ဒုတိယ ကောင်းကင်ဆရာသခင်
Vol. 94 Ch. 1235
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးပါးနှင့် ကောင်းကင်နတ်မင်းလေးပါးသည် မဟာလေဟာနယ်မြေထုဆီသို့ ဦးတည်လျက် သူတို့၏စစ်တပ်များနှင့်အတူ စစ်ချီတက်လာခဲ့ကြ၏။ သူတို့တွင် စစ်စခန်းကိုယ်စီ ရှိကြပြီး တစ်ယောက်ချင်းဆီက စစ်တပ်တစ်တပ်စီအား ဦးဆောင်ကြလေသည်။
ထိုမျှသာမက အာဇာနည်စစ်မြင်းတစ်ကောင်စီ အစိုးရသော အရောင်ဧကရာဇ်လေးပါးလည်း ရှိသေးသည်။ four-
ကောင်းကင်ဆရာသခင်လေးဦးထဲတွင် ပထမကောင်းကင်ဆရာသခင်သည် ရှန့်ပင်းယင်၊ ဒုတိယကောင်းကင်ဆရာသခင်က မုန့်ယွင်ကွေ့၊ တတိယကောင်းကင်ဆရာသခင်က ပိုင်ယွီကျင့်နှင့် စတုတ္ထကောင်းကင်ဆရာသခင်မှာတော့ ကျူရှောက်ပင်းတို့ ဖြစ်ကြသည်။
ကောင်းကင်ဆရာသခင်လေးပါးထဲတွင် ချင်မူသည် ရှန့်ပင်းယင်နှင့် ပိုင်ယွီကျင့်အား ဆုံတွေ့ခဲ့ဖူးပြီးဖြစ်၏။ ဤဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့ကိုတော့ ချင်မူ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ နာမည်ကိုတော့ ကြားခဲ့ဖူးသည်။
မုန့်ယွင်ကွေ့က ယွီဟွားကောင်းကင်ဘုံမှ မွေးဖွားလာခဲ့သူ ဖြစ်ကာ စည်းစိမ်ကာမဂုဏ်တို့တွင် သာယာယစ်မူးရသည်ကို နှစ်သက်သည်။ ထို့ကြောင့် သူ၏ဂုဏ်သတင်းမှာ မကောင်းလှ။
တစ်ခါတုန်းက ထော့ကျိုးသည် လန်ယွီတျန်းအား သူခိုးပညာလေ့ကျင့်ပေးရန် ခေါ်သွားခဲ့ဖူး၏။ အရေးအကြီးဆုံး စမ်းသပ်ချက်များထဲမှ တစ်ခုမှာ ယွီဟွားကောင်းကင်ဘုံသို့ သွား၍ မုန့်ယွင်ကွေ့၏ ရတနာတိုက်မှ ခိုးယူခြင်းဖြစ်သည်။
တထာဂတမာ ဖြစ်ခဲ့ဖူးသော အဘိုးကြီးမာလည်း သူတို့နှင့်အတူ လိုက်သွားပြီး သူတို့အား စောင့်ရှောက်ပေးရန်နှင့် ကောင်းကင်နတ်သိုင်း ထောင်ချောက်များကို စစ်ဆေးရန် တာဝန်ယူခဲ့သည်။ ခြေရာလက်ရာ မကျန်ခဲ့စေရန် အစအန ဖျောက်သည်ကိုလည်း တာဝန်ယူခဲ့ရ၏။
မှန်ပါသည်။ အဘိုးကြီးမာသည် လောဘမကြီးပေ။ ဤ ‘လူငယ်’ ကလေး လန်ယွီတျန်း လမ်းမှားမရောက်အောင် စောင့်ရှောက်ပေးလိုစိတ်သာ ရှိခဲ့သည်။ သို့ထိတိုင် ထော့ကျိုးနှင့် လန်ယွီတျန်းက သူ့အား ခိုးရာပါပစ္စည်းများ၏ ဝေစုတစ်စု ပေးခဲ့လေသည်။
*****
ချင်မူလည်း လမ်းလျှောက်လာရင်း မုန့်ယွင်ကွေ့၏ အရှေ့ပိုင်းဂိုဏ်းစစ်တပ် စခန်းချနေသော နေရာသို့ ရောက်ရှိလာပြီး စစ်တပ်အား ကွပ်ကဲကြီးကြပ်နေသော မုန့်ယွင်ကွေ့အား လှမ်းမြင်လိုက်ရသည်။ သူသည် ဂုဏ်သတင်း မကောင်းလှသော်လည်း စစ်တပ်များကို ဦးဆောင်ကွပ်ကဲရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်၏။
“ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးဦးလုံးက စစ်တပ်တွေကို ဦးဆောင်တိုက်ခိုက်နိုင်တဲ့သူတွေချည်းပဲ.. ဒါပေမယ့် ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင်လေးပါးကတော့ စစ်တပ်ကို ဦးဆောင်မတိုက်ခိုက်နိုင်ခဲ့ဘူး… သူတို့က တိုင်းပြည်ကို တိုးတက်အောင် စွမ်းဆောင်ပေးတဲ့ ပညာရှိတွေ”
ချင်မူက တစ်ယောက်တည်း ရေရွတ်ရင်း အတွေးနက်နေချေသည်။
သစ်ခုတ်သမား၊ စာပေသမား၊ လယ်သမားအိုကြီး၊ တံငါသည်။
သစ်ခုတ်သမား ၀မ်တျန်းကဲသည် ခိုင်ဧကရာဇ်၏ပြုပြင်ပြောင်းလဲမှုအား တာဝန်ယူခဲ့သူ ဖြစ်သည်။ စာပေသမား ယန်ယွီရှီက စစ်တပ်၏ ပြုပြင်ပြောင်းလဲမှုအပေါ် တာဝန်ယူခဲ့သည်။ လယ်သမားအိုကြီးက လူသားတို့၏ လူနေမှုအဆင့်အတန်းအား ပြုပြင်ပြောင်းလဲရာတွင် တာဝန်ယူခဲ့ပြီး တံငါသည်က လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ပြောင်းလဲပေးခဲ့သည်။
တခြားတစ်ဖက်တွင် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးဦးကမူ စစ်အင်အားကိုသာ အာရုံစိုက်ထားပြီး မည်သည့်ပြုပြင်ပြောင်းလဲမှုမှ မလုပ်ကြပေ။
“ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးဦးက စစ်သည်တော်တွေကို လေ့ကျင့်ပေးပြီး စစ်တိုက်တာမှာ တော်တဲ့လူတွေသက်သက်ပဲ…. ကောင်းကင်ဆရာသခင်ဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘူး…. ကောင်းကင်ဘုံတွေအပေါ် စီမံအုပ်ချုပ်တဲ့ နေရာတွေမှာ မစွမ်းကြဘူး”
ချင်မူ ထိုသို့တွေးနေစဉ် ကျယ်လောင်လှသော ရယ်သံအား ကြားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်မူက အဝေးကြီးကနေ လာခဲ့ရတာပဲ…. မကြိုဆိုမိတာ ခွင့်လွှတ်ပေးပါဗျာ”
ချင်မူလည်း အသံလာရာသို့ ကြည့်လိုက်ရာ အပြုံးပန်းများဝေဆာစွာဖြင့် လျှောက်လာနေသော သက်လတ်ပိုင်းလူတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏နှုတ်ခမ်းမွှေးမှာ အင်မတန် ရှည်လျားလွန်းသောကြောင့် ဘေးနှစ်ဖက်သို့ တွဲကျနေရာ ခက်ရင်းခွပုံပေါ်နေသည်။
ဤလူကား ကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့ပင်။
မုန့်ယွင်ကွေ့က ခပ်သွက်သွက် လျှောက်လာရင်း ဦးညွှတ်အရိုအသေပေးသည်။ သူက ပြုံး၍ ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျုပ် ကောင်းကင်ယင်သားတော်ဆီက ပြန်လာတုန်းက သူက ကောင်းကင်နတ်အရှင်မူကို သိပ်ကိုချီးကျူးခဲ့တယ်…. ကောင်းကင်နတ်အရှင်မူက လူသားတွေအပေါ် စေတနာအတိုင်းအဆ အနှိုင်းမဲ့ပြီးတော့ လိုအပ်တိုင်း ကူညီပေးတယ်လို့ ပြောပါတယ်… ကောင်းကင်နတ်အရှင်မူက ခင်ဗျားရဲ့ ရန်သူတွေအတွက်တော့ တကယ့်ကို စံပြပုဂ္ဂိုလ်ပါပဲ”
ချင်မူက နွေးထွေးစွာ ပြုံးလိုက်သည်။ “ကောင်းကင်ယင်သားတော်က တခြား ဘာများပြောသေးလဲ”
မုန့်ယွင်ကွေ့က ဖြေသည်။ “ကောင်းကင်နတ်အရှင် ချုံခိုတိုက်ခိုက်ခံရတယ်လို့ သူ ပြောခဲ့ပါသေးတယ်…. အဲဒီသတင်းကြားတော့ သူလည်း စိုးရိမ်သွားပြီး ကောင်းကင်နတ်အရှင်ကို တောင်းပန်ဖို့ အလောတကြီး သွားချင်ခဲ့ပါတယ်တဲ့... ဒါပေမဲ့ သူ့မှာ တာဝန်ကြီးတစ်ခု ရှိနေတော့ နေရာကနေ မခွာရဲခဲ့ဘူး… ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့ ကောင်းကင်နတ်အရှင်”
ချင်မူက လက်ခါလိုက်သည်။ “ဒါတွေက အသေးအဖွဲလေးတွေပါ… ကျွန်တော် အပြစ်မယူဘူးလို့ ကောင်းကင်ယင်သားတော်ကို ပြောလိုက်ပါ... လာတိုက်ခိုက်တဲ့ ရန်သူတွေအကုန်လုံးကိုလည်း သတ်ပြီးခဲ့ပြီဆိုတော့ သူ စိတ်ထဲထားစရာ မလိုပါဘူး”
မုန့်ယွင်ကွေ့က ဆွေးဆွေးမြေ့မြေ့ သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်အရှင်က သိပ်ကို သဘောထားကြီးတာပဲဗျာ…. ကောင်းကင်ယင်သားတော်သာ ဒီစကားကို ကြားရင် မျက်ရည်လည်လာပြီး စကားတောင် ပြောနိုင်ပါ့မလားပဲ”
ချင်မူ တဟားဟား ရယ်မိသည်။
မုန့်ယွင်ကွေ့က ပြုံး၍ စကားလမ်းကြောင်းလွှဲလိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ရန်သူတွေ တပ်ကူလွှတ်ထားတယ်လို့ ကြားထားပါတယ်…. သူတို့က သစ္စာဖောက်ချင်ယဲ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်တဲ့အပြင် သူတို့ထဲမှာ ဖုန်းတုစစ်တပ်ကလည်း ပါလာတယ်တဲ့…. အခုရက်ပိုင်းအတွင်း ကောင်းကင်နတ်အရှင်နှစ်ပါးက မဟာလေဟာနယ်ယိုတုကို ကောင်းကင်ယင်သားတော် အချိန်တိုအတွင်း ရှင်းလင်းနိုင်မလားလို့ ခဏတိုင်း မေးနေတာ… ကောင်းကင်နတ်အရှင်မှာ ဗျူဟာတွေများ ရှိလားမသိဘူး”
ချင်မူက တတွတ်တွတ် ရေရွတ်နေပြီးနောက် ဖြေသည်။ “ကျွန်တော်လည်း မဟာဧကရာဇ် ပြန်လည်ရှင်သန်လာပြီးတော့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကနေ လွတ်မြောက်သွားပြီလို့ သတင်းရထားတယ်…. ချင်ယဲ့နဲ့ယှဉ်ရင် မဟာဧကရာဇ်က အကြီးမားဆုံး အန္တရာယ်ပဲ”
မုန့်ယွင်ကွေ့က မျက်ခုံးများပင့်ကာ ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင် ပြောတာ မှန်တယ်… မဟာဧကရာဇ်က တကယ့်ကို ပြဿနာကြီးပဲ… ဒါပေမဲ့ ကျုပ် ဖုန်းတုနဲ့ မဟာလေဟာနယ်ယိုတုကို ဘယ်လိုကိုင်တွယ်ရမလဲ.. သင်ကြားပေးပါဦး ကောင်းကင်နတ်အရှင်”
“ရိုးရိုးလေးပါ”
ချင်မူက စိတ်ကျေနပ်နေသော အမူအရာဖြင့် ပြောလိုက်သည်။ “ကျွန်တော်ရဲ့တူမ ကောင်းကင်နတ်အရှင်ရှုက မြေအောက်ဘုံအရှင်သခင်ရဲ့ သမီးတော်ပဲ… သူသာ လှုပ်ရှားလိုက်ရင် ဖုန်းတုမပြောနဲ့ ... မဟာလေဟာနယ်ယိုတုကု ထိုးဖောက်ဖို့ လွယ်တယ်”
မုန့်ယွင်ကွေ့က ခပ်တိုးတိုး ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ရှုသာ မဟာလေဟာနယ်ယိုတုကို သွားတိုက်ခိုက်ရင် ခိုင်ဧကရာဇ်နဲ့ ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်တွေက ကောင်းကင်နတ်အရှင်ဟွေ့ကို ပူးပေါင်းတိုက်ခိုက်ဖို့ အခွင့်အရေးရသွားမှာပေါ့… ကောင်းကင်နတ်အရှင်ဟွေ့ကို တစ်ယောက်တည်း ထိန်းမထားနိုင်ဘူး’’
“ဒါဆိုလည်း ကောင်းကင်နတ်ဘုံကနေ ကောင်းကင်နတ်အရှင်နောက်တစ်ပါး လွှတ်ခိုင်းလိုက်ပေါ့”
ချင်မူက တစ်ခဏစဉ်းစား၍ ဆက်ပြောသည်။ “လက်ရှိအခြေအနေကို ကိုင်တွယ်ဖို့ ကောင်းကင်နတ်အရှင်သုံးပါးနဲ့ လုံလောက်ပါတယ်”
မုန့်ယွင်ကွေ့က လက်ခုပ်တီးရင်း ပြုံးလိုက်သည်။ “အကြံကောင်းပဲ… ကောင်းကင်နတ်အရှင်မူ ဘယ်သူ့ကို ခေါ်ဖို့များ စဉ်းစားထားလဲ”
ချင်မူက တည်ကြည်လေးနက်စွာ ဖြေသည်။ “ကောင်းကင်နတ်အရှင်ရှောင်ကို ခေါ်ရမယ်လို့ ကျွန်တော်တော့ ထင်တာပဲ… ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟွေ့ နှစ်ယောက်လုံးက လူသားတွေဖြစ်တဲ့အပြင် သူငယ်ချင်းကောင်းတွေလေ… သူနဲ့သာဆို သူခိုးချင် အနိုင်ယူနိုင်မှာမဟုတ်ဘူး”
မုန့်ယွင်ကွေ့က တစ်ယောက်တည်း ရေရွတ်နေသည်။ “ကောင်းကင်နတ်အရှင်ပြောတာ မှန်တယ်… ဟုတ်တယ်… ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်ရှောင် ဒီကိုထွက်လာရင် ကမ္ဘာဦးသစ်ပင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ အခိုးခံရမယ်ထင်လား”
ချင်မူက လက်ခုပ်တီးကာ အားပါးတရ ရယ်လိုက်သည်။
မုန့်ယွင်ကွေ့ ကလည်း တဟားဟား လိုက်ရယ်သည်။
ချင်မူက ချီးကျူး၏။ “ကောင်းကင်ဆရာသခင်မုန့်ကတော့ အံ့မခန်းပုဂ္ဂိုလ်ပါပဲဗျာ… ဘယ်ကောင်းကင်နတ်အရှင်ကို ခေါ်သင့်တယ်ထင်လဲ”
မုန့်ယွင်ကွေ့က ပြုံးလျက် ဖြေသည်။ “ဘယ်လိုလုပ် ကျုပ်က ကောင်းကင်နတ်အရှင်တွေကို ခေါ်ခိုင်းရဲပါ့မလဲဗျာ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်သာ မဟာလေဟာနယ်ဆီ လာမယ်ဆိုရင် သိပ်ကောင်းမှာပဲ… ကောင်းကင်နတ်အရှင်ဟောင်မှာ ဘာပိုင်နက်မှမရှိတော့ သူ ထွက်လာရင် သူခိုးတွေ ထွက်လာပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ခိုးယူသွားမှာ စိတ်ပူစရာမလိုတော့ဘူး…. ဒါ့အပြင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သိုင်းစွမ်းအားကလည်း ကြီးမားတယ်လေ…. သူသာ ဒီနေရာမှာဆိုရင် မဟာလေဟာနယ်ရဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းစေနိုင်မှာပဲ”
ချင်မူက သက်ပြင်းချလိုက်သည်။ “ခင်ဗျားက ကောင်းကင်ဆရာသခင်လေးပါးထဲမှာ ဒုတိယမလား”
“ဟုတ်ပါတယ်ဗျ” မုန့်ယွင်ကွေ့က ဦးညွတ်၍ ဖြေသည်။
ချင်မူက သူ့ကို ကြည့်နေ၏။ “ခင်ဗျားက တကယ် သိပ်လောဘကြီးတာပဲလား”
မုန့်ယွင်ကွေ့က ခပ်တိုးတိုး ရယ်လေသည်။ “လူတစ်ယောက်မှာ အားနည်းချက်တစ်ခုတော့ ရှိတာပဲတဲ့လေ…. လောဘက သေဘေးရန်က ကာကွယ်ပေးနိုင်တယ်”
ချင်မူက အသာအယာ ခေါင်းညိတ်၍ အဝေးသို့ လျှောက်သွားရင်း အေးအေးလူလူ ပြောသည်။ “ခင်ဗျားကို လျှော့တွက်လို့မရဘူးပဲ”
မုန့်ယွင်ကွေ့က သူ ထွက်သွားနေသည်ကို ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် အင်္ကျီလက်အိုးကို လှုပ်ခါလိုက်သည်။ ထိုအခါ သူ့အနောက်ရှိ စံအိမ်တစ်အိမ်၏ နံရံမှာ ပြိုကျသွားပြီး နတ်ဘုရား၊ မိစ္ဆာများ ပြည့်နှက်နေသည့် ခြံဝန်းတစ်ခု ပေါ်လာသည်။
ထိုနတ်ဘုရား၊ မိစ္ဆာအားလုံးသည် ပန်းချီဆရာများ ဖြစ်ကြပြီး လက်ထဲတွင် စုတ်တံများ ကိုင်ထားကြသည်။ သူတို့ဘေးတွင် မှင်အိုးများနှင့် စုတ်တံများ ချထားကာ စင်များပေါ်တွင် ရပ်လျက် ပန်းချီရေးဆွဲနေကြသည်။
ထိုပန်းချီဆရာများ၏ ပိတ်ကားထက်တွင် ချင်မူ့၏အသွင်သဏ္ဍာန် ရှိနေ၏။
ကောင်းကင်နတ်ဘုံမှ ထိုပန်းချီဆရာများ၏ ပန်းချီအရည်အချင်းမှာ နိမ့်ကျသူ၊ မြင့်မားသူစသဖြင့် အမျိုးမျိုးကွဲပြားနေသော်လည်း ပန်းချီကားအားလုံးသည် အရောင်အသွေးစုံလင်ကာ အသက်ဝင်နေ၏။ ပန်းချီကားထဲရှိ ချင်မူမှာလည်း အသက်ဝင်နေပြီး ပန်းချီထဲတွင် လမ်းလျှောက်ကာ စကားပင် ပြောနိုင်သည်။
ထိုမျှသာမက ပန်းချီဆရာအားလုံးသည် ချင်မူ၏ အကျင့်စရိုက်ကို ခွဲခြမ်းစိတ်ဖြာနေသော စာလုံးများကိုလည်း ရေးဆွဲနေကြသည်။ ချင်မူ၏ အသံအနေအထား၊ အကျင့်စရိုက်၊ အတွေးအမြင်၊ မျက်နှာအမူအရာ၊ အဝတ်အစား၊ ကိုယ်ဟန်အနေထား၊ သွေးလည်ပတ်မှု၊ နှလုံးခုန်သံနှင့် သူ့မျက်လုံးထောင့်ရှိ ကြွက်သားများ လှုပ်ရှားမှု အစရှိသည်တို့အား မှတ်တမ်းတင်ထားကြသည်။
မုန့်ယွင်ကွေ့က ပန်းချီကားများကို သိမ်းဆည်းလိုက်ရင်း ကောင်းကင်နတ်ဘုံ၏ ပန်းချီဆရာများကို ပြန်လွှတ်လိုက်ည်။ ထို့နောက် ပန်းချီများကို ကိုင်လျက် မည်သည်မှမပြောဘဲ တစ်ချပ်ပြီးတစ်ချပ် လှန်ကြည့်နေသည်။
ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ “ကောင်းကင်ဆရာသခင်ရှု၊ ကောင်းကင်နတ်အရှင်မူအပေါ် စိတ်ပိုင်းဆိုင်ရာစစ်ဆေးတာ ဘယ်လိုဖြစ်သွားပြီလဲ”
မုန့်ယွင်ကွေ့က လှည့်၍ ဦးညွှတ်အရိုအသေပေးကာ ဖြေသည်။ “ကောင်းကင်နတ်အရှင်ရှု၊ ကျွန်တော်တို့ ကောင်းကင်နတ်အရှင်မူကို အမြန်ဆုံး သတ်သင့်တယ် ထင်တယ်… မဟုတ်ရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်”