← Chapters

ကောင်းကင်နတ်အရှင်ယွီကို ကောက်ရခြင်း

Vol. 94 Ch. 1234

ကောင်းကင်နတ်အရှင်ယွီကို ကောက်ရခြင်း

Vol. 94 Ch. 1234

တောင်ကောင်းကင်နှင့်ယှဉ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အဆ‌ပေါင်းများစွာ သေးငယ်ပေသည်။

ပိုင်ယွီကျင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ရှိလာသည့်အချိန်ကား ကောက်ပဲသီးနှံတို့ ရိတ်သိမ်းချိန်ဖြစ်သည်။ ဓာတ်ကြီးငါးပါးအဆင့်နှင့် အရပ်ခြောက်မျက်နှာအဆင့် သိုင်းပညာရှင်လေးများက လယ်သမားများအား ကူညီ၍ ကောက်ပဲသီးနှံများ ရိတ်သိမ်းပေးနေကြလေသည်။ စပါးပင်များ ရိတ်သူက ရိတ်၊ ခြွေလှေ့သူက ခြွေလှေ့၊ မြေဆီလွှာများ ထွန်ယက်သူက ထွန်ယက်နေကြပြီး သီးနှံပင်များ ရေသောက်သုံးနိုင်ရန် ရေမြောင်းဖောက်နေကြသော သိုင်းပညာရှင်လူငယ်လေးများကိုလည်း တွေ့ရသည်။ တချို့က ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်၍ မိုးရွာသွန်းလာစေသလို၊ တချို့ကမူ မိုးတိမ်များကို ဖယ်ရှားပေးနေကြသည်။

တစ်နေရာလုံး အလွန်စည်ကားသိုက်မြိုက်နေသည်။

ပိုင်ယွီကျင့်မှာ နေရာပေါင်းများစွာသို့ သွားရောက်လေ့လာကြည့်သည့်အခါ အချို့နေရာများတွင် ကပ်ဆိုက်နေကြောင်း သတိထားမိသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက တာဝန်ရှိအကြီးအကဲများထံ တင်ပြကြပြီး အကြီးအကဲများက ဖန်ဆင်းသိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများတွင် ကျွမ်းကျင်ကြသော အဆင့်မြင့်ကောင်းကင်နတ်သိုင်းပညာရှင်များအား စေလွှတ်ကြသည်။ ထိုအဆင့်မြင့်သိုင်းပညာရှင်တို့က ဖန်ဆင်းကောင်းကင်နတ်သိုင်းတို့ဖြင့် ကောက်ပဲသီးနှံများ အလျင်အမြန် ကြီးထွားစေသည်။ ဆယ်ရက်ကြာ လုပ်ကိုင်ကြပြီးနောက် သီးနှံများ ရင့်မှည့်လာကြပြီး သက်လတ်ပိုင်း ကောင်းကင်နတ်သိုင်းပညာရှင်များမှာလည်း ပင်ပန်းနွမ်းနယ်ကုန်ကျ၏။

ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးနောက် ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ခေါင်းဆောင်က ဆင်းရဲဒုက္ခခံနေရသော လူသားများကို ခေါ်ကာ ရှင်းပြသည်။ “ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းက အရေးကြီးတဲ့ လိုအပ်ချက်တွေကို ယာယီ ဖြည့်ဆည်းပေးနိုင်ပေမယ့် မြေရဲ့ မြေဆီလွှာဓာတ်က လျော့ကျနေပြီ… ပြန်ထွန်ယက်ဖို့လိုအပ်မယ်… ဒါပေမဲ့ နောက်ရာသီ‌ရောက်လို့ ရိတ်သိမ်းတဲ့အခါ နှောင့်နှေးစေမှာမဟုတ်ပါဘူး”

ဒုက္ခသည်များမှာ သူတို့ကို ကျေးဇူးတင်၍ ငွေအချို့ ပေးကြလေသည်။

ပိုင်ယွီကျင့်က လယ်သမားအဘိုးအိုတစ်ယောက်ဆီ မေးမြန်းလိုက်ရာ ထိုအဘိုးအိုက ရယ်သည်။ “ပြီးခဲ့တဲ့နှစ်တွေက တော်တော်လေး အခြေအနေကောင်းခဲ့တယ်ကွယ့်…. အဘိုးလက်ထဲမှာ ငွေနည်းနည်းကျန်သေးတော့ ကပ်ဆိုက်ရင်တောင် ကိုယ့်ကိုကိုယ် ထောက်ပံ့နိုင်‌ပါသေးတယ်”

“ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ငွေပေးလိုက်ရင် အဘိုးမှာ ဘယ်လိုလုပ် ငွေရှိတော့မလဲ”

ပိုင်ယွီကျင့်က မေးသည်။ “ဥစ္စာဓနတွေ ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ လက်ထဲမှာပဲ ရောက်သွားရင် ဘယ်လိုလုပ်မလဲ… နောင်တစ်ချိန်ကျရင် အဲဒီကောင်းကင်နတ်သိုင်းပညာရှင်တွေက အင်အားကြီးမားတဲ့ မိသားစုတွေ ဖြစ်လာပြီး နိုင်ငံရဲ့ ဥစ္စာဓနတွေကို ထိန်းချုပ်ကြလိမ့်မယ်”

“ကျန်းမာနေသရွေ့ ကျောက်တုံးတွင်းထဲမှာ ကျောက်တူးတဲ့အလုပ် လုပ်လို့ရတယ်လေ”

လယ်သမားအဘိုးအိုက ပြုံးလျက် ပြော၏။ “ဆေးပင်တွေလည်း စိုက်လို့ရတယ်ကွဲ့…. ဒီနှစ်တွေအတောအတွင်း ကောင်းကင်နတ်သိုင်းပညာရှင်တွေ တိုးလာတော့ အဘိုးလိုအပ်တဲ့ စွမ်းအင်ဆေးပင်တွေကလည်း ပိုပြီးများလာတယ်လေ…. စွမ်းအင်ဆေးပင်တွေ စိုက်ရတာ သိပ်ကိုစျေးကြီးတာ… အဘိုးက ပါရမီလည်း သိပ်မပါလှသလို အိုမင်းနေပြီဆိုပေမယ့် အဘိုးရဲ့မြေးလေးက အင်မတန်ကို ထက်မြက်တာကွယ်… သူက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကိုတောင် ဖွင့်ပြီးတော့ အခု မူလတန်းမှာ ပညာဆည်းပူးနေပြီ”

ပိုင်ယွီကျင့်မှာ မှင်သက်သွားမိသည်။

လယ်သမားအဘိုးအိုက မျက်မှောင်ကြုတ်လျက် ပြော၏။ “အဲဒီကောင်စုတ်လေး ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်လာရင် နောက်ထပ် အသုံးအဖြုန်းကြီးတဲ့ လူတစ်ယောက် တိုးလာတော့မှာပဲ… ဆေးဖော်စပ်တဲ့ပညာနဲ့ ပန်းပဲပညာ သင်ထားတာ ကံကောင်းသွားတယ်… အနည်းဆုံးတော့ ဝိညာဉ်လက်နက်တချို့ သွန်းလုပ်ပြီး သူ့မိသားစုရဲ့ ကုန်ကျစရိတ်တွေကို ကာမိမှာပေါ့… နတ်ဘုရားတစ်ပါးဖြစ်လာရင်ကတော့ သိပ်ကောင်းတာပေါ့ကွယ်… အဲ့အချိန်ကျရင် အရာရှိလုပ်လို့ရပြီ”

သူက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဆက်ပြောသည်။ “အဘိုးလည်း အရာရှိ မဖြစ်လာရင်တောင်မှ မူလတန်းကျောင်း ဒါမှမဟုတ် တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ စက်ရုံတစ်ရုံ ဖွင့်ပြီး ဘိုးဘေးတွေအတွက် ဂုဏ်ဆောင်နိုင်မှာပါ… ဒါပေမဲ့ မကြာခင် စစ်ဖြစ်တော့မယ် ကြားတယ်… အဘိုးအနေနဲ့ စစ်တပ်ထဲ ၀င်လိုက်ရင်လည်း ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ဘေးရှိ မိန်းမကြီးတစ်ယောက်က ပြုံးလျက် ဝင်ပြောသည်။ “စစ်ဝင်တိုက်တာ ကောင်းတယ်လေ… မြန်မြန် ရာထူးတိုးတာပေါ့”

လယ်သမားအဘိုးအိုက ဒေါသတကြီး မာန်မဲသည်။ “စစ်‌ဘေးကြောင့် လူတွေ သေကြေရတယ်ကွ”

“ကျွန်မတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်သည်တော်တစ်ယောက်က အဲဒီကောင်းကင်နတ်ဘုံရဲ့ စစ်သားဆယ်ယောက်နဲ့ ယှဉ်နိုင်တယ်လေ… ဒါ့အပြင် အဲဒီလူ စစ်တပ်တွေ စေလွှတ်ရတာ အကြောင်းအရင်းရှိတယ် ... အမိကမ္ဘာမြေရဲ့ နာမည်နဲ့ဆို ဘယ်သူက အညံ့မခံရဲဘဲ နေပါ့မလဲ”

ထိုအမျိုးသမီးကြီးမှာ ဗဟုသုတကြွယ်ဝဟန်တူပြီး ဆက်ပြောသည်။ “စစ်ဝင်တိုက်ရုံနဲ့တင်ကို ကောင်းမှုတွေ အလကားဆောက်တည်နိုင်နေပြီ”

ပိုင်ယွီကျင့်မှာ ငေးငေးငိုင်ငိုင်ဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲတွင် လျှောက်သွားနေမိသည်။ နတ်ဘုရား၊ မိစ္ဆာတို့၏ ဦးဆောင်မှုအောက်တွင် လမ်းများ ပြင်၍ တံတားများ ဆောက်လုပ်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များစွာ သူမ တွေ့ခဲ့ရ၏။ လမ်းမများထက်၌ ယာဉ်များစွာ ပြေးလွှားနေကြပြီး ကောင်းကင်ထက်တွင်လည်း သင်္ဘောများက ဟိုဟိုဒီဒီ သွားလာနေကြသည်။

သူမ မြင်တွေ့နေရသည်မှာ တောင်ကောင်းကင်တွင် မြင်တွေ့ခဲ့ရသည်နှင့် လုံးဝ ကွဲပြားလှချေသည်။

ဤသည်က သေမျိုးကမ္ဘာ၏ ကောင်းကင်ဘုံတစ်ဘုံသာ မဟုတ်လော။

ကောင်းကင်နတ်ဘုံတွင် ရာထူးဂုဏ်သိမ်အဆင့်ဆင့်ဖြင့် စည်းကမ်းတင်းကြပ်သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးမှလွဲ၍ ကောင်းကင်နတ်ဘုံရှိ နတ်ဘုရားအားလုံးမှာ တစ်ခုခုမှားယွင်းပြောဆိုလုပ်ကိုင်မိ၍ တစ်ယောက်ယောက်ကို စော်ကားမိမည်စိုးသောကြောင့် သတိထားကြရသည်။

အခြားတစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကမူ စည်းစည်းလုံးလုံးဖြင့် တိုးတက်စည်ကားနေသည်။

နောက်ဆုံး၌ ပိုင်ယွီကျင့်သည် ဆုံးဖြတ်ချက်တစ်ခု ချကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ထွက်လာတော့သည်။

သူမက မဟာလေဟာနယ်သို့ အလောတကြီး ပြန်သွား၏။ ဤခရီးမှာ တစ်နှစ်ကြာခဲ့သော်လည်း ကံကောင်းစွာဖြင့် မဟာလေဟာနယ်ကို စောင့်ကြပ်ပေးနေသော ပိုင်ယွီကျင့်နောက်တစ်ယောက် ရှိနေသေးသဖြင့် ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ပေ။

သူမ မဟာလေဟာနယ်သို့ ရောက်တော့မည့်အချိန်တွင် ကြယ်တာရာကောင်းကင်ထက်၌ အလင်းတန်းတစ်တန်း ဖျတ်ခနဲ လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။ သူမ ပိုမိုနီးကပ်သွားသည့်အခါ အပြာရောင်ဝတ်ရုံနှင့် လူသားလူငယ်တစ်ယောက်သည် ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြတ်သန်းနေကြောင်း တွေ့လိုက်ရသည်။

လူငယ်လေးမှာ အသက်သိပ်ကြီးပုံမပေါ်,အလွန်ဆုံး ဆယ်နှစ်ခန့်အရွယ်သာ ရှိမည်ထင်ရသည်။ သူကား အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း သိုင်းအဆင့်မှာမူ ထူးခြားပေသည်။

သူသည် ငေးကြောင်နေသော အမူအရာဖြင့် ကြယ်တာရာကောင်းကင်အား ဖြတ်သန်းနေချေသည်။ သူ့အရှေ့နှင့် အနောက်တွင် တာအိုသံများ မြောလွင့်နေပြီး ဆန်းကြယ်သော နဂါးရုပ်တုတစ်ခုက တောင်ပံခတ်လျက် သူ့အား သယ်ဆောင်ထားသည်။

ပိုင်ယွီကျင့်မှာ ‌စိတ်ရှုပ်ထွေးသွားသည်။ ထိုနဂါးရုပ်တုက ယွီလင်နန်းစောင့်တပ်ဖွဲ့၏ စီးတော်ယာဉ်ဖြစ်ချေသည်။ အဘယ်ကြောင့် ဤလူငယ်၏ စကားကို နားထောင်နေမှန်း သူမ မသိချေ။

သူမက မေးမြန်းရန် ချဉ်းကပ်သွားလိုက်သည်။ လူငယ်မှာ ဖော်ရွေကြင်နာတတ်ဟန် ရှိပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်က အမြဲနေရာယူထားသည်။ သူက နှုတ်ဆက်ည်။ “ကျွန်တော့်နာမည်က လန်ယွီတျန်းလို့ ခေါ်ပါတယ် မမကြီး”

ပိုင်ယွီကျင့်မှာ ဤနာမည်ကို ယခင်က မကြားခဲ့ဖူးသောကြောင့် စိတ်ထဲသိပ်မထားချေ။ သူမက မေးသည်။ “ကြယ်တာရာကောင်းကင်ထဲမှာ လျှောက်သွားရင်း လမ်းပျောက်နေတာလား… ပြီးတော့ ဒီနဂါး…. နင်က ဘာလို့ သူ့နောက်လိုက်နေတာလဲ”

နဂါးမှာ ကြောင်အသွားသည်။ “ကျွန်တော်လည်း ဘာလို့ သူ့နောက်လိုက်နေမိမှန်း မသိဘူး…. ပထမတော့ အားလပ်ရက်မလို့ လျှောက်ပျံသန်းရင်း အနားယူဖို့ စီစဉ်ထားခဲ့တာ…. ဒါပေမဲ့ ကျွန်တော် ကောင်းကင်နတ်ဘုံက ထွက်လာတာနဲ့ လမ်းလာမေးတဲ့ သူနဲ့ တွေ့တာပဲ…. ကျွန်တော် သူ့ကို လမ်းပြပေးမယ်ဆိုပြီး သူ့ရဲ့ စီးတော်ယာဥ်ဖြစ်သွားတာ…. ဒါပေမဲ့ အချိန်အကြာကြီး ပျံနေရတော့ ဘယ်ရောက်နေမှန်းတောင် မသိတော့ပါဘူး”

ပိုင်ယွီကျင့်မှာ ငိုရခက်၊ ရယ်ရခက် ဖြစ်သွားသည်။ “ငါတို့ မဟာလေဟာနယ်ဆီ ရောက်တော့မှာ… နင် ကောင်းကင်နတ်ဘုံကိုအမြန်ပြန်သင့်တယ်”

နဂါးက သူမအား ကျေးဇူးတင်လိုက်ပြီး လန်ယွီတျန်းအား သူ့ကျောပေါ်မှ ဆင်းစေသည်။ ထို့နောက် ချက်ချင်း တောင်ပံများခတ်၍ အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ပိုင်ယွီကျင့်မှာ အလန့်တကြား တုန်လှုပ်မိသွားသည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ နဂါးများမှာ မြန်ဆန်သော်လည်း ဤမျှမမြန်ချေ။

နဂါးသည် လန်ယွီတျန်းဆိုသော ဤလူငယ်ထံမှ မသိလိုက်ဘဲ အကျိုးကျေးဇူးများ ရရှိခဲ့သည်မှာ သိသာ၏။

လန်ယွီတျန်းသည် အမှန်တကယ်ပင် တခြားသူများအား ထူးဆန်းသော ခံစားချက်ကို ခံစားရစေ၏။ သူ၏ မဟာတာအိုအား ထူးထူးခြားခြား ရင်းနှီးနေသလို ပိုင်ယွီကျင့် ခံစားနေရသည်။ သူမမှာ ယခင်က မထိတွေ့ဖူး၊ မတွေးဖူးသည့် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကိုပင် အလိုအလျောက် နားလည်သိမြင်လာသည်။ အင်မတန်မှ ထူးဆန်းချေသည်။

ထိုနဂါးသည် လန်ယွီတျန်း၏ ပြုစားခြင်းခံခဲ့ရသည်မဟုတ်ဘဲ ဤလူငယ်၏ ခန္ဓာကိုယ်ပေါ်မှ တာအိုသင်္ကေတများဖြင့် ဆွဲဆောင်ခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နဂါးမှာ သူ့အနောက်သို့ ငေးကြောင်လျက် လိုက်ပါလာရင်း သူပင် မသိလိုက်ဘဲ အကျိုးအမြတ်များစွာ ရရှိသွားခြင်း ဖြစ်မည်။

ပိုင်ယွီကျင့်သည် သူ့အား သဘောကျမိသဖြင့် ပြုံးလိုက်၏။ “နင်က လန်ယွီတျန်းပေါ့… မောင်လေးလန် လို့ ခေါ်ရမလား.. မောင်လေးတျန်းလို့ ခေါ်ရမလား”

ထို့နောက် သူမက ခေါင်းရမ်းလိုက်သည်။ “မောင်‌လေးတျန်း တော့ မဖြစ်ဘူး…. ကောင်းကင်နတ်ဧကရာဇ်နဲ့ အသံတူနေတော့ ခေါင်းဖြတ်ခံရလိမ့်မယ်” (တျန်း = ကောင်းကင်)

လန်ယွီထားက ပြော၏။ “ကျွန်တော့်ကို မောင်လေးယွီလို့ ခေါ်ပါ မမကြီး” (ယွီ= ကျောက်စိမ်း)

“ကျောက်စိမ်းဧကရာဇ်လား”

ပိုင်ယွီကျင့် တခစ်ခစ် ရယ်လိုက်သည်။ “နင်တော့ ခေါင်းဖြတ်ခံရတော့မှာပဲ… နင့်နာမည်ကြီးက ထူးဆန်းလိုက်တာ…. သုံးလို့တာဆိုလို့ မျိုးရိုးနာမည်တစ်ခုပဲ ရှိတယ်… ငါ နင့်ကို မောင်လေးယွီ လို့ခေါ်ခေါ် မောင်လေးတျန်းလို့ခေါ်ခေါ် ခေါင်းဖြတ်ခံရမှာ…. ဘယ်သူက နင့်ကို နာမည်ပေးခဲ့တာလဲ… နည်းနည်း အထင်ကြီးစရာပဲ”

လန်ယွီတျန်းက ခေါင်းရမ်း၍ ဖြေသည်။ “ကျွန်တော် မမှတ်မိဘူး.. ကျွန်တော့်မှတ်ဉာဏ်တွေ ပျောက်သွားတာ…. ကျွန်တော့်အစ်ကိုကလည်း ကျွန်တော့်ကို နာမည်ပေးခဲ့တာ ဘယ်သူမှန်း မသိဘူး”

ပိုင်ယွီကျင့်က သူ့အား ကရုဏာသက်စွာ ကြည့်လိုက်ရင်း မေးသည်။ “ဘယ်ကိုသွားမလို့လဲ… မောင်လေးလန်”

“မသိဘူးဗျာ”

လန်ယွီတျန်းက ရိုးသားစွာ ဖြေ၏။ “ကျွန်တော် ဘယ်ကိုသွားနေတယ်ဆိုတာလည်း ကျွန်တော်မသိဘူး… လမ်းပျောက်နေပြီ…. ခြေဦးတည့်ရာပဲ သွားနိုင်တော့တယ်”

ပိုင်ယွီကျင့်မှာ ငိုရခက်ရယ်ရခက် ဖြစ်နေသည်။ သူမသည် သူ့အား အမှန်တကယ် သနားမိလာပြီး ပြုံးကာ ပြော၏။ “နင့်မှာ သွားစရာနေရာမရှိဘူးဆိုတော့ ငါနဲ့အတူ ‌မဟာလေဟာနယ်ကို လိုက်ခဲ့လေ…. ဒီအတိုင်းလျှောက်သွားနေတာ နင့်အတွက် မကောင်းဘူး…. မဟာလေဟာနယ်ကို ရောက်ရင်တော့ အနည်းဆုံး ငါ နင့်ကို ကာကွယ်ပေးလို့ရသေးတယ်”

လန်ယွီတျန်းက လိမ်လိမ်မာမာ ခေါင်းညိတ်သည်။

ပိုင်ယွီကျင့်မှာ သူ၏ ရိုကျိုးနေသော ပုံစံလေးကို ကြည့်ကာ သနားချစ်ခင်မိလာသည်။ သူမက စိတ်ထဲမှ တွေးနေ၏။ ‘သူ့ကြည့်ရတာ လူသားနဲ့တူတယ်… ကောင်းကင်နတ်အရှင်မူနဲ့လည်း ခပ်ဆင်ဆင် တူနေသလိုပဲ’

မဟာလေဟာနယ်မြေထု၊ ကောင်းကင်နတ်ဘုံ၏ ပိုင်နက်ထဲတွင်

ချင်မူသည် ပိုင်ယွီကျင့် စောင့်ကြပ်နေသည့် နတ်ဘုရားမြို့မှ ထွက်ခွာလာခဲ့ပြီးနောက် ကောင်းကင်ဆရာသခင်နောက်တစ်ဦးဖြစ်သည့် မုန့်ယွင်ကွေ့ စောင့်ကြပ်နေသော နေရာသို့ ရောက်လာခဲ့လေ၏။

All Chapters