← Chapters

ပြီးပြည့်စုံသော ဤကမ္ဘာ

Vol. 94 Ch. 1233

ပြီးပြည့်စုံသော ဤကမ္ဘာ

Vol. 94 Ch. 1233

လအနည်းငယ်ကြာသော် ပိုင်ယွီကျင့်သည် ကောင်းကင်နတ်ဘုံသို့ ပြန်ရောက်လာခဲ့၏။ သူမက ရုပ်ဖျက်ရင်း တောင်ကောင်းကင်၏ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ တိတ်တဆိတ် ဝင်လာခဲ့လေသည်။

မဟာလေဟာနယ်မှ ထွက်လာပြီး ကောင်းကင်နတ်ဘုံသို့ ပြန်လာရသည်မှာ အလွန်အချိန်ကုန်သော်လည်း ကောင်းကင်နတ်ဘုံမှ တောင်ကောင်းကင်ဆီသို့ သွားရသည်ကမူ ပိုမိုလွယ်ကူသည်။ ချင်မူက စွမ်းအင်အကူးပြောင်းတံတားများအား ကမ္ဘာများစွာဆီသို့ ဖြန့်ကျက်ထားသဖြင့် သွားရေးလာရေး အဆင်ပြေချောမွေ့သည်။ ပိုင်ယွီကျင့်အတွက် တောင်ကောင်းကင်သို့ ရောက်လာရန် သိပ်မကြာလိုက်ပေ။

နာမည်အရ တောင်ကောင်းကင်သည် ဇာမဏီနတ်မင်းချီရှားယွီ၏ လက်အောက်တွင် ဖြစ်ပြီး ကောင်းကင်ဘုံများစွာ တည်ရှိ၏။

ပိုင်ယွီကျင့်က ချွီရှားယွီ၏ ကောင်းကင်နန်းဆောင်ရှိ‌သော တောင်ကောင်းကင်မြေထုဆီသို့ ပထမဆုံး ရောက်သွားသည်။ သူမသည် မိန်းမငယ်လေးအသွင် ပြောင်းကာ အထဲဝင်သွား၏။ ကောင်းကင်ယင်သားတော်၏ ကြိမ်ဖန်များစွာ လုပ်ကြံခံခဲ့ရသောကြောင့် ပိုင်ယွီကျင့်မှာ သင်ခန်းစာများစွာရခဲ့သဖြင့် အင်မတန် သတိထား၍ လှုပ်ရှားတတ်လာလေသည်။

“ကောင်းကင်နတ်အရှင်ဟွေ့က တောင်ကောင်းကင်ကို အတော်လေး ကောင်းကောင်းမွန်မွန် အုပ်ချုပ်နေတာပဲ”

ပိုင်ယွီကျင့် စစချင်းလျှောက်သွားကြည့်ရှုနေစဉ် ပျော်ပျော်ရွှင်ရွှင် နေထိုင်စားသောက်လုပ်ကိုင်နေကြသော လူသားများအား တွေ့မြင်ရသည်။ ကျေးလက်ဥယျာဉ်အလား ရိုးရိုးရှင်းရှင်း နေထိုင်ကြပြီး အချင်းချင်း ပြိုင်ဆိုင်ပုတ်ခတ်လိုစိတ်များလည်း မရှိကြပေ။ နေရာတိုင်းတွင် အေးချမ်းသာယာနေသောကြောင့် သူမပင် ပျော်ရွှင်လာမိသည်။ ချင်မူ့စကားများကိုလည်း သိပ်မတွေးမိတော့ချေ။

‘ကောင်းကင်နတ်အရှင်မူက တကယ်မှားနေတာပဲ… ကောင်းကင်နတ်အရှင်ဟွေ့ မှန်တယ်…. ဒီနေရာင လူသားတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့အပြင် သိုင်းတွေကျင့်ကြံပြီး ကောင်းကင်နတ်သိုင်းပညာရှင်တွေလည်း ဖြစ်လာနိုင်တယ်... လူသားမျိုးနွယ်ရဲ့ နတ်ဘုရားတွေတောင် ဖြစ်လာနိုင်သေးတယ်… ဒါက အထွတ်အမြတ်မြေတစ်မြေပဲ… ကောင်းကင်နတ်အရှင်မူက သိပ်ကိုအစွန်းရောက်လွန်းတယ်’

သူမက ခေါင်းတယမ်းယမ်းဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ရပ်လိုက်ပြီး လူသားတို့၏ဘဝများကို ဆက်လက်ကြည့်ရှုရန် ဆက်လျှောက်သွားလေသည်။

‘ငါဒီနေရာကို ရောက်တာမှ မကြာသေးဘူး…. အပြင်လူတစ်ယောက်သာသာပဲ ရှိသေးတော့ ဒီကမ္ဘာရဲ့ တကယ့်သဘာဝအစစ်ကို သိဖို့ ခက်သေးတယ်…. ကောင်းကင်နတ်အရှင်မူ အဲဒီအခြေအနေအထိ ဖြစ်နေတာ တစ်ခုခုရှိလို့နေမှာ... ငါ ရက်နည်းနည်းလောက် ထပ်နေပြီး သူ ဘာလို့ ကောင်းကင်နတ်အရှင်ဟွေ့ကို အဲဒီလောက်ခါးသီးနေတာလဲ သိအောင် လုပ်ရမယ်’

သူမသည် စိတ်အေးအေးထား၍ အပြင်လူတစ်ယောက်၏ ရှုထောင့်မှတစ်ဆင့် တောင်ကောင်းကင်၏ လူနေမှုအသိုင်းအဝိုင်းအား အကဲခတ်နေ၏။

ရက်အနည်းငယ်ကြာသော် သူမ၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း မှုန်သုန်လာတော့သည်။

တောင်ကောင်းကင်၏ လူသားမျိုးနွယ်တွင် အသုဘပွဲတစ်ပွဲအား မြင်တွေ့ခဲ့ရပြီးနောက် ၎င်းသည် အဓိပ္ပာယ်မရှိဘဲ လက်မခံနိုင်စရာဖြစ်သည်ဟု သူမ ခံစားခဲ့ရ၏။

“ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့လည်း အကြောင်းပြချက်ရှိလို့ ဒီလိုလုပ်တာပါ… နတ်ဘုရားတစ်ပိုင်းတွေက အခု စွမ်းအားကြီးလွန်းတယ်လေ…. လူသားတွေအနေနဲ့ အသက်ခြောက်ဆယ်အထိ နေနိုင်တာတောင် အံ့သြဖို့ကောင်းနေပြီ”

သူမက သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ တခြားကောင်းကင်ဘုံများတွင် ယခုလို အသက်ရှည်ရှည်မနေနိုင်ကြပေ။ သူမအနေဖြင့် ကမ္ဘာဦးဘုံ၏ အခြားကောင်းကင်ဘုံများဆီသို့ ရောက်ဖူးသည့်အတွက် ထိုနေရာရှိ လူသားများမှာ ခက်ခဲကြမ်းတမ်းလွန်းသော အခြေအနေများကြောင့် အသက်လေးဆယ်မှ ငါးဆယ်အထိသာ အသက်ရှင်နိုင်ကြလေသည်။

နှိုင်းယှဉ်ကြည့်ပါက တောင်ကောင်းကင်သားအများစုသည် အသက်ခြောက်ဆယ်အထိ ရှင်သန်နိုင်ကြ၏။ အသက်ခြောက်ဆယ် ပြည့်ပြီးနောက် သူတို့အား နတ်ဘုရားတစ်ပိုင်းများဆီသို့ ပူဇော်ဆက်သခြင်းမှာ အသက်ရှည်သည်ဟုပင် ပြောနိုင်ပေသည်။

မှန်ပါသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကတော့ ခြွင်းချက်ပင်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သာမန်လူများ၏ သက်တမ်းသည်ပင် ယခုတွင် များစွာရှည်လျားနေချေပြီ။ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်မြင့်မားသည်သာမက ငယ်စဉ်ကတည်း သိုင်းအခြေခံ ကျင့်ကြံရသည့်အတွက် ရွာတိုင်း၊ ရွာတိုင်းတွင် သက်တော်ရှည်အဘိုးအို၊ အဘွားအို ဆယ်ယောက်ကျော် ရှိတတ်ကြသည်။

“ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အချိန်မရွေး ဖျက်ဆီးခံရနိုင်တယ်… ဟုတ်တယ်… တောင်ကောင်းကင်က ပိုကောင်းတယ်”

ပိုင်ယွီကျင့်သည် တောင်ကောင်းကင်၏ ပညာရေးကိုလည်း မြင်တွေ့ခဲ့ရ၏။ နာခံမှုသုံးသွယ်၊ ကျင့်ဝတ်လေးပါး၊ စည်းမျဉ်းလေးချက်နှင့် ဥပဒေငါးရပ်တို့က မှားယွင်းနေသည်ဟု သူမ ခံစားရသော်လည်း လူသားများသည် မပုန်ကန်ကြပေ။ မပုန်ကန်ကြလျှင် ဒုက္ခများ လျော့နည်းပေလိမ့်မည်။ ၎င်းက နားလည်ပေးနိုင်သောအရာဟု သူမ ခံစားရ၏။

ထို့နောက် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ အသုဘကို ထပ်မံ တွေ့ကြုံခဲ့ရသည်။

ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦးအနေဖြင့် အသက် ၇၀၀ ပြည့်ပြီးနောက်၌ နတ်ဘုရားတစ်ပါး မဖြစ်လာလျှင် သူတို့ကိုယ်သူတို့ စတေး၍ နတ်ဘုရားတစ်ပိုင်းများထံ ဆက်သကြရမည်။

“ဒါလည်း နားလည်ပေးလို့ ရတယ်”

ပိုင်ယွီကျင့်က တစ်ယောက်တည်း ရေရွတ်နေသည်။ “တခြားနေရာတွေနဲ့ ယှဉ်ရင် ဒီနေရာက အတော်လေးကို ကောင်းပြီးသားပဲ… ပြောရရင် ဒီနေရာရဲ့ လူသားမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်တွေက အင်မတန် အဆင့်အတန်းမြင့်တယ်လေ… အေးအေးချမ်းချမ်း ကျင့်ကြံလို့ရပြီးတော့ သာမန်ကိစ္စတွေကို စိုးရိမ်နေစရာမလိုဘူး.. နတ်ဘုရားတွေ မဖြစ်လာနိုင်ရင်တော့ ယဇ်ပူဇော်ခံရမယ်... ဘာပဲဖြစ်ဖြစ် သူတို့မှာ နှစ်တစ်ရာပဲ ကျန်တော့တာမဟုတ်လား”

လူသားမျိုးနွယ်၏ နတ်ဘုရားများကိုလည်း မြင်တွေ့ရသည်။ ဤနေရာတွင် လူသားမျိုးနွယ်နတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများအကြား မည်သည့် တိုက်ပွဲမှ မဖြစ်ပွားဘဲ အေးချမ်းသာယာနေ၏။ နတ်ဘုရားများက စားပွဲသောက်ပွဲများ တက်ရောက်ပျော်ပါးကြပြီး မျိုးနွယ်စုတစ်စုနှင့်တစ်စုကြားတွင် မည်သည့်ပဋိပက္ခမှ မရှိကြပေ။ ဤသည်ကား အလွန့်အလွန် တွေ့ရခဲလေသည်။

ဤနေရာကား တခြားကောင်းကင်ဘုံများကဲ့သို့ မဟုတ်ပေ။

အခြားကောင်းကင်ဘုံများတွင် လူသားမျိုးနွယ်မှာ မမျှမတ ဆက်ဆံခံရသောကြောင့် ဒုက္ခရောက်ကြရသည်။ ထို့ကြောင့် အခြားနတ်ဘုရားတစ်ပိုင်းများနှင့် တိုက်ခိုက်ပြီး သွေးချောင်းစီးကြရ၏။

“ကောင်းကင်နတ်အရှင်ဟွေ့ ဘာအမှားမှ မလုပ်ခဲ့ဘူး” ပိုင်ယွီကျင့်က ခပ်ဖွဖွ ရေရွတ်လိုက်သည်။

ဤသို့ဖြင့် သူမသည် နတ်ဘုရားတို့၏ အရပ်ဌာနေမှ ထွက်လာခဲ့ပြီး တောင်ကောင်းကင်၏ သေမျိုးကမ္ဘာဆီသို့ ရောက်လာခဲ့၏။ ဤနေရာတွင်လည်း အကုန်လုံး အေးချမ်းသာယာနေသောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ စိတ်ကောင်းစေတနာကို မြင်ရသည်။ သို့သော် အတုအယောင်များ ဖြစ်နေသယောင်ပင်။

သို့သော် မည်သည်က အတုအယောင်ဖြစ်သည်ကိုတော့ သူမ အတပ်မပြောနိုင်ပေ။

သူမမှာ မြို့ငယ်လေးတစ်မြို့ဆီသို့ ရောက်လာခဲ့ပြီး တောင်ကောင်းကင်မှ မထွက်ခွာခင် ဤနေရာ၌ တခဏနားရန် စီစဉ်ထားသည်။ သို့သော် ဤမြို့တွင် ထူးဆန်းသောအခြေအနေတစ်ခုအား တွေ့ခဲ့ရလေသည်။ မြို့ထဲ၌ လူဦးရေ တစ်သောင်းကျော် ရှိပါသော်လည်း ကောင်းကင်နတ်သိုင်းပညာရှင် တစ်ဦးတစ်ယောက်မှ မရှိချေ။

ဤသည်က မဖြစ်နိုင်ပေ။

ယခင်တုန်းက ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် ပါရမီလိုအပ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ တိုးတက်ပြောင်းလဲလာပြီးနောက် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန်မှာ မခက်ခဲတော့ပေ။

ပိုင်ယွီကျင့် စေ့စေ့စပ်စပ် လိုက်လံမေးမြန်းကြည့်သည့်အခါ ဖွတ်တစ်ကောင် ပိုက်လျက် တောင်ရိုးတစ်ခုပေါ်တွင် ရပ်နေသော အဘိုးအိုတစ်ဦးက သူမအား ပြောပြလေသည်။ “အဘိုးတို့ ဘိုးဘေးတွေလက်ထက်မှာ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရှိခဲ့တော့ အဘိုးတို့ရဲ့ သားတွေ၊ မြေးတွေလက်ထက်မှာလည်း ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရှိတာ သဘာဝပါပဲကွယ်… ကောင်းကင်နတ်သိုင်းပညာရှင်တွေဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက နဂါးဟန်ခေတ်ကနေ လက်ဆင့်ကမ်း အမွေဆက်ခံလာခဲ့တဲ့ ဂုဏ်သရေရှိမိသားစုကြီးတွေပေါ့… ဘယ်လိုမိသားစုကြီးက သာမန်လူတစ်ယောက်နဲ့ လက်ထပ်ပါ့မလဲကွယ်”

ပိုင်ယွီကျင့်မှာ ကြောင်အသွားပြီး ပြုံးလိုက်၏။ “သာမန်လူတွေကိုရော ကောင်းကင်နတ်သိုင်းပညာရှင်တွေလို့ ခေါ်လို့မရဘူးလား… အဘိုးတို့လည်း ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်တွေ ဖွင့်နိုင်တယ်လေ…. ကောင်းကင်နတ်သိုင်းပညာရှင်တွေ မပြောနဲ့ နတ်ဘုရားတွေတောင် ဖြစ်လာနိုင်တယ်”

အဘိုးအိုက ကပျာကယာ ပြောသည်။ “အဘိုးတော့ အဲ့လိုမပြောရဲပါဘူး… ကလေးမ၊ မင်းက အပြင်လူလား… မင်းပြောလိုက်တာက သိပ်ကိုစော်ကားရာရောက်တယ်ကွဲ့… ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ ဆရာအိုကြီးတွေက ပါရမီထူးကဲတဲ့ နတ်ဘုရားတွေ ဖြစ်တဲ့အပြင် ကောင်းကင်ထက်က ကြယ်တာရာတွေလိုပဲ… သူတို့က မွေးကတည်းက အဆင့်အတန်း မြင့်မားပြီး အင်အားကြီးဖို့ ကံဇာတာ ပါလာခဲ့ကြတာ”

ပိုင်ယွီကျင့်မှာ ပါးစပ်အဟောင်းသား ဖြစ်နေချေသည်။

အဘိုးအိုက ဆက်ပြောသည်။ “အဘိုးတို့လို အလုပ်သမားတွေကတော့ တစ်သက်လုံး အပင်စိုက်ရင်း အလုပ်သမားဘဝနဲ့ပဲ အရိုးထုတ်သွားဖို့ ကံဇာတာပါတာပါကွယ်…. အဘိုးတို့ရဲ့ဘိုးဘေးတွေက လယ်သမားတွေ ဖြစ်ဖို့ ကံဇာတာပါလာခဲ့မှာတော့ အဘိုးတို့အနေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဖြစ်လာဖို့ ဘယ်လိုများ အိပ်မက်မက်ဝံ့ပါ့မလဲ”

“ဒါပေမဲ့…”

ပိုင်ယွီကျင့်မှာ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာတော့ပေ။

နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ကောင်းကင်နတ်အရှင်ယွီ၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကျန်ကောင်းကင်နတ်အရှင်ခုနစ်ပါးသည် ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ဖွင့်လှစ်ခဲ့ကြကာ သာမန်လူများလည်း ကိုယ်ပိုင်ကောင်းကင်ရတနာများ ဖွင့်၍ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်လာနိုင်အောင် ကြိုးစားပေးခဲ့ကြ၏။

သို့ထိတိုင် တောင်ကောင်းကင်၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ထူးထူးခြားခြား ဂုဏ်သရေရှိ မိသားစုကြီးများ ဖြစ်နေပေသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များသည် သူတို့ဘိုးဘေးများ၏ မဟာကောင်းကင်ရတနာခုနစ်ပါးကို အမွေဆက်ခံကြ၏။ ထို့နောက် အဆင့်အတန်းမြင့်မားသည့်အလျောက် အင်အားကြီးမားလာကြပြီး မွေးရာပါနတ်စွမ်းအားတို့နှင့်အတူ နတ်ဘုရားများ ဖြစ်လာကြသည်။

ကောင်းကင်နတ်သိုင်းပညာရှင် မရှိသည့် မိသားစုများမှာမူ သူတို့၏မျိုးဆက်များ မည်မျှပင် ပါရမီထူးကဲပါစေ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်လာကြမည်မဟုတ်ပေ။ လယ်ကွင်းထဲတွင် တစ်ဘ၀လုံး ပိတ်မိနေမည့် အဖြစ်မှ လွတ်မြောက်နိုင်ကြမည်မဟုတ်။

ကောင်းကင်နတ်အရှင်ခုနစ်ပါး သူတို့၏ ကောင်းကင်ရတနာများကို ဖွင့်လှစ်ခဲ့ခြင်းမှာ သာမန်လူများလည်း ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်လာရန်အတွက်ပင်။

ဤနေရာရှိ လူသားတို့၏ ကံကြမ္မာက အဘယ်ကြောင့် သတ်မှတ်ပြီးသား ဖြစ်နေရသနည်း။

သာမန်လူတစ်ယောက် ဖြစ်ရုံလေးကြောင့် သူ၏မျိုးဆက်မှာ အဘယ်ကြောင့် စွမ်းအားပိုင်ဆိုင်ခွင့် မရှိရပါသနည်း။

“တောင်ကောင်းကင်က ရေသေကန် တစ်ကန်ပဲ…. ဘယ်လိုလှိုင်းဂယက်မျိုးကိုမှ မဖြစ်ပေါ်စေနိုင်တဲ့ ရေသေတွေပဲ”

ပိုင်ယွီကျင့်၏ နှလုံးသားထဲတွင် အကြောက်တရား မွေးဖွားလာတော့သည်။ သူမသည် သူမ၏မီးငှက်ဝိညာဉ်ကို မနိုးထရသေးသော်လည်း လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာတုန်းက နဂါးဟန်ခေတ်ကို မှတ်မိနေသေး၏။ ထိုစဉ်က သာမန်လူများသည် ကောင်းကင်ရတနာများ ဖွင့်ကာ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်လာနိုင်ကြ၏။ သာမန်လူတို့၏ မျိုးဆက်များသည်လည်း နတ်ဘုရားများ ဖြစ်လာနိုင်ကြသည်။

ဘိုးဘေးများ မလုပ်နိုင်ခဲ့စေကာမူ မျိုးဆက်များအနေဖြင့် ကြိုးစားခြင်းမှတစ်ဆင့် ထိပ်ဆုံးသို့ တက်ရောက်နိုင်ခွင့် ရှိသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ တောင်ကောင်းကင်တွင်တော့ ထိုသို့ ဖြစ်နိုင်ချေမျိုး မရှိပေ။

“အဲ့ဒီကောင်းကင်နတ်သိုင်းပညာရှင်မိသားစုတွေက လူသားတွေ မဟုတ်ကြတော့ဘူး… လူသားမျိုးနွယ်ရဲ့ နတ်ဘုရားတွေက လူသားတွေ မဟုတ်တော့ဘူး… သူတို့က လူသားတွေနဲ့ လုံးဝကို မတူညီတဲ့ဘဝမှာ နေထိုင်နေကြတဲ့အတွက် လူသားတွေနဲ့ လုံးဝ မတူတော့ဘူး”

ပိုင်ယွီကျင့်၏ ရင်ထဲတွင် ဗြောင်းဆန်လာတော့သည်။ ကောင်းကင်နတ်အရှင်ဟွေ့ လုပ်ခဲ့သည့်အရာက မှားသည်ဟု မဆိုနိုင်။ သူသည် ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင် ဖွင့်နိုင်သည့်နည်းလမ်းအား မလွှဲပြောင်းပေးခဲ့ခြင်းဖြင့် လူသားများအား အေးချမ်းသာယာစွာ နေထိုင်စေသည်။ သူတို့သည် နာခံမှုသုံးသွယ်၊ ကျင့်ဝတ်လေးပါး၊ စည်းမျဉ်းလေးချက်နှင့် ဥပဒေငါးရပ်တို့ကို လိုက်နာကျင့်သုံးကြပြီး မတွန်းလှန်နိုင်ကြပေ။

ဂုဏ်သရေရှိမိသားစုကြီးများမှ ကောင်းကင်နတ်သိုင်းပညာရှင်များက အာဏာကို ချုပ်ကိုင်ထားနိုင်သည့်အတွက် တွန်းလှန်လိုစိတ်လည်း ရှိကြမည်မဟုတ်။

နတ်ဘုရားတစ်ပိုင်းများကလည်း ‘အစာ’ အလုံအလောက် ရှိနေသည့်အတွက် မည်သည်ကိုမှ ပြောင်းလဲလိုစိတ်မရှိ။

ဤနေရာရှိ အရာအားလုံးသည် ပြီးပြည့်စုံလွန်းနေသဖြင့် လူတစ်ယောက်ကို ကြက်သီးမွေးညင်းများပင် ထသွားစေနိုင်သည်။

ပိုင်ယွီကျင့်မှာ မျက်ရည်များကျလာပြီး တောင်ကောင်းကင်မှ ထွက်ခွာကာ ကောင်းကင်နတ်ဘုံဆီသို့ အပြေးတစ်ပိုင်း ပြန်သွားတော့သည်။

တောင်ကောင်းကင်သည် သူမအား မွန်းကြပ်လာစေသည်။ မွန်းကြပ်လွန်း၍ အသက်ပင် ရှူမဝတော့ပေ။

သူမမှာ တောင်နတ်မင်းကျုချွဲ၏ လူဝင်စား ဖြစ်သော်လည်း သက်တမ်းနှစ်ရာကျော် လူဝင်စားဖြစ်ပြီးနောက်ပိုင်း သူမကိုယ်သူမ လူသားတစ်ယောက်ဟုသာ သတ်မှတ်ထားခဲ့သည်။

တောင်ကောင်းကင်၏ လက်ရှိအခြေအနေက သူမကို လူသားတစ်ယောက်အနေဖြင့် အနည်းငယ် ကြောက်ရွံ့မိစေသည်။

ဤအခိုက်အတန့်တွင် သူမသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကြည့်ရှုချင်လာမိ၏။

ဤသို့ဖြင့် သူမ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာခဲ့တော့သည်။

All Chapters