ပထမဆုံး တိုက်ပွဲ
Vol. 8 Ch. 73
မွန်းတည့်နေရဲ့ တောက်ပမှုအောက်မှာ ဖုန်အလူးလူးနဲ့ ကလိုင်းဟာ သေနတ် အမြန်ဆွဲထုတ်ပြီး သူ့ဘာသာ တပ်ဆင်ထားတဲ့ လုံခြုံရေး အစိတ်အပိုင်းကို ဖယ်ကာ သေနတ်ပစ်ဖို့ အသင့်အနေအထား ပြင်လိုက်ပါတယ်။
သူဟာ ခြောက်လုံးပြူးကို လက်တစ်ဖက်နဲ့ ကိုင်ပြီး သူ့ဘေးပတ်လည်မှာ ပေါ်လာနိုင်တဲ့ ဘယ်အရာကိုမဆို သတိကြီးကြီးနဲ့ သေချာ အာရုံစိုက်ကြည့်ပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာ ဒန်းစမစ်နဲ့ အားရို့ဟာဆင်အတွက် နည်းနည်း စိုးရိမ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်စလုံးက ရန်သူကို အရိပ်ထဲကနေ လွှမ်းမိုးတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အိပ်မက်ဆိုး ညသိမ်းငှက်တွေ ဖြစ်နေလို့ပါ။ အနီးကပ် ရင်ဆိုင် တိုက်ခိုက်ရင် သူတို့ရဲ့ လက်ရည်က ဘယ်လိုရှိမလဲဆိုတာ သူ မသိပါဘူး။
ကလိုင်းဟာ အတွေးများနေတုန်းမှာပဲ အားရို့ဟာဆင်ဟာ ခြေလှမ်း နှေးသွားပြီး သူ့အမူအရာက တည်ငြိမ် အေးချမ်းသွားပါတယ်။ အဲဒီနောက် အားရို့ဟာဆင်ဟာ အေချမ်းတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပါတယ်။
“အနောက်ရပ်ဆီ နေဝင်သွားတဲ့အခါ
သစ်ရွက်လေးတွေပေါ်က နှင်းရေစက်လေးတွေနဲ့
နူးညံဖျော့တော့လွန်းတဲ့ လရောင်ခြည်က
ကြယ်တာရာ အစုံအလင်နဲ့
ညအလှတရားကို ဖော်ကျူးနေတယ်”
...
ကဗျာ ရွတ်ဆိုသံဟာ သူတို့ပတ်လည်မှာ ထပ်ခါထပ်ခါ တုန်ခါသွားပါတယ်။ ကလိုင်းဟာ တင်းကျပ်မှုတွေ ပြေပျောက်လုနီး ဖြစ်ပြီး လုံးဝကို အမောပြေသွားပါတယ်။
ကံကောင်းချင်တော့ သူဟာ ဒီလိုအဖြစ်မျိုးကို ကြုံဖူးပြီး အားရို့ဟာဆင်ကို ရင်ဆိုင်နေရတဲ့လူ မဟုတ်ပါဘူး။ အဲဒါကြောင့် ချက်ချင်း သူ့စိတ်သူ ပြန်ထိန်းပြီး တွေးခေါ်မှု အခြေအနေထဲ တစ်ဝက်ဝင်ကာ ကဗျာရဲ့ လွှမ်းမိုးမှုကို ရင်ဆိုင်ပါတယ်။
“ဟူး...” သူဟာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဒန်းစမစ်နဲ့ အားရို့ဟာဆင်ရဲ့ အနီးကပ် တိုက်ရည်ခိုက်ရည်ကို သံသယ မရှိတော့ပါဘူး။
သူက မကြာသေးခင်ကမှ သာလွန်သူ ဖြစ်လာတာဆိုတော့ ဆုံမှတ် ဆေးရည်တွေ အကြောင်းကို နက်နက်နဲနဲ နားမလည်သေးပါဘူး။ အဲဒါကြောင့် သူဟာ ဆုံမှတ် ၇ အိပ်မက်ဆိုးက ဆုံမှတ် ၈ သန်းခေါင်ယံ ကဗျာဆရာကနေ တက်လာတာ ဆိုတာ မေ့သွားပါတယ်။ သူတို့တွေက အရင်ရှိနှင့်ပြီးသား အစွမ်းအစကို ဆက်ထိန်းသိမ်းထားနိုင်တဲ့အပြင် အဆင့်တက်တဲ့အခါ အဲဒီအစွမ်းအစက နည်းနည်းလည်း တိုးတက်သွားပါတယ်။
သန်းခေါင်ယံ ကဗျာဆရာအပေါ်မှာ ရှိတဲ့ ကလိုင်းရဲ့ ထင်မြင်ချက်တွေက လန်နာ့ဒ်မစ်ချယ်ဆီကနေ လာတာပါ။ ဒီအလုပ်က အအိပ်မဲ့ရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ သူတို့တွေက အနီးကပ် တိုက်ခိုက်တာ၊ သေနတ်ပစ်တာ၊ အမြင့်တက်တာနဲ့ အာရုံခံတာမှာ ကျွမ်းကျင်ကြပြီး သူတို့ဘေးပတ်ဝန်းကျင်က သက်ရှိတွေကို ကဗျာအမျိုးမျိုးနဲ့လည်း လွှမ်းမိုးနိုင်ကြပါတယ်။ နားလည်လွယ်အောင် ပြောရရင် သူတို့တွေက ကြမ်းတဲ့ ကဗျာဆရာတွေပါ။
အားရို့ ကဗျာ ရွတ်ဆိုနေတုန်းမှာ သူတို့ပတ်လည်က ကုန်သေတ္တာတွေဟာ ရေလိုမျိုး ရုတ်တရက် လှိုင်းထသွားပြီး အနက်ရောက် ထက်စီဒိုနဲ့ သက္ကလပ်ဦးထုပ် ဆောင်းထားတဲ့ လူတစ်ယောက် ပေါ်လာပါတယ်။
ဒီလူရဲ့ မျက်နှာမှာတော့ အနီရောင် အဝါရောင်နဲ့ အဖြူရောင်တွေ ခြယ်သထားပါတယ်။ သူ့နှုတ်ခမ်းရဲ့ ဘေးတွေမှာလည်း လူပြက်လိုမျိုး လိမ်းကျံထားတဲ့အတွက် သူဝတ်ထားတဲ့ ထက်စီဒိုနဲ့ နည်းနည်းမှ မလိုက်ဖက်ပါဘူး။ ထက်စီဒိုက ညနေခင်းပွဲတွေမှာ ဝတ်လေ့ရှိတဲ့ ဝတ်စုံပါ။
သေနတ်ပစ်ကျွမ်းတယ်ဆိုတဲ့ အနက်ရောင် ဆံပင်နဲ့ လိုရိုတာဟာ ရှေ့ကို တစ်ဟုန်ထိုး ပြေးသွားပါတယ်။ သူမဟာ လက်တစ်ဖက်မှာ သေနတ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ လက်သီးဆုပ်ကာ ထက်စီဒိုဝတ်စုံနဲ့ လူပြက်နားဆီ ရောက်အောင် ချည်းကပ်နိုင်ခဲ့ပါတယ်။
ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ အားရို့ဟာဆင်ရဲ့ လွှမ်းမိုးမှုကြောင့် ခန္ဓာကိုယ် ယိမ်းယိုင်ပြီး သူ့မျက်လုံးတွေက အေးချမ်း ငြိမ်သက်နေပါတယ်။ သူ့မှာ ခုခံလိုတဲ့ ဆန္ဒ တစ်စုံတစ်ရာ မရှိပါဘူး။
လိုရိုတာဟာ ခန္ဓာကိုယ်ကို စောင်းပြီး အားယူကာ ထက်စီဒိုဝတ်စုံနဲ့ လူပြက်ရဲ့ မျက်နှာကို အသားကုန် ထိုးချလိုက်ပါတယ်။
“ခွပ်...”
လေထုဟာ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သွားပြီး ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ မှန်လိုမျိုး ကွဲကြေသွားပါတယ်။ အဲဒီနောက် ကွဲကြေသွားတဲ့ အပိုင်းအစတွေဟာ အငွေ့ပျံ့ပြီး လေထဲ ပျောက်ကွယ်သွားပါတယ်။
အဲဒီအချိန်မှာပဲ ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ ခြေလှမ်းလေးငါးလှမ်း အကွာက ကုန်သေတ္တာတွေရဲ့ အရိပ်ထဲမှာ ထပ်ပြီးတော့ ပေါ်လာပါတယ်။
ကဗျာရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေတဲ့လူက ပုံရိပ်ယောင်ပါ။ သူက ဒန်းစမစ်တို့ကို မျက်လှည့်ပြလိုက်တာပါ။
ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ ပြုံးဖြဲဖြဲ ထပ်လုပ်ပါတယ်။ အဲဒီနောက် သူ့ခေါင်းပေါ်က သက္ကလပ်ဦးထုပ်ကို လက်တစ်ဖက်နဲ့ ဖိကာ တခြားလက်တစ်ဖက်နဲ့ သေနတ်ပုံစံလုပ်ပြီး ချိန်လိုက်ပါတယ်။
“ဒိုင်း...”
လက်သေနတ်ကနေ သေနတ်ပစ်သံ ထွက်ပေါ်လာပါတယ်။ လိုရိုတာဟာ ဘယ်ဘက်လှဲပြီး မြေကြီးပေါ် လှိမ့်ကာ တိုက်ခိုက်မှုကို ရှောင်ပါတယ်။
ဒါပေမဲ့ ဘာမှ ဖြစ်မလာပါဘူး။ ဒါကလည်း ပုံရိပ်ယောင်ပါပဲ။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
ဒန်းစမစ်နဲ့ အားရို့ဟာဆင်ဟာ သေနတ်မြှောက်ပြီး ချိန်ပစ်ပါတယ်။ ဒါပေမဲ့ ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ ဘယ်ရွှေ့လိုက် ညာရွှေ့လိုက်၊ မြေကြီးပေါ်လှိမ့်လိုက်နဲ့ လွတ်အောင် ရှောင်တိမ်းပါတယ်။ ဆက်ကပ်ပြနေသလိုပါပဲ။
ရုတ်တရက် လိုရိုတာဟာ ရှေ့ကို တစ်ဟုန်းထိုး ပြေးသွားပါတယ်။ သေနတ်ပစ်ကျွမ်းပေမဲ့ လိုရိုတာဟာ ဒီတစ်ခါလည်း လက်သီးပဲ သုံးပါတယ်။
“ဒုန်း...”
ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ ဒီတိုက်ခိုက်မှုကို အချိန်မီ မရှောင်တိမ်းနိုင်တာကြောင့် ဘယ်လက်မြှောက်ပြီး လိုရိုတာရဲ့ လက်သီးကို ကာပါတယ်။
လူပြက် ရပ်သွားတာကို မြင်တာနဲ့ ဒန်းစမစ်နဲ့ အားရို့ဟာဆင်ဟာ တစ်ချက်ကလေးတောင် မတုံ့ဆိုင်းဘဲ သေနတ်မောင်းကို ဆွဲပါတယ်။
အဲဒီအချိန်မှာပဲ လိုရိုတာရဲ့ လက်သီးကို ကာထားတဲ့ ထက်စီဒိုဝတ်စုံနဲ့ လူပြက်ရဲ့ လက်မောင်းဟာ မီးထတောက်ပါတယ်။
ရုတ်ခြည်းဆိုသလို ဒီမီးတောက်ဟာ ထက်စီဒိုဝတ်စုံနဲ့ လူပြက်ကို ဖုံးအုပ်သွားပြီး လိုရိုတာဆီပါ ကူးစက်လာပါတယ်။
“ဒိုင်း... ဒိုင်း...”
ဒန်းစမစ်နဲ့ အားရို့ဟာဆင်က ထပ်ပစ်ပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ပစ်တာ မီးတောက်ကို ထိမှန်သွားပါတယ်။
မီးတောက်က အလွန်လျင်မြန်စွာ လောင်ကျွမ်းတဲ့အတွက် မကြာခင်မှာ အနက်ရောင် ပြာတွေပဲ လေထဲလွင့်ပြီး ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ထက်စီဒိုဝတ်စုံနဲ့ လူပြက်ဟာ အဲဒီနားက ကုန်သေတ္တာတွေ ထပ်ထားတဲ့ နောက်မှာ ထပ်ပြီးတော့ ပေါ်လာပါတယ်။
သူဟာ ညာလက်ကို မြှောက်ပြီး သေနတ်ပုံစံလုပ်ကာ ထပ်ချိန်ပါတယ်။
“ဒိုင်း...”
ပုံရိပ်ယောင် သေနတ်သံကြားမှာ လိုရိုတာဟာ ရုတ်တရက် ရပ်လိုက်ပါတယ်။ သူမဟာ ရှေ့ဆက် မသွားပါဘူး။ သေနတ်မှန်သလိုမျိုး သူမရှေ့မှာ ရွံ့တွေ စင်သွားပါတယ်။
ဒီတစ်ခါတော့ ထက်စီဒိုဝတ်စုံနဲ့ လူပြက်က ပုံရိပ်ယောင်နဲ့ မလှည့်စားဘဲ တကယ် ပစ်လိုက်တာပါ။ အတုကနေ အစစ်၊ ပုံရိပ်ယောင်ကနေ အစစ်အမှန်ကို ခွဲခြားဖို့က တော်တော် ခက်ပါတယ်။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
လူပြက်ဟာ ပေါ်လာလိုက် ပျောက်သွားလိုက် လုပ်ရင်းက ဒန်းစမစ်နဲ့ အားရို့ဟာဆင်တို့ကို သေနတ်နဲ့ ပစ်ပါတယ်။
ဒါကိုမြင်တဲ့ လိုရိုတာဟာ စောင်းကြည့်ပြီး ရွှေရောင်မွဲခြောက်ခြောက်ရှိတဲ့ ခြောက်လုံးပြူးနဲ့ လှမ်းပစ်ပါတယ်။
“ဒိုင်း...”
လူပြက်က ရုတ်တရက် ဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် တကယ့်နေရာကို မထိတော့ဘဲ သူ့ခေါင်းပေါ်က သက္ကလပ်ဦးထုပ်ပဲ နောက်ပြန်လှန်ပြီး မြေကြီးပေါ် ကျသွားပါတယ်။ သူ့ဦးထုပ်မှာ ကျည်ဆံမှန်သွားတဲ့ အပေါက်ရာ ကျန်နေခဲ့ပါတယ်။
မြေကြီးပေါ်မှာ လေးငါးခါ လှိမ့်ပြီးနောက် လူပြက်ဟာ မျောက်တစ်ကောင်လို လျင်မြန်မှုမျိုးနဲ့ ကုန်သေတ္တာတွေ ထပ်ထားတဲ့အပေါ် တက်သွားပါတယ်။ အဲဒီနောက် သူဟာ အပေါ်စီးကနေ နေရာယူပြီး လက်သေနတ်နဲ့ လေကျည်ဆံတွေ ပစ်ပါတယ်။
အားရို့ဟာဆင်ဟာ နောက်ကို ခြေသုံးလေးလှမ်း ဆုတ်ပြီး ကဗျာ ထပ်ရွတ်ပါတယ်။
“ညမှာပွင့်တဲ့ ညပန်းလေး...”
“သူ့အလှတရားကို မမြင်နိုင်ကြဘူးကွယ်...”
“သူကိုယ်တိုင်လည်း သူ့အလှတရားကို မသိရှာဘူးကွယ်...”
...
လူပြက်ဟာ သေတ္တာတွေကြားထဲမှာ ဟိုဟိုဒီဒီ ခုန်ပါတယ်။ အဲဒီနောက် သူဟာ ရုတ်တရက် လက်မြှောက်ပြီး နားရွက်ကို ကုတ်ကာ အားရို့ဟာဆင်ကို ရယ်စရာကောင်းတဲ့ အပြုံးနဲ့ ကြည့်ပါတယ်။
‘သူ့နားထဲမှာ ပစ္စည်းတွေ သိမ်းထားတာလား... လျှို့ဝှက်ဂိုဏ်းက ပိုင်တဲ့ ဆုံမှတ်ဆေးရည်က တကယ်ကို ထူးဆန်းတာပဲ...’ ကလိုင်းဟာ တိုက်ပွဲကို မလှမ်းကမ်းကနေ ကြည့်ပြီး တိတ်တဆိတ် ခန့်မှန်းချက် ထုတ်ပါတယ်။
သူ တွေးနေတုန်းမှာပဲ ဘေးနားက ကုန်လှောင်ရုံ အပေါ်မှာ ပေါ်လာတဲ့ လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရပါတယ်။ အဲဒီလူက ရေးဘီဘာ ပုန်းနေတဲ့ ကုန်လှောင်ရုံထဲကို တန်းတန်းမတ်မတ် ပြေးနေတာပါ။
အဲဒီလူဟာ သင်္ဘောဆိပ်ကမ်းက အလုပ်သမားတွေ ဝတ်တဲ့ ဖြူမှိုင်းမှိုင်း ယူနီဖောင်းကို ဝတ်ထားပြီး သူ့မျက်နှာမှာလည်း ဖြူနီဝါ ခြယ်သထားပါတယ်။
‘ဝတ်စုံနဲ့လူပြက်က ကပ္ပတိန်တို့ကို အာရုံလွှဲပြီး တခြားလူက ဒိုင်ယာရီကို ပြန်ယူဖို့ ကြိုးစားတာလား...’ ကလိုင်းဟာ ညာလက်ကို အလိုလိုမြှောက်ပြီး သေနတ်မောင်းကို ဆွဲလိုက်ပါတယ်။
သူ ချိန်နေတုန်းမှာပဲ အဲဒီလူဟာ ပြေးနေရာကနေ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ပြီး လှိမ့်ချလိုက်ပါတယ်။
“ဒိုင်း...”
ကလိုင်းဟာ မောင်းဆွဲတာကို မရပ်ပါဘူး။ သူဟာ အဲဒီလူက ရုပ်တရပ် ရပ်သွားပြီး သွေးပန်းထွက်တာကို မြင်လိုက်ရပါတယ်။
အဲဒီလူက သူ့ကို အထိတ်တလန့် လှမ်းကြည့်ပါတယ်။ အဲဒီလူဟာ နာကျင်မှုကို တောင့်ခံပြီး ကုန်လှောင်ရုံထဲ ဆက်ပြေးပါတယ်။
ကလိုင်ဟာ မောင်းခလုတ်ကို ထပ်ဆွဲပေမဲ့ ဒီတစ်ခါတော့ လူကိုမထိဘဲ သစ်သားအမိုးကိုသာ ထိပါတယ်။ ခုနကပစ်ချက်က ကံကောင်းလို့ ထိသွားပုံပါပဲ။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
လန်နာ့နဲ့ ဘောရှားကလည်း လှမ်းပစ်ပေမဲ့ လူကို မထိပါဘူး။ ကလိုင်းဟာ သူတို့နှစ်ယောက်ရဲ့ သေနတ်ပစ်စွမ်းရည်ကို တစ်ချက်ထိတဲ့ သူနဲ့ နှိုင်းပြီး စောဒက တက်ချင်ပေမဲ့ ရုတ်တရက် ပေါ်လာတဲ့ အတွေးကြောင့် မောင်းဆွဲတဲ့ လက်ညှိုးဟာ ရပ်သွားပါတယ်။
‘ဟုတ်သားပဲ... ငါတို့တွေ သူ့ကို ဘာလို့တားရမှာလဲ’
‘ခုနက ငါ ကုန်လှောင်ရုံထဲမှာ အန္တရာယ် အကြီးကြီးရှိတယ်လို့ တွက်ထားတာပဲ... ဒီကောင်ကို အရင်ဝင်ခိုင်းပြီး မိုင်းရှင်းခိုင်းတာက ကောင်းတဲ့ကိစ္စပဲ... လန်နာ့ဒ်နဲ့ မစ္စတာဘောရှားကလည်း ဒီလိုတွေးမိလို့ ထိအောင် မပစ်တာ ဖြစ်ရမယ်’
ဒီအတွေးကြောင့် ကလိုင်းဟာ သေနတ်ပြောင်းဝကို မိုးပေါ်ထောင်ပြီး ပစ်လိုက်ပါတယ်။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
သေနတ်သံကြားမှာ အဲဒီလူဟာ ကုန်လှောင်ရုံရဲ့ အတွင်းဆုံး အပိုင်းနားထိ ရောက်အောင် ပြေးဝင်နိုင်သွားပါတယ်။ အဲဒီနောက် သူဟာ ခေါင်မိုးကို အရှိန်နဲ့ ဝင်ဆောင့်ပြီး အမိုးပျက်တွေနဲ့အတူ အောက်ကို ပြုတ်ကျသွားပါတယ်။
အဲဒီနောက်ပိုင်း ချက်ချင်းဆိုသလို လိုရိုတာရဲ့ မျက်လုံးတွေဟာ ရုတ်တရက် မည်းနက်သွားပြီး ဘယ်လက်နဲ့ တစ်စုံတစ်ခုကို ဆွဲယူပုံ လုပ်လိုက်ပါတယ်။
ဝတ်စုံနဲ့လူပြက်ရဲ့ လှုပ်ရှားမှုတွေဟာ ရုတ်တရက် တန့်သွားပါတယ်။ မမြင်နိုင်တဲ့ လက်တစ်ဖက်က သူ့ခြေချင်းဝတ်ကို မလွတ်တမ်း ဖမ်းဆုပ်ထားသလိုပါပဲ။
ဒန်းစမစ်ဟာ သေနတ် ချက်ချင်း မပစ်ဘဲ သေနတ်ပြောင်းဝကို အောက်ချိန်လိုက်ပါတယ်။
အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားသုံးပြီး သူ့ဘေးပတ်လည်က လေထုနဲ့ ပဲ့တင်ထပ်စေပါတယ်။ ပြီးတဲ့အခါမှာတော့ လည်ချောင်းမသုံးဘဲ ထူးဆန်းပြီး သိမ်မွေ့ညင်သာတဲ့ အသံတစ်သံနဲ့ ကဗျာတစ်ပုဒ် ရွတ်ဆိုပါတယ်။
“ညဟူရင်ခွင် ပန်းများပွင့်ဖူး
နေ့ရှင်မင်းရိန် ပူပြင်းရှိန်ကြောင့်
လှခွင့်မရ ခြောက်လွင့်နွမ်းကာ ပျက်စီးရ”
...
ဝတ်စုံနဲ့လူပြက်ဟာ ရုတ်တရက်ဆိုသလို အသက်ရှင်ချင်စိတ် မရှိတော့သလိုမျိုး အားပျက်သွားပါတယ်။ အားရို့ဟာဆင်ဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ချက်ချင်း သေနတ်မောင်းကို ဆွဲပါတယ်။
အဲဒီအတောအတွင်းလေးမှာပဲ ကုန်လှောင်ရုံထဲကနေ သွေးပျက်စရာကောင်းတဲ့ ငယ်သံပါအောင် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပါတယ်။
“အား...”
ဒီအော်သံဟာ ဘယ်တုန်းကမှ မထင်ထားတဲ့ ကြောက်စရာကောင်းတဲ့ အရာကို ကြုံတွေ့ရသလိုမျိုး ထိတ်လန့်ချောက်ချားမှု အပြည့်ပါပဲ။
ကလိုင်းဟာ ဒီအော်သံကို ကြားပြီး ဆံပင်တွေ ထောင်သွားပါတယ်။ ဒီအော်သံဟာ ရုတ်တရက် ရပ်သွားပြီး ကုန်လှောင်ရုံရဲ့ အတွင်းအကျဆုံး အပိုင်းဟာ တစ်ဖန်ပြန်ပြီးတော့ တိတ်ဆိတ် သွားပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ တိတ်ဆိတ် ငြိမ်သက်မှု မဟုတ်ဘူးဆိုတာ သူတို့တွေ သိကြပါတယ်။
“ဒိုင်း...”
ဒီအော်သံကြောင့် အားရို့ဟာဆင်ဟာ လူပြက်ကို ဗိုက်မှန်အောင်ပဲ ပစ်လိုက်နိုင်ပါတယ်။
“ဟော... ဟော.... ဟောဟဲ...”
ကုန်လှောင်ရုံ အတွင်းအကျဆုံးက ထွက်ပေါ်လာတဲ့ အသံဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။ ဒီအသံက လူတိုင်းရဲ့ ရင်ထဲကို တင်းကြပ်သွားစေပါတယ်။
“ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...”
အနက်ရောင် သေတ္တာထဲက ၂-၀၄၉ ဟာ သွေရူးသွေးတန်း အခြေအနေကို ရောက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။