တစ်ချက်တည်း သတ်
Vol. 94 Ch. 1229
ချင်မူက ဘဝပြန်ဝင်စားခြင်း ကောင်းကင်နန်းဆောင်ကို အသက်သွင်းလိုက်ရင်း ခေါင်းလောင်း၏ ဘဝပြန်ဝင်စားခြင်းသံသရာထဲမှ ရုန်းထွက်လိုက်သည်။
အခြားတစ်ဖက်တွင် ယွီဝူဖေးမှာ ချင်မူ့ဆီမှ တိုက်ကွက်ကို ခုခံရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း မခုခံနိုင်ချေ။
သူမသည် နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်၍ အစွမ်းအစအားလုံး ထုတ်လွှတ်ခဲ့၏။ သို့သော် ချင်မူသည်လည်း ဤတိုက်ကွက်တွင် အစွမ်းကုန်ထည့်သွင်းထားသည်။
ယွီဝူဖေး၏ သိုင်းအဆင့်သည် ချင်မူ့ထက် များစွာသာလွန်သည့်အလျောက် သူမ၏ မှော်စွမ်းအင်မှာလည်း ပိုမိုအားကောင်းသည်။ သို့သော် တာအိုအပေါ် သူမ၏နားလည်နိုင်စွမ်းမှာ မမြင့်မားသည့်အပြင်၊ သမားရိုးကျ ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်ကိုသာ လိုက်နာကျင့်ကြံခဲ့သည်။ သူမအနေဖြင့် ချင်မူ့ကို သတ်နိုင်သင့်သည်။ သို့သော် ယွီဝူဖေးမှာ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အကြောင်း မသိဘဲ နမော်နမဲ့ တိုးဝင်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရချေပြီ။
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အတွင်းရှိ တာအိုစွမ်းအားက မည်မျှကြောက်စရာကောင်းလှပါသနည်း။
ချင်မူ၏ တိုက်ကွက်သည် ကောင်းကင်ရတနာနယ်ပယ်ထဲရှိ မဟာတာအိုစွမ်းအားမှန်သမျှအား စုစည်းပစ်ခဲ့၏။ ယွီဝူဖေးကို ပထမဆုံး ထိမှန်သည်မှာ ကောင်းကင်တာအို ၄၉ ခု ဖြစ်သည်။
ကောင်းကင်တာအိုက ကောင်းကင်ထက်မှ ဆင်းသက်လာရင်း ကောင်းကင်တာအိုရတနာ ၄၉ ပါးအဖြစ် ဖွဲ့တည်သွားသည်။ ကောင်းကင်တံဆိပ်တော်များ၊ ကောင်းကင်မီးလျှံ၊ ကောင်းကင်နေ၊ ကောင်းကင်လ၊ ကောင်းကင်လေ၊ ကောင်းကင်ဝင်ရိုးစွန်း၊ ကောင်းကင်အချိန်၊ ကောင်းကင်အရပ်မျက်နှာ အစရှိသည်တို့အပြင် သလင်းကျောက်များ၊ ယပ်တောင်များ၊ ဇွန်းများ၊ နေနာရီ၊ နေပုတီး၊ လပုတီးစေ့တို့လည်း ဖြစ်တည်လာကြသည်။
ဤကောင်းကင်ရတနာ ၄၉ ပါး ဆင်းသက်လာသည့်အချိန်တွင် ကောင်းကင်နတ်မြစ်သည် ရတနာများအကြား ဆက်သွယ်လျက် စွမ်းအားတို့အား တစ်သားတည်း ပေါင်းပေးလိုက်၏။
ယွီဝူဖေးမှာ ကောင်းကင်တာအိုများဖြင့် မြေပြင်တွင် ဖိနှိပ်ခံလိုက်ရပြီး ရုန်းထွက်နေသော်လည်း ယွမ်တုမဟာတာအို ၃၆ ခုက ပေါ်ထွက်လာကာ သူမ၏ခြေထောက်များကို ချုပ်နှောင်လိုက်၏။ ယွမ်တု၏ မဟာတာအိုများသည် သူမ၏ အရေပြားကို သစ်မြစ်များကဲ့သို့ ထိုးဖောက်သွားပြီး ကမ္ဘာဦးဘုံ၏ မြေကြီးထဲသို့ မြဲမြံစွာ ထိုးစိုက်ကုပ်တွယ်ပစ်လိုက်ကြ၏။
ထိုမျှသာမက ယိုတုမဟာတာအို ၆၄ ခုကလည်း သူမ၏ မူလဝိညာဉ်အား ထွက်မပြေးနိုင်အောင် ထိန်းချုပ်ထားသည်။
ထို့အပြင် အထွတ်အထိပ် ကောင်းကင်ဘုံလေးဘုံ၏ မဟာတာအိုကောင်းကင်နတ်သိုင်းများကလည်း အရပ်လေးမျက်နှာမှ ပြေးဝင်လာကြသည်။
ကောင်းကင်ယင်ကမ္ဘာ၏ မဟာတာအိုကောင်းကင်နတ်သိုင်းတစ်ခုက သူမ၏ မူလဝိညာဥ်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ တစ်ချက်တည်းဖြင့် သူမ၏ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခုတို့အား အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်သည်။ သူမဝိညာဉ်မှာ ကွဲကြေသွားပြီး အနက်ရောင်ဝိညာဉ်သဲမှုန်များအသွင်ဖြင့် သူမ၏မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းမှ စီးထွက်လာကျသည်။
၎င်းက ကြောက်မက်ဖွယ်အကောင်းဆုံး အရာမဟုတ်သေးပေ။
ချင်မူ၏ ကောင်းကင်နန်းဆောင် ၁၇ ဆောင်ထဲရှိ စွမ်းအားသည် တစ်သားတည်း ဖြစ်သွားသည်သာမက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၊ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်တို့နှင့်သာမက ချင်မူ၏ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းနှင့် ဓားနယ်ပယ်တို့နှင့်ပါ ပေါင်းစည်းသွား၏။
ထိုစဉ် ဘိုးဘေးနန်းတော်ထဲရှိ ကျောက်တုံးတွင်းငါးတွင်းမှာလည်း တုန်ခါလာကြကာ ထူးဆန်းသော စွမ်းအားများ ထုတ်လွှတ်လိုက်ကြသည်။
ယွီဝူဖေးနှင့် သူမ၏ ကောင်းကင်နန်းဆောင်ထဲရှိ အမျိုးသမီးတပ်မှူးများမှာ တုန်လှုပ်ချောက်ချားသွားကြသည်။ ချင်မူ့တိုက်ကွက်တွင် ပါဝင်သည့် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့ကား သူတို့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြသည့် အရာများ ဖြစ်ကြ၏။
ထိုအခိုက်အတန့်တွင် ခေါင်းလောင်းမြည်သံကို ကြားလိုက်ရလေသည်။
ခေါင်းလောင်းသံက ယွီဝူဖေးကို ဝမ်းမြောက်သွားစေပြီး သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ပေါက်ဖွားလာ၏။ “ချောင်ကျင့်၊ ငါ့ကို ကယ်ဖို့ ရောက်လာပြီ”
သူမက အားကုန်ထုတ်လျက် ကျင့်စဉ်စွမ်းအင်အား စုစည်းလိုက်ရာ ကောင်းကင်နန်းဆောင်ထဲရှိ အမျိုးသမီးတပ်မှူးများမှာ အံ့ဩမှင်သက်ကုန်ကြသည်။ သူတို့၏စွမ်းအားများ အလျင်အမြန် မြောလွင့်သွားပြီး မိဖုရားယွီဝူ၏ စုပ်ယူခြင်းခံနေရကြောင်း ခံစားလာရလေသည်။
မိဖုရားယွီဝူသည် သူမအသက်အတွက် သူတို့၏ အားလုံးကို ဝါးမြို၍ ကောင်းကင်ယင်သားတော် သူမအား လာကယ်မည်ကို စောင့်ဆိုင်းနေသည်မှာ သိသာလှ၏။
သူတို့အားလုံးမှာ ကောင်းကင်ယင်သားတော်လက်အောက်ရှိ တပ်မှူးများဖြစ်ကြသဖြင့် အော်ဟစ်ဆဲဆို လိုသည့်တိုင် မဆဲနိုင်ကြချေ။
ထိုအချိန်မှာပဲ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှ စွမ်းအားက ပေါက်ကွဲထွက်လာပြီး သူတို့နှင့် ယွီဝူဖေးကို လွှမ်းခြုံလိုက်တော့သည်။
ကြောက်မက်ဖွယ် တုန်ခါလှိုင်းများက အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားရင်း လမ်းတလျှောက်ရှိ တောင်တန်းများ၊ မြစ်ချောင်းမှန်သမျှအား ဖျက်ဆီးသွား၏။ ထိုတုန်ခါလှိုင်းများက မဟာလေဟာနယ်ထဲရှိ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမြို့ဆီသို့ပင် ရောက်ရှိသွားသည်။ မြို့ကို ကာကွယ်ပေးထားသည့် မဟာ၀င်္ကပါက တုံ့ပြန်သည့်အနေဖြင့် ရွေ့လျားသွားပြီး အံ့မခန်းလိလိ ကောင်းကင်အလင်းတန်းတစ်ခုက ကောင်းကင်သို့ တစ်ဟုန်ထိုး မြင့်တက်သွားသည်။
ကောင်းကင်မှာ အရောင်အသွေးစုံလင်သည့် သင်္ကေတများဖြင့် ချက်ချင်း ပြည့်နှက်သွားလေသည်။ နတ်ဘုရားဘာသာစကားနှင့် မိစ္ဆာဘာသာစကားမျိုးစုံက ကြည်လင်သော တာအိုသံများနှင့်အတူ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာကြ၏။
ယွီဝူဖေးမှာ ချင်မူ၏ တိုက်ကွက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သွေးတို့စီးကျလျက် နောက်သို့ လွင့်ထွက်သွားသည်။ သူမသည် မြေပြင်နှင့် ဝင်တိုက်၍ မိုင်ရာပေါင်းများစွာ လိမ့်ထွက်သွားပြီးနောက်ဆုံးတွင် ရပ်တန့်သွား၏။
သူမ၏ကောင်းကင်နန်းဆောင်ထဲရှိ အမျိုးသမီးတပ်မှူးများမှာလည်း ကံမကောင်းလှချေ။ ယွီဝူဖေးကသူတို့၏ ကျင့်စဉ်စွမ်းအင်များအား စုပ်ယူပစ်ခဲ့ရာ ချင်မူ့ကောင်းကင်နတ်သိုင်းအောက်တွင် တစ်ယောက်မကျန် သေဆုံးသွားကြသည်။
ယွီဝူဖေးမှာ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေပြီး အရိုးများလည်း ကျိုးသွားသည်။ ကုန်းရုန်းထချင်ပါသော်လည်း မထနိုင်ချေ။ ထိုအခိုက်အတန့်တွင် သူမအရှေ့တွင် ခြေတစ်စုံက လာရပ်သည်။
“ချောင်ကျင့်..”
ယွီဝူဖေးမှာ မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်သော်လည်း ကျို့ရှန့်ယင်၏ မဲ့ပြုံးကိုသာ တွေ့လိုက်ရရှာသည်။
ကျို့ရှန့်ယင်က အဝေးသို့ လှမ်းကြည့်လိုက်ရာ စောစောကလေး အံ့သြဖွယ်ရာကောင်းခဲ့သည့် ချင်မူမှာ မြေကြီးတွင် တုံးလုံးပက်လက် လဲနေကြောင်း တွေ့လိုက်ရသည်။ အသက်ရှူနေသေးသော်လည်း သူ၏ မျက်လုံးများမှာတော့ အသက်ကင်းမဲ့နေ၏။
ဤသည်က ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ ကျရောက်သွားသည့် လက္ခဏာပင် ဖြစ်သည်။
ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းသည် ခေါင်းလောင်းသံ ထုတ်လွှတ်နိုင်ရုံသာ ထင်ရပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်စွမ်း ရှိဟန်လည်း မတူပေ။ သို့သော် ဤခေါင်းလောင်း၏စွမ်းအားက ဝိညာဉ်အပေါ် သက်ရောက်ခြင်း ဖြစ်၏။ ခေါင်းလောင်းသံနှင့်အတူ ဝိညာဉ်သည် ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ ကျရောက်သွားပေလိမ့်မည်။ အကြိမ်တစ်ရာ ဘဝပြန်ဝင်စား၍ မိမိကိုယ်ကို မေ့သွားလျှင် မေ့၊ သို့မဟုတ် ဘယ်တော့မှ ပြန်လည်မဝင်စားနိုင်တော့သည်လည်း ဖြစ်နိုင်သည်။
ချင်မူ၏ လက်ရှိလက္ခဏာများအရ သူ၏ဝိညာဉ်သည် မရေမတွက်နိုင်အောင် ဘဝပြန်ဝင်စားရင်း အတိတ်မေ့သွာားပြီဖြစ်ကြောင်း ပြသနေ၏။ သူ့ကား ခန္ဓာကိုယ်သာ ရှိသည့် အရူးတစ်ယောက် ဖြစ်လာခဲ့လေပြီ။
“ကျွန်တော် စိတ်ပျက်မိတယ် ဒေါ်လေး”
ကျို့ရှန့်ယင်က ခေါင်းငုံ့၍ ခပ်ဟဟ ရယ်လိုက်သည်။ “ကျွန်တော့်အဖေကို သွေးဆောင်ဖျားယောင်းရင်း ကျွန်တော့်မယ့်တော်ကို ဖယ်ထုတ်ခဲ့ပြီးတော့ တိတ်တဆိတ် သတ်ပစ်ခဲ့တာ ဒေါ်လေး မှတ်မိသေးလား”
ယွီဝူဖေးမှာ ကျောချမ်းသွားပြီး ရုန်းကန်နေသည်။ “အဲဒါက နင့်အဖေအကြံပဲ… ငါနဲ့ ဘာမှမဆိုင်ဘူး”
ကျို့ရှန့်ယင်က ခေါင်းလောင်းတံကို ကိုင်ကာ ရိုက်ချလိုက်သည်။
အုန်း...
ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာပြီး ယွီဝူဖေး၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။ ခေါင်းလောင်းတစ်ခုလုံး သွေးတို့ ပေကျံသွားပြီး သူမ၏မူလဝိညာဉ်မှာလည်း အမှုန့်ကြေသွားချေပြီ။ ဘဝပြန်ဝင်စားခြင်းပင်လျှင် မကယ်နိုင်တော့ချေ။
ကျို့ရှန့်ယင်က သွေးပေနေသော ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းကို ကောက်ကာ ရယ်လိုက်သည်။ “ကျွန်တော့်အဖေက ချောမောတဲ့အပြင် ကျက်သရေရှိတယ်… ခင်ဗျားသာ လှမနေရင် သူက ခင်ဗျားကို ချစ်မိပါ့မလား… ခင်ဗျား အပြစ်တင်ချင်သပ ဆိုရင်တောင် ကျွန်တော့်အဖေကို အပြစ်မတင်နဲ့… လှလွန်းနေတဲ့ ခင်ဗျားကိုယ်ခင်ဗျားသာ အပြစ်တင်လိုက်…. ကျွန်တော်လည်း ကျွန်တော့်အဖေကို အပြစ်တင်မှာမဟုတ်ဘူး…”
သူက ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းကို ကိုင်၍ မြေပေါ်တွင် လဲနေသော ချင်မူ့ထံ လျှောက်သွားသည်။ ထို့နောက် ပြုံးလျက် ပြောလေသည်။ “ငါ စောင့်ခဲ့ရတာ ကြာပြီ… နောက်ဆုံးတော့ ကောင်းမှုတည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာပြီ ကောင်းကင်နတ်အရှင်မူ.... ငါ့အဖေ ပြောတာမှန်တယ်... မင်းက တကယ်လည်း အစွမ်းထက်ပါတယ်… မင်းကို အကောက်ကြံနိုင်မယ့် အခွင့်အရေးလေးအတွက် ငါ ဒီနားမှ အကြာကြီး စောင့်ခဲ့ရတယ်... အခုတော့ တန်သွားပြီ”
ချွမ်…
သူက ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းအား ချင်မူ့ထံသို့ အားကုန်လွှဲရမ်း၍ ရိုက်ချလိုက်သည်။
ခေါင်းလောင်းသံ မြည်ဟီးသွားပြီး ချင်မူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားသည်။ သူ၏အကြည့်က ပို၍ပင် ရီဝေလျက် ငေးကြောင်လာတော့သည်။
ကျို့ရှန့်ယင်သည် ကောင်းကင်ယင်သားတော်နည်းတူ သတိကြီးသူဖြစ်သဖြင့် အဝေးတွင် ရပ်ကာ ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းအား အားကုန် ရိုက်ချလိုက်သည်။ ခေါင်းလောင်းက ထပ်မံမြည်၍ အကြိမ်အတော်ကြာ တုန်ခါသွား၏။
နောက်ဆုံးတော့ ကျို့ရှန့်ယင် စိတ်အေးသွားလေသည်။ သူက ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့လျှောက်သွားရင်း အတွေးတစ်ချက်ဖြင့် နတ်ဓားတစ်လက် ထုတ်လိုက်သည်။ ထို့နောက် လက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းသည် သူ့လည်ပင်းတွင် ချိတ်ဆွဲနေသည့် ခေါင်းလောင်းငယ်တစ်လုံးအဖြစ် ပြောင်းလဲသွား၏။
ကျို့ရှန့်ယင်က ဓားကို လက်တစ်ဖက်တွင် ကိုင်ထား၍ ချင်မူ၏ လည်ပင်းအား ကျန်လက်တစ်ဖက်ဖြင့် မြှောက်လိုက်သည်။ သူ ချင်မူ့လည်ပင်းအား ဖြတ်တော့မည့်အချိန် ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ရုတ်တရက် ပွင့်လာသည်။ ချင်မူက ပြုံးလျက် ပြော၏။ “တူလေး၊ မင်းအဖေသာဆို ငါ့ကို အပိုင်းပိုင်းခုတ်ထစ်ပြီးမှ အနားကပ်လာမှာ…. အဲဒါတောင် ငါသေသွားပြီဆိုတာ သူ တထစ်ချ ယုံကြည်သေးမှာမဟုတ်ဘူး… မင်းက ငယ်ပါသေးတယ် တူလေးရာ…”
ကျို့ရှန့်ယင် ကြက်သီးမွေးညှင်းများ တဖြန်းဖြန်း ထသွားသည်။ သို့သော် ထိုအခိုက်အတန့်မှာတင် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးထံမှ နတ်အလင်းတန်းတစ်တန်း ပျံထွက်လာ၏။ ၎င်းက ကျို့ရှန့်ယင်၏ မျက်ခုံးကြားသို့ ထိုးစိုက်ဝင်ရောက်ပြီး နောက်စေ့မှ ပြန်ထွက်သွားသည်။
ကြောက်မက်ဖွယ်စွမ်းအားသည် ကျို့ရှန့်ယင်၏ ဦးခေါင်းကို ဖောက်ခွဲ၍ သွေးများ ပန်းထွက်သွားစေ၏။