ခြေရာခံခြင်း
Vol. 8 Ch. 72
သစ်သားအရုပ်ရဲ့ မျက်နှာဟာ သာမန် လူပြက်တစ်ယောက်လိုမျိုး အနီ အဝါ ခြယ်သထားပါတယ်။ သူ့ပါးစပ်ထောင့်က အပေါ်က တွန့်တက်နေပြီး ပုံမှန်မဟုတ်တဲ့ အပြုံးကို ပြုံးနေပါတယ်။
သူ့နှုတ်ခမ်းတွေကလည်း ဟသွားပြီး မှောင်မိုက် နက်ရှိုင်းတဲ့ ပါးစပ်ကို ထုတ်ပြပါတယ်။ သစ်သားအရုပ် စိုက်ကြည့်တာ ခံရတဲ့ ကလိုင်းဟာ ကြက်သီးမွေးညင်း ထသွားပြီး နှလုံးက ပါးစပ်ထဲကနေ ခုန်ထွက်တော့မယ်လို့ ခံစားလိုက်ရပါတယ်။
အညိုရောင် မျက်မှန်ထူကြီးနဲ့ ကြည့်နေသလိုမျိုး သူ့မျက်စိရှေ့က အရာအားလုံးဟာ မွဲခြောက်သွားပါတယ်။ သူ့အတွေးတွေကလည်း တဖြည်းဖြည်း နှေးကွေးသွားပါတယ်။ ကလိုင်းဟာ အကူအညီ တောင်းလိုက်ပေမဲ့ သူ့လည်ပင်းကို ကြိုးနဲ့ တင်းနေအောင် ချည်နှောင်ထားသလိုမျိုး ဘာအသံမှ ထွက်မလာပါဘူး။
အဲဒီအချိန်မှာပဲ ဒန်းစမစ်က သူ့လက်မောင်း လေ့ကျင့်ခန်း နှေးကွေးသွားတာကို သတိထားမိပြီး သူ့ကို အားနဲ့ တွန်းလိုက်ပါတယ်။
ဒီတော့မှ ကလိုင်းရှေ့က မြင်ကွင်းဟာ ရုတ်ခြည်း ကွဲကြေသွားပါတယ်။ သူလည်ပင်းဝမှာ တစ်နေတဲ့ ‘ကူညီဦး’ ဆိုတဲ့ စကားလည်း အဲဒီတော့မှ ထွက်လာပါတယ်။ ထိတ်လန့် စူးရှတဲ့ သူ့အသံဟာ မြင်းလှည်းထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
“ပိုပြီးတော့ အားကောင်းလာတယ်” ကလိုင်းက သေချာတဲ့လေသံနဲ့ ပြောပါတယ်။
၂-၀၄၉ လိုမျိုး ထူးဆန်းတဲ့ ချိပ်ပိတ်လက်နက်နားမှာ နေရတာက ဘယ်အချိန် ထပေါက်ကွဲမလဲ မသိတဲ့ မီးတောင်ပေါ် ဖင်ခုထိုင်ရသလိုပါပဲ။ အချိန်မရွေး ဘေးအန္တရာယ် ကျရောက်နိုင်ပါတယ်။ ဒီဘေးအန္တရာယ်ကို ကာကွယ်စောင့်ကြပ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ တခြားနည်းလမ်းတွေနဲ့ပဲ ရှောင်ရှားလို့ ရပါတယ်။
“ဒါက သာမန်ပဲ” အားရို့ဟာဆင်က ခေါင်းညိတ်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောပါတယ်။
လိုရိုတာက ရယ်ပြီး ပြောပါတယ် “ဒီအရုပ်က နင့်ကို သဘောကျသလိုပဲ... ပြောရရင် ဒီဟာက အဆင့်နှစ် ချိပ်ပိတ်လက်နက်တွေထဲမှာ အန္တရာယ် သိပ်မရှိတဲ့အထဲ ပါတယ်”
သူမရဲ့ လေးတွဲတဲ့ စကားသံကြားမှာ လူသားတစ်ယောက်လိုမျိုး အဆစ်တွေရှိတဲ့ သစ်သားအရုပ်ဟာ မတ်တတ်ရပ်ပြီး ဘယ်ဘက်ကို ဒယီးဒယိုင် သွားပါတယ်။ သူ့လှုပ်ရှားမှုက ချောဆီကုန်လို့ သံချေးတက်သွာတဲ့ ရေနွေးငွေ့ အင်ဂျင်လိုပါပဲ။
ကလိုင်းရဲ့ ခေါင်းထဲမှာ ‘စက်ရုပ်အက’ ဆိုတဲ့ စကားလုံး ရုတ်တရက် ပေါ်လာပြီး ၂-၀၄၉ ရဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းချက် အသစ်တစ်ခု ထုတ်လိုက်ပါတယ်။
‘ဒီအရုပ်က သူ ထိန်းချုပ်တဲ့ သက်ရှိတွေကို သူ့လိုဖြစ်အောင် လုပ်တာလား...’
‘တခြားလူတွေက ငါ့ကို အချိန်မီ မနှိုးနိုင်ရင် ငါက လူသားအရွယ်ရှိတဲ့ တကယ့် ဘာဘီရုပ်ဖြစ်သွားမှာလား...’
ကလိုင်း တွေးနေတုန်းမှာပဲ အားရို့ဟာဆင်ကို ဒန်းစမစ်က နှိုးလိုက်ပါတယ်။ သူဟာ လက်ကွေးလိုက် ဆန့်လိုက် လုပ်ရင်း မြင်းလှည်းမောင်းနေတဲ့ လန်နာ့ဒ်ကို အရုပ် ဖြည်းဖြည်းချင်း လျှောက်သွားတဲ့ဘက်ဆီ ညွှန်ပြပါတယ်။
“အဲဒီကိုသွား...”
လန်နာ့ဒ်ဟာ မြင်းလှည်းနဲ့ အဆောက်အဦးကို ဖြတ်သွားလို့ မရတဲ့အတွက် ကွေ့ပတ်ပြီး သွားပါတယ်။ ဒီလိုကွေ့ပတ်သွားတဲ့ အချိန်မှာ ၂-၀၄၉ ကလည်း သူ့မျက်နှာမူတဲ့ဘက်ကို စဉ်ဆက်မပြတ် ပြောင်းလဲပါတယ်။ သူက အန်တီဂိုနပ်မိသားစု ရှိရာကို ညွှန်ပြတဲ့ သံလိုက်လိုမျိုး ပြုမူပါတယ်။
ဒါကိုကြည့်ပြီး လက်မောင်း လေ့ကျင့်ခန်း ထပ်ထပ်ခါ လုပ်နေတဲ့ ကလိုင်းဟာ ဖိအားတွေအောက်မှာ အသံထွက် ရယ်လုနီး ဖြစ်သွားပါတယ်။
‘ဒီ ၂-၀၄၉ ကို အန်တီဂိုနပ်မိသားစုက ဖန်တီထားတာလို့ ပြောတယ်... ဒီကောင် ဒီလိုပြုမူတာက အန်တီဂိုနပ် မိသားစုကို သစ္စာရှိတာလား ဒါမှမဟုတ် ဒုက္ခပေးတာလား...’
လန်နာ့ဒ်ဟာ အားရို့ဟာဆင်ရဲ့ ညွှန်ကြားချက်တွေအတိုင်း မြင်းလှည်းကို မောင်းနှင်ပါတယ်။
ထူးဆန်းတဲ့ သစ်သားအရုပ် ၂-၀၄၉ မြင်းလှည်းအစွန်းကို လျှောက်သွားတိုင်း အားရို့ဟာဆင်ဟာ လှမ်းဆွဲပြီး အလယ်ခေါင်မှာ ပြန်ထားပါတယ်။
ဒီလိုဖြစ်တိုင်း သစ်သားအရုပ်ရဲ့ ပါးစပ်ဟာ ဟသွားပြီး သူ့လွှမ်းမိုးမှုအောက်ကို လူနှစ်ယောက် တစ်ချိန်တည်း ကျရောက်ပါတယ်။
ကလိုင်းရဲ့ တောင့်တင်းနေတဲ့ ခံစားချက်တွေဟာ တဖြည်းဖြည်း ပြေလျော့လာပြီး ချိပ်ပိတ်လက် ၂-၀၄၉ က အဲဒီလောက်ထိ ကြောက်စရာ မကောင်းဘူးလို့ သဘောပေါက်သွားပါတယ်။ ၂-၀၄၉ ရဲ့ ပတ်ဝန်းကျင်မှာ လူသုံးယောက် ရှိနေပြီး လက်မောင်း လေ့ကျင့်ခန်းကို အဆက်မပြတ် လုပ်နေမယ်။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အချိန်မီ နှိုးနိုင်မယ်ဆိုရင် ၂-၀၄၉ က သာမန်ထက် နည်းနည်း ပိုထူးဆန်းတဲ့ သစ်သားအရုပ်တစ်ရုပ်ပါပဲ။
မြင်းလှည်းဟာ အရှိန်ပြင်းပြင်းနဲ့ ခရီးနှင်ပြီး ကုန်လှောင်ရုံတွေ တစုတဝေးကြီး ရှိတဲ့ ဆိပ်ကမ်းဆီ ခပ်မြန်မြန် ရောက်သွားပါတယ်။
လေးငါးခါ လှည့်ပတ်ပြီးနောက် ၂-၀၄၉ က အတွင်းအကျဆုံး ဖြူမှိုင်းမှိုင်း ကုန်လှောင်ရုံထဲ ဝင်ချင်တယ်ဆိုတာ သေချာသွားပါတယ်။ အားရို့ဟာဆင်ရဲ့ အမူအရာဟာ လေးနက်သွားပြီး သစ်သားအရုပ်ကို သေချာ ဂရုတစိုက် လှမ်းကိုင်ကာ သေတ္တာနက်ထဲ ပြန်ထည့်ပါတယ်။
“ဒုတ်... ဒုတ်... ဒုတ်...”
ပြင်းထန်တဲ့ အဆက်မပြတ် ထုရိုက်သံတွေကြားမှာ နှေးကွေးသွားတဲ့ အားရို့ဟာဆင်ကို ဘောရှားက နှိုးပြီး လိုရိုတာက စက်ခလုတ်ကို ပိတ်လိုက်ပါတယ်။ အဲဒီနောက် အားရို့ဟာဆင်ဟာ သေတ္တာနက်ထဲ စိတ်ဝိညာဉ်စွမ်းအား လောင်းထည့်ပြီး သေတ္တာပေါ်က ကြက်သွေးရောင် သင်္ကေတတွေကို အသက်သွင်းလိုက်ပါတယ်။
သဏ္ဍာန်မဲ့ ချိပ်ပိတ်တံဆိပ် ပြန်ပေါ်လာတဲ့ အခါမှာတော့ အားရို့ဟာဆင်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“ဆင်းကြမယ်” ဒန်းစမစ်က တိုးညင်းတဲ့အသံနဲ့ ပြောပါတယ် “လန်နာ့ဒ်... မြင်းတွေကို ဒီမှာပဲ ချည်ထားခဲ့”
လေကာအင်္ကျီနဲ့ ဝတ်စုံတွေ မဝတ်ထားရင် ရှပ်အင်္ကျီတွေ ဝတ်ထားတဲ့ သူတို့ခြောက်ယောက်ဟာ မြင်းလှည်းထဲက ထွက်ပြီး အတွင်းအကျဆုံး ကုန်လှောင်ရုံဆီ လျှောက်သွားပါတယ်။ သူတို့တွေဟာ လမ်းလျှောက်ရင်း လက်မောင်းလေ့ကျင့်ခန်းကို တညီတညာတည်း လုပ်ပါတယ်။
ဒါက ကလိုင်းအတွက်တော့ ဖိအားများတဲ့ အခြေအနေအောက်မှာ ရယ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
‘ကသိကအောက် ညသိမ်းငှက် အကအဖွဲ့...’ ကလိုင်းဟာ မွန်းကျပ်တဲ့စိတ် ပြေလျော့အောင် စိတ်ထဲမှာပဲ စောဒက တက်လိုက်ပါတယ်။
ဒါပေမဲ့ သူတို့မှာ တခြားနည်းလမ်း မရှိပါဘူး။ သူ့ရဲ့ လေ့လာ စောင့်ကြည့်မှုအရ ၂-၀၄၉ က ပထမဆုံး ခန္ဓာကိုယ် အပေါ်ပိုင်းကို လွှမ်းမိုးပါတယ်။ အဲဒါကြောင့် အချိန်မီ သိရှိနိုင်ဖို့နဲ့ အန္တရာယ် ပိုကြီးတဲ့ အခြေအနေ မရောက်အောင် လက်မောင်း ကွေးလိုက် ဆန့်လိုက် လုပ်တာရယ် ခေါင်းလှုပ်တာရယ်နဲ့ ခန္ဓာကိုယ် လှုပ်တာရယ်ပဲ ရှိပါတယ်။
ခေါင်းလှုပ်တာက အဆင်မပြေသလို ခန္ဓာကိုယ် လှုပ်တာကလည်း တေလေဂျပိုးနဲ့ တူပါတယ်။ မျက်တောင်ခတ်တာနဲ့ မျက်ခုံးပင့်တင့်တာကလည်း သတိမထားမိဖို့ များပါတယ်။ အဲဒါကြောင့် ဘယ်ဟာမှ လက်မောင်း ကွေးတာဆန့်တာလောက် မကောင်းပါဘူး။
ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချရင်း ဒန်းစမစ်တို့နောက်ကို လိုက်ပါတယ်။ သူတို့တွေ ကုန်လှောင်ရုံရဲ့ တံခါးကို ချဉ်းကပ်သွားတဲ့အခါ သူ့စိတ်ထဲက စိုးရိမ်ကြောင့်ကြမှုဟာ ပိုပိုပြီးတော့ နက်ရှိုင်းလာပါတယ်။
မှတ်စုစာအုပ်က ရေးဘီဘာ အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိနိုင်လဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။
သေရေးရှင်ရေး ဖြစ်လာခဲ့ရင် ကလိုင်းဟာ ဘဝကူးပြောင်းတာအပေါ် ထပ်ပြီးတော့ မျှော်လင့်ချက် မထားရဲပါဘူး။
သူ အရင်တစ်ခေါက် ညစာအတွက် ချက်ပြုတ်တုန်းက လက်မှာ ဓားထိတော့ ဒဏ်ရာရပြီး သွေးထွက်ပါတယ်။ ဒဏ်ရာကျက်နှုန်းကလည်း ပုံမှန်ပါပဲ။ သူက တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ မွန်းစတား မဟုတ်သလို သေခြင်းကိုလည်း အန်မတုနိုင်ပါဘူး။
သူတို့တွေ ကုန်လှောင်ရုံနဲ့ နီးကပ်သွားတဲ့အခါ ဒန်းစမစ်က လေ့ကျင့်ခန်းမလုပ်တဲ့ လက်နဲ့ ကုန်လှောင်ရုံ တံခါးနဲ့ ဆယ်မီတာ အကွာလောက်မှာရပ်ဖို့ အချက်ပြပါတယ်။
“ကလိုင်း... ကုန်လှောင်ရုံထဲမှာ အန္တရာယ်ရှိလား မရှိလား တွက်ကြည့်စမ်း... အန္တရာယ်က ဘယ်အဆင့်လဲ ဆိုတာပါ ပြောနိုင်ရင် ပိုကောင်းတယ်” ဒန်းစမစ်ဟာ ကလိုင်းဘက် လှည့်ပြီး ပြောပါတယ်။ သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ ပုံမှန်လိုပဲ နက်ရှိုင်းပြီး ကြောက်ရွံ့မှု တစ်စိုးတစိမှ မရှိပါဘူး။
ကလိုင်းဟာ မသိမသာ ခေါင်းညိတ်ပြီး လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ပါတယ်။ အဲဒီနောက် ညာလက်ဆန့်ပြီး ဘယ်လက်က ဥဿဖရားနဲ့ ငွေချိန်းကြိုးကို ဖြုတ်လိုက်ပါတယ်။
အဲဒီအတောအတွင်းမှာ သူ့လှုပ်ရှားမှု နှေးကွေးသွားတာကို ဒန်းစမစ်က သတိထားမိပြီး သူ့ကို အချိန်မီ နှိုးနိုင်ခဲ့ပါတယ်။
ကလိုင်းဟာ ငွေချိန်းကြိုးကို ဘယ်လက်နဲ့ ကိုင်ပြီး ဥဿဖရားကို အောက်လွှတ်ချလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ညာလက်နဲ့ လေ့ကျင့်ခန်း ပြန်လုပ်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားတဲ့ နယ်ပယ် ကျဉ်းသွားပါတယ်။
ဥဿဖရား ငြိမ်သွားတဲ့အခါ ကလိုင်းဟာ မျက်စိတစ်ဝက် မိတ်ပြီး အလင်းစက်လုံးပုံကို ပုံဖော်ကြည့်ကာ တွေးခေါ်မှုထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက်...
“ကုန်လှောင်ရုံထဲမှာ အန္တရာယ်ရှိတယ်”
“ကုန်လှောင်ရုံထဲမှာ အန္တရာယ်ရှိတယ်”
...
ခုနစ်ခေါက် ရွတ်ဆိုပြီးလို့ မျက်လုံးဖွင့်လိုက်တဲ့အခါ ဥဿဖရားက နာရီလက်တံအတိုင်း ဖြည်းဖြည်းချင်း စက်ဝိုင်းပုံ လည်သွားတာကို တွေ့လိုက်ရပါတယ်။ ဒီလိုလည်တာက တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးမှာ သူ့လက်ကို ဆွဲနေတယ်လို့တောင် ကလိုင်း ခံစားလိုက်ရပါတယ်။
“အန္တရာယ်ရှိတယ်... အကြီးကြီးပဲ...” ကလိုင်းဟာ အမှန်အတိုင်း ပြန်ပြောပါတယ်။
နာရီလက်တံအတိုင်း လည်တာက ရွတ်ဆိုတဲ့ စကား မှန်တာကို ပြပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း လည်တာက မမှန်တာကို ပြပါတယ်။
တခြားသာလွန်သူတွေဆိုရင် လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတောင် အန္တရာယ်ရှိလား မရှိလားပဲ တွက်ချက်နိုင်ပါတယ်။ အန္တရာယ် ဘယ်လောက်ရှိလဲဆိုတဲ့ အဆင့်ကို မသိနိုင်ပါဘူး။
ဒါပေမဲ့ ကလိုင်းကတော့ သူ တွက်ချက်တဲ့အခါ အသုံးပြုတဲ့ပစ္စည်းရဲ့ လည်ပတ်နှုန်း အလျင်ပေါ် မူတည်ပြီး အဖြေရဲ့ ပြင်းထန် လေးနက်မှုကို သိရှိနိုင်တယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။
သိပ်ပြီး မတိကျဘဲ တော်တော်လေး ဝေဝါးတယ်ဆိုပေမဲ့ တကယ့် အခြေအနေကို အကြမ်းဖျင်းတော့ တွက်ဆနိုင်ပါတယ်။
‘အမြင်ဆရာ ဆေးရည်လို့ မပြောရဘူး... တကယ်ကို အသုံးဝင်တာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ပျော်သွားပါတယ်။
သူ ဥဿဖရားချိန်သီးကို သိမ်းဖို့ ပြင်လိုက်စဉ်မှာပဲ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ လန်နာ့ဒ်မစ်ချယ်က ရုတ်တရက် ထပြောပါတယ်။
“ငါတို့ ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိလား တွက်ကြည့်ဦး”
ဒန်းစမစ်ကလည်း ခေါင်းညိတ် ထောက်ခံပါတယ် “ဟုတ်တယ်... လျှို့ဝှက်ဂိုဏ်းက လက်မလျှော့သေးဘဲ ရေးဘီဘာရဲ့ အိမ်ကို အဆက်မပြတ် ထောက်လှမ်းနေမှာ စိုးရတယ်... အဲဒီလိုဆိုရင် သူတို့တွေ ငါတို့နောက်ကို ဒီအထိ လိုက်လာပြီး အရေးကြီး အခြေအနေမှာ ဒုက္ခပေးနိုင်တယ်”
ကလိုင်းဟာ အသက်ရှူသွင်းပြီး စိတ်ငြိမ်အောင်ထိန်းကာ တွေးခေါ်မှု အခြေအနေထဲ ပြန်ဝင်ပါတယ်။
ငွေရောင်ချိန်ကြိုး တစ်ဖန် ပြန်ငြိမ်သက်သွားတဲ့အခါ သူဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ် ‘ငါတို့ဘေးပတ်လည်မှာ အန္တရာယ်ရှိတယ်’
...
‘ငါတို့ဘေးပတ်လည်မှာ အန္တရာယ်ရှိတယ်’
...
ခုနစ်ခေါက် ရွတ်ဆိုပြီးတဲ့အခါ ကလိုင်းဟာ မျက်လုံးဖွင့်ပြီး ငွေချိန်းကြိုးကို ကြည့်လိုက်ပါတယ်။
ဥဿဖရားချိန်သီးဟာ ပထမတော့ နာရီလက်တံ ပြောင်းပြန်အတိုင်း ခက်ခက်ခဲခဲ ရွှေ့လျားပါတယ်။ ပြီးတဲ့အခါမှာတော့ ရုတ်တရက် ရပ်ပြီး နာရီလက်တံအတိုင်း ပြန်ရွှေ့လျားပါတယ်။
“အန္တရာယ်ရှိတယ်” ကလိုင်းဟာ အဖြေပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရင်ထဲမှာ လွန်ဆွဲသလိုမျိုး ခံစားလိုက်ရပါတယ်။
တစ်ယောက်ယောက်က သူ့တွက်ချက်မှုကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ ကျရှုံးသွားပါတယ်။
သူ့စကား ဆုံးတယ်ဆိုရင်ပဲ လက်သီး အရွယ်အစားလောက်ရှိတဲ့ အဝါရောင် မီးလုံးတစ်လုံး သူတို့ဆီကို ပျံသန်းလာပါတယ်။ အဲဒီမီးလုံးက သူတို့အုပ်စုရဲ့ အလယ်ကို အရှိန်နဲ့ ရောက်လာပါတယ်။
ကလိုင်း မတွက်ချက်ခင်ကတည်းက ခြောက်လုံးပြူး ထုတ်ထားတဲ့ ဒန်းစမစ်ဟာ ချက်ချင်း လက်မြှောက်ပြီး သေနတ်မောင်းကို ဆွဲလိုက်ပါတယ်။
“ဒိုင်း...”
မီးလုံးဟာ သေနတ်ပစ်တာကို မမူဘဲ သူ့လမ်းကြောင်းအတိုင်း ဆက်လာကာ သူတို့ကို လူစုခွဲပြီး ရှောင်အောင် ဖိအားပေးပါတယ်။
ကလိုင်းဟာ ပထမတော့ သူတို့နောက်ကို ဘယ်သူမှ လိုက်လာပြီး ပြဿနာ မရှာရဲဘူးလို့ တွေးခဲ့ပါတယ်။ သူတို့အဖွဲ့က သာလွန်သူ ၆ ယောက်ရှိပြီး ဆုံမှတ် ၈ နဲ့ ဆုံမှတ် ၇ တွေလည်း ပါပါတယ်။ ဒီလိုအဖွဲ့က ထင်းဂန်မြို့သေးသေးလေးမှာ ပြိုင်ဘက်ကင်းပါတယ်။
ဒါပေမဲ့ မီးလုံး ကျပြီးတော့ ပေါက်ကွဲတဲ့အခါ ကလိုင်းဟာ ရုတ်တရက် သဘောပေါက်သွားပါတယ်။
သူတို့အတွက် အန္တရာယ် အကြီးမားဆုံး ရန်သူက သူတို့ကို ခြေရာခံတဲ့လူ မဟုတ်သလို ဒုက္ခပေးမဲ့လူလည်း မဟုတ်ပါဘူး။ ကုန်လှောင်ရုံထဲက ဘယ်လိုအခြေအနေမှန်း မသိတဲ့ ရေးဘီဘာလည်း မဟုတ်ပါဘူး။ သူတို့လက်ထဲက ချိပ်ပိတ်လက်နက် ၂-၀၄၉ ပါ။
သူတို့တွေ လူစုကွဲပြီး တိုက်ပွဲစတာနဲ့ တစ်ယောက်ကို တစ်ယောက် အချိန်မီ နှိုးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် တကယ့်အရုပ်တွေအဖြစ် ပြောင်းသွားမှာပါ။
ဒီလိုအတွေးတွေ ရုတ်တရက် ဝင်လာတဲ့ သူ့ကို လန်နာ့ဒ်မစ်ချယ်က လှမ်းဆွဲပြီး မီးလုံးရန်ကနေ ရှောင်ရှားပါတယ်။ သူ့အဝတ်အစားအတွက် ဂရုစိုက်ချိန်တောင် မရလိုက်ပါဘူး။
အဲဒီအချိန်မှာ ညသိမ်းငှက်ဟာ နှစ်ဖွဲ့ကွဲသွားပေမဲ့ စနစ်တကျ ရှိနေတုန်းပါ။
“ဝှစ်...”
အဝါရောင် မီးလုံးဟာ မြေကြီးပေါ် ကျသွားပေမဲ့ ဖုန်တောင် မထပါဘူး။ ဘာမှမဖြစ်သလို ပျောက်ကွယ်သွားပါတယ်။
‘ပုံရိပ်ယောင်လား...’ ဒီအတွေး ပေါ်လာတယ်ဆိုရင်ပဲ ကလိုင်းဟာ အားရို့ဟာဆင်က သေတ္တာနက်ကို မပြီး ဆယ်မီတာအကွာဆီ လွှင့်ပစ်တာ တွေ့လိုက်ရပါတယ်။
“အဝေးကနေ စောင့်ကြည့်...” အားရို့က အော်ပြောပါတယ်။
သူ့အော်သံ မဆုံးခင်မှာပဲ လန်နာ့ဒ်နဲ့ ဘောရှားဟာ လူခွဲပြီး ချဉ်းကပ်ပါတယ်။ သူတို့တွေဟာ သေတ္တာနက်နဲ့ အနည်းဆုံး ၇ မီတာ အကွာမှာ ရပ်ပြီး ဘယ်သူမှ အနားမကပ်နိုင်အောင် ကာကွယ်ပါတယ်။
ဒန်းစမစ်နဲ့ လိုရိုတာကတော့ သေနတ်ကိုယ်စီ ကိုင်ပြီး ငွေဓားဆွဲထုတ်လိုက်တဲ့ အားရို့ဟာဆင် ဘေးမှာ ရပ်ပါတယ်။ သူတို့သုံးယောက်ဟာ လခြမ်းပုံစံ နေရာယူပြီး ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် အကဲခတ်ရင်း မီးလုံးလာတဲ့ဆီ ပြေးသွားပါတယ်။
ဒါကို ကြည့်ပြီး ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူ မေ့သွားတဲ့ အချက်တစ်ချက်ကိုလည်း သတိရလိုက်ပါတယ်။
၂-၀၄၉ ရဲ့ လွှမ်းမိုးမှု အကွာအဝေးက အကန့်အသတ် ရှိတယ်ဆိုတဲ့ အချက်ပါ။ သူတို့တွေ လုံလောက်တဲ့ အကွာအဝေးမှာ ရှိနေရင် အန္တရာယ်တွေ့မှာကို စိုးရိမ်စရာ မလိုပါဘူး။
ကလိုင်းဟာ မတ်တတ်ရပ်ပြီး ဥဿဖရားချိန်သီးကို လက်တစ်ဖက်နဲ့ အိတ်ကပ်ထဲ ထိုးထည့်ကာ တခြားလက်တစ်ဖက်က ချိုင်းသေနတ်အိတ်ဆီ ရောက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။