နှေးကွေးသွားခြင်း
Vol. 8 Ch. 71
ကလိုင်းဟာ ဒန်းစမစ်က အစောင့်ခန်းတံခါးကို ခန္ဓာကိုယ်နဲ့ ဘေးတိုက်ဖွင့်တာ ကြည့်ရင်း လက်မောင်းကို ဆက်တိုက် ကွေးလိုက်ဆန့်လိုက် လုပ်ပါတယ်။
ဒန်းစမစ်ရဲ့ သတိကြီးမှု အလေးထားမှုနဲ့ ယုတ္တိမရှိ ရယ်ဖို့ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာဆိုတဲ့ လက်ကွေးလိုက်ဆန့်လိုက် အပြုအမူတွေက ကလိုင်းကို ရင်ထဲမှာ လေးလံသွားစေပါတယ်။ ဒီခံစားချက်ဟာ လူငယ်ဘဝတုန်းက ညသန်းခေါင်ကြီး သုသာန်တစပြင်ကို ဖြတ်လျှောက်ရတာနဲ့ တူပါတယ်။
အဆင့် ၂ ချိပ်ပိတ်လက်နက်က အန္တရာယ်ရှိတဲ့အတွက် ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်း သုံးရပါတယ်။ ဒီလက်နက်က ပုံမှန် ညသိမ်းငှက်အဖွဲ့ဝင်တွေတောင် အသေးစိတ် မသိနိုင်တဲ့ အရာပါ။ ဘယ်လို အန္တရာယ်ပေးနိုင်လဲ ဆိုတာကို မသိနိုင်ပါဘူး။
မွန်းကျပ် လေးလံမှုတွေကြားမှာ ကလိုင်းဟာ သူ့ကိုယ်သူ အတွေးမလွန်အောင် ထိန်းမထားနိုင်ပါဘူး။
အဲဒီအချိန်မှာ သူ့ဦးနှောက်က စွမ်းအင်ခလုတ် ပိတ်လိုက်သလိုမျိုး ထုံသွားပါတယ်။ သူ့မြင်ကွင်းထဲက အရာအားလုံး နှေးကွေးသွားပါတယ်။ သူ လက်မောင်း ကွေးလိုက်ဆန့်လိုက် လုပ်တာလည်း အတူတူပါပဲ။
သူဟာ ဒန်းစမစ်က လမ်းလျှောက်တာ ရပ်ပြီး သူ့ဆီ ဖြည်းဖြည်းချင်း တိုးလာကာ သူ့ပုခုံးကို လက်နဲ့ တွန်းတာ တွေ့လိုက်ရပါတယ်။
ဒီတော့မှာ ကလိုင်းရဲ့ အတွေးတွေနဲ့ အမြင်အာရုံဟာ ရုတ်တရက်ဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ စောစောက ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ပုံရိပ်ယောင် တစ်ခုလိုပါပဲ။
“ဘာဖြစ်သွားတာလဲ” ကလိုင်းဟာ အထိတ်တလန့်နဲ့ ဝေခွဲမရ မေးပါတယ်။
ဒန်းစမစ်ဟာ ခေါင်းခါပြီး အသံနက်နဲ့ ပြောပါတယ် “သေချာစောင့်ကြည့်...”
စကားဆုံးတာနဲ့ ဒန်းစမစ်ဟာ အစောင့်ခန်းထဲ ဝင်သွားပါတယ်။ ကလိုင်းကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ဝင်တဲ့အခါ အခန်းထဲမှာ ရှိနှင့်နေတဲ့ နောက်ထပ် လူလေးယောက်ကို တွေ့လိုက်ရပါတယ်။ သူတို့တွေထဲမှာ တချို့က မတ်တတ်ရပ်ပြီး တချို့က ထိုင်နေကြပါတယ်။
သူတို့ထဲမှာ တစ်ယောက်က သန်းခေါင်ယံ ကဗျာဆရာ လန်နာ့ဒ်ပါ။ တခြားသုံးယောက်ကိုတော့ ကလိုင်း တစ်ခါမှ မမြင်ဖူးပါဘူး။ သို့ပေမဲ့ သူတို့အကုန်လုံး တူတာတစ်ခုတော့ ရှိပါတယ်။ လက်ဆန့်လိုက် ကွေးလိုက်ကို လေးလေးနက်နက်ထားပြီး လုပ်နေကြတာပါ။
“ကလိုင်းမိုရက်တီက အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်နဲ့ သာမန်မဟုတ်တဲ့ ဆက်သွယ်မှု ရှိတယ်” ဒန်းစမစ်က အကြမ်းဖျင်း မိတ်ဆက်ပေးပါတယ်။
အဲဒီနောက် သူဟာ သူစိမ်းသုံးယောက်ကို ထိုးပြပြီး “ဒီအမျိုးသမီးနဲ့ လူကြီးလူကောင်းတွေက ဘက်ကလင်ကနေ လာတာ... ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို လာပို့တာ... ဒါက ဆုံမှတ် ၈ ဒွန်းစဏ္ဍား မဒမ်လိုရိုတာ... သေနတ်ပစ်ကျွမ်းတယ်”
အဲဒီအချိန်မှာ အသက် ၃၀ ခန့်ရှိတဲ့ ဆံပင်နက်နဲ့ အမျိုးသမီးက ကလိုင်းကို ဖော်ရွေတဲ့မျက်နှာနဲ့ ခေါင်းညိတ်ပြပါတယ်။
သူမက တော်တော် လှပါတယ်။ သူမဟာ ဦးထုပ် ဆောင်းမထားဘဲ အမျိုးသားတွေ ဝတ်လေ့ရှိတဲ့ အနက်ရောင် ကုတ်အင်္ကျီ၊ ရှပ်အင်္ကျီဖြူ၊ ကိုယ်ကျပ်ဘောင်းဘီနဲ့ အနက်ရောင် သားရေဖိနပ်ကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ ပါးစပ်ထောင့်ကလည်း မဆိုစလောက် တွန့်တက်နေပါတယ်။
ကလိုင်း သူမနဲ့ နှုတ်ဆက်ပြီးတဲ့အခါ ဒန်းစမစ်က စားပွဲနောက်မှာ ထိုင်နေတဲ့ အမျိုးသားတစ်ယောက်ကို ထိုးပြပါတယ်။
“အားရို့ဟာဆင်... ငါ့လိုပဲ”
ဒန်းစမစ်ရဲ့ စကားမဆုံးခင်မှာပဲ မီးခိုးရောင် လေကာအင်္ကျီနဲ့ မစ္စတာအားရို့ဟာဆင်ရဲ့ ကွေးလိုက်ဆန့်လိုက် လက်က နှေးသွားတာကို ကလိုင်း တွေ့လိုက်ရပါတယ်။ ဂီယာတစ်ခု ချောဆီကုန်ပြီး အဆက်မှာ သံချေးတက်သွားတဲ့ အတိုင်းပါပဲ။
‘ဘာဖြစ်တာလဲ...’
ကလိုင်းရဲ့ အကြည့်အောက်မှာပဲ လိုရိုတာက အားရို့ဟာဆင်ကို တွန်းလိုက်ပါတယ်။ ဒီတော့မှပဲ အားရို့ဟာဆင်ရဲ့ လှုပ်ရှားမှုဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
‘စောစောတုန်းက ငါ့လိုပဲလား...’ ကလိုင်းဟာ ပထမ အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားပါတယ်။ ချိပ်ပိတ်လက်နက် ၂-၀၄၉ က ဘယ်လောက်ထိ အန္တရာယ်များလဲ ဆိုတာကိုပေါ့။
‘ဒီလိုနှေးသွားလို့ အချိန်မီ ပုံမှန်အတိုင်း ပြန်မဖြစ်ရင် ဘာြဖစ်သွားမှာလဲ’
‘ဇွမ်ဘီဖြစ်သွားမှာလား...’
ရင်ထဲမှာ မေးခွန်းတွေ ပြည့်နေတဲ့ ကလိုင်းဟာ ရုပ်ချောတဲ့ သက်လတ်ပိုင်းအရွယ် မစ္စတာအားရို့ဟာဆင်ကို နှုတ်ဆက်ပါတယ်။
“ဘောရှား...” ဒန်းစမစ်ဟာ ပြောပြောဆိုဆို နောက်ဆုံး ညသိမ်းငှက်အဖွဲ့ဝင်ကို ထိုးပြပါတယ်။
ဘောရှားဟာ ပါးတစ်ဖက်မှာ ဓားဒဏ်ရာ အမာရွတ်ရှိတဲ့ အေးစက်တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ အညိုရောင် မျက်လုံးတွေက သိမ်းငှက်လို စူးရှပြီး အခန်းထဲက လူတိုင်းကို အဆက်မပြတ် စောင့်ကြည့်နေပါတယ်။
“သွားကြမယ်... ငါတို့တွေ ဒီကိစ္စကို မြန်မြန် အဆုံးသတ်နိုင်လေလေ ၂-၀၄၉ ကို မြန်မြန် ချိပ်ပိတ်နိုင်လေလေပဲ” ရုပ်ချောတဲ့ အားရို့ဟာဆင်က မတ်တတ်ရပ်ပြီး ပြောပါတယ်။
‘အဲဒီတော့ ၂-၀၄၉ က ဘယ်မှာလဲ’ ကလိုင်းဟာ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ပေမဲ့ ချိပ်ပိတ်လက်နက်နဲ့ ပတ်သက်တဲ့ သဲလွန်စ တစ်ခုမှ မတွေ့ရပါဘူး။ စားပွဲအောက်က နေရာကိုတော့ စိတ်ဝိညာဉ်အာရုံ မဖွင့်ဘဲ သူမမြင်နိုင်ပါဘူး။
“ကောင်းပြီ...” ဒန်းစမစ်ဟာ လန်နာ့ဒ်မစ်ချယ်ကို လှမ်းကြည့်ပါတယ် “မြင်းလှည်းကို မင်းမောင်း... ငါတို့တွေ ဒီလိုကိစ္စမျိုးမှာ ဆီဇာကို ဝင်မပါခိုင်းတာ အကောင်းဆုံးပဲ”
ဆီဇာက ထင်းဂန်မြို့ ညသိမ်းငှက် အဖွဲ့အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးဖို့ တာဝန်ယူထားရတဲ့ စာရေးပါ။ ကျန်တဲ့အချိန်မှာတော့ မြင်းလှည်းမောင်းပါတယ်။ သူက ကလိုင်းကို ဝဲလ်ရဲ့အိမ်ဆီ မောင်းပို့ပေးပြီး နတ်ဝင်သည် ဒေလီနဲ့ တွေ့ဆုံစေခဲ့တဲ့လူပါ။
“ရတယ်” လန်နာ့ဒ်ဟာ ပြက်ချော်ချော် လုပ်နေတာ ရပ်ပြီး လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။
အဲဒီအချိန်မှာ ကလိုင်းဟာ အားရို့ဟာဆင်က ခါးကုန်းလိုက်တာကို တွေ့လိုက်ရပါတယ်။ သူဟာ စားပွဲအောက်က အနက်ရောင် သတ္တုသေတ္တာတစ်လုံးကို ကောက်ယူလိုက်ပါတယ်။
ဒီသေတ္တာမှာ ကြက်သွေးရောင် လပြည့်ဝန်းနဲ့ တောက်ပတဲ့ ကြယ်တွေ ထွင်းထုထားပြီး သေတ္တာပတ်လည်မှာ သဏ္ဍာန်မဲ့ အရံအတားတစ်ခု ရှိနေပါတယ်။
‘ချိပ်ပိတ်လက်နက်က ဒီထဲမှာ ထင်တယ်... ၂-၀၄၉ က ဘယ်လို ပုံစံမျိုးရှိလဲ မသိဘူး...’ ကလိုင်းဟာ သိချင်စိတ်နဲ့ သေတ္တာကို သေချာကြည့်ပါတယ်။
“ဒုတ်...”
“ဒုတ်... ဒုတ်...”
ရုတ်တရက်ဆိုသလို သေတ္တာနက်ထဲကနေ ထုသံပြင်းပြင်း ထွက်ပေါ်လာပါတယ်။ သေတ္တာရဲ့ မျက်နှာပြင်တောင် တစ်ခါတစ်ခါ ဖောင်းဖောင်း သွားပါတယ်။
“ဒုတ်... ဒုတ်... ဒုတ်...”
သေတ္တာထဲက ကြောက်စရာကောင်းတဲ့ အရာတစ်ခု နိုးထလာပြီး အရူးအမူး ထုရိုက်နေသလိုပါပဲ။ ဒီထုရိုက်သံဟာ အခန်းထဲမှာရှိတဲ့ လူတိုင်းရဲ့ နှလုံးသားကို ရိုက်ခတ်သွားပါတယ်။
‘အသက်ရှိတာလား...’ ကလိုင်း တွေးနေတုန်းမှာပဲ ဒန်းစမစ်ရဲ့ ကွေးလိုက်ဆန့်လိုက် လက်က တံတောင်ဆစ် ကော်ကပ်သွားသလိုမျိုး နှေးကွေးသွားပါတယ်။
ဘက်ကလင်က ညသိမ်းငှက်အဖွဲ့ဝင်ဖြစ်တဲ့ ဘောရှားက သူ့ပုခုံးကို တွန်းလိုက်မှ ဒန်းစမစ်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
၂-၀၄၉ ရဲ့ သက်ရောက်မှုကို ခံရရင် စက်ရုပ်အက ကနေသလိုမျိုးပါပဲ။ သူတို့အကုန်လုံးသာ သက်ရောက်မှု ခံရရင် တော်တော်ကြည့်မကောင်းတဲ့ စက်ရုပ်အကအဖွဲ့ ဖြစ်သွားမှာပါ။ ကံကောင်းချင်တော့ ၂-၀၄၉ က တစ်ကြိမ်မှာ လူတစ်ယောက်ကိုပဲ လွှမ်းမိုးနိုင်ပါတယ်။
ကလိုင်းဟာ စိုးရိမ်ထိတ်လန့်မှု ပြေလျော့အောင် စိတ်ထဲမှာ သရော်လိုက်ပေမဲ့ လက်ကွေးလိုက် ဆန့်လိုက် လုပ်တာကို တစ်ချက်ကလေးတောင် မရပ်ရဲပါဘူး။
သူဟာ လက်ကိုင်တုတ်ကို ထားခဲ့ပြီး ဒန်းစမစ်ရဲ့ ဦးဆောင်မှုနောက် လိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ နောက်ကတော့ ညသိမ်းငှက်အဖွဲ့ဝင်တွေ လိုက်ပါတယ်။ သူတို့တွေဟာ ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းပြီး လှေကားကနေ ဆူးနက်လုံခြုံရေး ကုမ္ပဏီရှိတဲ့ ဒုတိယထပ်ဆီ တက်ပါတယ်။
လန်နာ့ဒ်က ရှေ့ကနေ ကြိုသွားပြီး အဆောက်အဦးရှေ့မှာရှိတဲ့ လူတိုင်းကို အသိပေးပါတယ်။ အဲဒါကြောင့် ရိုဇန်းနဲ့ ကျန်တဲ့လူတွေ အကုန်လုံးဟာ တတိယထပ်ကို တက်သွားကြပါတယ်။ ဒီကိစ္စတွေမှာ သူတို့တွေ ပါခဲပေမဲ့ ဒီကိစ္စတွေကို သူတို့တွေ လုံးလုံးလျားလျား မသိကြတာတော့ မဟုတ်ပါဘူး။
နောက်ထပ် ညသိမ်းငှက်အဖွဲ့ဝင်ဖြစ်တဲ့ ကင်လီက ဒန်းစမစ်ကိုယ်စား ချန်စီဂိတ်ကို စောင့်ကြပ်ဖို့ တာဝန်ယူပါတယ်။
ကလိုင်းဟာ မြင်းလှည်းပေါ် ရောက်တဲ့အခါ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ အဲဒီနောက် သူဟာ မြင်းလှည်းအပြင်ဘက်ကို ကြည့်ပြီး သံသယနဲ့ မေးပါတယ်။
“၂-၀၄၉ က လမ်းပေါ်မှာရှိတဲ့ သာမန်လူတွေကို မသက်ရောက်ဘူးလား”
သူတို့တွေ မြေအောက်ထပ်ကနေ မြင်းလှည်းထဲ ရောက်တဲ့အထိ ချိပ်ပိတ်လက်နက် ၂-၀၄၉ က သူတို့ကို ခြောက်ခါ နှေးကွေးစေပြီးပါပြီ။ ဒီထဲမှာ နှစ်ကြိမ်က သူ့ကို ပစ်မှတ်ထားပါတယ်။ အဲဒီတုန်းက ဒန်းစမစ်နဲ့ လန်နာ့ဒ်မစ်ချယ်က သူ့ကို အသီးသီး နိုးခဲ့ပါတယ်။ ဒီနှေးကွေးမှုဖြစ်စဉ် သက်ရောက်ခံရနှုန်းက နည်းနည်းတော့ များပါတယ်။
“စိုးရိမ်စရာ မလိုဘူး... ၂-၀၄၉ က ငါးမီတာ အတွင်းမှာရှိတဲ့ လူပုံသက်ရှိတွေကို အရင်ဆုံး ပစ်မှတ်ထားတယ်... သူနဲ့ ပိုနီးလေလေ ရွေးချယ်ခံရဖို့ များလေလေပဲ... သူ့ကို လူသုံးယောက် ဝိုင်းထားရင် မြင်းလှည်းဖြတ်သွားတဲ့ လမ်းပေါ်က အနားမှာရှိတဲ့လူတွေ သက်ရောက်ခံရမှာ မဟုတ်ဘူး”
ချောမောလှပပြီး အနက်ရောင်ဆံပင်ရှိတဲ့ မဒမ်လိုရိုတာ ငပျင်းသံနဲ့ ရှင်းပြပါတယ်။
‘ဘယ်လိုတောင် ထူးဆန်းတဲ့ ချိပ်ပိတ်လက်နက်လဲ...’ ကလိုင်းဟာ လက်ကွေးလိုက် ဆန့်လိုက် လုပ်ရင်း တွေးမိလိုက်ပါတယ်။
ဒန်းစမစ်နဲ့ ကျန်တဲ့ ညသိမ်းငှက်အဖွဲ့ဝင်တွေဟာ ရေးဘီဘာအိမ်ဆီသွားတဲ့ လမ်းတစ်လျှောက်လုံး စကား မပြောကြပါဘူး။ သူတို့တွေဟာ တစ်ယောက် အခြေအနေကို တစ်ယောက် မျက်စိမပြတ် စောင့်ကြည့်နေကြပါတယ်။
လိုရိုတာ တစ်ယောက်ပဲ အေးအေးဆေးဆေး ရှိပါတယ်။ သူမဟာ တစ်ခါတစ်လေမှာ ထင်းဂန်မြို့ရဲ့ သိပ်မသန့်တဲ့ လမ်းတွေကို လှမ်းကြည့်ပြီး တစ်ခါတစ်လေမှာတော့ ဘက်ကလင်မြို့ရဲ့ မြေအောက်ရေစနစ်ကို ချီးကျူးပါတယ်။
မကြာခင်မှာ တရင်းတနှီးရှိတဲ့ အဆောက်အဦးက ကလိုင်းရဲ့ မြင်ကွင်းထဲကို ဝင်လာပါတယ်။ သူတို့ခြောက်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ရင်း တတိယထပ်ကို ရောက်သွားပါတယ်။
ရေးဘီဘာရဲ့ အိမ်တံခါးမှာ အခွင့်မရှိသူ မဝင်ရဆိုတဲ့ ထင်းဂန်မြို့ ရဲဌာနရဲ့ သင်္ကေတ ကပ်ထားပါတယ်။
ဒန်းစမစ်ဟာ လက်ကွေးလိုက် ဆန့်လိုက်လုပ်ရင်း သော့တစ်ချောင်းကို ထုတ်လိုက်ပါတယ်။ သူဟာ မကြာသေးခင်ကမှ လဲထားတဲ့ သော့အသစ်ကို ဖွင့်ပြီး အနက်ရောင် သေတ္တာ ကိုင်ထားတဲ့ အားရို့ဟာဆင်ကို ပထမဆုံး အထဲဝင်စေပါတယ်။
“ဒုတ်...”
“ဒုတ်... ဒုတ်... ဒုတ်...”
အနက်ရောင် သေတ္တာထဲက ချိပ်ပိတ်လက်နက်ဟာ ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် ထုရိုက်လာပါတယ်။ ဒီတစ်ခါက အရင်တစ်ခါထက် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီအဖြစ်ကြောင့် အားရို့ဟာဆင်ရဲ့ လက်မောင်းဟာ ဘေးကို မထိန်းနိုင် မသိမ်းနိုင် ယိမ်းယိုင်သွားပါတယ်။ ကလိုင်းဟာ ဒီသေတ္တာက ရုတ်တရက် ပွင့်ထွက်သွားမယ်လို့တောင် သံသယ ဝင်မိသွားပါတယ်။
“ဒုတ်... ဒုတ်... ဒုတ်...”
ကလိုင်းဟာ ဒန်းစမစ်ရဲ့ လှုပ်ရှားမှုက နှေးကွေးလာတာကို ချက်ချင်း သတိထားမိသွားတာကြောင့် နှိုးမလို့ ပြင်လိုက်ပေမဲ့ ရုတ်တရက်ဆိုသလို သူ့ဦးနှောက်ပါ ထုံသွားပါတယ်။ သူ့ရှေ့က မြင်ကွင်းဟာလည်း နှေးကွေးသွားပါတယ်။
‘သူတို့ပြောတော့... တစ်ကြိမ်မှာ... တစ်ယောက်ပဲ... သက်ရောက်တာဆို...’ ကလိုင်းရဲ့ အတွေးတွေလည်း နှေးကွေးလာပါတယ်။
အဲဒီအချိန်မှာ အရန်သင့်ဖြစ်နေတဲ့ လိုရိုတာနဲ့ ဘောရှားက သူတို့နှစ်ယောက်ကို အသီးသီး တွန်းပြီး နှိုးလိုက်ပါတယ်။
အတွေးနဲ့ မြင်ကွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့ ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို အထိတ်တလန့်ကြည့်ပြီး စောဒကတက်ပါတယ်။
“ခင်ဗျားတို့ပြောတော့ ၂-၀၄၉ က တစ်ကြိမ်မှာ တစ်ယောက်ပဲ သက်ရောက်တာဆို”
‘တော်သေးတယ်... ငါ လက်မောင်း ကွေးတာဆန့်တာ မရပ်လို့... မဟုတ်ရင်...’
“ချိပ်ပိတ်လက် ၂-၀၄၉ က ထိန်းမရသိမ်းမရတဲ့ အခြေအနေကို ရောက်ရင် တစ်ကြိမ်ကို လူနှစ်ယောက် သက်ရောက်နိုင်တယ်... ရေးဘီဘာက အန်တီဂိုနပ်မိသားစုရဲ့ မျိုးဆက်ဆိုတာကို ငါတို့ အတည်ပြုနိုင်ပြီ” အားရို့ဟာဆင်က ခံစားချက် ကင်းမဲ့တဲ့ စက်ရုပ်သံနဲ့ ပြောပါတယ်။
လိုရိုတာဟာ ခပ်ယဲ့ယဲ့ ရယ်ပြီး ကလိုင်းကို ကြည့်ကာ ပြောပါတယ် “၂-၀၄၉ က အန်တီဂိုနပ်မိသားစု မျိုးဆက်နဲ့တွေရင် တော်တော် လှုပ်ရှားတယ်... အငွေ့အသက်ပဲ ကျန်နေရင်တောင် မရဘူး... သူ့ အစွမ်းအစကလည်း သိသိသာသာ တိုးသွားတယ်... သူ့ခံစားချက်ကို နင် နားလည်မှာပါ”
‘ဟင့်အင်း... နားမလည်ပါဘူး...’ ကလိုင်းဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒါက သက်ရှိလား”
လိုရိုတာဟာ ပြုံးပြီး တိုက်ရိုက် အဖြေမပေးပါဘူး။
“နောက်ပြီးကျရင် နင် သိလိမ့်မယ်... ရေးဘီဘာ ထင်းဂန်မြို့ကနေ ထွက်မသွားဘူးဆိုရင် ၂-၀၄၉ က ငါတို့ကို သူ့ဆီ ခေါ်သွားပေးလိမ့်မယ်”
ကလိုင်းဟာ သူ့ရဲ့ တခြားမေးခွန်းတွေကို မျိုသိပ်ပြီး ညသိမ်းငှက်တွေနဲ့အတူ ရေးဘီဘာရဲ့ အိမ်ထဲက ထွက်လိုက်ပါတယ်။
သေတ္တာထဲက ကျယ်လောင် ပြင်းထန်တဲ့ ထုရိုက်သံတွေကကြားမှာ သူတို့ဟာ အိမ်တံခါးကို သော့ခတ်ပြီး လှေကာကားကနေ အောက်ထပ်ဆင်းကာ မြင်းလှည်းဆီ ပြန်ပါတယ်။
အားရို့ဟာဆင်ဟာ ပြတင်းပေါက်ကနေ အပြင်ဘက်ကို လေးငါးခါကြည့်ပြီး သူတို့နဲ့ ငါးမီတာပတ်လည်မှာ ဘယ်လမ်းသွားလမ်းလာမှ မရှိတာကို သေချာအောင် အတည်ပြုပါတယ်။ ပြီးတော့မှ အနက်ရောင် သေတ္တာကို ကြမ်းပြင်ပေါ်ချပြီး စက်ခလုတ်ကို ဖွင့်ကာ စိတ်ဝိညာဉ် ချုပ်နှောင်မှုကို ဖြေလွှတ်လိုက်ပါတယ်။
ပြင်းထန်တဲ့ ထုရိုက်သံဟာ ရုတ်တရက် ရပ်တန့်သွားပြီး မြင်းလှည်းတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ညသိမ်းငှက်တွေရဲ့ အသက်ရှူသံတောင် မကြားရတဲ့အထိ တိတ်ဆိတ်သွားတာပါ။
ကလိုင်းဟာ အနက်ရောင် သေတ္တာ ဖြည်းဖြည်းချင်း ပွင့်သွားတာကို အသက်အောင့်ပြီး ကြည့်နေပါတယ်။ နားမချမ်းသာစရာ စူးရှတဲ့အသံ တစ်သံက သူ့နားထဲကို ဝင်လာပါတယ်။
“ကျွီ...”
သေတ္တာအဖုံး ပွင့်သွားပြီး သွယ်လျတဲ့ အညိုရောင် လက်တစ်ချောင်း သေတ္တာထဲက ထွက်လာပါတယ်။ ဒီလက်က ကလေးလက်ညှိုးလောက် ရှည်ပါတယ်။
လက်နှစ်ချောင်းဟာ ရှေ့ကို ထောက်သွားပြီး သာမန်လူတစ်ယောက်ရဲ့ လက်ဝါးအရွယ်အစားလောက် ရှိတဲ့ နောက်ထပ် အရာဝတ္ထုတစ်ခု သူတို့မြင်ကွင်းထဲမှာ တဖြည်းဖြည်း ပေါ်လာပါတယ်။
ဒီအရာဝတ္ထုက တံတောင်ဆစ်၊ လက်ချောင်းနဲ့ ဒူးဆစ်တွေ ရှိပြီး ဆီစိမ် အဝတ်ညို ဝတ်ထားပါတယ်။ သူ့မျက်နှာမှာတော့ လူပြက်လိုမျိုး အနီရောင်နဲ့ အဝါရောင် ခြယ်သထားပါတယ်။
ဒီအရာဝတ္ထုက အသွင်အပြင် ထူးဆန်းတဲ့ သစ်သားအရုပ် တစ်ရုပ်ပါ။
၂-၀၄၉ ဟာ ခေါင်းမော့ပြီး ကလိုင်းကို နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပါတယ်။ သူ့ရဲ့ တောင့်တင်းနေတဲ့ ပါးစပ်မှာလည်း လူပြက်တစ်ယောက် ပြုံးနေသလိုမျိုး အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။