ဦးညွှတ်အရိုအသေပေးနေတော့သည်။
သို့ထိတိုင် သူ့အား မသတ်နိုင်သေးချေ။
ချင်မူက နဂါးဖြူကြာပွတ်မှ ရုန်းထွက်လာသဖြင့် ယွီဝူဖေးသည် သူ့အား သတ်ရန် ပျံသွားလိုက်၏။ နဂါးဖြူကြာပွတ်ကလည်း ချင်မူ့နောက် လိုက်လာကာ ပါးစပ်ဖွင့်၍ လှမ်းဟပ်သည်။ နဂါးလက်သည်းများကလည်း လှမ်းဆွဲသောကြောင့် ချင်မူမှာ အပေါ်သို့ ပျံမတက်နိုင်တော့ချေ။ သူသည် မြေပြင်တွင် ရပ်၍သာ နောက်ဆုတ်ရင်း ဓားရောင်များဖြင့် နဂါးဖြူကြာပွတ်အား ခုခံနေသည်။
သူတို့ထဲမှ တစ်ယောက်သည် လေထဲတွင်ဖြစ်ပြီး တစ်ယောက်မှာ မြေပြင်တွင် ဖြစ်သည်။ နဂါးဖြူကြာပွတ်က လျှပ်စီးသဖွယ် ပြေးဝင်လိုက်၊ ဆုတ်ခွာလိုက် တိုက်ခိုက်နေသည်။ ချင်မူ၏ ဓားရောင်ကလည်း တဖျတ်ဖျတ် လင်းလက်လျက် ဟင်းလင်းပြင်ကို ပိုင်းဖြတ်ပစ်ရင်း နှင်းတမျှ ဖြူဆွတ်နေသော ဓားရာများကို ချန်ရစ်ခဲ့သည်။ ဓားရာများ၏ အလယ်တွင်ကား အနက်ရောင်မျဉ်းများ ရှိနေသည်။ ထိုမျဉ်းမှာ မြန်လွန်းသည့် ဓားချက်များကြောင့် ဟင်းလင်းပြင်တွင် ကျန်ခဲ့သော အရာများ ဖြစ်သည်။
ယွီဝူဖေး၏ ကောင်းကင်နန်းဆောင်ဆီမှ တိုက်ခိုက်မှုများလည်း ကျရောက်လာကြသည်။ မင်တု၏ နတ်လက်နက်များကား အင်မတန်မှ ထူးဆန်းပေသည်။ မုခ်ဝတစ်ခု၊ မိစ္ဆာနတ်ဘုရားရုပ်တု၊ ဝိညာဉ်ချိတ်သံကြိုးတစ်ကြိုး၊ ဓားတောင်တစ်လုံး၊ မီးပင်လယ်တစ်စင်း အစရှိသဖြင့် စုံလင်နေသောကြောင့် ချင်မူလည်း ခြေကုန်လက်ပန်း ကျလာသည်။
အမျိုးသမီးတစ်ဦး၏ နတ်လက်နက်ဆိုလျှင် အနီရောင်ခရုခွံကြီးတစ်ခု ဖြစ်သည်။ အနီရောင်ခရုခွံကြီးက တဝှီးဝှီး မြည်ဟီးလျက် ပျံသန်းသွားလာရင်း ဝိညာဉ်နှင့် မူလဝိညာဉ်အား စုပ်ယူဖျက်စီးပစ်နိုင်သည်။
ချင်မူမှာ ဓားရောင်များဖြင့် တိုက်ခိုက်ရင်း နောက်ဆုတ်နေရသည်။ အန္တရာယ်ရှိသည့် အခိုက်အတန့်တိုင်းတွင် နဂါးဖြူကို တွန်းထုတ်နိုင်ခဲ့သော်လည်း အမျိုးသမီးတို့ဆီမှ နတ်လက်နက်များကို ခုခံကာကွယ်ရန် အချိန်မရှိပေ။ သူ့အရေပြားနှင့် အသားများပင် စုတ်ပြတ်သပ်လာတော့သည်။
မဟာလေဟာနယ်မြေထုတွင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများသည် အလစ်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် မြို့တံတိုင်းတို့၌ ကင်းလှည့်နေကြသည်။
နတ်မျက်လုံးမျိုးနွယ်၏ နတ်ဘုရားတစ်ပါးက မြို့မျှော်စင်ထက်၌ မားမားမတ်မတ် ထိုင်လျက် လက်ရှစ်ဖက် ဖြန့်ကားထားသည်။ သူ၏လက်ဖဝါးရှစ်ခုအပေါ်တွင် မျက်လုံးကြီးတစ်လုံးစီ လိမ့်နေပြီး ပတ်ဝန်းကျင်အား အကဲခတ်နေကြသည်။
ရုတ်တရက် နတ်မျက်လုံးမျိုးနွယ်မှ နတ်ဘုရားမှာ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်သွားပြီး ထရပ်လိုက်သည်။ “အခြေအနေတစ်ခု ရှိတယ်”
သူ့စကားမဆုံးခင်မှာပင် မြို့တော်အရှေ့ရှိ မိုင်တစ်ရာမှာ ပြင်းထန်စွာ လည်သွားရင်း အပေါ်သို့ မြောက်တက်သွားသည်ကို တွေ့လိုက်ရ၏။ ရစ်ခွေနေသည့် တောင်တန်းတစ်စင်းကား မြေကြီးထဲမှ ထိုးထွက်လာချေပြီ။