← Chapters

အာဏာရှိလေ၊ ရမ်းကားလေ

Vol. 94 Ch. 1232

အာဏာရှိလေ၊ ရမ်းကားလေ

Vol. 94 Ch. 1232

ကောင်းကင်နတ်အရှင်ဟွေ့သည် မည်သည့်အချိန်ကမှန်းမသိ ဤ နတ်ဘုရားမြို့သို့ ရောက်လာခဲ့ပြီး သူတို့အနောက်၌ ရှိနေခဲ့လိမ့်မည်။ ချင်မူတို့ ပြောနေသည်ကို ကြားသွားသည်မှာလည်း သိသာလှသည်။

ပိုင်ယွီကျင့်က တောင်နတ်မင်းကျုချွဲ၏ လူ၀င်စားဖြစ်နေသည့်အကြောင်း ကောင်းကက်နတ်အရှင်ဟွေ့ သိနေခြင်းက ချင်မူ့အား ပို၍ပင် အံ့ဩမှင်သက်သွားစေသည်။

ကောင်းကင်နတ်အရှင်ဟွေ့က လက်ဟန်အမူအရာဖြင့် ပိုင်ယွီကျင့်အား မတ်တပ်ထရပ်စေလိုက်သည်။ သို့သော် သူ့အကြည့်သည် သူမထံတွင် ရှိမနေဘဲ ချင်မူအပေါ် ကျရောက်လာသည်။ သူ၏မျက်နှာမှာ အပြုံးအရယ်ကင်းမဲ့လျက် အေးစက်တင်းမာနေသည်။

ချင်မူ့အမူအရာလည်း အေးစက်သွားသည်။

“ကောင်းကင်ဆရာသခင်ပိုင်ယွီကျင့်က တောင်နတ်မင်းကျုချွဲရဲ့ လူ၀င်စားမှန်း ငါ သိတယ်…. ဒါပေမဲ့ လူသားတစ်ယောက်မလို့ ငါ စိတ်ထဲမထားခဲ့ဘူး…”

ကောင်းကင်နတ်အရှင်ဟွေ့က အရေးမစိုက်သည့်အလား ပြောသည်။ “ငါ တောင်နတ်မင်းကို သတ်ခဲ့ပြီးတော့ သူ့ဝိညာဉ်ကို ကျောက်ယင်ခန်းမထဲမှာ ဖိနှိပ်ချုပ်နှောင်ခဲ့တယ်…. ကောင်းကင်နတ်အရှင်မူ၊ မင်းလုပ်ရပ်က ငါ မင်းကို ပိုပြီးတော့ စက်ဆုပ်ရွံရှာမိစေတယ်…. ငါ့အနေနဲ့ ပိုင်ယွီကျင့်ကို သတ်ပစ်ခဲ့လို့ရပေမယ့် မသတ်ခဲ့ဘူး…. မင်းကတော့ ကောက်ကျစ်စဥ်းလဲတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးအတွက် ငါ့လူသားမျိုးနွယ်ရဲ့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ပစ်ခဲ့တယ်”

ချင်မူက အဝေးသို့ လျှောက်သွားရင်း စိတ်မပါစွာ တုံ့ပြန်သည်။ “ကျုပ်က ကောင်းကင်နတ်အရှင်ယွင်မဟုတ်သလို ကောင်းကင်နတ်အရှင်ယွဲ့လည်း မဟုတ်ဘူး….ကောင်းကင်နတ်အရှင်လင်နဲ့ သူတို့တွေက ခင်ဗျားကို ယုံကြည်ခဲ့မိတော့ သေခဲ့ကြရတယ်… လမ်းစဉ်မတူရင် ပူးပေါင်းလို့လည်း မရဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ လှမ်းအော်သည်။ “ရပ်စမ်း”

ချင်မူက သူ့ကို လျစ်လျှူရှု၍ ဆက်လျှောက်သွားသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ နှာခေါင်းရှုံ့သံက သူ့အနောက်မှ ထွက်လာသည်။ “ငါ ကောင်းကင်နတ်အရှင်ယွင်ကို ဘယ်နကြိမ်တောင် အကြံပေးခဲ့သလဲ မင်း သိရဲ့လား… အကြိမ်တစ်ရာထက် မနည်းဘူး… ကောင်းကင်ဘုံရဲ့ အလိုတော်ကို မဆန့်ကျင်ဖို့ ငါ သူ့ကို အကြံပေးခဲ့တယ်…. သူ့ရည်ရွယ်ချက်ကြောင့် ထုံးတမ်းအစဉ်အလာကို မဆန့်ကျင်ဖို့ လူသားတွေရဲ့ အသက်ကို မပစ်ပယ်ဖို့ပေါ့”

“သူက ဘာဖြ‌စ်နေလို့လဲ”

“သူက ခေါင်းမာတယ်…. ကောင်းကင်နတ်ဘုံကို တွန်းလှန်ပြီး လူသားမျိုးနွယ်ကို မျိုးနွယ်စုအားလုံးရဲ့ အုပ်ချုပ်သူအဖြစ် လုပ်ချင်တာ.. ဒါပေမဲ့ သူက ငါနဲ့လည်း သဘောတူတယ်..”

“ငါ သူ့ကို သတ်ဖို့ သွားခဲ့တော့ ငါ လုပ်ခဲ့တာတွေကို နားလည်ခဲ့ပြီလို့ ပြောခဲ့တယ်”

ချင်မူက တုံ့ခနဲ ရပ်၍ အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် လှည့်ကြည့်လိုက်သည်။ “ချိဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်လင်တို့အတွက်ရော… ကောင်းကင်နတ်အရှင်ယွင်ကို သတ်ခဲ့တုန်းက ခင်ဗျားပဲ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တယ်… ချိဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်လင်ကို သတ်ခဲ့တုန်းကလည်း ခင်ဗျား ထိပ်ဆုံးမှာပဲ”

ကောင်းကင်နတ်အရှင်ဟွေ့က နှာခေါင်းရှုံ့၏။ “ချိမင်ဧကရာဇ်… ငါ သူ့ကို မသတ်ခဲ့ဘူး… ချိဧကရာဇ်က သူ့ကိုယ်သူ အထင်ကြီးနေခဲ့တာ…. ကောင်းကင်နတ်အရှင်ယွင်ရဲ့ ပြဿနာတွေပြီးတော့ ကမ္ဘာဦးဘုံသားတွေ စိတ်ဓာတ်ပြိုလဲကုန်ကြတယ်.... သူတို့အနေနဲ့ နလန်ပြန်ထူဖို့ မလွယ်ကူခဲ့ပေမယ့် ချိဧကရာဇ်က ပုန်ကန်ချင်နေတုန်းပဲ…. သူလိုလူက သေဖို့ထိုက်တန်တယ်… ငါက သူ့အားနည်းချက်ကို ရှာပြီး ကောင်းကင်ယင်သားတော် သတ်နိုင်အောင် အခွင့်အရေး ဖန်တီးပေးခဲ့တာ. ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်လင်ကတော့…”

သူ့အမူအရာသည် မှိုင်ကျသွားပြီး သူက ခေါင်းရမ်းလိုက်၏။ “သူတို့က ငါ့ရဲ့ တာအိုမိတ်ဆွေတွေ ဆိုပေမယ့် ကောင်းကင်နတ်အရှင်ယွင်လိုပဲ လမ်းမှားခဲ့ကြတယ်…. သူတို့တွေက ကောင်းကင်နတ်ဘုံ‌ကို တကယ်ကြီး တွန်းလှန်ပစ်ချင်တာတဲ့လေ…. အဲဒီအပြစ်က သေဒဏ်ပဲ... ဒါပေမဲ့ ငါ ကောင်းကင်နတ်အရှင်ယွဲ့ကို အသက်ရှင်လျက် ထားပေးခဲ့ပါတယ်… ကောင်းကင်နတ်အရှင်လင်ရဲ့ သေဆုံးမှုကလည်း မတော်တဆပဲ…. ငါ သူ့ကို မသတ်ချင်ခဲ့ဘူး”

ချင်မူက တဟားဟား ရယ်လိုက်သည်။ သူ၏ရယ်သံသည် ငိုသံနှင့်ပင် တူနေ၏။ “ကောင်းကင်နတ်အရှင်ယွဲ့ကို အသက်ရှင်လျက် ထားပေးခဲ့တယ်တဲ့....ဟားဟား... မေတ္တာတရား ကြီးမားလိုက်တာနော်…. ခင်ဗျား အမိကမ္ဘာမြေ ရှင်းပစ်ဖို့အတွက် တိုင်ပင်ဖို့ ကောင်းကင်နတ်အရှင်ယွဲ့ကို လာရှာခဲ့တုန်းက ကျုပ် ရှိနေခဲ့တယ်… ခင်ဗျား ကောင်းကင်နတ်အရှင်ရှောင်နဲ့ ပူးပေါင်းမယ့် အကြံအစည်ဆိုတာကလည်း ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အကြံအစည်ပဲ မဟုတ်လား… ခင်ဗျားတို့မိစ္ဆာကောင်တွေက အမိကမ္ဘာမြေကို သတ်ပြီးတာနဲ့ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်လင်ကို သတ်ပစ်ဖို့ တိုက်ခိုက်ခဲ့ကြတာလေ”

သူ၏မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး သူက သွေးအေးစွာ ပြော၏။ “ကျုပ် အိပ်မက်ကမ္ဘာ သုံးပြီး နည်းလမ်းရှာခဲ့လိုသာ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်လင်တို့ အသက်ရှင်နိုင်ခဲ့တာ…. ခင်ဗျားကများ သူတော်ကောင်းလိုလို လီးလီးလားလား ကိုယ့်ကိုကိုယ် မြှောက်ပင့်ပြီး ကျုပ်ရှေ့မှာ မျက်နှာကောင်း ယူရဲတယ်ပေါ့”

သူက တိတ်ဆိတ်သွားပြီး တခဏကြာသော် ခါးသီးစွာ ပြောသည်။ “ခင်ဗျားက အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့ မဟုတ်တော့ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့သည် ခံစားချက်ကင်းမဲ့နေပြီး အသက်မပါစွာ ပြော၏။ “မင်း ငါ့ကို နားမလည်ဘူး… ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ တခြားသူတွေကလည်း ငါ့ကို နားမလည်ဘူး... ကောင်းကင်နတ်အရှင်ယွင်တစ်ယောက်ပဲ ငါ့ကို နားလည်ပြီး ငါ ဒီဟာတွေကို လူသားမျိုးနွယ်အတွက် လုပ်နေတဲ့အကြောင်း သိတာ…”

“ကောင်းကင်နတ်အရှင်ယွင်သာ ခင်ဗျားရဲ့ တောင်ကောင်းကင်ကမ္ဘာကို တွေ့မြင်ခဲ့မယ်ဆိုရင် လူသားမျိုးနွယ်တွေရဲ့ အဖြစ်ကို ကြည့်ပြီး … အခေါင်းထဲကနေတောင် ထထိုင်မိလိမ့်မယ်…”

ချင်မူက မှိုင်းညှို့ရီဝေနေသော မျက်နှာအမူအရာဖြင့် ခေါင်းမော့လိုက်သည်။ “ခင်ဗျား မှားနေပြီ…. သူ ခင်ဗျားကို နားမလည်ဘူး…. အစကနေ အဆုံးသတ်အထိ လူသားမျိုးနွယ်အတွက် ခင်ဗျားလုပ်နေတယ်ဆိုတာတွေက ခင်ဗျားရဲ့ အာဏာနဲ့ ခင်ဗျားရဲ့ ဘဝအတွက်ဆိုတာ သူ မမြင်နိုင်ခဲ့ရုံသက်သက်ပဲ”

ကောင်းကင်နတ်အရှင်ဟွေ့၏ ခေါင်းနောက်ရှိ မီးလျှံစက်ဝန်းမှာ ရိပ်ခနဲ လှုပ်ရှားသွားပြီး သူ၏စိတ်အစဉ်မှာ ရှုပ်ထွေးသွားသည်။ သူက ရုတ်တရက် ပြုံးလျက် တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်ယွင် ငါ့ကို နားမလည်လည်း ကိစ္စမရှိဘူး… သူ နားလည်ဖို့လည်း မလိုအပ်ဘူး…. ဒီလောကမှာ ငါ့ကို နားလည်တဲ့သူ တစ်ယောက်ပဲ ရှိတယ်… သူက ကောင်းကင်နတ်အရှင်ယွီပဲ”

ချင်မူက သူ့ကို အေးစက်စွာ စိုက်ကြည့်၍ ချာခနဲ လှည့်ထွက်သွားသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ အသံက သူ့အနောက်မှ ပျံ့လွင့်လာသည်။ “သူ့လို လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတွေ… လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံးပုဂ္ဂိုလ်တွေပဲ ငါ့ကို နားလည်နိုင်တာ… သူသာသေမသွားခဲ့ရင် ငါ့ကို အထောက်ခံဆုံးလူက သူ ဖြစ်မှာပဲ… မင်းတို့လို တစ်ကိုယ်ကောင်းဆန်တဲ့သူတွေရဲ့ နားလည်မှုကို မလိုအပ်ဘူး… သူ ငါ့ကို နားလည်သရွေ့ လုံလောက်ပြီ”

ချင်မူက နှာခေါင်းရှုံ့ကာ အဝေးသို့ လျှောက်သွား၏။

ကောင်းကင်နတ်အရှင်ဟွေ့က သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွီကပဲ ငါ့ရဲ့ တာအိုမိတ်ဆွေ... ပိုင်ယွီကျင့်၊ မင်း စိတ်အေးအေးထားလို့ ရပြီ…. ငါသာရှိရင် ကောင်းကင်နတ်အရှင်မူ ပြဿနာရှာရဲမှာ မဟုတ်ဘူး”

သူက ကျောနောက် လက်ပစ်၍ တည်ကြည်စွာ ပြော၏။ “သူက တဇွတ်ထိုးဆန်ပေမယ့် သူ့နေရာတော့သူ သိပါသေးတယ်…. သူ မင်းကို မထိတာ ‌အကောင်းဆုံးပဲ…. မင်းကို ရာရာစစ လာထိလို့ကတော့ ငါ သူ့ကို သတ်ပစ်မယ်”

ပိုင်ယွီကျင့်သည် မျက်မှောင်ကြုတ်၍ နူးညံ့စွာ မေး၏။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကျွန်မလို ဘာမှမဟုတ်တဲ့သူတစ်ယောက်အတွက် ‌လူသားကောင်းကင်နတ်အရှင်တစ်ပါးကို သတ်ရတာ တန်လို့လား”

“ဒါ‌ပေါ့”

ကောင်းကင်နတ်အရှင်ဟွေ့က သူမအား လှည့်ကြည့်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက အရည်အချင်းရှိတာ မှန်ပါတယ်…. ဒါပေမဲ့ အဲ့ဒီလိုလူစားမျိုးက အရည်အချင်းရှိလေလေ၊ လောကကြီးအတွက် ဆိုးကျိုးပိုဖြစ်လာလေလေပဲ… မင်းကတော့ မတူဘူး… မင်းရဲ့ နတ်ဘုရားဝိညာဉ်က တောင်နတ်မင်းဆိုပေမယ့် မင်းက လူသားဖြစ်ဖို့ပဲ စိတ်ထားသန်သလို, ကောင်းကင်နတ်ဘုံအတွက် အာရုံစိုက်တယ်… မင်းက သူနဲ့ယှဉ်ရင် ပိုပြီး စိတ်ချရတယ်”

ပိုင်ယွီကျင့်က တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်သည်။ “ကျွန်မက ဘယ်လိုပြုပြင်ပြောင်းရမလဲ၊ ပုန်ကန်ရမလဲ မသိလို့လား”

ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းညိတ်သည်။ “ကောင်းကင်နတ်အရှင်မူသာ မင်းကို မထိရင် ငါ သူ့ကို တိုက်ခိုက်စရာအကြောင်း မရှိဘူး.. ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေအရ အဲဒီကောင်လေးဟာ အနာဂတ်မှာ သူပုန်ဖြစ်လာပြီး ငါတို့ရဲ့ လူသားမျိုးနွယ်ကို ဆင်းရဲဒုက္ခတွေ တွေ့ကြုံစေလိမ့်မယ်…. ငါ သူ့ကို အဲဒီလိုလုပ်ခွင့်မပေးနိုင်ဘူး… ဒါကြောင့် အပြတ်ရှင်းပစ်ဖို့ အကြောင်းပြချက် ရှာရလိမ့်မယ်”

ပိုင်ယွီကျင့်က ခေါင်းညိတ်၏။ “ဒါကြောင့် ကျွန်မခန္ဓာကိုယ်ထဲက တောင်နတ်မင်းဝိညာဉ်ကို နှိုးထဖို့ ကြိုးစားတာက ကောင်းကင်နတ်အရှင် သူ့ကို သတ်လိုက်ရတဲ့ အကြောင်းပြချက် ဖြစ်လာမှာပေါ့”

ကောင်းကင်နတ်အရှင်ဟွေ့က ပြုံးလိုက်သည်။ “ကောင်းကင်ဆရာသခင်ဆိုတဲ့အတိုင်းပါပဲ…. အရိပ်ပြရင် အကောင်မြင်တယ်”

သူက အဝေးသို့ လျှောက်သွားသည်။

ထိုအခါမှ ပိုင်ယွီကျင့်မှာ တစ်ကိုယ်လုံး တုန်ရီသွားလေသည်။

ကောင်းကင်နတ်အရှင်ဟွေ့သည် ဖြောင့်မတ်မှန်ကန်ပုံပေါ်သော်လည်း အမှန်တွင် အင်မတန်မှ ကောက်ကျစ်စဉ်းလဲသူ ဖြစ်၏။ သူက သူမ တောင်နတ်မင်း၏ လူဝင်စားဖြစ်မှန်း သိရှိခဲ့သော်လည်း ချင်မူ့ကို သတ်ဖြတ်နိုင်အောင် လွှတ်ထားပေးခဲ့သည်။

သူမကို အသက်ရှင်ခွင့်ပေးထားခြင်းက ချင်မူ ‘အမှားတစ်ခု’ ကျူးလွန်မိအောင် ထောင်ချောက်ဆင်ထားပြီး သူ ချင်မူ့အား သတ်ဖြတ်နိုင်မည့် အကြောင်းပြချက် ရရန် ဖြစ်ပေသည်။

'ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ယွင်၊ ချိဧကရာဇ်၊ ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့တို့ကို သူ့အတ္တအတွက် သတ်ဖြတ်ခဲ့တာပဲ…. မဟုတ်မှ...’

သူမ၏မျက်ဝန်းများ ရီဝေလာသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမ၏ဆရာမ ဖြစ်လေသည်။ သူမသည် ဘဝပေါင်းစွာ ရှင်သန်ခဲ့ပြီးသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့အား သူမနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်အဖြစ် အမြဲတစေ သဘောထားခဲ့၏။ ကောင်းကင်နတ်အရှင်ဟွေ့ကား သူ့အတ္တအတွက် ကောင်းကင်နတ်အရှင်ယွဲ့အား လုပ်ကြံခဲ့သည်တဲ့လော။

‘သူတို့သာ ပူးပေါင်းလိုက်ရင် ကောင်းကင်နတ်ဘုံကို မတွန်းလှန်နိုင်ရင်တောင်မှ ညီတူညီမျှ တိုက်ခိုက်နိုင်မယ်ဆိုတာကို ကောင်းကင်နတ်အရှင်ဟွေ့ မသိဘူးလား’

သူမမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ ဝေးကွာသွားသော နောက်ကျောကို ကြည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။ ‘ကောင်းကင်နတ်အရှင်ဟွေ့၊ ရှင်က တောင်ကောင်းကင်နဲ့ အဲ့ဒီနေရာက လူသားတွေကို ကာကွယ်ပေးတယ်… ရှင့်တောင်ကောင်းကင်က ပြီးပြည့်စုံလွန်းနေတော့ တခြား‌ကောင်းကင်နတ်အရှင်တွေ မယှဉ်နိုင်တာလား... လူသားတွေ အနိုင်ကျင့်မခံရဘဲ အင်အားကြီးမားလာမယ့် လမ်းတစ်လမ်းကို တကယ်ပဲ ဖော်ထုတ်နိုင်ခဲ့တာလား’

သူမတွင် အကြံတစ်ခု ပေါ်လာသည်။

တောင်ကောင်းကင်သို့ သွားရောက်ကြည့်ရှုရမည်။

“မဟာလေဟာနယ်ထဲက ပဋိပက္ခတွေကို ဖြေရှင်းပြီးရင် ငါ တောင်ကောင်းကင်ဆီ သွားမယ်…. မဟုတ်သေးဘူး”

သူမက အတွေးတစ်ချက်ဖြင့် ကောင်းကင်ထက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ မြို့ထဲတွင် တိုက်ပွဲကို ဦးစီးနေသော ပိုင်ယွီကျင့်တစ်ယောက် ကျန်ခဲ့လေသည်။

ပိုင်ယွီကျင့်သည် သူမ၏ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို သုံး၍ သူမကိုယ်သူမ ဖုံးကွယ်ကာ ပျံထွက်သွား၏။ “တောင်ကောင်းကင်ဆီ သွားပြီး ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ပြီးပြည့်စုံတဲ့ကမ္ဘာကို ကြည့်ကြတာပေါ့”

All Chapters