← Chapters

ညှိနှိုင်းခြင်း

Vol. 94 Ch. 1231

ညှိနှိုင်းခြင်း

Vol. 94 Ch. 1231

သို့သော် နောက်တစ်ခဏတွင် ကျို့ရှန့်ယင်ကလည်း ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းအား ထမ်းလျက် မဟာလေဟာနယ်ယိုတုထဲ ပြန်ရောက်လာသည်။ ခေါင်းလောင်းကလည်း ချင်မူ့ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

ချင်မူ ကောင်းကင်ရတနာနယ်ပယ်ကို ခင်းကျင်းလိုက်စဉ် ဧရာမမျက်လုံးကြီးသာ ကျန်သည်အထိ ပြာချခံလိုက်ရသည်။ မျက်လုံးကြီးက ခြေထောက်များ ပေါက်လာပြီး စပြေးတော့သည်။ သူက ယိုတုထဲမှ အပြင်ပြန်ထွက်ကာ မြို့တံတိုင်း၀ဆီသို့ ပြေးပြန်သည်။

ကျို့ရှန့်ယင်က နောက်မှ အနီးကပ်လိုက်ပါလာပြီး ဘဝပြန်ဝင်စားခြင်း ခေါင်းလောင်းကို ပစ်ပေါက်လိုက်သည်။ ဧရာမခေါင်းလောင်းကြီးသည် တဝီးဝီး လျည်လျက် လွင့်ထွက်သွားပြီး မြို့တံတိုင်းဝအား ချွင်ခနဲ မြည်သံနှင့်အတူ ပိတ်ဆို့လိုက်သည်။

“ဟားဟားဟား”

မျက်လုံးကြီးက တဟားဟား ရယ်လျက် ခေါင်းလောင်းကြီးဆီ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ မကြာမီ ၎င်းသည် ချင်မူအဖြစ် ကြီးထွားလာ၏။ သူက လက်မောင်းများ ဆန့်တန်း၍ ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းကို ဖက်ရန် ပြင်လိုက်သော်လည်း အရိပ်တစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားသည်။ ကျို့ရှန့်ယင်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးက ခေါင်းလောင်းလက်တံအပေါ် သက်ဆင်းလိုက်ချေပြီ။ သူ၏အဝတ်များသည် လေထဲတွင် မျောလွင့်နေ၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်း မလွတ်ပါဘူး ....”

ခေါင်းလောင်းထဲမှ အသံ ဤသို့ပြောလိုက်စဉ် ကျောက်စိမ်းသမျှ ဖြူ‌ဖွေးနေသော လက်ဖဝါးတစ်ဖက်သည် ရုတ်တရက် ပေါ်လာပြီး ကျို့ရှန့်ယင်အား စိစိညက်ညက်ကြေအောင် ရိုက်ချလိုက်တော့၏။

ဖြူဖွေးနေသော လက်ဖဝါးက ခေါင်းလောင်းလက်တံပေါ်ရှိ အသားစိုင်အား ခါကာ ခေါင်းလောင်းကို အသာအယာ မြှောက်ယူလိုက်သည်။

ချင်မူမှာ ရပ်လိုက်ပြီး စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။ သူက အဝတ်များကို သပ်သပ်ရပ်ရပ် ပြင်ရင်း ပြုံးကာ ပြောလေသည်။ “ကောင်းကင်ဆရာသခင်၊ နောက်ဆုံးတော့ လှုပ်ရှားလိုတဲ့ ဆန္ဒရှိပြီပဲ”

ဖြူဖွေးနေသော လက်ဖဝါး၏ ပိုင်ရှင်မှာ ပိုင်ယွီကျင် ဖြစ်သည်။ သူမက ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းကို လက်တစ်ဖက်ဖြင့် မြှောက်ယူရင်း အသာအယာ လှုပ်ခါလိုက်သည်။ ခေါင်းလောင်းထဲရှိ ကောင်းကင်ယင်သားတော်ကိုယ်ပွားမှာ သူမကြောင့် အသတ်ခံလိုက်ရပြီး ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းမှာ ခေါင်းလောင်းလေးအဖြစ် ပြောင်းလဲသွား၏။

ပိုင်ယွီကျင့်က ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းကို သိမ်းဆည်းလိုက်ရင်း ချင်မူ့အား သတိဖြင့် ကြည့်လိုက်သည်။ သူမက ညင်သာသောအသံဖြင့် တုံ့ပြန်သည်။ “ဘယ်လိုမိစ္ဆာမျိုးက ကောင်းကင်နတ်အရှင်မူကို လိုက်ဖမ်းရဲလောက်တဲ့အထိ ရဲတင်းရတာလဲ…. ကောင်းကင်နတ်အရှင် ဘာမှမဖြစ်တာ ကံကောင်းသွားတယ်…. မဟုတ်ရင် ယွီကျင့် မဟာပြစ်မှုကြီးကို ကျူးလွန်မိလိမ့်မယ်…”

ချင်မူက တဟားဟား ရယ်လျက် ပျက်စီးနေသော မြို့တံတိုင်းကို ကျော်ကာ နတ်ဘုရားမြို့တော်ထဲသို့ ဝင်ရောက်လိုက်သည်။ သူက အေးအေးလူလူ ပြောလေသည်။ “မဟာလေဟာနယ်ထဲမှာ သူပုန်တွေအများကြီး ရှိတယ်လေ…. ကျွန်တော် ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံကို စစ်ပွဲမှာ ကူညီဖို့ ရောက်လာမှန်း သိနေကြတဲ့ သူပုန်အချို့လည်း ရှိရင်ရှိမှာပေါ့…. ဒါကြောင့် ကျွန်တော့်ကို အလစ်တိုက်ခိုက်ကြတာ ဖြစ်မယ်… ကျွန်တော် မဟာလေဟာနယ်ထဲ ဝင်လာခဲ့တုန်းက ဘယ်သူမှ မသိလိုက်ဘူး ထင်ခဲ့ပေမယ့် ဒီသူပုန်တွေက ကျွန်တော့်တည်နေရာကို သိနေကြတယ်ဗျာ”

အသတ်အဖြတ်စိတ်ဆန္ဒသည် သူ၏မျက်လုံးထဲတွင် တောက်လောင်လာ၏။ “ဘယ်သူ သတင်းပေးလိုက်တာလဲ”

ပိုင်ယွီကျင့်က နားလည်သည့်အလား ပြုံးသည်။ “ကံကောင်းစွာနဲ့ ကောင်းကင်က သူတော်ကောင်းတွေ ဘက်မှာ ရှိပါတယ် ကောင်းကင်နတ်အရှင်… ကောင်းကင်နတ်အရှင်လည်း ဒဏ်ရာမရဘူးမလား”

ချင်မူက အပြုံးမဟုတ်သည့် အပြုံးတစ်ခုဖြင့် ပြန်မေး၏။ “ကောင်းကင်က သူတော်ကောင်းတွေဘက်မှာ ရှိတယ်ဆိုတာ မှန်လှတယ်‌‌တော့ မဟုတ်ဘူး… ဒီမဟာလေဟာနယ်ကို ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တောင် မလာနိုင်ကြဘူးလေ…. ဒီတော့ အဲဒီကောင်းကင်ဆိုတာကြီးက ဘယ်ကနေ ရောက်လာတာလဲ”

သူ တစ်ခုခုအား စောင်းမြောင်းပြောဆိုနေမှန်း ပိုင်ယွီကျင့် သိပေသည်။

ပိုင်ယွီကျင့်သည် ချင်မူနှင့် ဘဝပြန်ဝင်စားခြင်းခေါင်းလောင်း၏ တိုက်ပွဲကို သတိထားမိသည့်အပြင် ဘဝပြန်၀င်စားခြင်းခေါင်းလောင်းအပေါ် ထိန်းချုပ်နေသူမှာ ကောင်းကင်ယင်သားတော်မှန်းလည်း သိသည့်တိုင် မလှုပ်ရှားခဲ့ချေ။ သူမက ကောင်းကင်ယင်သားတော် ချင်မူ့အား သတ်ဖြတ်နိုင်ရန် မျှော်လင့်နေခဲ့သည်။

သူမမှာ တောင်နတ်မင်းကျုချွဲ၏ လူဝင်စားဖြစ်သော်လည်း တောင်နတ်မင်း ဖြစ်မလာလိုပေ။

တောင်နတ်မင်းကျူချွဲ ဖြစ်လာပါက ပိုင်ယွီကျင့် သေဆုံးရလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

အခြားတစ်ဖက်တွင် ချင်မူက သူမ၏သရုပ်မှန်ကို သိရှိထားသည်။ တောင်နတ်မင်း၏ ဝိညာဥ်ကို ပြန်လည်အသက်သွင်းကာ သူမ၏အတိတ်ဘဝများအား နှိုးဆော်ပေးနိုင်သည့် နည်းလမ်းများလည်း ပိုင်ဆိုင်ထားသည်။ သူသာ ထိုသို့နှိုးဆော်ပေးလိုက်လျှင် သူမ သေဆုံးပြီး တောင်နတ်မင်း ပြန်လည်မွေးဖွားလာလိမ့်မည် မဟုတ်လော။

သူမအနေဖြင့် ချင်မူ့ကို လေးစားပြီး ချွဲဖေးယင် ဖြစ်ခဲ့စဉ်အခါက ကူညီပေးခဲ့သည်ကို ကျေးဇူးတင်မိသော်လည်း မည်မျှပင် ကျေးဇူးကြီးမားပါစေ သူမ၏ ဘဝလောက် အရေးမပါပေ။

ထို့ကြောင့် ကောင်းကင်ယင်သားတော်၏ လက်ဖြင့် ချင်မူ့ကို ရှင်းလင်းပြီးနောက် ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းအား သိမ်းဆည်းလိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ချင်မူက သူမ၏အစီအစဉ်ကို သိနေခဲ့သည်မှာ ထင်ရှားလှသည်။ ထို့ကြောင့်သာ သူသည် ကောင်းကင်ယင်သားတော်အား နတ်ဘုရားမြို့ဆီသို့ ရည်ရွယ်ချက်ရှိရှိ မျှားခေါ်လာရင်း မြို့တံတိုင်းများ ပြိုကျအောင် တိုက်ခိုက်စေခဲ့၏။ ချင်မူနှင့် ကျို့ရှန့်ယင်သာ ဘဝပြန်ဝင်စားခေါင်းလောင်းကို မြို့ထဲ သယ်လာခဲ့လျှင် အနောက်ပိုင်းဂိုဏ်း၏ စစ်တပ်မှ တပ်သားများ၊ တပ်မှူးများ အထိအခိုက်အဆုံးအရှုံး များသွားလိမ့်မည်။

သို့ဖြစ်၍ ကောင်းကင်နတ်ဘုံ၏ မဟာကောင်းကင်ဆရာသခင်လေးဦးမှ တစ်ဦးအဖြစ်လည်း အနောက်ပိုင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ပိုင်ယွီကျင့်အနေဖြင့် ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းကို ချိုးနှိမ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ချေ။

ဤသည်က အင်မတန် တိုတောင်းလှသော ဉာဏ်ပညာစီးချင်းထိုးပွဲဟု ဆိုရမည်။ တခြားသူများမသိသော်လည်း ချင်မူနှင့် ပိုင်ယွီကျင့်ကတော့ သိ၏။

သူတို့၏ ဉာဏ်ပညာများအရ တစ်ဖက်ရန်သူ မည်သည်တို့တွေးတောကြံစည်နေကြောင်း ထုတ်ပြရန် မလိုပေ။

ပိုင်ယွီကျင့်က သူ့ကို မြို့ထဲသို့ ဖိတ်ခေါ်ရင်း နားထင်မှ ဆံနွယ်စများကို သပ်တင်လိုက်သည်။ ဤအမျိုးသမီးသည် အဖြူရောင်ဝတ်ရုံသာ ဝတ်ဆင်ရသည်ကို ယခုအထိ ကြိုက်နှစ်သက်သေး၏။ သူမအသွင်မှာ အင်မတန် ရိုးရိုးရှင်းရှင်းဖြင့် ကျက်သရေရှိလှသည်။ သူမက ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူ သေရမှာ မကြောက်ဘူးလား… နင့်မှာ ရန်သူတွေအများကြီး ရှိတယ်… တချို့က နင့်ရဲ့ရန်သူတွေ မဟုတ်ဘူး…. ဒါပေမဲ့ နင့်ကို သတ်လိုက်ရင် သူတို့အတွက် အကျိုးအမြတ် အများကြီးရတယ်…. သူတို့အကျိုးရဖို့အတွက် နင့်ကို တိုက်ခိုက်ကြမှာပဲ”

ချင်မူက အဝေးသို့ ငေးကြည့်လိုက်ပြီး စိတ်ပျက်၊ စိတ်ရှုပ်ထွေးစွာ ပြန်ဖြေသည်။ “ကျွန်တော့်တိုင်းပြည်အတွက် အန္တရာယ်တွေကို ကြိုဆိုရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး…. မဟာလေဟာနယ်က ကြမ်းတမ်းခက်ထန်မှန်း ကျွန်တော်လည်း သိပါတယ်… အဲဒီသူပုန်တွေက ကျွန်တော့်ကို ရှင်းပစ်နေချင်ကြတာလေ…”

ပိုင်ယွီကျင့်မှာ မျက်လုံးဝေ့လိုက်ရင်း တည့်တိုးပြောတော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့အရှေ့မှာ သတိထားနေစရာမလိုပါဘူး… နင့်ရည်ရွယ်ချက်ကို ငါ နားလည်သလို နင်လုပ်ခဲ့တာတွေကိုလည်း ငါ မြင်ခဲ့ပြီးပြီ…. ဘာလို့ ဟန်ဆောင်နေရတာလဲ”

ချင်မူက ရယ်သည်။ “ဒါဆိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်ဗျာ”

သူ၏အပြုံးက ပျောက်ကွယ်သွား၏။ “ကောင်းကင်နတ်ဘုံထဲက ဘယ်သူက ကျွန်တော့်ကို သတ်ရဲတာလဲ”

ပိုင်ယွီကျင့်က သူ့အား အပြုံးမဟုတ်သော အပြုံးဖြင့် စိုက်ကြည့်နေသည်။ “ငါ အခုလေးတင် မလှုပ်ရှားလိုက်ရင် နင် ကောင်းကင်ယင်သားတော် လက်ထဲက လွတ်မြောက်နိုင်မှာလား”

“ခင်ဗျား မလှုပ်ရှားရင် ခင်ဗျားရဲ့ အနောက်ပိုင်းဂိုဏ်းနဲ့ ဒီမြို့ထဲက တပ်သားအားလုံး သေရမယ်”

ချင်မူ့မျက်နှာက သုန်မှုန်သွားပြီး သူက တည်ငြိမ်စွာ ပြောသည်။ “ဘာပဲဖြစ်ဖြစ် ခင်ဗျား တစ်ခုခု လုပ်ရလိမ့်မှာပဲ…. ပိုင်ယွီကျင့်၊ ခင်ဗျားဘဝအတွက် ဒါတွေလုပ်နေရတယ်ဆိုတာ ကျွန်တော် နားလည်ပေးနိုင်တယ်…. ဒါပေမဲ့ ကျွန်တော် တောင်နတ်မင်းကို လိုအပ်တယ်ဆိုတာလည်း ခင်ဗျားနားလည်ဖို့ မျှော်လင့်တယ်…. ကျွန်တော် ခင်ဗျားကို နားလည်ပေးနိုင်သလို ခင်ဗျားလည်း ကျွန်တော့်ကို နားလည်ပေးပါ”

ပိုင်ယွီကျင့်က မျက်ခုံးပင့်လိုက်သော်လည်း မည်သည်မှ မပြောချေ။

ချင်မူသည် သူမ၏ခန္ဓာကိုယ်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ဆက်ပြော၏။ “လောကမှာ ပြီးပြည့်စုံတဲ့ နှစ်ကိုယ်ကျင့်စဉ်ဆိုတာ ရှိလို့လား…. ဒါပေမဲ့ ကျွန်တော့်မှာတော့ ပြီးပြည့်စုံတဲ့ တာအိုကျင့်စဉ်တစ်ခု ရှိနေတာမလို့ ခင်ဗျားနဲ့ တောင်နတ်မင်းကြားက ပြဿနာကို ဖြေရှင်းပေးနိုင်တယ်…. အနက်ရောင်ဝိညာဉ်သဲမှုန်ကို ယန်ဝိညာဉ်သုံးခု၊ ယင်ဝိညာဉ်ခုနစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု ရှိတယ်… ခင်ဗျားအနေနဲ့ ဝိညာဉ်တစ်ခု ခွဲထုတ်ပြီး ကျွန်တော့်ဆီ ပေးလိုက်ရုံပဲ….ကျွန်တော်က အဲ့ဒီဝိညာဉ်ကို တောင်နတ်မင်းအဖြစ် ပြောင်းလဲပြီး မန္တန်တွေနဲ့ ခင်ဗျားဝိညာဉ်ကို ပြန်ဖြည့်ပေးမယ်… ဘယ်လိုသဘောရသလဲ”

ပိုင်ယွီကျင့်သည် တိတ်ဆိတ်နေ၏။

ချင်မူ့စကားက သူမကို သတင်းတချို့ ပေးခဲ့သော်လည်း သူမလက်ရှိအတိုင်းအတာအထိ အောင်မြင်ပေါက်မြောက်နေသည်မှာ မူလဝိညာဉ်တွင် အများဆုံး မူတည်သည်။ သူမ၏မူလဝိညာဉ်ထဲတွင် အသန်မာဆုံးဝိညာဉ်က ယန်ဝိညာဉ်သုံးခုအနက်မှ ကောင်းကင်ဝိညာဉ် ဖြစ်သည်။

ဝိညာဉ်သာ ဆွဲထုတ်ခံလိုက်ရပါက ဝိညာဉ်အသစ်တစ်ခု မွေးဖွားလာလျှင်ပင် သူမအနေဖြင့် အမြင့်ဆုံးအခြေအနေသို့ ကျင့်ကြံကောင်း ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။

ထိုမျှသာမက သူမသည် ချင်မူ့ကိုလည်း မယုံချေ။

တောင်နတ်မင်း၏မှတ်ဉာဏ်များကို နိုးပေးရန် အခွင့်အရေးရသည်နှင့် သူမအား သတ်ပစ်လိမ့်မည်ဟု ထင်မိသည်။

ချင်မူက တည်ကြည်လေးနက်စွာ ပြော၏။ “ချွဲဖေးယင်၊ ခင်ဗျားက တောင်နတ်မင်းရဲ့ လူဝင်စားပဲ… တောင်နတ်မင်းက ကောင်းကင်ယင်သားတော်ရဲ့ အကောက်ကြံမှုကြောင့်သာ ခဏခဏ လူဝင်စားဖြစ်ခဲ့ရတာ…. ကျွန်တော်သာ အဲဒီကျောက်စိမ်းလည်ဆွဲကို ခင်ဗျားဆီ မပေးခဲ့ရင် ခင်ဗျား အရူးဖြစ်တာ ကြာပြီ…. လက်ရှိ ပိုင်ယွီကျင့် ဖြစ်လာဖို့ မပြောနဲ့…. ကောင်းကင်နတ်သိုင်းပညာရှင်တောင် ဖြစ်လာဖို့ ခက်လိမ့်မယ်… ခင်ဗျားသေဖို့ မလိုတဲ့ နည်းလမ်းလည်း ကျွန်တော့်ဆီမှာ ရှိတယ်… ကျွန်တော့်အနေနဲ့ ခင်ဗျားကို ထည့်မတွက်ရင် ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို ချိုးဖျက်ပြီး ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက မီးငှက်ဝိညာဉ်ကို နိုးထစေလိုက်လို့ ရတယ်… ဒါပေမဲ့ ပိုင်ယွီကျင့်ကို ဒီတိုင်းကြီး သေမသွားစေချင်လို့သာ နည်းလမ်းတစ်ခု ရှာထားခဲ့တာ”

သူက ပြောစကားကို ရပ်ကာ ပိုင်ယွီကျင့်အား စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် တည်ကြည်စွာ ပြောလေသည်။ “ခင်ဗျား ဒီကမ်းလှမ်းမှုကို လက်မခံရင်တော့ ကျွန်တော့်မှာ ပြောစရာစကား မရှိတော့ဘူး…”

ပိုင်ယွီကျင့်မှာ ချင်မူ့ထံမှ စိမ့်ထွက်လာနေသော သတ်ဖြတ်လိုစိတ်ကို ခပ်ရေးရေးမျှ ခံစားလိုက်ရသည်။

စောစောက ပိုင်ယွီကျင့်သည် သူမ၏ စိတ်ပြတ်သားမှုကို သိသာစေရန် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ခဲ့၏။ ယခုတွင် ချင်မူကလည်း သူ၏ စိတ်ပြတ်သားမှုကို ပြသရန် ထုတ်ဖော်ခဲ့လေသည်။

သူမသာ သဘောမတူပါက ချင်မူသည် သူမ၏ဝိညာဉ်ကို ချုပ်နှောင်ထားသည့် ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းအား ချက်ချင်း ချိုးဖျက်ရင်း တောင်နတ်မင်း၏ ဝိညာဉ်ကို နှိုးလိုက်လိမ့်မည်။

ပိုင်ယွီကျင့်မှာ တခဏ တုံ့ဆိုင်းနေပြီး သဘောတူတော့မည့်အချိန် ခပ်လေးလေး အသံတစ်သံ ရုတ်တရက် ထွက်လာသည်။ “ယွီကျင့်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်က တောင်နတ်မင်းရဲ့ ဝိညာဉ်ပဲ… ငါ့ကို ကောင်းကင်ယင်သားတော်က အရင်က အသိပေးခဲ့တယ်… တောင်နတ်မင်းကျုချွဲကို ငါ အပင်ပန်းခံပြီး သတ်ခဲ့ရတာမလို့ တောင်နတ်မင်းကို ပြန်အသက်သွင်းဖို့လည်း ခွင့်မပြုနိုင်ဘူး”

ပိုင်ယွီကျင့်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး သူမက ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့”

ချင်မူ လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့၏ အနှိုင်းမဲ့အောင် တောက်ပသော မျက်လုံးများကို တွေ့လိုက်ရ၏။

All Chapters