ကောင်းကင်ယင်သားတော်၏ တိုက်ခိုက်မှုများ
Vol. 94 Ch. 1230
ချင်မူက ကျယ်လောင်စွာ ရယ်မော၍ လက်ဖျောက်တီးလိုက်သည်။ ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်းတစ်ခုက ကျို့ရှန့်ယင်၏ ခေါင်းပြတ်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
အနက်ရောင်ဝိညာဉ်သဲမှုန်များက ကျို့ရှန့်ယင်၏ လည်ပင်းမှ ချက်ချင်းဆိုသလို လျှံထွက်လာပြီး သူ၏ဝိညာဉ်မှာ ချင်မူ၏ ကောင်းကင်ယင်ကောင်းကင်နတ်သိုင်းကြောင့် အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲခံလိုက်ရတော့သည်။
ချင်မူသည် ကောင်းကင်ယင်နတ်ဘုရားမထံမှ အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်ကို သင်ယူခဲ့တုန်းက ကောင်းကင်ယင်နတ်ဘုရားမ၏ အယူအဆနှင့် မတူညီသော အယူအဆကို သိမြင်နားလည်ခဲ့၏။
ယခုက ထိုအယူအဆဖြင့် ဖန်တီးထားသော ကောင်းကင်နတ်သိုင်းအား စမ်းကြည့်လိုက်ရုံသာ ရှိသေးသည်။
ချင်မူက လက်ဆန့်တန်းကာ ကျို့ရှန့်ယင်၏ လည်ပင်းမှ တွဲလောင်းကျနေသော ခေါင်းလောင်းလေးကို ဆွဲယူလိုက်သည်။ သူသည် မှောင်ရိပ်ခိုလျက် အချိန်ကောင်းစောင့်နေသော ရန်သူရှိနေမှန်း ခံစားခဲ့ရသောကြောင့် အစွမ်းအကုန် ထုတ်မပြခဲ့ပေ။ ထိုရန်သူသာ ယွီဝူဖေးနှင့် ပူးပေါင်းလိုက်လျှင် သူ့အား သတ်နိုင်သွားလိမ့်မည်။
ကျို့ရှန့်ယင်မှာ တစ်ကိုယ်တည်း မျက်နှာသာရလိုသဖြင့် မိဖုရားယွီဝူဖေးကို သတ်ဖြတ်ခဲ့သောကြောင့် ချင်မူ အခွင့်အရေးရသွားခဲ့ခြင်း ဖြစ်သည်။
ကျို့ရှန့်ယင်သည် ကောင်းကင်ယင်သားတော်၏ သားတော်ဖြစ်လင့်ကစား၊ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ဖြစ်လင့်ကစား၊ ဘဝပြန်ဝင်စားခြင်ခေါင်းလောင်းကို ပိုင်ဆိုင်ထားလင့်ကစား ယခုလို အနီးကပ်တိုက်ခိုက်ရသည့်အခါ မသေဆုံးဘဲ နေပါတော့မည်လော။
ချင်မူက ဤအခွင့်အရေးအား အမိအရ ဖမ်းဆုပ်ခဲ့သည်။
သူ့အနေဖြင့် တိုက်ရိုက်ရင်ဆိုင်လျှင် အောင်မြင်နိုင်ချေရှိသော်လည်း နည်းပါးလွန်း၏။ ဘဝပြန်ဝင်စားခေါင်းလောင်းမှာ စွမ်းအားကြီးလွန်းသည့်အပြင် အခြားစွမ်းရည်များ ရှိ၊မရှိ သူ မသိရပေ။
ကျို့ရှန့်ယင်သည် ဘဝပြန်ဝင်စားခေါင်းလောင်းကို အသက်သွင်းကာ သူ၏ဝိညာဉ်ကို အကြိမ်ပေါင်းများစွာ ထိုးနှက်ခဲ့၏။ ကျို့ရှန့်ယွင်မှာ တည်ငြိမ်အေးဆေးသယောင် ထင်ရသော်လည်း အမှန်တကယ်တွင် ကောင်းကင်ယင်သားတော်၏ ကောင်းကင်ရတနာအပေါ် အားကိုးလွန်းခဲ့သည်။ ကောင်းကင်ယင်သားတော်၏ ရတနာကြောင့် မပေါ့လျော့ခဲ့မိလျှင် သူသည် ချင်မူ့အနား မကပ်သွားခင် ချင်မူ့အား အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်နှက်၍ သူ၏မူလဝိညာဉ်နှင့် ဝိညာဉ်အား ချေမွခဲ့ကောင်း ချေမွခဲ့လောက်၏။
မဟူရာနတ်မင်း၏ သားတော်၊ မင်တု၏ အိမ်ရှေ့စံမင်းသားတစ်ဦးအနေနှင့် သူသည် ယင်ချောင်ကျင့်ဆီမှ သင်ကြားပြသမှုများကို လက်ခံရရှိခဲ့သည့်အလျောက် သိုင်းအဆင့်တွင်ဖြစ်စေ၊ ကျင့်စဉ်တွင်ဖြစ်စေ သို့မဟုတ် ကောင်းကင်နတ်သိုင်းများတွင်ဖြစ်စေ ဟူမုန့်ဒဲနှင့် ယွီဝူဖေးတို့ထက် များစွာသာလွန်၏။ ထိပ်တိုက်ရင်ဆိုင်လျှင် ချင်မူအနေဖြင့် အနိုင်ရနိုင်ချေမှာ မမြင့်မားလှပေ။ သို့သော် အနီးကပ်တိုက်ပွဲများတွင်တော့ ချင်မူက သူ့ကို သတ်ရန် ယုံကြည်ချက်အပြည့်ရှိချေသည်။
ထို့ကြောင့် ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခေါင်းလောင်းက ကျို့ရှန့်ယင်အား အသက်အန္တရာယ်ကျရောက်စေခဲ့သည်ဟုပင် ပြောနိုင်သည်။
ချင်မူ၏လက်ချောင်း ဘဝပြန်ဝင်စားခေါင်းလောင်းကို ဆွဲယူတော့မည်အချိန်တွင် ခေါင်းလောင်းလေးသည် ရုတ်တရက် မြောက်တက်လာ၏။ ခေါင်းလောင်းက သူ၏လက်ချောင်းထက် အနည်းငယ်သာ ကြီးမားသော်လည်း နောက်တစ်ခဏတွင် ကိုက်ငါးဆယ်၊ ခြောက်ဆယ် အ၀န်းရှိသည်အထိ ကြီးမားလာသည်။ ခေါင်းလောင်းပါးစပ်က ချင်မူ့ကို မျက်နှာမူနေသည်။
ချင်မူမှာ ကြက်သီးမွှေးညင်း ထသွားပြီး အလောတကြီး နောက်ဆုတ်လိုက်သည်။ သူ့နားထဲတွင် ဝုန်းခနဲ အသံတစ်ချက် မြည်ဟီးသွားပြီး သူ၏အဝတ်များမှာ စက္ကူလိပ်ပြာများအလား အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားကြ၏။ ထို့နောက် သူ၏အရေပြားလည်း လန်ထွက်သွားပြီး ခန္ဓာကိုယ်ပေါ်မှ ဆွဲစုတ်ခံလိုက်ရသကဲ့သို့ ကွာထွက်သွားတော့သည်။
ထိုမျှသာမက သူ၏ကြွက်သားများမှာလည်း ချက်ချင်း ပြာကျသွားကာ အရိုးသာ ကျန်ရစ်ခဲ့သည်။
“ကောင်းကင်ယင်သားတော်”
ချင်မူမှာ ငေးကြောင်နေ၏။ သူ၏အရိုးများသည် အနောက်သို့ လွင့်ထွက်နေဆဲ ဖြစ်၏။
ဝုန်း….
သူ့ခန္ဓာကိုယ်မှာ မဟာလေဟာနယ်ယိုတုအပြင်သို့ လွင့်ထွက်သွားရင်း ကောင်းကင်နတ်ဘုံ၏ စခန်းရှေ့တွင် ပေါ်လာသည်။
ဘဝပြန်ဝင်စားခေါင်းလောင်းကို ထိန်းချုပ်နေသူမှာ သေချာပေါက် ကျို့ရှန့်ယင် မဟုတ်ပေ။ ကျို့ရှန့်ယင်သည် အစွမ်းထက်သော်လည်း ချင်မူ့ကို တချက်တည်းဖြင့် အလဲထိုးနိုင်သော ခွန်အား မရှိပေ။
ဤဘဝပြန်ဝင်စားခေါင်းလောင်းမှာ ကောင်းကင်ယင်သားတော် လမ်းစဉ်ဝင်ရောက်နိုင်အောင် အသုံးပြုခဲ့သော အရာဖြစ်၏။ ကောင်းကင်ယင်သားတော်သည် ကျို့ရှန့်ယင် ချင်မူ့ကို သွားသတ်ရုံဖြင့် စိတ်အေးအေး မထားနိုင်သောကြောင့် သူ၏အာရုံကို ခွဲထုတ်ကာ ဘဝပြန်ဝင်စားခေါင်းလောင်းအပေါ် ထိန်းချုပ်ခဲ့၏။
ချင်မူက ဘဝပြန်ဝင်စားသံသရာ လွတ်မြောက်နိုင်လိမ့်မည်ဟု ကောင်းကင်ယင်သားတော် မထင်ထားခဲ့ချေ။ ထိုဟာကွက်ကြောင့် သူ၏သားမှာ ချင်မူ့လက်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
သူ့သား၏ရုပ်ခန္ဓာသာ သေဆုံးသွားခဲ့လျှင် အဆင်ပြေသေးသည်။ မင်တုကောင်းကင်မုခ်၀က ကျို့ရှန့်ယင်၏ ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ပေးနိုင်သည့်အတွက် ကောင်းကင်ယင်သားတော်အနေဖြင့် ချင်မူ့ကို သတ်ရန် ဘဝပြန်ဝင်စားခေါင်းလောင်းကို ထိန်းချုပ်ရန် လိုအပ်မည်မဟုတ်ပေ။
သို့ရာတွင် ချင်မူက ရက်စက်ကြမ်းကြုတ်သည်။ သူသည် ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်း သုံးကာ ကျို့ရှန့်ယင်၏ ဝိညာဉ်အား ပြာချပစ်ခဲ့၏။ ထို့ကြောင့် ကောင်းကင်ယင်သားတော်မှာ အမျက်တစ်ချောင်းချောင်း ထသွားပြီး ချင်မူ့အား သတ်ဖြတ်ရန် လက်တွန့်မနေတော့ချေ။
ထိုအချိန်တွင် လွင့်ထွက်နေသော ချင်မူ့အရိုးစုတွင် အသွေးအသားတို့က ပြန်လည်ပြည့်တင်းလာပြီး ရုပ်ခန္ဓာမှာ အလျင်အမြန် သက်သာသာသည်။ ထိုမျှသာမက သူ၏အဝတ်များမှာလည်း အလိုအလျောက် ပြန်ဖွဲ့တည်လာသည်။
သို့သော် သူ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမြို့အရှေ့တွင် ပေါ်လာသည့် အခိုက်အတန့်မှာပင် တစ်လောကလုံးကို တုန်လှုပ်သွားစေသည့် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။ ကျို့ရှန့်ယင်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးက ဘဝပြန်ဝင်စားခေါင်းလောင်းကို သယ်မလျက် မဟာလေဟာနယ်ယိုတုမှ ထွက်လာကာ သူ့အား လိုက်ဖမ်းနေသည်။
ချင်မူက အော်ဟစ်လိုက်ရာ သူ၏ အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်က သူ၏ခေါင်းအနောက်တွင် ဖွဲ့တည်လာသည်။ သူ၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်လည်း ပေါ်ထွက်လာသော်လည်း နာရီဝက်အကြာတွင် သူ့အသိစိတ်အလျဉ်နယ်ပယ်မှာ ပြာကျသွားသည်။ သူ၏ အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်ပင်လျှင် မရှိတော့ချေ။
“ကောင်းကင်ရတနာနယ်ပယ်…”
ချင်မူ၏ မှော်စွမ်းအင်က ပေါက်ကွဲထွက်လာပြီး ကောင်းကင်ရတနာနယ်ပယ်သည် ဝုန်းခနဲ အသံနှင့်အတူ ပေါ်လွင်လာ၏။ ခေါင်းပြတ်ကျို့ရှန့်ယင်က ဘဝပြန်ဝင်စားခေါင်းလောင်းကို လက်နှစ်ဖက်လုံးဖြင့် မြှောက်လိုက်ရာ ခေါင်းလောင်း၏ ပါးစပ်က ချင်မူ့ကို မျက်နှာမူသွားသည်။
မရေမတွက်နိုင်သော အံ့မခန်းလိလိ သင်္ကေတများသည် ဤဧကရာဇ်ပလ္လင်အဆင့် ရတနာ၏ ပတ်ပတ်လည်တွင် ဖွဲ့တည်လာကြ၏။ ယိုတု၊ ကောင်းကင်ယင်နှင့် ဖန်ဆင်းခြင်းသင်္ကေတမျိုးစုံမှာ အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်လျက် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေကြသည်။
အကန့်အသတ်မဲ့သော စွမ်းအားတစ်ရပ်က လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်ခြောက်ချားသွားစေနိုင်သည့် ပုံပျက်လှိုင်းဂယက်များအား ထုတ်လွှတ်လိုက်သည်။ စွမ်းအားက ခေါင်းလောင်းနံရံကို ဝန်းရုံလိုက်သည့်အပြင် ခေါင်းလောင်းအတွင်းမှလည်း ပိုမိုကြောက်မက်ဖွယ်ကောင်းသော လှိုင်းယက်များ လိမ့်ထွက်လာရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် လိပ်ပြာတောင်ပံများပမာ တဖတ်ဖတ် လှုပ်ခါနေတော့၏။
ဘုန်း…
ခေါင်းလောင်းသံ မြည်ဟည်းသွားသည်နှင့် ကောင်းကင်ရတနာနယ်ပယ်၏ ဝင်ရိုးစွန်းလေးခု ပြိုကျသွားသည်။ ရွှမ်တု ဖျက်ဆီးခံလိုက်ရပြီး ယိုတု လွင့်ပျယ်သွား၏။ ကမ္ဘာဦးသစ်ပင်လည်း ကျိုးကျကာ ကြယ်တာရာများ မှေးမှိန်သွားကြသည်။ ဘိုးဘေးနန်းတော်မှာတော့ မှန်ချပ်တစ်ချပ်အလား အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ချင်မူ၏ ကောင်းကင်နန်းဆောင်များမှာ အပိုင်းပိုင်းပျက်စီး၍ မြောက်တက်ကုန်ကြသည်။ ကောင်းကင်နန်းဆောင်ထဲရှိ မူလဝိညာဉ်များမှာလည်း ချေမှုန်းသတ်ဖြတ်ခံလိုက်ရ၏။
ဤဧကရာဇ်ပလ္လင်အဆင့် ရတနာ၏ စွမ်းအားကား ကြောက်ခမန်းလိလိပင်ပင်။
ချင်မူက သူ၏ မှော်စွမ်းအင်ကို အသည်းအသန် စုစည်း၍ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ သို့သော် နောက်တစ်ခဏမှာပင် ဘဝပြန်ဝင်စားခေါင်းလောင်းသည် သူ့ခန္ဓာကိုယ်ဆီသို့ ရောက်ရှိလာပြီး သူ၏အဝတ်များမှာ နောက်တစ်ကြိမ် ပြာကျသွား၏။ သူ၏အရေပြားနှင့် အသားစများလည်း အရည်ပျော်သွားသည်။
ကောင်းကင်ယင်သားတော်သည် ဤတိုက်ကွက်ကို အသက်သွင်းနိုင်ရန် သူ့သား၏ ရုပ်ခန္ဓာအား ငှားယူထား၏။ တိုက်ကွက်က ချင်မူ့အရိုးများကိုပင် ပြင်းပြင်းထန်ထန် သက်ရောက်ပြီး ပျက်စီးသွားစေသည်။ ကောင်းကင်ရတနာနယ်ပယ်တစ်ခုလုံးမှာ ကောင်းကင်ယင်သားတော်၏ ခေါင်းလောင်းကြောင့် ဖျက်ဆီးခံလိုက်ရချေပြီ။
ခေါင်းလောင်းက အချိန်အတော်ကြာသည့်အထိ မြည်နေပြီးနောက် ရပ်တန့်သွားသည်။ မနီးမဝေးရှိ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများနှင့် မြောက်ပိုင်းဂိုဏ်းစစ်တပ်မှ စစ်သားများမှာ နတ်ဘုရားမြို့၏ မြို့တံတိုင်းထက်မှ ပြုတ်ကျလာကြသည်။ သူတို့၌ အကာအကွယ်၀င်္ကပါများ ရှိသော်လည်း ပြင်းအားများကြောင့် အပြင်းအထန် ဒဏ်ရာရကြသွားသေးသည်။ အားလုံး မြေပေါ်ပြုတ်ကျ၍ သွေးများအန်လိုက်ရသည်။
ခေါင်းလောင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များလည်း တည်ငြိမ်သွားကြသည်။ ရုတ်တရက် ဖောက်ခနဲ အသံကြားလိုက်ရပြီး မျက်လုံးတစ်လုံးသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ မြေပြင်တစ်လျှောက် လိမ့်ဆင်းသွား၏။
ရုတ်တရက် မျက်လုံးမှ ပိန်လှီလှီ ခြေထောက်လေးများ ပေါက်လာပြီး ထွက်ပြေးတော့သည်။
“မသေသေးဘူးလား”
ကောင်းကင်ယင်သားတော်၏ အသံက အနှိုင်းမဲ့သော ဒေါသတို့ဖြင့် ပြည့်နှက်လျက် ခေါင်းလောင်းထံမှ ဟိန်းထွက်လာသည်။ ကျို့ရှန့်ယင်၏ ခေါင်းပြတ်ခန္ဓာကိုယ်က အပေါ်ပျံတက်သွားပြီး ခေါင်းလောင်းကြီးအား အလျင်အမြန် ထွက်ပြေးနေသည့် မျက်လုံးဆီသို့ ချိန်ရွယ်လိုက်သည်။
မျက်လုံးက အလွန်အလျင်မြန်သောနှုန်းဖြင့် ခုန်ပေါက်ပြေးလွှားနေပြီး ပြေးနေရင်း ရှည်ထွက်လာသည်။ မကြာမီ ခန္ဓာကိုယ်တစ်ခု၊ ခေါင်းတစ်ခေါင်းနှင့် ခြေလက်လေးဖက် ပေါက်လာ၏။ ထို့နောက် ထိုလူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် မျက်လုံးက ပြန်ပေါ်လာသည်။
ဤအချိန်တိုလေးအတွင်း ချင်မူ၏အဝတ်များလည်း ပြောင်းလဲမှု တစ်စုံတရာမရှိဘဲ ပုံမှန်ပြန်ဖြစ်သွားချေပြီ။
ကျို့ရှန့်ယင်၏ ခန္ဓာကိုယ်က ပျံတက်၍ ခေါင်းလောင်းကြီးကို မြှောက်ထားသည်။ ခေါင်းလောင်းပါးစပ်က အောက်သို့ ထိုးဆင်းလာပြီး ချင်မူ မလွတ်မြောက်နိုင်အောင် အုပ်ထားဖို့ ရည်ရွယ်နေသည်။
ရုတ်တရက် ချင်မူက စုတ်တံ ထုတ်ကာ တံခါးတစ်ချပ် ရေးဆွဲလိုက်သည်။ သူက တံခါးကို ဖွင့်၍ ခေါင်းလောင်းအောက်မှ ပျောက်ကွယ်သွား၏။
ဘဝပြန်ဝင်စားခေါင်းလောင်းက တုန်ခါသွားပြီး တံခါးမှာ ကြေမွသွားသည်။ ကြောက်မက်ဖွယ် ခေါင်းလောင်းကြီးသည် ဟင်းလင်းပြင်အတွင်းထဲအထိ ဝင်ရောက်သွားပုံရပြီး တချွင်ချွင် မြည်သံများ ထွက်ပေါ်လာကာ တအုန်းအုန်း ပေါက်ကွဲစေနေသည်။
ကျို့ရှန့်ယင် ခေါင်းလောင်းနောက်မှ ထပ်ကြပ်မကွာ လိုက်လာနေစဉ် နတ်ဘုရားမြို့၏ မြို့တံတိုင်းပေါ်တွင် တံခါး၀တစ်ခု ရုတ်တရက် ပေါ်လာသည်။ ချင်မူက တံခါးကို တွန်းဖွင့်ကာ ပြေးထွက်လာသည်။ သူ့အနောက်တွင် ခေါင်းလောင်းသံ မြည်သွားပြီး မြို့တံတိုင်းမှာ အုန်းခနဲ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားတော့သည်။
ချင်မူ ခေါင်းမော့လိုက်သည့်အခါ ဘဝပြန်ဝင်စားခေါင်းလောင်း၏ ပါးစပ်ကို တွေ့လိုက်ရ၏။ ချွင်ခနဲ အသံနှင့်အတူ သူ့မှာ ခေါင်းလောင်းအတွင်းသို့ စုပ်ယူခံလိုက်ရသည်။
ကျို့ရှန့်ယင်က လက်မောင်းအားကို သုံး၍ ခေါင်းလောင်းအား မြေပေါ်သို့ ဖိချထား၏။ သူ၏ခေါင်းပြတ်ခန္ဓာကိုယ်ကြီးက ခေါင်းလောင်းကြီးကို ပတ်ရင်း ခေါင်းလောင်းနံရံအား အဆက်မပြတ် ထိုးနှက်နေသည်။
ဘဝပြန်ဝင်စားခေါင်းလောင်းမှာ တသိမ့်သိမ့် တုန်ခါနေပြီး တဒေါင်ဒေါင် မြည်သံများ ထွက်ပေါ်လာနေသည်။ နတ်ဘုရားမြို့မှာလည်း အဆက်မပြတ် လှုပ်ခါနေသောကြောင့် မြို့ထဲရှိ တပ်သားများနှင့် တပ်မှူးများမှာ ယိမ်းထိုးနေကြတော့သည်။
ထိုအခိုက်အတန့်တွင် ချင်မူကား မဟာလေဟာနယ်ယိုတုသို့ ရောက်ရှိသွားပြီဖြစ်၏။ သူက ဘဝပြန်ဝင်စားခေါင်းလောင်းကြောင့် ပြိုကျသွားခဲ့သော မြို့တံတိုင်းဆီသို့ တိုက်ရိုက်ဦးတည်လိုက်သည်။